အခန်း (၃၃၆)
Vol. 24 Ch. 336
တခြားလူများက လင်တောက်တာအိုဂိုဏ်းကိုကြောက်သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဟန်မူယဲ့သည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခဲ့ခြင်းမရှိပေ။
ဖုံးကွယ်ထားသောအကြံအစည်နှင့် ပွင့်လင်းသောလှည့်ကွက်များသည် အစစ်အမှန်ခွန်အား၏ရှေ့တွင် အသုံးမဝင်ပေ။
ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ သူက ချဉ်းကပ်လာသော မရေမတွက်နိုင်လောက်သည့်မိစ္ဆာများကို ကြည့်နေသည်။
“ညီအစ်ကိုကူ၊ လှိုင်းလုံးတွေကိုခုခံထားပြီး အသက်တစ်ရာရှုချိန်အတွင်းမှာ ပြန်လာနိုင်မလား”
ဟန်မူယဲ့က သူ့ဘေးသို့ရောက်လာသော ကူယွမ်လုံကိုကြည့်သည်။
‘ရေမိစ္ဆာတွေကို တိုက်ခိုက်ရမှာလား’
ကူယွမ်လုံက အနည်းငယ်အံ့အားသင့်သွားပြီး မျက်လုံးထဲတွင် အလင်းများပေါ်ထွက်လာသည်။
‘အရှေ့ပင်လယ်မှာ ငါက မရေမတွက်နိုင်လောက်တဲ့ရေမိစ္ဆာတွေကို သတ်ဖြတ်ခဲ့တာပဲမဟုတ်ဘူးလား’
အရှေ့ပင်လယ်မိစ္ဆာမျိုးနွယ်စုကို နှစ်ပိုင်းခွဲခြားနိုင်သည်။ တစ်ခုသည် အရှေ့ပင်လယ်၏ အားကောင်းသောပင်လယ်နက်နဂါးများဖြစ်ပြီး လူသားများနှင့် အဆက်အသွယ်သိပ်မရှိပေ။
နောက်တစ်ခုသည် ကြေးခွံနက်ရေမိစ္ဆာများဖြစ်ပြီး အရှေ့ပင်လယ်တစ်လျှောက် နေရာအနှံ့တွင်တွေ့နိုင်သည်။
ထိုအုပ်စုထဲတွင် အားကောင်းသောမိစ္ဆာများကို သိပ်မတွေ့နိုင်ပေ။ ကူယွမ်လုံ တစ်ခါမှမမြင်ဘူးသော ကောင်းကင်ဘုံအဆင့် အဆင့်မြင့်မိစ္ဆာများရှိသည်ဟု ပြောကြသည်။
သို့သော် ထိုမိစ္ဆာများသည် အလွန်အရေအတွက်များပြီး လူတစ်ယောက်ကို ကြက်သီးထသွားစေနိုင်သည်။
ကြေးခွံနက်ငါးများသည် ကုန်းပေါ်သို့တက်မလာနိုင်ဘဲ ရေထဲတွင်သာနေနိုင်သောကြောင့် အရှေ့ပင်လယ်ဓားကျင့်ကြံသူများက ထိုမိစ္ဆာများကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီကြေးခွံနက်ငါးတွေကို အသက်ရှူကြိမ်တစ်ရာအထိ တားဆီးပေးရမှာလား”
ကူယွမ်လုံ၏ခန္ဓာကိုယ်ပေါ်တွင် ထက်မြက်သောဓားအလင်း ပေါ်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
အမြန်ဆုံးငါးသည် နောက်ဆုံးတွင်ကျန်နေခဲ့သော နဂါးလှေဆီသို့ ရောက်လာခဲ့သည်။
“ကောင်းပြီ”
ကူယွမ်လုံက ရယ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။
“အင်မော်တယ်ဟန်က လိမ်လိမ်မာမာနဲ့ ကျားစေ့တစ်စေ့ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တယ်”
“ငါကန်းနေခဲ့တာပဲ”
ကူယွမ်လုံက အော်ဟစ်လိုက်ပြီး မြစ်ရေပြင်ပေါ်သို့ ဆင်းသက်သွားသည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ပေတစ်ထောင်မြင့်သောလှိုင်းလုံးတစ်ခု ပေါ်ထွက်လာသည်။
သူ့နောက်တွင် လှိုင်းထန်လာသည်။
ကူယွမ်လုံ၏ ရေဓာတ်လိုက်ဖက်ညီမှုသည် ၈၀%ကျော်နေသည်။
သူက လှိုင်းများကိုစီးနင်း၍ ခန္ဓာကိုယ်ပေါ်ရှိရေအလင်းသည် ပေတစ်ထောင်ရှည်သော ရေဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဓားပေါ်တွင် ချီစွမ်းအင်အလင်းနှင့်အရိပ်များ ရောယှက်နေသည်။
“ဆရာတူအစ်ကိုဟန်၊ ငါတို့နှစ်ယောက်လုံးက ဆရာမော့ရဲ့လက်အောက်မှာ လေ့ကျင့်ခဲ့တာပဲ။ ငါ့ရဲ့ဓားချက်ကို ဘယ်လိုထင်လဲ”
ကူယွမ်လုံ၏အသံထဲတွင် အကန့်အသတ်မရှိသော တိုက်ခိုက်လိုစိတ်များပါနေသည်။
သူ၏ခြေတစ်လှမ်းသည် တောင်နှင့်မြစ်များကို ဖျက်ဆီးနိုင်ပုံပေါ်သည်။
ထိုခြေလှမ်းသည် နှစ်ထောင်ချီကြာအောင် တည်တံ့ခဲ့သော ကျောက်ဆောင်တစ်ခုကို ဖျက်ဆီးလိုက်သည့် ပေတစ်သောင်းလှိုင်းလုံးနှင့်တူသည်။
ရေခိုးရေငွေ့များအားလုံးသည် ဓားများအဖြစ်ပြောင်းလဲသွားသည်။
သူက အရှေ့ပင်လယ်၏မိစ္ဆာများကို ဆယ်နှစ်ကြာသည်အထိ သတ်ဖြတ်ခဲ့သည်။
သူက မိစ္ဆာသုံးထောင်ကိုသတ်ဖြတ်၍ ကျွန်းတစ်ကျွန်းကို ကာကွယ်ခဲ့သည်။
သူက မဟာဓားဂိုဏ်းသုံးဂိုဏ်းကို စိန်ခေါ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ပေ။
သူက ဆရာမော့ယွမ်၏ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို စိန်ခေါ်ရာတွင် ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။
ထိုနေ့မှစ၍ ကူယွမ်လုံ၏နှလုံးသားထဲတွင် ဆန္ဒလှိုင်းတစ်ခုကို ဖိနှိပ်ထားခဲ့သည်။
သူက ဆရာမော့ယွမ်၏ဓားနည်းစနစ်ကိုသင်ယူပြီး ကိုယ်ပိုင်ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို ကျင့်ကြံမည်။
သူက ဓားနည်းစနစ်များကို တစ်ခုတည်းအဖြစ်မပေါင်းစပ်နိုင်လျှင် ဓားနည်းစနစ်များကို မည်မျှပင်လေ့ကျင့်ပါစေ၊ ဓားကျင့်ကြံသူများကို မည်မျှပင်စိန်ခေါ်ပါစေ အသုံးမဝင်ပေ။
ဆရာမော့လိုလူများကပဲ ဓားတာအိုကို အမှန်တကယ်ကျင့်ကြံနိုင်သည်။
ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သော ကူယွမ်လုံသည် အလွန်မာနကြီးသည်။
ဆရာမော့သည် အဘယ်ကြောင့် တပည့်တစ်ယောက်ပဲ လက်ခံခဲ့သနည်း။
ဟန်မူယဲ့သည် အဘယ်ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဖြစ်လာသနည်း။
ဤဓားချက်သည် ဓားအင်မော်တယ်နှင့် ယှဉ်နိုင်မည်လား။
ဓားအလင်းပေါက်ကွဲသွားသည်။
သောင်းချီနေသောချီစွမ်းအင်အလင်းများသည် စကြဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဓားသည် စကြဝဠာကိုဦးဆောင်၍ ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ကျားလင်မြစ်၏စွမ်းအားကိုစုစည်းထားသော ဓားချက်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားတချို့ကို အသုံးပြုနိုင်သည်။
ဓားမာန်ဟုန်တစ်ဝက်အဆင့် …
“ဘုန်း”
ဓားအလင်းသည် ကြေးခွံနက်မိစ္ဆာရေလှိုင်းကို ထိုးဖောက်သွားသည်။ ဓားအလင်းသည် ဆယ်မိုင်အထိဆန်တက်သွားပြီး လှိုင်းလုံးများကို သွေးစွန်းသွားစေသည်။
ဓားတစ်ချက်ကြောင့် ရေမိစ္ဆာရှစ်ရာ သေဆုံးသွားခဲ့သည်။
ထိုမိစ္ဆာများသည် ကမ္ဘာမြေအဆင့်ဖြစ်သည်။
ထိုဓားချက်ကို ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများပဲ ခုခံနိုင်မည်။
သူက အရှေ့ပင်လယ်မှ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်ပြီး အလွန်သန်မာသည်။
ကူယွမ်လုံက ဓားကိုင်ထားပြီး ဟိန်းဟောက်လိုက်သည်။
“အသက်ရှုကြိမ်တစ်ခါ”
ဓားအလင်းသည် ထပ်မံပေါ်ထွက်လာသည်။
“အသက်ရှူကြိမ်နှစ်ခါ”
သူက အသက်ရှူကြိမ်တစ်ရာအထိတောင့်ခံထားပြီး ပြန်သွားချင်သည်။
“အရှေ့ပင်လယ်ရဲ့ဓားနည်းစနစ်”
တိမ်တိုက်များထဲတွင် လူတစ်ယောက်၏အာမေဍိတ်သံထွက်လာသည်။
သို့သော် ထိုလူက ချက်ချင်းဆိုသလိုပဲ အသံကိုဖိနှိပ်လိုက်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများအတွက် ပြိုင်ပွဲတွင်လှည့်ကွက်ထားခြင်းသည် မထူးဆန်းပေ။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ရေမိစ္ဆာတွေကို တားချင်တာလား”
မြစ်ကမ်းပါးတွင် ကျင့်ကြံသူများက မျက်လုံးပြူးသွားသည်။
လှိုင်းလုံးများသည် ဆန့်ကျင့်ဘက်အရပ်သို့ မိုင်တစ်ရာခန့်အကွာအထိဖြာထွက်သွားကြောင်း သူတို့မြင်နိုင်သည်။
‘ရေမိစ္ဆာတွေက အရမ်းများလွန်းတယ်။ သူက သန်မာနေရင်တောင် မိစ္ဆာတွေအားလုံးကို တားနိုင်မှာမဟုတ်ဘူး’ သူတို့တွေးမိသည်။
‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ရူးသွားတာလား’
ထိုခွန်အားမျိုးရှိနေလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်နေရာအတွက် တိုက်ခိုက်သင့်သည်။
“နေပါဦး။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တကယ်ပဲ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းဖြစ်ချင်နေတာလား။ သူတို့က အခု လူတွေဆီကနေ အကောင်းမြင်ရအောင် လုပ်နေပြီလား”
လူတစ်ယောက်က ကျောက်ဆောင်ပေါ်တွင်ရှိနေသောတပည့်များကိုကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အဲဒီတပည့်တွေကိုကယ်ပြီး အမြင်ကောင်းရချင်တာလား’
လူအများအပြားသည် ထိုသို့တွေးမိသည်။
သူက ရေမိစ္ဆာများကိုသတ်ဖြတ်ပြီး ကျောက်ဆောင်ပေါ်ရှိလူအများအတွက် နဂါးလှေများရှာပေးလိမ့်မည်။
ထိုသို့ဆိုလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မဟာမိတ်အများအပြား ရလာလိမ့်မည်။
“အင်မော်တယ်ဟန်က လူတွေရဲ့နှလုံးသားကို အမြဲတမ်းသိမ်းပိုက်နိုင်တာပဲ”
လူတစ်ယောက်က ရေရွတ်သည်။
လူတချို့သည် ဟန်မူယဲ့ကို အကြင်နာတရားရှိသည့်အတွက် ချီးကျူးကြသည်။ သူ့ကြင်နာမှုကို ရရှိခဲ့သောလူများသည် သူ့ကို အမှတ်ရနေလိမ့်မည်။
ကျင့်ကြံသူများသည် တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးနေသောလူများလည်းရှိသည်။
ရက်ရောပြီး ကြင်နာတတ်သောလူများတွင် ရည်ရွယ်ချက်တစ်ခုရှိလိမ့်မည်။
ကျင့်ကြံသူတိုင်းသည် ခံစားချက်များကို ဖြတ်တောက်ထားသည်။
တခြားအချိန်များတွင် ကြင်နာမှုပြသခြင်းသည် အဆင်ပြေသော်လည်း ဂိုဏ်းပြိုင်ပွဲအတွင်း၌ ရည်ရွယ်ချက်တစ်ခုဖြင့် ချဉ်းကပ်လာခြင်းဖြစ်လိမ့်မည်။
အဆုံးတွင် အရာအားလုံးကို ခွန်အားဖြင့်သက်သေပြရမည်။
“အစ်ကိုဟန်၊ ကျွန်တော်တို့အတွက် နဂါးလှေတချို့ယူပေးနိုင်မလား”
ဟန်မူယဲ့၏နောက်တွင်ရှိသော ဂိုဏ်းလက်ရွေးစင်များထဲတွင် တပည့်တစ်ယောက်က လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး ပြောသည်။
“အစ်ကိုဟန် ကူညီပေးရင် ကျွန်တော်တို့စစ်ယွမ်တာအိုဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ်”
“အစ်ကိုဟန်၊ ကျွန်တော်တို့ရဲ့ ထန်ယုဓားဂိုဏ်းကလည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ မဟာမိတ်လုပ်ပါ့မယ်”
ကျောက်ဆောင်ပေါ်တွင် ရာချီနေသောလူများ ရပ်နေကြသည်။
ထိုလူများအားလုံးသည် စိတ်အားထက်သန်စွာဖြင့် ဟန်မူယဲ့ကိုစိုက်ကြည့်နေသည်။
သူတို့က သေသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အင်မော်တယ်ဟန်သည် သူတို့ကို ကူညီပေးခဲ့သည်။
‘ငါတို့ ရှင်သန်နိုင်လောက်တယ်’ သူတို့ တွေးမိသည်။
‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အမြင်မှာ ငါတို့က တန်ဖိုးရှိနေလောက်တယ်’
‘ငါတို့က တခြားနဂါးလှေကိုလုယူပြီး ဆက်သွားနိုင်လောက်တယ်’
ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများက တိတ်ဆိတ်စွာဖြင့် ကျောက်ဆောင်ကိုကြည့်နေသည်။
တချို့က ပြုံးနေပြီး တချို့က စိတ်လှုပ်ရှားနေသည်။ တချို့ကတော့ အထင်သေးနေသည်။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲက လူအရေအတွက်နဲ့ မသက်ဆိုင်ဘူး”
“စည်းကမ်းချမှတ်ခဲ့တဲ့အချိန်မှာ ငါက မဟာမိတ်တွေဖြစ်လာနိုင်တာကို တွေးကြည့်သေးတယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အခြေခံအုတ်မြစ်က နက်ရှိုင်းမှုမရှိဘူး။ အရင်တုန်းကအကြောင်းတွေကို မကြားဖူးဘူးထင်တယ်”
ကောင်းကင်ထက်တွင် လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။
မဟာမိတ် …
လူအများ၏အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လူများ၏နှလုံးသားကိုအပိုင်သိမ်းပြီး မဟာမိတ်ဖွဲ့နေသည်။
ထို့ပါ့ချန်က ကျောက်ဆောင်ထက်တွင်ရှိနေသော ဟန်မူယဲ့ကိုကြည့်သည်။
ဟန်မူယဲ့၏အတွေးကို သူမသိနိုင်ပေ။
သို့သော် ဟန်မူယဲ့၏မာနကို သူသိထားသည်။ ဟန်မူယဲ့က တခြားလူများနှင့် မဟာမိတ်ဖွဲ့မည်မဟုတ်ပေ။
‘အဲဒါဆိုရင် သူက ဘာလုပ်ချင်တာလဲ’
ဟန်မူယဲ့က နောက်တွင်ရှိသောတပည့်များကို လျစ်လျူရှုထားသည်။
“လေ့ကျင့်ရေးမှူးလင်း၊ ရေလမ်းအတွက်တိုက်ခိုက်နေတဲ့နဂါးလှေတွေကို ဖျက်ဆီးပစ်လိုက်ပါ”
“တိုက်ပွဲဖြစ်လာရင်တော့ အစွမ်းကုန်ထုတ်သုံးလိုက်ပါ”
ဟန်မူယဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ရှေ့တွင်ရှိသောမြစ်ပြင်ကျယ်ကို ကြည့်သည်။
သူ့နောက်တွင်ရပ်နေသောလင်းရှန်က ခေါင်းညိတ်သည်။ သူက ရေဆန်အတိုင်း တစ်လှမ်းချင်းစီတက်သွားသည်။
ခြေလှမ်းများနှင့်အတူ တိတ်ဆိတ်နေသောသူ့ကျင့်ကြံခြင်းသည် ပေါ်ထွက်လာခဲ့သည်။
“ဘုန်း”
ကျောက်ဆောင်ပေါ်တွင် လေပြင်းများတိုက်ခတ်လာသည်။
မြင့်တက်လာသော ချီစွမ်းအင်အလင်းများသည် ကောင်းကင်ထက်တွင်ရှိသော ရေခိုးရေငွေ့များကို ဖယ်ရှားပစ်လိုက်သည်။
ရွှေအမြုတေ …
အသက်တစ်ရာမပြည့်သေးတဲ့လက်ရွေးစင်တပည့်တစ်ယောက်က ရွှေအမြုတေအဆင့်မှာတဲ့လား
လူတိုင်း မျက်လုံးပြူးသွားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ သိပ်မရှိပေ။ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူသည် ထိပ်တန်းအဆင့်ဖြစ်သည်။
ရွှေအမြုတေအဆင့်ကျွမ်းကျင်သူသည် မည်သည့်ဂိုဏ်းတွင်မဆို အကြီးအကဲတစ်ယောက်ဖြစ်လာနိုင်သည်။
“ဘာတွေဖြစ်နေတာလဲ။ သူက ဘယ်သူလဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဘာဖြစ်လို့ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူရှိနေတာလဲ။ ဒါက မမျှတဘူး”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တပည့်တစ်ရာထဲမှာ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက် ပုန်းကွယ်နေတာလား”
ဂိုဏ်းအသီးသီး၏ ကမ္ဘာမြေအဆင့်နှင့် အခြေခံအုတ်မြစ်အဆင့်သို့ ဝင်ရောက်ခါစလက်ရွေးစင်များသည် မျက်နှာထားမည်းမှောင်သွားသည်။
ကောင်းကင်ထက်တွင် လူအများစုသည် ထို့ပါ့ချန်ကိုကြည့်လိုက်သည်။
“ဓားစံအိမ်ရဲ့ ဓားထိန်းလင်းရှန်က ကျောက်တုံးသုံးတုံးအစိမ်းရောင်ကျား လင်းချုံးရှောင်ရဲ့ ညီငယ်ပဲ”
ထို့ပါ့ချန်က တည်ငြိမ်စွာပြောလိုက်ပြီး ဆက်မပြောတော့ပေ။
ဆွေးနွေးမှုတချို့ပြီးသွားသောအခါတွင် သူတို့အားလုံး တိတ်ဆိတ်သွားသည်။
အသက်တစ်ရာမပြည့်သေးသော ရွှေအမြုတေကျွမ်းကျင်သူဖြစ်သည်။
ထိုကျင့်ကြံဆင့်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မျိုးဆက်သစ်များကြားတွင် ထိပ်တန်းအဆင့်ဖြစ်သည်။
သို့သော် ထို့ပါ့ချန်မိတ်ဆက်မပေးလျှင် သူတို့က ထိုလူငယ်ကို မသိနိုင်ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နက်ရှိုင်းစွာဖုံးကွယ်ထားခဲ့သည်။
“နှစ်တစ်ရာမပြည့်ခင်မှာ ရွှေအမြုတေဖြစ်လာပေမဲ့ တိုက်ခိုက်နိုင်စွမ်းက အားနည်းလိမ့်မယ်။ လေ့ကျင့်ဖို့အချိန် မလုံလောက် ....”
ထိုလူစကားပြောမပြီးခင်မှာ ရေဆန်အတိုင်းလျှောက်သွားသောလင်းရှန်က လေပေါ်သို့တက်လိုက်သည်။
“ဘုန်း”
ခြေတစ်လှမ်းနှင့် ပေတစ်သောင်းအကွာသို့ရောက်သွားသည်။
သူက ဓားရိုးကိုကိုင်သည်။
သူက လေထုထဲတွင် ရပ်နေသည်။
ထိုအချိန်တွင် လင်းရှန်က အစ်ကိုကြီး၏အင်္ကျီလက်ကို ဆွဲထားခဲ့သောအချိန်အား အမှတ်ရသွားသည်။
“ဓားကို အကြိမ်ရေတစ်သန်းဆွဲထုတ်ပြီး တောင်တွေကို ဖျက်ဆီးပစ်မယ်”
သူ့အစ်ကို၏မျက်လုံးထဲတွင်ရှိသော ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည့်နတ်ဘုရားအလင်းကို သူက အမြဲတမ်းမှတ်မိနေသည်။
သူ၏အစ်ကိုကြီးဖြစ်သူ ကျောက်တုံးသုံးတုံးအစိမ်းရောင်ကျား လင်းချုံးရှောင်သည် အမှန်တကယ် အသက်ရှင်ချင်ခဲ့သည်။
သူ၏ပါရမီ၊ တာအိုနှလုံးသားနှင့် ကြိုးစားအားထုတ်မှုအရ တလက်လက်တောက်ပနေသောကြယ်တစ်စင်းသဖွယ် ကောင်းမွန်သောအနာဂတ်နှင့် အစစ်အမှန်လက်ရွေးစင်တစ်ယောက် ဖြစ်လာသင့်သည်။
သို့သော် သူ့အစ်ကို၏မျက်လုံးများ မှေးမှိန်သွားခဲ့ခြင်းကို သူကိုယ်တိုင်မြင်ခဲ့ရသည်။
သူက လက်ကိုကြည့်လိုက်ပြီး ညင်သာစွာလွှတ်ပေးလိုက်သည်။
ကျင့်ကြံခြင်းလောကသည် ရက်စက်သည်။
သူရှင်သန်ချင်လျှင် ကောင်းမွန်စွာနေထိုင်ချင်လျှင် ပိုမိုသန်မာလာရမည်။
လင်းရှန်က လက်မြှောက်လိုက်ပြီး ဓားကိုဆွဲထုတ်သည်။
“အစ်ကိုကြီး ကြည့်လိုက်ပါ။ ကျွန်တော်လုပ်နိုင်ခဲ့ပြီ”
လင်းရှန်က တီးတိုးပြောသည်။
သူ့မျက်နှာထားသည် ရူးသွပ်မှုအဖြစ်ပြောင်းလဲသွားသည်။ သူက ဓားကိုကိုင်ထားပြီး စိတ်နှင့်ခွန်အားများအားလုံးကို ဓားထဲသို့ ထည့်သွင်းလိုက်သည်။