← Chapters

အခန်း (၃၃၄)

Vol. 24 Ch. 334

အခန်း (၃၃၄)

Vol. 24 Ch. 334

မျက်နှာတစ်ထောင်သူတော်စင်က တောက်ပနေသောမျက်လုံးများနှင့်အတူ လှမ်းကြည့်သည်။

“အခုရှိသွားပြီလေ။ ပြဿနာရှိလို့လား”

အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီး၏မျက်နှာထားသည် ဖြူဖျော့သွားပြီး လျင်မြန်စွာပြောလိုက်သည်။

“မရှိပါဘူး။ မရှိပါဘူး”

စကားထပ်ပြောရဲသောလူ မရှိတော့ပေ။

မျက်နှာတစ်ထောင်သူတော်စင်က လူအိုကြီးဆီမှအကြည့်လွှဲလိုက်ပြီး ထို့ပါ့ချန်ကိုကြည့်သည်။

ထို့ပါ့ချန်၏မျက်နှာထားသည် ပြောင်းလဲမှုမရှိပေ။ သူက အောက်တွင်ရှိသောနဂါးလှေကိုသာ စိုက်ကြည့်နေသည်။

“ဝုန်း ....”

နဂါးလှေခန့်ရှိသော ကြေးခွံနက်ငါးတစ်ကောင်သည် ရေထဲမှထွက်လာပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှေကို ဝင်တိုက်သည်။

ကြေးခွံနက်ငါးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှေဆီသို့ မရောက်ခင် ဘေးတွင်ရှိသောလှေက ထိန်းချုပ်မှုလွတ်သွားပြီး ကြေးခွံနက်ငါးနှင့် ဝင်တိုက်မိသည်။

နဂါးလှေမှောက်သွားသည်။ လှေပေါ်တွင်ရှိသောလူတိုင်းက မြစ်ထဲသို့ပြုတ်ကျသွားသည်။

ကြေးခွံနက်ငါးက ပါးစပ်ဖွင့်ပြီး တပည့်သုံးယောက်ကို တစ်ချက်တည်းမြိုချလိုက်သည်။

ပတ်ဝန်းကျင်တွင် ပေငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိသော ကြေးခွံနက်ငါးတစ်ဒါဇင်ခန့် ပေါ်ထွက်လာသည်။

“ကူညီပါ ....”

“ပြေး ....”

“အင်မော်တယ်ဟန်၊ ကယ်ပါဦး”

တပည့်တစ်ယောက်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှေကို အော်ပြောသည်။

သူတို့ ကယ်တင်ရမည်လား။

“ငါလုပ်မယ်”

နဂါးလှေပေါ်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် ထရပ်လာသည်။

၂၁ယောက်မြောက်အတွင်းစည်းတပည့် လီစန်းဟယ်။

သူက သတ္တုဓာတ်မျိုးဆက်၏ လက်ရွေးစင်တပည့်ဖြစ်သည်။ သူ၏ ချီစွမ်းအင်ကျင့်ကြံခြင်းက သွေးကြောဖွင့်အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ သူက ရွှေဝိညာဉ်သွေးကြောဓားနည်းစနစ်ကို လေ့ကျင့်ပြီး ဓားဆန္ဒတစ်ခုကို စုစည်းထားသည်။

မူလမီးတောက်ကမ္ဘာနှင့် ပြင်ပဘုံကျင့်ကြံသူများ၏တိုက်ပွဲတွင် သူ့တိုက်ပွဲရလဒ်များသည် ထူးချွန်သည်။

“ရွှေထိချက်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

သူ့စကားကိုကြားလိုက်ရသောအခါ လီစန်းဟယ်၏မျက်လုံးများ တောက်ပသွားပြီး လေထုထဲသို့ ပျံတက်လိုက်သည်။ သူ့လက်ထဲတွင်ရှိသောဓားသည် ကြယ်များအဖြစ် ပြောင်းလဲသွားသည်။

ရွှေဓာတ်မျိုးဆက်၏ အံ့ဖွယ်ဓားနည်းစနစ်နှစ်ခု၊ ကြယ်အမှတ်။

“ရွှပ် ....”

ဓားအလင်းက ကြေးခွံနက်ငါး၏ဦးခေါင်းကိုထိမှန်ပြီး ကွဲကြေသွားသည်။

ကြေးခွံနက်ငါး၏ဦးခေါင်းသည် အလွန်မာကျောပြီး ကမ္ဘာမြေသွေးကြောဖွင့်ကျွမ်းကျင်သူ၏ဓားချက်က မထိုးဖောက်နိုင်ပေ။

သို့သော် ချက်ချင်းဆိုသလိုပဲ ရွှေအလင်းတစ်ခုသည် ကြေးခွံနက်ငါး၏မျက်လုံးကို ထိုးဖောက်သွားသည်။

ထိုအရာသည် ရွှေထိချက်ဓားနည်းစနစ်ဖြစ်သည်။

“ဝုန်း ....”

အနက်ရောင်သွေးများ ပေါက်ထွက်လာသည်။ ပေသုံးဆယ်ရှည်သော ကြေးခွံနက်ငါးသည် ရေထဲတွင်ရုန်းကန်နေပြီး တိတ်ဆိတ်သွားသည်။

ကြေးခွံနက်ငါးများ၏အားနည်းချက်သည် မျက်လုံးဖြစ်သည်။

လီစန်းဟယ်က ကျယ်လောင်စွာရယ်သည်။ သူ့လက်ထဲတွင်ရှိသောဓားအလင်းသည် ကြယ်အလင်းများအဖြစ်ပြောင်းလဲ၍ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။

ရေထဲမှခုန်ထွက်လာသောငါးများသည် ကြယ်အလင်း၏ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း …

လီစန်းဟယ်က နဂါးလှေပေါ်သို့ ပျံတက်လာသည်။ သူ့နောက်ရှိရေမျက်နှာပြင်ပေါ်တွင် များပြားလှသောငါးအလောင်းများ ကျန်ရစ်ခဲ့သည်။

“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ”

ပွဲကြည့်ကျင့်ကြံသူတစ်ယောက်က အသံပြုသည်။

ထိုဓားချက်၏တိကျမှုနှင့် ကြမ်းတမ်းမှုသည် ပြိုင်ဘက်ကင်းသည်။

“ညီအစ်ကိုထို့ပါ့၊ အဲဒီတပည့်က မင်းတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာရှိနေတာလား”

ကောင်းကင်ထက်တွင်ရပ်ကြည့်နေသော ကျွမ်းကျင်သူများထဲတွင် ထို့ပါ့ချန်၏ဘေးတွင်ရှိနေသော လူအိုကြီးတစ်ယောက်က ရယ်သည်။

‘ထိပ်ဆုံးဆယ်ယောက်လား’

ထို့ပါ့ချန်က မျက်နှာထားပြောင်းလဲခြင်းမရှိဘဲ ခေါင်းခါသည်။

ထို့ပါ့ချန်က ခေါင်းခါလိုက်ကြောင်း မြင်ရသောအခါတွင် လူအိုကြီးက မျက်မှောင်ကြုတ်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုထို့ပါ့၊ အဲဒီတပည့်က မင်းတို့ဂိုဏ်းရဲ့ ထိပ်ဆုံးငါးယောက်ထဲမှာရှိနေရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လင်တောက်တာအိုဂိုဏ်းနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး”

“လင်တောက်တာအိုဂိုဏ်းရဲ့ သားတော်ခုနစ်ပါးက သူ့ထက်သန်မာတယ်”

‘ထိပ်ဆုံးငါးယောက်လား’

ထို့ပါ့ချန်က တိတ်ဆိတ်နေသည်။

လင်းရှန်သည် ၂၁ယောက်မြောက် အတွင်းစည်းတပည့်ဖြစ်ပြီး သူ့အထက်တွင် အဓိကတပည့်များ ရှိနေသေးသည်။ သူ့တိုက်ခိုက်နိုင်စွမ်းသည် ဂိုဏ်း၏လက်ရွေးစင်တပည့်များကြားတွင် နံပတ်လေးဆယ်နေရာတွင်ရှိသည်။

ထိုအရာသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ခွန်အားအစစ်အမှန်ဖြစ်သည်။

အောက်တွင် တခြားဂိုဏ်းများ၏ လက်ရွေးစင်တပည့်များသည် မျက်ခုံးပင့်လိုက်သည်။

ထိုဓားချက်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ထူးခြားသောခွန်အားကို ပြသနေသည်။

ထိုခွန်အားမျိုးမရှိလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရန်မစသင့်ပေ။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကိုကြီး”

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အင်မော်တယ်ဟန်”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ကျေးဇူးတင်စကားပြောသည်။ သူက ရေမျက်နှာပြင်ထက် ပေတစ်ရာအကွာတွင်လွင့်မျောနေပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များကို လက်သီးဆုပ်၍ ဦးညွှတ်သည်။

သူ့နောက်တွင် ဂိုဏ်းတပည့်များ ဖြည်းဖြည်းချင်းစုစည်းလာသည်။

ရေမျက်နှာပြင်ပေါ်တွင်ရှိနေသော ကြေးခွံနက်ငါးများ၏အလောင်းကို တခြားငါးကြီးများက ရေထဲသို့ဆွဲချသွားသည်။

နီရဲနေသောရေမျက်နှာပြင်ထက်တွင် ညင်သာစွာယိမ်းထိုးနေသော နဂါးလှေတစ်စီးပဲ ကျန်ရစ်ခဲ့သည်။

မှောက်သွားသောနဂါးလှေသည် ရေလှိုင်းများနှင့်အတူ ယိမ်းထိုးနေခဲ့သည်။ ထို့နောက် ငါးခေါင်းတစ်ခေါင်းပေါ်ထွက်လာပြီး နဂါးလှေကို ဝင်တိုက်ခဲ့သည်။ နဂါးလှေက ဘန်းခနဲပျက်စီးသွားသည်။

လေထုထဲတွင်ပျံသန်းနေပြီး လှေပေါ်သို့ပြန်တက်ရန်ပြင်ဆင်နေသော လက်ရွေးစင်တပည့်များသည် ကြောင်အသွားခဲ့သည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် သူတို့က နဂါးလှေကို စီးနင်းရမည်။ ယခု နဂါးလှေက ပျက်စီးသွားသည့်အတွက် သူတို့ ဘာလုပ်သင့်သနည်း။

“အား ....”

တပည့်တစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်ပြီး ထူနှင့်အထုခံရသကဲ့သို့ ပြုတ်ကျသွားသည်။

“လေးလိုက်တာ”

“အနည်းဆုံး တန်ချိန်တစ်ထောင်လေးတယ်”

ကျန်လူများက ထိတ်လန့်စွာအော်ဟစ်လိုက်ပြီး ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများကို ထုတ်ဖော်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အလင်းစက်ကွင်းတစ်ခု ကျဆင်းလာသည်။

ဝင်္ကပါအစီအရင် …

“လေထဲမှာ အသက်ဆယ်ခါရှုချိန်ကြာအောင်နေခဲ့ရင် ပျံသန်းခြင်းတားမြစ်ဝင်္ကပါက တန်ချိန်တစ်ရာတိုးလာလိမ့်မယ်”

“အသက်တစ်ရာရှုချိန်ကြာရင် တစ်စက္ကန့်ကို တန်ချိန်တစ်ထောင်တိုးလာမယ်”

“အသက်နှစ်ရာရှုချိန်ကြာရင် တစ်စက္ကန့်ကို တန်ချိန်တစ်သောင်းတိုးလာမယ်”

တာအိုတန်ခိုးရှင်ဝမ်ဟွား၏အသံသည် အေးစက်နေသည်။

အောက်တွင်ရှိသော တပည့်များသည် ထိတ်လန့်သွားသည်။

ထိုသို့လေးလံသောဖိအားမျိုးကို ခုခံနိုင်သူမရှိပေ။

သို့သော် သူတို့က ပြိုင်ပွဲမှနှုတ်ထွက်ခွင့်မရှိသလို လေထုထဲတွင်လည်း ပျံသန်းခွင့်မရှိပေ။ ထိုသို့ဆိုလျှင် သူတို့အားလုံး သေဆုံးရလိမ့်မည်။

ဟန်မူယဲ့က ကောင်းကင်ထက်သို့မော့ကြည့်သည်။

လင်တောက်တာအိုဂိုဏ်း …

ထိုစည်းကမ်းများသည် အကျိုးအကြောင်းမသင့်ပေ။ သို့သော် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရသည့်အတွက် နားလည်နိုင်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အတွက် သူတို့သည် ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရမည့်အပြင် တခြားဂိုဏ်းများ၏လက်ရွေးစင်လူငယ်များကိုလည်း ဖိနှိပ်ရမည်။

ကျန်ဂိုဏ်းများက အကျိုးအမြတ်ရှိလျှင် ထိုစည်းကမ်းများကို လိုက်နာလိမ့်မည်။

ဤတစ်ကြိမ်တွင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲ၏စည်းကမ်းများသည် အလွန်ရက်စက်သည်။

သို့သော် အားကောင်းသောဂိုဏ်းများအတွက် ဖိအားသိပ်မရှိပေ။

သူတို့က ဂိုဏ်းကိုးဂိုဏ်း၏အဆင့်အတန်းကို လိုချင်လျှင် နဂါးလှေမှောက်သွားခြင်းကိုလည်း သည်းခံနိုင်ရမည်။

“ဝှစ် ....”

လက်ရွေးစင်တပည့်များသည် မြစ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကျသွားသောကြောင့် ကြေးခွံနက်ငါးများကို ဆွဲဆောင်လိုက်သည်။

အကူအညီတောင်းခဲ့သောလူငယ်၏မျက်နှာသည် ဖြူဖျော့နေသည်။ သူက ဖိအားကြီးတစ်ခုကို တောင့်ခံထားရသကဲ့သို့ တစ်ကိုယ်လုံးတုန်ခါနေသည်။

သူက အံတင်းတင်းကြိတ်ထားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နဂါးလှေဦးအထိရောက်လာအောင် ရှေ့တိုးသည်။

ထိုလူငယ်က နဂါးလှေနှင့် ဆယ်ပေခန့်အကွာသို့ရောက်လာသောအခါတွင် သူ့မျက်နှာထားသည် ချက်ချင်းအေးစက်သွားသည်။ သူက လက်ကိုဆန့်ထုတ်ပြီး ဟန်မူယဲ့၏လည်ပင်းကို ဖမ်းဆုပ်သည်။

“စိတ်မကောင်းပါဘူးအင်မော်တယ်ဟန်”

သူက ဟိန်းဟောက်လိုက်ပြီး အဆုံးစွန်အထိ အရှိန်မြှင့်သည်။

‘ခေါင်းဆောင်ကိုဖမ်း’

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များကြားတွင် ဟန်မူယဲ့သည် ခေါင်းဆောင်ဖြစ်သည်။

သူက ဟန်မူယဲ့ကိုဖမ်းဆီးပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များကို ဖိနှိပ်နိုင်လျှင် အသက်ရှင်နိုင်လိမ့်မည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် မော့ကြည့်သည်။

သူက ထိုလူငယ်ကို အပြစ်မတင်ပေ။

သူတို့က လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် အတူတူသေရည်သောက်ခဲ့ပြီး ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ လမ်းညွှန်ပေးခဲ့သော်လည်း ယခုအချိန်တွင် သေဆုံးခြင်းနှင့် ရင်ဆိုင်နေရသည်။

သေဆုံးခြင်းနှင့်ရင်ဆိုင်ရသောအခါ လမ်းတစ်လမ်းပဲရှိသည်။

သူတို့ တိုက်ခိုက်လျှင် သေလိမ့်မည်။

သူတို့ မတိုက်ခိုက်လျှင် ပိုမိုလျင်မြန်စွာသေလိမ့်မည်။

အဝေးတစ်နေရာတွင် မရေမတွက်နိုင်လောက်သောလူများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေကို ကြည့်နေသည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အားကောင်းတယ်’

‘ဒါပေမဲ့ အလစ်တိုက်ခံရရင် သူတို့ အဆုံးသတ်သွားမှာလား’

‘ဓားအင်မော်တယ်ဟန်မူယဲ့မှာ ကျင့်ကြံခြင်းရှိသေးရဲ့လား။ သူက အဲဒီလူငယ်ကို တားနိုင်မှာလား’

‘ဟန်မူယဲ့က အဖမ်းခံရရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူ့ကို စွန့်ပစ်လိုက်မှာလား။ ဒါမှမဟုတ် ထိန်းချုပ်ခံလိုက်ရမှာလား’

ထိုအချိန်တွင် လူတိုင်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။

ဟန်မူယဲ့၏ဘေးတွင် ကူယွမ်လုံက ညင်သာစွာလက်မြှောက်ပြီး ဓားရိုးကိုကိုင်သည်။ သူက ဟန်မူယဲ့ကိုလှည့်ကြည့်သည်။

ဟန်မူယဲ့က ရေထဲကိုကြည့်နေသည်။

“သွားစမ်း”

ကူယွမ်လုံဓားမထုတ်ခင်မှာ ဟန်မူယဲ့ဘေးတွင်ရပ်နေသောလုကောက ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ဓားတစ်လက်အသွင်ပြောင်း၍ ခုတ်ချလိုက်သည်။

ပေတစ်ထောင်ရှည်သော ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

ဓားသည် သက်တံ့တစ်စင်းသဖွယ် ပြေးထွက်သွားသည်။

ခန္ဓာကိုယ်က ဓားအဖြစ်ပြောင်းလဲသွားပြီး နှလုံးသားသည် ဓားနှင့်တစ်သားတည်းဖြစ်သည်။

လူငယ်သည် ထိုဓားချက်ကို မတုံ့ပြန်နိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားသည်။

ဓားအလင်းသည် ထိုလူငယ်ကိုသတ်ဖြတ်ပြီး ရပ်တန့်မသွားဘဲ ရှေ့ဆက်တိုးသွားသည်။

အံ့အားသင့်ဖွယ်ကောင်းသောဓားအလင်းသည် ရေမျက်နှာပြင်ကို ခုတ်ချလိုက်သည်။

“ဘုန်း”

ပေတစ်ထောင်ရှိသောဓားအလင်းသည် ရေထဲသို့တိုးဝင်သွားပြီး မိုင်ဒါဇင်ရှည်သော ချောက်နက်တစ်ခုဖြစ်လာစေသည်။

ထိုဓားချက်သည် ကျားလင်မြစ်၏တစ်ဝက်ကို ခုတ်ဖြတ်ခဲ့သည်။

ရေမျက်နှာပြင်တွင် ရေစီးဆင်းမှုရပ်တန့်သွားပုံပေါ်ပြီး ခဏအကြာတွင် ကျယ်လောင်သောမြည်ဟီးသံများနှင့်အတူ လှိုင်းလုံးများဖြစ်ပေါ်လာ၍ အချင်းချင်းတိုက်မိသွားသည်။

လှိုင်းလုံးများကြောင့် ဒါဇင်နှင့်ချီသောနဂါးလှေများ မှောက်သွားခဲ့သည်။ လက်ရွေးစင်တပည့်များသည် ထိတ်လန့်စွာဖြင့် လေထုထဲသို့ ခုန်တက်လိုက်သည်။

“ဘုန်း”

လှိုင်းများရိုတ်ခတ်သွားသောအသံသည် မိုးခြိမ်းသံကဲ့သို့ မိုင်တစ်ရာအထိ ပဲ့တင်ထပ်သွားသည်။

ထိုဓားချက်ကြောင့် လူတိုင်းမျက်လုံးပြူးသွားသည်။

ထိုဓားချက်ကို မည်သူက ခုခံနိုင်မည်နည်။

ကျားလင်မြစ်ကို ဓားတစ်ချက်နှင့်ထိုးခွဲနိုင်သောစွမ်းအားသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မျိုးဆက်သစ်များထဲတွင် အထွတ်အထိပ်သို့ရောက်နေသည်ဟု ပြောနိုင်သည်။

ရှေ့တွင် လင်တောက်တာအိုဂိုဏ်း၏ နဂါးလှေပေါ်ရှိ လူငယ်များသည် မျက်နှာထားလေးနက်နေသည်။

ဖုန်းလင်ဓားဂိုဏ်း၏လှေပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် တင်ပျဉ်ခွေထိုင်နေသော တုဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

မြစ်ကမ်းပါးတွင် ပွဲကြည့်ကျင့်ကြံသူများအားလုံးသည် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ကောင်းကင်ထက်တွင် ကျွမ်းကျင်သူများ၏မျက်လုံးများ တောက်ပသွားသည်။

“ညီအစ်ကိုထို့ပါ့၊ ဒါက ....”

“ဓားစံအိမ်ရဲ့တံခါးစောင့်ကို ဓားစံအိမ်ရဲ့ဓားထိန်းအဖြစ် ယူဆနိုင်တယ်။ သူက ဓားစံအိမ်ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကိုလည်း အမွေဆက်ခံထားတယ်”

ထို့ပါ့ချန်က ဂရုမစိုက်စွာပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါ ဟန်မူယဲ့ဆီသို့ အကြည့်များရောက်လာပြန်သည်။

မြစ်ရေသည် တုန်ခါသွားပြီး နဂါးလှေများ တိမ်းမှောင်သွားခဲ့သည်။ သို့သော် ကြေးခွံနက်ငါးများ တစ်ကောင်မှပေါ်မလာပေ။

ပေတစ်ထောင်ရှည်သောဓားသည် လေထုထဲတွင် လွင့်မျောနေခဲ့သည်။ ဂိုဏ်းအသီးသီး၏ လက်ရွေးစင်တပည့်များ နဂါးလှေပေါ်သို့ ပြန်ရောက်သွားသောအခါတွင် ထိုဓားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှေဆီသို့ ပြန်ရောက်သွားပြီး ဟန်မူယဲ့၏ဘေးတွင် ဆင်းသက်လိုက်သည်။

မြစ်ထဲတွင် နဂါးလှေများက ဖြည်းဖြည်းချင်းရှေ့ဆက်သွားနေသည်။

မြစ်ရေထဲတွင် တိတ်ဆိတ်နေ၏။

လုကော၏ဓားချက်သည် စောင့်ကြည့်နေသောဂိုဏ်းများနှင့် ရေအောက်တွင်ရှိသောမိစ္ဆာများကို ထိတ်လန့်သွားစေသည်။

ဟန်မူယဲ့က ပြုံးသည်။

ဓားတစ်ချက်နှင့် မိစ္ဆာသုံးရာကိုသတ်ဖြတ်ခဲ့ခြင်းသည် အလွန်ကောင်းသည်။ မိစ္ဆာများ ထပ်ပေါ်လာရဲလျှင် ထူးဆန်းနေလိမ့်မည်။

All Chapters