← Chapters

အခန်း (၃၃၃)

Vol. 24 Ch. 333

အခန်း (၃၃၃)

Vol. 24 Ch. 333

သတင်းကြားလိုက်ရသော ဂိုဏ်းအသီးသီး၏လက်ရွေးစင်များက ဟန်မူယဲ့နှင့်ခွက်တိုက်ပြီး ဓားနည်းစနစ်များလမ်းညွှန်ပေးရန် တောင်းဆိုခဲ့သည်။

ဟန်မူယဲ့က မည်သူ့ကိုမှ မငြင်းဆန်ခဲ့ပေ။ သူက မူးနေသော်လည်း ဓားနည်းစနစ်များနှင့်ပတ်သတ်၍ လမ်းညွှန်ပေးခဲ့သည်။

စုဝေးပွဲသည် အရုဏ်တက်ချိန်မတိုင်ခင်အထိ အဆုံးမသတ်ခဲ့ပေ။

ယနေ့ကုန်ဆုံးသွားလျှင် သေဆုံးသည်အထိ တိုက်ခိုက်ကြလိမ့်မည်။

ဟန်မူယဲ့က မူးဝေနေပြီး သင်္ဘောအခန်းအတွင်းသို့ ပြန်ဝင်လာသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ဝင်္ကပါပြားသည် အသက်ဝင်လာခဲ့သည်။

“ဟူး၊ ဒီကလေးတွေက အကျိုးအမြတ်ရသွားတယ်လို့ ထင်နေကြတယ်”

တာအိုဆရာတယန်၏အသံ ပေါ်ထွက်လာသည်။

သူ့ဘေးတွင် ကျိုးယွင်လုံက ခေါင်းညိတ်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ပတ်ဝန်းကျင်၌ ဓားအလင်းများသည် အရိပ်များအဖြစ် ပြောင်းလဲသွားသည်။

ထိုအရိပ်များကြားတွင် ဓားနည်းနစ်နှင့် တာအိုနည်းစနစ်များရှိနေသည်။ ထိုနည်းစနစ်များသည် ဆက်တိုက်ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

ဂိုဏ်းအသီးသီး၏လက်ရွေးစင်များသည် လမ်းညွှန်မှုရခဲ့ပြီး ဟန်မူယဲ့သည် သူတို့၏ ဓားနည်းစနစ်နှင့် တာအိုနည်းစနစ်များကို ရရှိခဲ့သည်။

နှစ်ဖက်လုံး အကျိုးအမြတ်ရှိသည်။

ဆုံးရှုံးမှုမရှိပေ။

သုံးရက်အကြာတွင် ဂိုဏ်းအသီးသီး၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် တာအိုဆွေးနွေးရန်အတွက် ကျားယွီတောင်သို့ ထွက်သွားကြသည်။

နောက်ထပ်နှစ်ရက်အကြာ ကောင်းကင်နှင့်မြေကြီးကြားတွင် ရွှေအလင်းများဖြတ်သန်းသွားပြီး နဂါးလှေများပေါ်လာသည်။

မြစ်ပေါ်တွင် နဂါးလှေ ၈၃၄စင်းရှိနေသည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် ဂိုဏ်းပေါင်း ၈၃၄ဂိုဏ်း ပါဝင်ခဲ့သည်။

ဂိုဏ်းအများစုသည် ဂိုဏ်းကိုးဂိုဏ်းနေရာအတွက် မတိုက်ခိုက်ချင်ပေ။ သူတို့က တပည့်များကို လေ့ကျင့်ပေးပြီး အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်း၏အဆင့်အတန်းမြင့်မားလာရန် ခွန်အားပြသလိုခြင်း ဖြစ်သည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲကို အခုပဲ စတင်လိုက်ပြီ”

“ဒီနဂါးလှေတွေကိုစီးပြီး အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ မြောက်ပိုင်းနယ်မြေအစပ်မှာရှိတဲ့ နှင်းတောင်နဂါးစင်မြင့်ကိုရောက်သည်အထိ ကျားလင်မြစ်မှာ မိုင်ပေါင်းတစ်သိန်းသွားလာရမယ်”

“တိုက်ပွဲအတွင်းမှာ နဂါးစင်မြင့်၃၆၀ ပေါ်လာလိမ့်မယ်။ အဆုံးသတ်မှာ နဂါးစင်မြင့်ပေါ်ကိုတက်ရောက်နိုင်တဲ့ ထိပ်ဆုံးတပည့်ကိုးယောက်က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အဓိကဂိုဏ်းကိုးဂိုဏ်း ဖြစ်လာလိမ့်မယ်။ ဂိုဏ်းကိုးဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေ ကျင့်ကြံခြင်းလောကရဲ့ အရေးကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”

လေထုထဲတွင် လူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

လူတစ်ယောက်က ရှည်လျားသောအင်္ကျီလက်များနှင့် အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး ဖိအားကြီးတစ်ခုကို ထုတ်ပေးနေသည်။ သူက လင်တောက်တာအိုဂိုဏ်း၏ မဟာအကြီးအကဲ၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူ မျက်နှာတစ်ထောင်သူတော်စင်ဖြစ်သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်သောမျက်နှာထားနှင့် နတ်ဆိုးအငွေ့အသက်များကို ထုတ်ပေးနေသောလူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မိစ္ဆာကျင့်ကြံသူ လီမူပိုင်ဖြစ်သည်။

ဓားချီများ ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည်။ မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးသည် ဖုန်းလင်ဓားဂိုဏ်း၏ ကောင်းကင်ဘုံအဆင့်ဓားကျင့်ကြံသူ ဂိုဏ်းချူပ်ကျန်းချန်ဖြစ်သည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူက သူတို့သုံးယောက်တည်းတင်မဟုတ်ပေ။ မူမိသားစုခေါင်းဆောင်နှင့် ဟန်မူယဲ့တစ်ခါမှမမြင်ဘူးသော ကောင်းကင်ဘုံအဆင့်မိစ္ဆာနှစ်ယောက်လည်း ရှိနေသည်။

သူတို့ဘေးတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ယာယီဂိုဏ်းချုပ် ထို့ပါ့ချန်၊ အထီးကျန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုတန်ခိုးရှင်ယု၊ ယွမ်ထိုက်တာအိုဂိုဏ်းချုပ် လုဖုန်းယိုနှင့် တခြားကျွမ်းကျင်သူများလည်း ရှိနေသည်။

ဤနေရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အသန်မာဆုံးလူများ စုဝေးရာဖြစ်သည်။

“နဂါးလှေကို စီးနင်းလိုက်ပါ။ မင်းတို့က မြစ်ရေကိုဆန်တက်ပြီး မြစ်ဖျားအထိ စိတ်ကြိုက်တိုက်ခိုက်နိုင်တယ်”

“နဂါးလှေပေါ်မှာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းက ကံကြမ္မာအတိုင်းပဲ”

စည်းကမ်းချက်အရ စည်းကမ်းမရှိပေ။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် ဂိုဏ်း၏အနာဂတ်အတွက် လက်ရွေးစင်လူငယ်များကို လေ့ကျင့်ပေးရန်ဖြစ်သည်။

သူတို့က ဤတိုက်ပွဲမှ အသက်ရှင်လျက်ထွက်လာနိုင်လျှင် နှစ်တစ်ရာအတွင်း၌ အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးနိုင်စွမ်းရှိသောလူများ ဖြစ်လာလိမ့်မည်။

“စီနီယာအစ်ကိုဟန်၊ ဒီတိုက်ပွဲက အရမ်းခက်လိမ့်မယ်ထင်တယ်”

ဓားနှစ်လက်ကို ကျောတွင်လွယ်ထားသော ချီဆယ်သုံးက ဟန်မူယဲ့၏နောက်တွင် ညင်သာစွာပြောလိုက်သည်။

အလွန်ခက်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ယခင်ပုံစံအတိုင်းနှိမ့်ချ၍ ဖြည်းဖြည်းချင်းတိုးတက်လာရန် စီစဉ်ထားလျှင် ဤတိုက်ပွဲသည် လွယ်ကူလိမ့်မည်။

သို့သော် ဂိုဏ်းကိုးဂိုဏ်း၏ နံပတ်တစ်နေရာကို လိုချင်လျှင် သူတို့အားလုံးက အသက်စွန့်၍ ကြိုးစားရလိမ့်မည်။

“မင်းက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေမှတော့ ရန်သူနဲ့တွေ့ရင် ဓားကိုပဲ ဆွဲထုတ်လိုက်ပေါ့”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပျံထွက်သွားသည်။

“ငါ့လက်ထဲမှာဓားရှိရင် ငါက ပြိုင်ဘက်ကင်းတယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ပေတစ်ရာရှည်သောနဂါးလှေပေါ်သို့ တက်လိုက်သည်။

“ငါက ပြိုင်ဘက်ကင်းတယ်”

နဂါးလှေပေါ်သို့ လက်ရွေးစင်တပည့်များ တစ်ယောက်ပြီးတစ်ယောက်တက်လာသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ်ဆိုတဲ့အတိုင်းပဲ ဓားတာအိုနားလည်နိုင်စွမ်းက တကယ်ထူးခြားတယ်”

စကားပြောလိုက်သောလူက အစိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီး ကျောတွင် ဓားရှည်တစ်လက်ကို သယ်ထားသည်။ သူ့မျက်ခုံးများက ရှည်လျားပြီး သေးသွယ်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောဓားဆန္ဒကို အချိန်မရွေးပြိုကျလာနိုင်သောလှိုင်းလုံးများကဲ့သို့ ဖိနှိပ်ထားသည်။

ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့် ကူယွမ်လုံ။

ယခုအချိန်တွင် သူ့နာမည်အတုသည် ကူလုံဖြစ်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လေးယောက်မြောက်အတွင်းစည်းတပည့်ဖြစ်သည်။

ကူယွမ်လုံက အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ဟန်မူယဲ့နောက်သို့လိုက်သွားသည်။ သူက ဟန်မူယဲ့၏ဘေးတွင် ရပ်တန့်လိုက်သည်။

သူဆင်းသက်လိုက်သောအချိန်တွင် လုကောနှင့်လင်းရှန်က ဟန်မူယဲ့၏ဘေးတွင် ကာကွယ်ပေးရန်အတွက် အသင့်ရှိနေသည်။

ဓားစံအိမ်၏ ဓားထိန်းများနှင့် တံခါးစောင့်များ၏တာဝန်သည် ဓားစံအိမ်စောင့်ရှောက်သူဖြစ်သောဟန်မူယဲ့ကို ကာကွယ်ပေးရန်ဖြစ်သည်။

နဂါးလှေပေါ်တွင် လူများဆင်းသက်လာပြီး ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများ လေထုထဲတွင်ပြည့်နေသည်။

နဂါးလှေက ရေဆန်အတိုင်း ဖြည်းဖြည်းချင်းတက်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်ရွေးစင်တပည့်၉၉ယောက် ဆင်းသက်လာသည်။ ဟန်မူယဲ့က လှေဦးထိပ်တွင်ရပ်နေပြီး နဂါးလှေကို ရေစီးနှင့်ဆန့်ကျင်ဘက်သို့ ဦးတည်လိုက်သည်။

လီရှီရှီနှင့် တင်းချွန်ကန်းတို့သည် ပြန်မလာနိုင်ခဲ့ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နဂါးလှေကိုထိန်းချုပ်ရန်အတွက် တပည့်၉၉ယောက်ကိုပဲ စေလွှတ်နိုင်ခဲ့သည်။

“ဘုန်း ....”

ရှေ့တွင် အလွန်လျင်မြန်သောနဂါးလှေနှစ်စင်း တိုက်မိသွားသည်။

ရွှေရောင်နဂါးလှေများကို မည့်သည်သတ္တုများနှင့်ပြုလုပ်ထားကြောင်း မသိနိုင်သော်လည်း အလွန်ခိုင်ခံ့သည်။

သို့သော် လှေမှောက်သွားခဲ့သည်။

လက်ရွေးစင်တပည့်များ ရေထဲသို့ပြုတ်ကျသွားပြီး နဂါးလှေကိုပြန်တည့်၍ ဆက်သွားရန်အတွက် ရေထဲမှ ပြန်တက်လာသည်။

“ဝေါင်း ....”

ထိုအချိန်တွင် ကျားလင်မြစ်ထဲမှ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ဆယ်ပေရှည်သော အနက်ရောင်ငါးတစ်ကောင်သည် မြစ်ထဲမှခုန်ထွက်လာပြီး ရေထဲမှပျံတက်လာသော လက်ရွေးစင်တပည့်တစ်ယောက်၏ခါးကို ကိုက်ဖြတ်လိုက်သည်။

အခြေခံအုတ်မြစ်အဆင့်မြင့်အဆင့်တွင်ရှိသော လက်ရွေးစင်တပည့်သည် နှစ်ပိုင်းပြတ်သွားသည်။

မြစ်ရေပြင်သည် သွေးများကြောင့် ချက်ချင်းနီရဲသွားသည်။

“မြစ်ထဲမှာ မိစ္ဆာသားရဲတွေရှိတယ်”

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

တခြားအရာများ တွေးနေရန်မလိုပေ။ သေဆုံးသွားသောကျင့်ကြံသူ၏နံဘေးတွင် လှိုင်းလုံးများပေါ်ထွက်လာပြီး အရာအားလုံးကို ရှင်းပြခဲ့သည်။

အနက်ရောင်မိစ္ဆာသားရဲများ မြစ်ထဲတွင်ပေါ်လာသည်။

တစ်ချိန်တည်းတွင် သွေးနှင့် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

“ဒီပြိုင်ပွဲမှာ အရှေ့ပင်လယ်ရဲ့ ကြေးခွံနက်မိစ္ဆာတွေက ငါတို့ကို အဖော်ပြုပေးလိမ့်မယ်။ သူတို့က ပြိုင်ပွဲကို စောင့်ကြည့်နေမှာဖြစ်သလို ပြိုင်ပွဲရဲ့ခက်ခဲမှုကိုလည်း တိုးမြှင့်ပေးလိမ့်မယ်”

မျက်နှာတစ်ထောင်သူတော်စင်၏အသံ ထွက်ပေါ်လာသည်။

“သူတို့မှာ စွမ်းရည်ရှိရင် မင်းတို့ကို အမဲလိုက်လိမ့်မယ်။ မင်းတို့မှာ စွမ်းရည်ရှိရင် သူတို့ကို သတ်ဖြတ်နိုင်တယ်”

အရှေ့ပင်လယ်မိစ္ဆာများ …

ကျင်းကျားလင်၏ကျောက်စိမ်းပေလွှာထဲတွင် ထိုအကြောင်းကို ဖော်ပြထားခဲ့သည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသောရေထုကို ကြည့်သည်။

သူ့စိတ်နယ်ပယ်ထဲတွင် ရေစက်တစ်စက် ပေါက်ကွဲသွားသည်။

သူ့မျက်လုံးများက အပြာရောင်ပြောင်းသွားသည်။

ထိုအချိန်တွင် ကျားလင်မြစ်အတွင်း၌ လျှို့ဝှက်ချက်များမရှိနိုင်တော့ပေ။

သူက ရေဓာတ်လိုက်ဖက်ညီမှုကို အဆုံးစွန်အထိ အသက်သွင်းခဲ့သည်။

ရေထဲရှိအခြေအနေကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက လေးနက်လာသည်။

သူက ကောင်းကင်ပေါ်သို့ မော့ကြည့်သည်။

လေထုထဲတွင် တိတ်ဆိတ်စွာပျံဝဲနေသော မျက်နှာတစ်ထောင်သူတော်စင်ကလည်း ဟန်မူယဲ့ကို ငုံ့ကြည့်သည်။

ဟန်မူယဲ့က နတ်အာရုံတစ်လျှောက် ဖိချလာသော နတ်အာရုံတစ်ခုကို ခံစားမိသည်။

သူက လူသားလောကမန္တန်ကို အသက်သွင်းလိုက်ပြီး ထိုနတ်အာရုံကို ဖယ်ထုတ်ခဲ့သည်။

မျက်နှာတစ်ထောင်သူတော်စင်၏မျက်နှာပေါ်တွင် ကြမ်းတမ်းမှုများဖြတ်ပြေးသွားပြီး အကြည့်လွှဲလိုက်သည်။

ဟန်မူယဲ့က မြစ်ထဲသို့ကြည့်သည်။

ရေထဲတွင် ထောင်ချီနေသောမိစ္ဆာသားရဲများ ရှိနေသည်။

အသန်မာဆုံးသားရဲသည် ပေလေးရာ၊ ငါးရာခန့်ရှိပြီး မြစ်ကြမ်းပြင်တွင်ရှိနေ၏။

ထိုမိစ္ဆာသားရဲ၏ကျင့်ကြံခြင်းနှင့်ခွန်အားသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှင့်မယှဉ်နိုင်လျှင်ပင် မဝေးတော့ပေ။

ထို့အပြင် ပိုမိုအားကောင်းသောသားရဲ ရှိနေနိုင်သည်။

မိစ္ဆာအမြုတေနှင့် သွေးမျိုးဆက်နတ်ဘုရားစွမ်းအားများကို စုစည်းထားသော ပေသုံးရာရှည်သည့် မိစ္ဆာသားရဲများလည်း ရှိနေသည်။

မိုင်တစ်ရာအတွင်း၌ ကြေးခွံနက်ငါးများဖြင့် ပြည့်နေသည်။

ထိုမိစ္ဆာသားရဲများ တိုက်ခိုက်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်တစ်ဝက်ကျော် သေဆုံးသွားလိမ့်မည်။

လင်တောက်တာအိုဂိုဏ်းက ပြိုင်ပွဲကိုအကဲဖြတ်ပေးရန်အတွက်ပဲ အရှေ့ပင်လယ်၏ အားကောင်းသောမိစ္ဆာသားရဲများကို စုစည်းခဲ့ခြင်းလား။

“ဝှစ် ....”

မိစ္ဆာသားရဲက ပါးစပ်ဖွင့်ပြီး ရေထဲသို့ပြုတ်ကျလာသော လက်ရွေးစင်တပည့်ကို ကိုက်လိုက်သည်။

လက်ရွေးစင်တပည့်၏လက်ထဲတွင် ဓားအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

“ဘမ်း ....”

ကြေးခွံနက်ငါးက မြစ်ထဲသို့ ပြန်ကျသွားသည်။ တိုက်ခိုက်လိုက်သောတပည့်၏မျက်နှာထားသည် ပြောင်းလဲသွားပြီး စကားပြောတော့မည့်အချိန်တွင် နောက်ထပ်ငါးတစ်ကောင်ခုန်ထွက်လာပြီး သူ့ခန္ဓာကိုယ်အများစုကို ကိုက်ဖြတ်သွားသည်။

မြစ်ရေပြင်သည် နီရဲသွားခဲ့သည်။

မှောက်သွားသောနဂါးလှေနှစ်စင်းကို ပြန်လှန်လိုက်ပြီး လက်ရွေးစင်တပည့်များ တက်လာသောအခါတွင် လူကိုးဆယ်ခန့်ပဲ ရှိတော့သည်။ အစပိုင်းတွင် လူတစ်ရာစီရှိခဲ့သည်။

၁၀%ကျော် …

သူတို့က ယခုမှစထွက်လာပြီး ဆယ်မိုင်ခန့်ပဲ ခရီးသွားရသေးသည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် အလွန်အန္တရာယ်များသော်လည်း ယခုဖြစ်ရပ်သည် လွန်ကဲလွန်းသည်။

နဂါးလှေများပေါ်တွင်ရှိသော လက်ရွေးစင်တပည့်များ၏မျက်နှာထားသည် လေးနက်နေသည်။

ကောင်းကင်ထက်တွင် ဂိုဏ်းအသီးသီး၏ကျွမ်းကျင်သူများ တိတ်ဆိတ်နေသည်။

တိုက်ပွဲကိုစောင့်ကြည့်နေသော ကျင့်ကြံသူများသည် ကြောက်ရွံ့သွားသည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် သွေးစွန်းနေသော အဖြစ်ဆိုးတစ်ခုဖြစ်သည်။

“ဘုန်း”

ပေတစ်ရာခန့်ရှိသော အနက်ရောင်ငါးတစ်ကောင် ခုန်ထွက်လာပြီး နဂါးလှေတစ်စင်းကို မှောက်ချလိုက်သည်။

ထို့နောက် မရေမတွက်နိုင်လောက်သောလှိုင်းလုံးများ ပေါ်ထွက်လာပြီး မှောက်သွားသောနဂါးလှေကို ဝိုင်းရံလိုက်သည်။

ရေထဲသို့ကျသွားသော ဂိုဏ်းတပည့်များသည် ထိတ်လန့်စွာတိမ်းရှောင်၍ ပျံတက်လာသည်။

“မိစ္ဆာသားရဲတွေ”

“စီနီယာအစ်ကို၊ ကယ်ပါဦး ....”

“ငါ့ခြေထောက်”

ကောင်းကင်ထက်မှ လူတစ်ယောက်ဆင်းသက်လာသည်။

“ငါတို့ ခရမ်းဝိညာဉ်တာအိုဂိုဏ်းက ပြိုင်ပွဲကနေနှုတ်ထွက်တယ်”

ပြေးဆင်းသွားသောလူက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းများစုစည်းလာပြီး ပိုက်ကွန်တစ်ခုအဖြစ်ပြောင်းလဲ၍ အောက်သို့ဖိချလိုက်သည်။

သို့သော် ပိုက်ကွန်က လေထုထဲ၌ရှိနေသောအချိန်တွင် မျက်နှာတစ်ထောင်သူတော်စင်က လက်မြှောက်လိုက်သည်။ အစိမ်းရောင်ချီစွမ်းအင်အလင်းသည် အောက်ဆင်းသွားသောလူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ရွှေအမြုတေသတ္တမအဆင့်သို့ရောက်နေသော ခရမ်းဝိညာဉ်တာအိုဂိုဏ်းချုပ်၏ ရွှေအမြုတေသည် ပျက်စီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်က ချက်ချင်းပျက်စီးသွားသည်။

တိုက်ကွက်တစ်ကွက်ဖြင့် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ခဲ့သည်။

“လင်တောက်တာအိုဂိုဏ်းရဲ့စည်းကမ်းတွေကို မလိုက်နာကြတော့ဘူးထင်တယ်”

မျက်နှာတစ်ထောင်သူတော်စင်က လက်ကို ညင်သာစွာပြန်ရုတ်ပြီး ဂရုမစိုက်စွာပြောသည်။

“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွင်းမှာ နှုတ်ထွက်လို့မရသလို တခြားလူတွေကိုလည်း ကယ်လို့မရဘူး”

သူ့စကားကို ကြားလိုက်ရသောအခါ လီမူပိုင်နှင့်တခြားလူများ၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သိပ်မဝေးသောနေရာတွင် အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ဒီစည်းကမ်းကို ဘယ်တုန်းကထုတ်လိုက်တာလဲ”

All Chapters