← Chapters

မယုံနိုင်စရာနှုန်းဖြင့် လေ့ကျင့်ခြင်း

Vol. 36 Ch. 477

မယုံနိုင်စရာနှုန်းဖြင့် လေ့ကျင့်ခြင်း

Vol. 36 Ch. 477

လောင်ကျွမ်းခြင်း  ...

လီဖူချန်း ကောက်ယူလိုက်တဲ့ ဓားသိုင်းကျမ်းကတော့ " မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း " လို့ အမည်ရတဲ့ သိုင်းကျမ်း တစ်ခုပါပဲ။ အဲဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းကျမ်း ဖြစ်ပြီး စုစုပေါင်းမှ ဓားကွက် လေးကွက်သာ ပါပါတယ်။

ပထမ ဓားကွက်ကိုတော့ တိမ်တိုက် လောင်ကျွမ်းခြင်း၊ ဒုတိယ ဓားကွက်ကိုတော့ တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်း၊ တတိယ ဓားကွက်ကိုတော့ တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်း နဲ့ စတုတ္ထ ဓားကွက်ကိုတော့ တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းလို့ ခေါ်ပါတယ်။

သည်ဓားသိုင်းကျမ်းရဲ့ ပထမပိုင်းမှာတော့ ဓားကွက်နှစ်ကွက်သာ ပါရှိပြီး ထောက်ပံ့ရေးရမှတ် ကိုးထောင် ကျသင့်ပါတယ်။ ဓားသိုင်းရဲ့ ဒုတိယပိုင်းမှာတော့ တတိယ နဲ့ စတုတ္ထမြောက်ဓားကွက် ပါရှိမှာ ဖြစ်ပြီး ထောက်ပံ့ရေးရမှတ် ၃၆၀၀၀ ကျသင့်မှာပါ။

" ငါ သည်ဓားသိုင်းကိုပဲ ယူတော့မယ် "

ဓားသိုင်းကျမ်းရဲ့ မာတိကာကို ဖတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ။

အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းထက် ပိုအားကောင်းတဲ့ ဓားသိုင်းတွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့လည်း အဲဒါတွေရဲ့ တန်ဖိုးက သူတတ်နိုင်တာထက် ပိုနေတာ မဟုတ်ပါလား။

ပြီးတော့ လီဖူချန်းက  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းကသာ သူနဲ့ လိုက်ဖက်မယ်လို့ ခံစားရနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်ဓားသိုင်းက အလှည့်အပြောင်းတွေ မများဘဲ ဓားကွက် ထိရောက်မှု အပိုင်းနဲ့ ဖျက်ဆီးမှု အပိုင်းကိုသာ ဦးစားပေးနေလို့ပါပဲ။ ဒါက သူ့ရဲ့ ဓားတာအိုနဲ့ အတော်လေး ကိုက်ညီနေတာပါ။

နောက်တစ်နည်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက တိုက်စစ် နဲ့ ခံစစ် မျှတတဲ့ ဓားသိုင်းမျိုးကို မလိုချင်ပါဘူး။ သူ့ရဲ့ ခံနိုင်ရည် အပိုင်းက လုံလောက်တယ် ဆိုတဲ့ အဆင့်ကိုတောင် ကျော်လွန်နေပါပြီ။ အဲသည်အတွက် သူက တိုက်စစ်ပိုင်းကို အားပြုတဲ့ ဓားသိုင်းမျိုးကိုသာ လိုချင်ပါတယ်။ ဒါကြောင့်လည်း သူက  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းကို ရွေးချယ်လိုက်တာပါ။ သည်ဓားသိုင်းက ခုခံကွက်ဆိုလို့ တစ်ကွက်မှ မပါတဲ့ ဓားသိုင်း ဖြစ်ပါတယ်။

" လခွီးတယ်  ... ငါက နေဝန်းစိမ်း ဓားဆန္ဒကို သည်လောက်ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ခဲ့ပြီးမှ နောက်ထပ် ဓားသိုင်းတစ်ခုကို သည်လောက်မြန်မြန် ပြောင်းနေရတာလား "

ဓားသိုင်းကို ရွေးပြီးမှပဲ လီဖူချန်းဟာ နေဝန်းစိမ်း ဓားဆန္ဒကို နားလည်သဘောပေါက်ဖို့အတွက် နှစ်ပေါင်း အနည်းငယ် လေ့ကျင့်ခဲ့ရတာကို ပြန်သတိရလိုက် မိပါတယ်။ အဲဒါက တကယ်ကို နှမြောစရာပါပဲ။

ဒါပေမဲ့လည်း သူ့အနေနဲ့ ဘာမှမတတ်နိုင်ပါဘူး။  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်း တစ်ခုပင် မဟုတ်ပါလား။သူ့အနေနဲ့ ဓားသိုင်းကို ပြောင်းကို ပြောင်းမှ ရပါမယ်။ မဟုတ်ရင်တော့ သက်တံနီဂိုဏ်းရဲ့ တခြား ဘုရင်အဆင့်အတန်း တပည့်တွေက သူ့ကို သာလွန်သွားမှာပါ။

လီဖူချန်းက သူ့ရဲ့ အခြေအနေကိုလည်း ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။

သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ပိုပြီး အားကောင်းလာတာနဲ့အမျှ သူကိုယ်တိုင်ကလည်း ပိုပြီး အဆင့်မြင့်တဲ့ ဓားသိုင်းတွေကို ပိုပြီး တောင့်တလာခဲ့ပါပြီ။ သာမန်ဓားသိုင်းတွေက သူ့ရဲ့ အာသီသကို မဖြည့်ဆည်းပေး နိုင်တော့ပါဘူး။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ ဝင်ပေါက်ကို သွားလိုက်ပြီး  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းနဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို ယူမယ့်အကြောင်း စာရင်းသွင်းလိုက်ပါတော့တယ်။

" သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်လား  ... မဆိုးဘူး။ ဒါက ငါတို့ သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး မီးတာအို ကျင့်စဉ်ပဲ "

"  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို ရွေးတာကလည်း ကောင်းတယ်။ ဒါပေမဲ့ သည်ဓားသိုင်းက နည်းနည်း ရက်စက်ကြမ်းတမ်းတဲ့ ဓားသိုင်းပဲ။ အဲဒါက လေ့ကျင့်သူရဲ့ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးမှု ရှိတယ်။ မင်းအနေနဲ့ သည်ဓားသိုင်းကို ကျင့်မယ်ဆိုရင်တော့ နည်းနည်းတော့ သတိထားရမယ် "

လျှို့ဝှက်ကျမ်းစာဆောင်က အကြီးအကဲကတော့ သိုင်းကျမ်းတွေ၊ ကျင့်စဉ်တွေနဲ့ ပက်သက်ပြီး အတော်လေး နားလည်ပုံပါပဲ။သူက  လီဖူချန်းကို သတိတောင် ပေးလိုက်ပါသေးတယ်။

" အခုလို သတိပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် သတိထားပါ့မယ် "

လီဖူချန်းက အကြီးအကဲကိုမရိုမသေ မလုပ်ရဲပါဘူး။ သူက တလေးတစားနဲ့ ပြန်ပြောလိုက်ပါတယ်။အဲသည်နောက်မှာတော့ သူက ကျသင့်တဲ့ ထောက်ပံ့ရေးရမှတ်တွေကို ထောက်ပံ့ရေးဒင်္ဂါးတွေနဲ့ ပေးချေပြီး လျှို့ဝှက်ကျမ်းစာဆောင်ထဲကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်လိုက်ပါတော့တယ်။

ဟူး ...ဟူး ...

အဲသည်အချိန်မှာပဲ မိုးကုပ်စက်ဝိုင်းဘက်ကနေပြီး အလင်းတန်းတစ်ခုဟာ လျှို့ဝှက်ကျမ်းစာဆောင်ဘက်ကို တစ်ဟုန်ထိုး ဦးတည်လာနေတာကို လီဖူချန်းတစ်ယောက် တွေ့လိုက်ရပါတယ်။

ဖတ် ...

သိပ်မကြာခင်မှာပဲ အဲသည်အလင်းတန်းက မြေပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်လာခဲ့ပါပြီ။ အဲသည်အလင်းတန်းကတော့ မျက်နှာဝိုင်းဝိုင်းနဲ့ လူငယ်လေး တစ်ယောက်ပါပဲ။

မျက်နှာဝိုင်းဝိုင်းနဲ့ လူငယ်လေးရဲ့ ချီအရှိန်အဝါတွေက အတော်လေး အားကောင်းပေမယ့်လည်း တိုက်ပွဲဝိညာဉ်နယ်ပယ်မှာပဲ ရှိနေသေးတယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ ခံစားမိနေပါတယ်။

" အကြီးအကဲယွန်  ... ကျွန်တော့်ကို နတ်နဂါးချီစက်ကွင်း လျှို့ဝှက်နည်းစနစ်ကို မြန်မြန်ပေးစမ်းပါဗျာ။ ရော့ ...သည်မှာ ထောက်ပံ့ရေးဒင်္ဂါး လေးသောင်း "

အဲသည်လူငယ်က အတော်လေး စိတ်မြန်လက်မြန် ရှိပုံပါပဲ။ သူက မြေပြင်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် အချိန်ဆိုင်းမနေဘဲ သူလိုချင်တဲ့အရာကို တန်းပြောလိုက်ပါတယ်။

လ့ဝှက်ကျမ်းစာဆောင် အကြီးအကဲကတော့ လူငယ်လေးရဲ့ လောကြီးမှုကို ဘယ်လိုမှ သဘောထားပုံ မရပါဘူး။ သူက ပြုံးပြီးတောင် ပြန်ပြောလိုက်ပါသေးတယ်။

" ကြည့်ရတာမင်းက ကြေးနီတိုက်မှာ အတော်လေး အဆင်ပြေလာတဲ့ပုံပဲ။ သည်လောက်များတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို အချိန်တိုလေး အတွင်းမှာ စုဆောင်းလာနိုင်တာကိုတော့ ချီးကျူးရမယ် "

" သည်လိုပါပဲဗျာ "

မျက်နှာဝိုင်းဝိုင်းနဲ့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။

" ကြေးနီတိုက်လား  ...။ သက်တံနီဂိုဏ်းက တပည့်တွေက တခြားတိုက်တွေကို စိတ်ကြိုက်သွားလာခွင့် ရှိတယ်ပေါ့ "

သူတို့နှစ်ယောက်ရဲ့ စကားကို နားထောင်ရင်း အတော်လေး အံ့အားသင့်သွားသူကတော့ လီဖူချန်းပါပဲ။

သူ့ရဲ့ အမြင်မှာတော့ သည်လူငယ်လေးဟာ ပင်လယ်၊သမုဒ္ဒရာတွေကို ဖြတ်ကျော်ပြီး တိုက်တစ်တိုက်ကနေ တစ်တိုက်ကို ကူးသန်းသွားလာနိုင်စရာ အကြောင်းကို မရှိတာပါ။

ရန်လိုနေတဲ့ ပင်လယ်သားရဲတွေကို အသာထားပါဦး။ ပင်လယ်သားရဲတွေ မရှိရင်တောင်မှ အဲသည်ခရီးစဉ်က တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ကို အသာလေး ဘဝ ကူးပြောင်းသွားစေ နိုင်ပါတယ်။

ဒါပေမဲ့လည်း သည်ကိစ္စက သူနဲ့ဘာမှ မသက်ဆိုင်သေးတဲ့အတွက် လီဖူချန်းဟာ စပ်စုမနေတော့ပါဘူး။ သူက လျှို့ဝှက်ကျမ်းစာဆောင်ကနေ အပြင်ကို လမ်းလျှောက် ထွက်လိုက်ပြီး သူနေထိုင်ရာ တောင်ဆီကိုသာ ပျံသန်းသွားပါတော့တယ်။

***

မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန်သုံးရက် ကုန်လွန်သွားခဲ့ပါပြီ။

" အား ... သည်သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က မြေကမ္ဘာအထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်ဆိုတဲ့အတိုင်း တကယ်ကျင့်ရ ခက်တာပဲ။ ငါက သုံးရက်လုံးလုံး လေ့ကျင့်နေတာတောင်မှ အဆင့်၂၄အထိပဲ ရောက်သေးတယ် "

လီဖူချန်းက မကျေမချမ်း ရေရွတ်လိုက်ပါတယ်။

သက်တံနီ နတ်ဘုရားကျင့်စဉ်ကလည်း မီးတာအိုကို အခြေခံတဲ့ ကျင့်စဉ်တစ်ခု ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကျင့်စဉ် ကူးပြောင်းရာမှာ ပြသနာ မရှိပါဘူး။ သူက အစောပိုင်းမှာ လွယ်လွယ်ကူကူပဲ ကျင့်ကြံနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းအဆင့်တွေမှာတော့ ကျင့်စဉ်နှစ်ခုရဲ့ အဆင့်အတန်း ကွာခြားမှုက စကားပြောလာခဲ့ပါပြီ။ အဲသည်အတွက် လီဖူချန်းဟာ နောက်ပိုင်းအဆင့်တွေမှာ သူ့ကိုယ်သူသာ အားကိုးနေရပါတော့တယ်။ သူ့အတွက်တော့ တခြားရွေးစရာလမ်း မရှိပါဘူး။

နောက်ထပ် တစ်ပတ် အကြာမှာတော့ လီဖူချန်းဟာ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၂၅ကို ရောက်လာခဲ့ပါပြီ။

မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်တဲ့အတွက်  သက်တံနီ မီးတောက်နတ်ဘုရား ကျင့်စဉ်ရဲ့ အဆင့်၂၅ဟာ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ထက် ပိုအားကောင်းပါတယ်။

လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းကိုသာ သက်တံနီဂိုဏ်းက အကြီးအကဲတွေ သိသွားလို့ကတော့ မျက်လုံးပြူးကုန်မယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက အခြားသော ဘုရင်အဆင့်အတန်း တပည့်တွေ လပေါင်းအနည်းငယ် အချိန်ပေးပြီး ကျင့်ကြံရမယ့် အဆင့်ကို ဆယ်ရက်လောက်နဲ့  ကျင့်ကြံနိုင်ခဲ့လို့ပါပဲ။

" အံ့သြစရာပဲ။သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၂၅က အရိုးတည်ဆောက်ပုံ လစ်လပ်နယ်မြေထဲက မီးလျှံစွမ်းအားတွေ နည်းနည်းပါးပါးကို စပြီး ဆွဲထုတ်လို့ ရနေပြီဟ "

လီဖူချန်းက လုံးဝကို မယုံနိုင်သလို ခံစားနေရပါတယ်။

မီးလျှံစွမ်းအားတွေက အရမ်းကို အားကောင်းလွန်းတဲ့အတွက်  သူ့ရဲ့ ချီအတွင်းအားတွေဟာ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း မြေကမ္ဘာအထွတ်အထိပ်အဆင့် ကျင့်စဉ်ကနေ ရတဲ့ ချီအတွင်းအားတွေကတော့ မီးလျှံစွမ်းအားတွေကို ယှဉ်နိုင်ဖို့ နီးကပ်စ ပြုလာခဲ့ပါပြီ။

" ဒဏ္ဍာရီတွေအရ ဆိုရင်တော့ ကောင်းကင်အဆင့် ကျင့်စဉ်တွေက  အရိုးတည်ဆောက်ပုံနဲ့ သက်ဆိုင်နေတယ်တဲ့။ ကြည့်ရတာတော့ အဲသည် ဒဏ္ဍာရီက အမှန် ဖြစ်နေပုံပဲ "

သက်တံနီ နတ်ဘုရားမီးတောက် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၅ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ  မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို စပြီး လေ့ကျင့်ပါတော့တယ်။

လီဖူချန်းရဲ့ ဓားသိုင်းအပေါ် နားလည်သဘောပေါက်နိုင်စွမ်းကတော့  တကယ့်ကို ကြောက်စရာ ကောင်းနေပြီလို့ ဆိုရတော့မှာပါ။

တစ်ပတ်အတွင်းမှာပဲ လီဖူချန်းဟာ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ပထမဓားကွက်ဖြစ်တဲ့ တိမ်တိုက် လောင်ကွမ်းခြင်းကို ဆရာတစ်ဆူ ဖြစ်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။

မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းဟာ ဓားကွက်လေးကွက် ရှိတဲ့အတွက် ပထမဓားကွက်ကို ဆရာတစ်ဆူဖြစ်အောင် ကျွမ်းကျင်သွားတယ်ဆိုတာက အကြိုပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ။ ဒုတိယ ဓားကွက်ကို လေ့ကျင့်အောင်မြင်သွားရင်တော့ လီဖူချန်းရဲ့ ဓားသိုင်းဟာ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားမှာပါ။

မြေကမ္ဘာအထွတ်အထိပ်အဆင့် ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်က မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ထက် အများကြီး အစွမ်းထက်တယ် ဆိုတာကိုတော့ လူတိုင်း အသိပါပဲ။

ဒါက သဘာဝလည်း ကျပါတယ်။ မြေကမ္ဘာအဆင့် သိုင်းပညာတွေမှာက အဆင့်တစ်ဆင့်ချင်းစီဟာ အတော်လေး ကွာဟချက် ရှိနေတာ မဟုတ်ပါလား။

ကောင်းကင်အဆင့် သိုင်းပညာတွေ နဲ့ ဆိုရင်တော့ ပြောမနေပါနဲ့တော့။ အညံ့ဆုံးဆိုတဲ့ ကောင်းကင်အဆင့်နိမ့် သိုင်းပညာ တစ်ခုကတောင်မှ မြေကမ္ဘာအထွတ်အထိပ်အဆင့် သိုင်းပညာ တစ်ခုထက် ဆယ်ဆလောက် အစွမ်းထက်ပါတယ်။ဒါက လုံးဝ နှိုင်းယှဉ်စရာ မဟုတ်ပါဘူး။

ကြားထဲမှာတော့ လီဖူချန်းဟာ သက်တံနီဆေးရည် တစ်ပုလင်း နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် တစ်ပုလင်းကို သောက်ခဲ့ပါသေးတယ်။

သက်တံနီဆေးရည်ကတော့ တကယ့်ကို သက်တံနီဂိုဏ်းရဲ့ အစွမ်းထက် မြေကမ္ဘာအဆင့်မြင့် ဆေးရည်ဆိုတဲ့ အတိုင်းပါပဲ။ တစ်ပုလင်း သောက်လိုက်တာနဲ့ သူ့ရဲ့ ချီအတွင်းအားတွေရဲ့ သန့်စင်မှုဟာ ပိုကောင်းလာတာကို  လီဖူချန်းအနေနဲ့ ခံစားမိပါတယ်။ နဂိုက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄ ရဲ့ အထွတ်အထိပ်မှာ ရောက်နေတဲ့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက်လည်း ခြေတစ်လှမ်းစာတောင် မလိုတော့ပါဘူး။

ထိုးထွင်းသိမြင်မှု တာအိုဆေးရည်  ...

လီဖူချန်းကတော့ သည်ဆေးရည်ဟာ နတ်ဘုရားတစ်ပါး ဖန်ဆင်းပေးထားတာလား လို့တောင် ထင်မြင်မိပါတယ်။

လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ အစကတည်းက အတော် ကြောက်စရာ ကောင်းနေခဲ့တာပါ။ ထိုးထွင်းသိမြင်မှု ဆေးရည်ကို သောက်သုံးလိုက်တဲ့အခါမှာတော့ ကျားကို အတောင်ပံ တပ်ပေးလိုက်တာနဲ့တောင် သိပ်မကွာတော့ပါဘူး။ လီဖူချန်းဟာ အချိန်တိုလေး တစ်ခုအတွင်းမှာပဲ အတွေးတွေ အများကြီးကို ဖြန့်ကြက်ပြီး လျင်မြန်စွာ တွေးလာနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ထိုးထွင်းသိမြင်မှု ပိုကောင်းလာတယ်ဆိုတဲ့ အဓိပါ္ပယ် ပါပဲ။

အခြားတစ်ဖက်ကနေ ပြောရမယ် ဆိုရင်တော့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်က လီဖူချန်းရဲ့ သိုင်းပညာနဲ့ ချီအတွင်းအား ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးနေတာ ဆိုရင်လည်း မမှားပါဘူး။

သိုင်းပညာတွေ နဲ့ ချီအတွင်းအား ကျင့်စဉ်တွေ ဆိုတာက ပိုပြီး တွေးနိုင်လေလေ ပိုပြီး နားလည် သဘောပေါက်လာလေလေပင် မဟုတ်ပါလား။

ဆေးရည်တွေရဲ့ အကူအညီကြောင့် လီဖူချန်းဟာ တစ်လအတွင်းမှာပဲ သက်တံနီ နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၆ကို ရောက်ခဲ့သလို မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယ ဓားကွက်ကိုလည်း ဆရာတစ်ဆူ ဖြစ်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။ တကယ်လို့ သည်သတင်းသာ ပျံနှံ့သွားလို့ကတော့ သက်တံနီဂိုဏ်း တစ်ခုလုံးဟာ  ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ အသေအချာပါပဲ။

" ငါ့ရဲ့ ကျင့်ကြံမှုကလည်း အဆင့်တက်မယ့် အရိပ်အယောင်တွေကို   ပြနေပြီ။ ဒါက အရင်းအမြစ်တွေရဲ့ သက်ရောက်မှုကြောင့်လား "

လီဖူချန်းက  ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ သက်တံနီဂိုဏ်းကိုသာ မဝင်ခဲ့ဘူးဆိုရင် အဆင့်တက်ဖို့အတွက် ဘယ်လောက်ကြာဦးမယ် မသိပါဘူး။

သည်သက်တံနီ ဂိုဏ်းထဲမှာ တစ်လလောက် ကျင့်ကြံတာက အပြင်လောကမှာ နှစ်ဝက်လောက် ကျင့်ကြံတာနဲ့ ညီမျှနေတာ မဟုတ်ပါလား။

" ကြည့်ရတာ သာမန် အပြင်စည်း ဂိုဏ်းသားတွေအတွက်တော့ သည်နေရာက အတော်လေး မမျှတတာပဲ။ ဒါကြောင့်လည်း အားကောင်းတဲ့ သူတွေက ပိုအားကောင်းလာပြီး အားနည်းတဲ့ သူတွေက ပိုအားနည်းသွားလိမ့်မယ်လို့ ပြောကြတာပဲ ဖြစ်မယ် "

စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ အသက်ရှု ကျပ်လာခဲ့ပါတယ်။ သက်တံနီဂိုဏ်းဟာလည်း  လျင်သူ စားစတမ်း ဒါမှမဟုတ် အင်အားကြီးသူ စားစတမ်းဆိုတဲ့ တောတွင်းဥပဒေ ကြီးစိုးတဲ့ နေရာတစ်ခု ဖြစ်နေတယ်ဆိုတာ သိသာလွန်းနေခဲ့ပါပြီ။

ဒါပေမဲ့လည်း အချိန် အနည်းငယ် အကြာမှာတော့ သူဟာ ပြန်ပြီး စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ သက်တံနီဂိုဏ်းမှ မဟုတ်ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံးဟာလည်း တောတွင်းဥပဒေ ကြီးစိုးတဲ့ နေရာတစ်ခုပါပဲ။

သက်တံနီဂိုဏ်းက သည်လို လုပ်ရတယ် ဆိုတာကလည်း အကြောင်းအရင်း ရှိနေပါတယ်။  သူတို့ဟာ ဘုရင်အဆင့် ဂိုဏ်းတစ်ခုသာ ရှိတဲ့အတွက် ဂိုဏ်းသားတိုင်းကို မျှပြီး အရင်းအမြစ် ပစ္စည်းတွေ မထောက်ပံ့နိုင်ပါဘူး။

သူတို့ဟာ သူ့ထက်သူ လူစွမ်းကောင်းတွေကိုသာ ထောက်ပံ့မှာ ဖြစ်ပါတယ်။

တောတွင်း ဥပဒေ စိုးမိုးတဲ့ သည်ကမ္ဘာကြီးပေါ်မှာက အစွမ်းအထက်ဆုံး လူပုဂ္ဂိုလ်တစ်ယောက် ပေါ်လာရင်ကို အဆင်ပြေပါပြီ။ အရည်အချင်းဆိုတဲ့ အရာက အရေအတွက်  ဆိုတဲ့ အရာကို မျက်ကွယ်ပြုထား နိုင်ပါတယ်။

တကယ်လို့သာ ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တစ်ယောက် ပေါ်လာလို့ကတော့  သက်တံနီဂိုဏ်းရဲ့ အဆင့်အတန်းဟာ ဧကရာဇ်အဆင့် ဂိုဏ်းတစ်ခု အဖြစ်ကို ပြောင်းလဲသွားမှာပါ။ ဘယ်လောက်ပဲ အားနည်းတဲ့ ဧကရာဇ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်ပါစေဦး။ အဲသည်ဂိုဏ်းက  အစွမ်းအထက်ဆုံး ဆိုတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေကို မျက်လုံးထဲမှာ ထည့်မှာတောင် မဟုတ်ပါဘူး။

အဲဒါက အကြွင်းမဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် တည်ရှိနေခြင်းရဲ့   အားသာချက်ပါပဲ။

***

All Chapters