← Chapters

ဒါမှ ညီမသား

Vol. 106 Ch. 1468

ဒါမှ ညီမသား

Vol. 106 Ch. 1468

ဤတစ်ကြိမ်တွင် ကျန်းရီသည် အလွန်သာမန်ဆန်သော တေးသွားတစ်ပုဒ်ကို တီးလိုက်၏။ ထိုတေးသွားက အစောမှတေးသွားကဲ့သို့ မခက်ထန်တော့ရာ နတ်သားရဲလေးကောင်ကို နှိုးရန် မဆိုထားနှင့် လူများကိုပင် သောင်းကျန်းမသွားစေတော့ပေ။

သို့သော် ‌တေးသွားထဲမှ နက်ရှိုင်းသောဝမ်းနည်းမှုက ထင်ရှားနေသည်။ ထိုနေရာတွင် ကျန်နေသေးသော လူအားလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ ထွက်သွားရန် ဟန်ပြင်နေကြသော သခင်လေးများနှင့် သခင်မလေးများလည်း ရပ်တန့်သွားကြသည်။ ထိုကဲ့သို့သော တေးသွားမျိုးကို ကြားရခဲသည်။ အထက်ဘုံတစ်ခုလုံးတွင် ကျန်းရီ၏ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်က ပထမ မဟုတ်လျှင်ပင် ထိပ်ဆုံးဆယ်ဆင့်အတွင်း ဝင်ပေလိမ့်မည်။

တေးသွား ပြီးဆုံးသွားသောအခါ သူတော်စင်ဝိညာဉ်တောင် ပတ်ပတ်လည်မှ အကာအရံများက ထပ်မံ၍ လင်းလက်လာ၏။ ကျန်းရီ ညင်သာစွာ ပြုံးလိုက်ပြီး တိရှအရှင်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ တိရှအရှင်သည် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို ဦးဆောင်၍ လေထဲ ပျံတက်ကာ ကောင်းကင်ညှို့ဓာတ်မြို့ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ကျန်းရီက အတော်လေး အားနည်းနေသေး၍ သူတို့အုပ်စုသည် ကောင်းကင်ညှို့ဓာတ်မြို့၌ နာရီအနည်းငယ် အနားယူပြီးမှ တိရှဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ ဘုံအသီးသီးမှ သခင်လေးများ၊ သခင်မလေးများကမူ ကောင်းကင်ညှို့ဓာတ်မြို့၌ အနားမယူခဲ့ကြဘဲ ချက်ချင်း တည်နေရာပြောင်းရွှေ့သွားခဲ့ကြသည်။ သူတော်စင်ဝိညာဉ်ဘုံမှနေ၍ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ထွက်သွားကြပေပြီ။ ဤတစ်ခေါက် အဖြစ်အပျက်များက အလွန်ကြီးကျယ်သည်။ ဝိညာဉ်ဘုရင်က ဒေါသထွက်နေရာ သူတော်စင်ဝိညာဉ်ဘုံထဲ၌ ဆက်နေခြင်းက အကြံကောင်းတစ်ခု မဟုတ်ပါပေ။

ဝှစ်...

သူတော်စင်ဝိညာဉ်တောင်ထိပ်ရှိ နန်းတော်တစ်ခုထဲသို့ ဝိညာဉ်ကဲ့သို့သော အရိပ်တစ်ခု ပျံဝင်လာ၏။ ရီထူက တံခါးကို ကျောပေး၍ မားမားမတ်မတ်ရပ်နေသည်။ အရိပ်ဝင်လာသောအခါ သူသည် နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စက်အသံဖြင့် မေးလိုက်သည်။

“သူတို့အကုန်လုံး ပြန်သွားကြပြီလား”

“သူတို့ ထွက်သွားကြပါပြီ။ တိရှအရှင်၊ ကျန်းရီ၊ မူရှောင်ယွီ၊ ချီချင်ချန်၊ သိမ်းငှက်ဘုရင်လေးနဲ့ ကျန်တဲ့သူအကုန်လုံး သူတို့လာခဲ့တဲ့နေရာကို ပြန်သွားကြပါပြီ”

အရိပ်က ဒူးတစ်ဘက်ထောက်၍ တင်ပြလိုက်သည်။ ရီထူ ခေါင်းညိတ်၍ လက်ဝှေ့ယမ်းလိုက်၏။

“သွားတော့... ဒီနေ့ပွဲမှာ ရှိခဲ့တဲ့သူတွေက ဖြစ်ပျက်ခဲ့တာတွေအကြောင်း မဖြန့်ဖို့ အသံပို့လွှတ်ပြီး သတိပေးလိုက်ပါ။ မဟုတ်ရင် သူတို့ အညှိအနှိုင်းမရှိ အသတ်ခံရလိမ့်မယ်”

အရိပ်ထွက်သွားသောအခါ ရီထူ မည်းမှောင်နေသော မျက်နှာထားဖြင့် နောက်လှည့်လိုက်သည်။ ယနေ့တွင် သူ အရှက်ကွဲရခြင်းက အရေးသိပ်မရှိသော်လည်း ဝိညာဉ်ဘုရင် အရှက်ကွဲခဲ့ရခြင်းမှာ အရေးကြီးသည်။ သို့သော် သူ ဒေါသပေါက်ကွဲပစ်၍ မရပေ။ မချင့်မရဲဖြစ်ရမှုများကို သူတို့၏ရင်ထဲတွင်သာ မျိုသိပ်ထားရပေမည်။

“ရီထူ...”

ရုတ်တရက် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ ရီထူ ခပ်သွက်သွက် ဦးညွှတ်ကာ ပြောလိုက်သည်။

“ခမည်းတော်...”

အသံ ထပ်မံထွက်လာ၏။ ထိုအသံက အလွန်အေးစက်နေပေသည်။

“ဖျောင်ဖျောင်ကို ပထမထပ်ဆီ ရွှေ့လိုက်။ ပြီးတော့ သူ့သားရောက်လာတာနဲ့ ငါက သူ့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မတွေးနဲ့လို့လည်း ပြောလိုက်။ သူ သူ့ရဲ့အမှားကို ဝန်မခံသ၍ သူတော်စင်အကျဉ်းထောင်ထဲမှာ တစ်သက်လုံး နေရလိမ့်မယ်။ ဟွန်း...”

“မှန်လှပါ ခမည်းတော်”

ရီထူ လေးလံတိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။ သူ ထရပ်လိုက်ချိန်တွင် သူ့မျက်နှာပေါ်၌ အံ့အားသင့်သည် အရိပ်အယောင်တစ်ခုမှ ရှိမနေပေ။ ဝိညာဉ်ဘုရင်က စကားဖျက်လိုက်ကတည်းက ရလဒ်မှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ သိပြီးပေပြီ။ ကျန်းရီက အလွန်ပြောင်မြောက်စွာ အစွမ်းပြနိုင်ခဲ့ပြီး အကန့်အသတ်မဲ့သော အလားအလာလည်းရှိသည်။ ရီဖျောင်ဖျောင်ကိုသာ ဆယ့်ရှစ်ထပ်မြောက်တွင် ဆက်ချုပ်ထားပါက ကျန်းရီ လုံ‌လောက်အောင် သန်မာလာသည်နှင့် သူတော်စင်ဝိညာဉ်တောင်တွင် သေချာပေါက် သွေးချောင်းစီးသွားပေလိမ့်မည်။ ထိုအခါကျလျှင် အခြေအနေကို မည်သို့မှ ပြန်ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ချေ။

ရီထူ၏ အတွေးထဲတွင် ကျန်းရီ၏ အမုန်းတရားပြည့်နှက်နေသော မျက်ဝန်းများ၏ ပုံရိပ်များနှင့် ပြည့်နှက်နေ၏။ အမုန်းတရားများ၊ ဒေါသများနှင့် ပြည့်နှက်နေသော တေးသွားကို ပြန်တွေးမိသောအခါတွင်လည်း ရီထူ ကျောစိမ့်သွားသည်။ သူတို့ ကျန်းရီကို ပထမနေရာ မပေးလိုခဲ့ခြင်းမှာ ကျန်းရီထံတွင် ထိန်းချုပ်၍မရနိုင်ပုံပေါ်သည့် မိစ္ဆာအငွေ့အသက်တစ်ခု ရှိနေခဲ့၍ပင်။ ကျန်းရီကဲ့သို့သော လူစားမျိုးက အန္တရာယ်အများဆုံးဖြစ်သည်။ သူ အထက်ဘုံသို့ တက်လာခဲ့သည်မှာ မည်မျှသာကြာသေးသနည်း။ ယခုတွင် သူက အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားရန် နီးစပ်နေပြီဖြစ်သည်။

“ဟူး...”

ရီထူသည် ထိုအကြောင်းများကို တွေးရင်း ခေါင်းကိုက်လာသည်။ သူ ဆက်၍ မတွေးနိုင်တော့ပေ။ ထို့ကြောင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်သွားလိုက်ပြီး သူတော်စင်အကျဉ်းထောင်၏ ဆယ့်ရှစ်ထပ်မြောက်သို့ သွားလိုက်လေသည်။

“တံခါးဖွင့်လိုက်”

ရီဖျောင်ဖျောင်၏ အကျဉ်းခန်းကို စောင့်ကြပ်နေသူက ကျန်းရီတို့ တွေ့ခဲ့ရသော အဘိုးအိုပင်။ ရီထူက လက်ဝှေ့ယမ်း၍ ပြောလိက်ရာ အဘိုးအိုက တုံ့ဆိုင်းခြင်းမရှိ တံခါးဖွင့်လိုက်သည်။ ဝိညာဉ်မျိုးနွယ်တွင် ရီထူက ဝိညာဉ်ဘုရင်ကို ကိုယ်စားပြုပေသည်။ သူက မျိုးနွယ်ခေါင်းဆောင်ကဲ့သို့ပင် အာဏာရှိသည်။

တံခါးပွင့်သွားသောအခါ ရီထူ အထဲကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ့မျက်ဝန်းများထဲ၌ နာကျင်မှုများ စတင်ထွက်ပေါ်လာသည်။

ရီဖျောင်ဖျောင်သည် တင်ပျဉ်ခွေ ထိုင်မနေတော့ဘဲ နံရံတစ်ခုကို မျက်နှာမူကာ ဒူးထောက်နေသည်။ သူမ၏လက်နှစ်ဘက်က နံရံကို ထောက်ထားပြီး သူမ၏မျက်ဝန်းများထဲမှနေ၍ မျက်ရည်များ မြစ်အလား စီးကျနေသည်။ ကြမ်းပြင်ပေါ်သို့ မျက်ရည်စများ ကျသွားသည် အသံသဲ့သဲ့လေးများကိုလည်း ကြားနေရသည်။

ရီထူသည် လေးလံသော ခြေလှမ်းများဖြင့် အကျဉ်းခန်းထဲသို့ ဝင်သွားပြီး ရီဖျောင်ဖျောင်နောက်တွင် ရပ်လိုက်၏။ သူ၏ နှုတ်ခမ်းများ လှုပ်သွားသော်လည်း တစ်ခဏကြာမှ သူ ပြောနိုင်လိုက်သည်။

“ဖျောင်ဖျောင်... ခမည်းတော်က ညီမလေးကို သူတော်စင်အကျဉ်းထောင်ရဲ့ ပထမထပ်ဆီ ရွှေ့ပြောင်းဖို့ အမိန့်ပေးလိုက်တယ်။ ညီမလေး ဒီကြောက်စရာမြေဆွဲအားကို ထပ်ခံနေစရာ မလို‌တော့ဘူး”

ရီဖျောင်ဖျောင် နောက်လှည့်မကြည့်ဘဲ နံရံကိုသာ ဆက်၍ စိုက်ကြည့်နေသည်။ သူမ၏ခန္ဓာကိုယ်ကလည်း အတန်ငယ်ပင် လှုပ်မသွားချေ။ သူမ၏ လက်နှစ်ဘက်က ကျန်းရီ၏ မျက်နှာကို ယုယစွာ ပွတ်သပ်နေသကဲ့သို့ အေးစက်စက်နံရံကို ပွတ်သပ်နေသည်။ အတော်ကြာပြီးမှ သူမ စကားပြောလိုက်သည်။ သူမ စို့နင့်သောအသံဖြင့် မေးလိုက်သည်။

“ညီမရဲ့သားက ဘယ်လိုပုံစံရှိလဲ။ အခု... သူ ထွက်သွားပြီလား”

ရီထူ၏ မျက်နှာပေါ်တွင် အားတင်း၍ ပြုံးလိုက်ရသော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။

“သူက ခံ့ညားပါတယ်.. ပြီးတော့ ညီမလေးနဲ့လည်း တော်တော်တူတယ်။ အစ်ကို ညီမလေးအတွက် ပုံတူတစ်ပုံ ဆွဲပေးပါမယ်”

ရီထူသည် မင်၊ စုတ်တံနှင့် စက္ကူတစ်ရွက်တို့ကို ထုတ်၍ စတင်ရေးဆွဲလိုက်၏။ သူ၏ စုတ်ချက်များက မဆိုးပေ။ သူ ကျန်းရီကို အသက်ဝင်အောင် ဆွဲနိုင်ပေသည်။ ရီဖျောင်ဖျောင် နောက်လှည့်၍ ကြည့်လိုက်၏။ ရီထူသည် သူမ သူ့ကို နောက်ဆုံးတစ်ခေါက် မြင်ခဲ့ရစဉ်ကနှင့် မကွာခြားသေးပေ။ အနည်းငယ် ပိုပိန်သွားရုံသာရှိသည်။ ယင်းက သူမကို ပို၍နာကျင်ရစေသည်။ ထို့နောက် သူမသည် ပန်းချီကားကို ငေးကြည့်ရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပေသည်။

ရီထူသည် ရေးဆွဲပြီးသောအခါ ပန်းချီကားကို ရီဖျောင်ဖျောင်အားပေး၍ ပြောလိုက်၏။

“သူက တိရှအရှင်နောက်ကို လိုက်သွားတယ်။ သူ အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားရင် ပြန်လာခဲ့လို့ ခမည်းတော်က သူ့ကို ပြောလိုက်ပါတယ်။ ညီမလေးသားရဲ့ အကျင့်စရိုက်ကတော့ ညီမလေးနဲ့ တစ်ပုံစံတည်းပဲ။ အစောတုန်းက သူ ခမည်း‌တော်ကို ပြန်ပြောခဲ့တာ။ သူတော်စင်ဝိညာဉ်တောင်ကိုတောင် သွေးနဲ့ဆေးပစ်မယ်လို့ ပြောခဲ့သေးတယ်...”

“ဟားဟားဟား...”

ရီဖျောင်ဖျောင် အသံထွက်၍ ရယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ငိုလည်းငိုကြွေးလိုက်သည်။ ထို့နောက် သူမ ခေါင်းညိတ်၍ ပြောလိုက်လေသည်။

“ဒါမှ ညီမသား။ သူက မှန်တာကို ပြောခဲ့တာပဲ။ သူ တကယ်ပဲ သွေးချောင်းစီးစေလိမ့်မယ်”

“ညီမလေး...”

ရီထူ မချင့်မရဲဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

“ညီမလေးရဲ့ ဒေါသကို ကြည့်ပါဦး။ အဲ့လိုဒေါသမျိုးနဲ့ဆိုရင် ခမည်းတော်က ညီမလေးကို ဘယ်လိုလုပ် ခွင့်လွှတ်မှာလဲ။ ညီမလေးသာ အမှားဝန်မခံသေးရင် အကျဉ်းထောင်ထဲက ပြန်ထွက်ဖို့ မစဉ်းစားနဲ့လို့ ခမည်းတော်က ပြောထားပြီးပြီမလား”

“အဲ့ဒါဆိုလည်း အဲ့လိုပဲ ဖြစ်ပါစေ”

ရီဖျောင်ဖျောင် လှောင်လိုက်သည်။

“ညီမ သူ့ရဲ့ ခွင့်လွှတ်ပေးမှုကို မလိုဘူး။ ညီမရဲ့သားက ညီမကို လာကယ်လိမ့်မယ်။ အစ်ကိုကြီး... ပြန်သွားပြီး အဲ့အဘိုးကြီးကို ပြောလိုက်ပါ။ ညီမက အမှားဝန်းခံမှာ မဟုတ်ဘူးလို့။ ပြီး‌တော့ ညီမ သူ့ကို ခမည်းတော်လို့လည်း ထပ်ခေါ်တော့မှာ မဟုတ်ဘူး။ သွားပါတော့... ညီမ ဆက်ကျင့်ကြံချင်တယ်”

“အန်...”

ရီထူ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ လေးလံသောလေသံဖြင့် မေးလိုက်သည်။

“ညီမလေး ပထမအထပ်ကို မရွှေ့တော့ဘူးလား”

“ဟင့်အင်း...”

ရီဖျောင်ဖျောင်သည် ပန်းချီကားကို ကြည့်၍ ပြန်ပြော၏။

“ညီမ အဲ့အဘိုးကြီးရဲ့ သနားတာကို မလိုဘူး။ ညီမက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတော့ အကျိုးဆက်ကို ခံပါမယ်။ ညီမ ဆယ်နှစ်စောင့်ရုံ ဒါမှမဟုတ် ညီမရဲ့သား ညီမကိုလာကယ်တာကို စောင့်ရုံပါပဲ။ အဲ့လိုကလွဲလို့ ညီမ ဒီနေရာက ထွက်သွားမှာ မဟုတ်ဘူး”

“ညီမလေး... ရူးမိုက်လိုက်တာ...”

ရီထူ ဒေါသထွက်လာ၏။ သူ အကျဉ်းခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်သည်။ ဒေါသကြောင့် သူ ကောင်းစွာ မတွေးတောနိုင်ချေ။ သို့သော် ရီဖျောင်ဖျောင်သည် သူ့ကို အရေးမစိုက်ပေ။ သူမသည် ကျန်းရီ၏ပုံတူပန်းချီကိုသာ စိုက်ကြည့်နေပြီး လှပစွာ ပြုံးနေပေသည်။

“ဟွန်း...”

ထိုစဉ် အေးစက်စက် အသံအိုတစ်သံ ထွက်ပေါ်လာ၏။

“ရီထူ... သူ့ကို အရေးစိုက်မနေနဲ့တော့။ သူက အဲ့ထဲမှာပဲ နေချင်မှတော့ တစ်သက်လုံး ပေးနေလိုက်မယ်။ သူ့ရဲ့သားက သူတော်စင်ဝိညာဉ်တောင်ကို ဖောက်ပြီး သူ့ကို ကယ်နိုင်မလားဆိုတာ ငါစောင့်ကြည့်လိုက်ဦးမယ်”

ဝိညာဉ်ဘုရင်က ရီထူထံ အသံပို့လွှတ်လိုက်သည်။ သူ ဒေါသထွက်နေကြောင်း သူ့လေသံမှနေ၍ သိနိုင်သည်။ ဤတစ်ကြိမ်တွင် သူသည် ကျန်းရီကြောင့် လုံးဝအရှက်ရခဲ့ရည်။ သူ၏ ဂုဏ်သိက္ခာကို ဘေးဖယ်၍ ရီဖျောင်ဖျောင်ကို ပထမထပ်သို့ ပြောင်းရွှေ့ပေးရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ မလွယ်ပေ။ သို့သော် ရီဖျောင်ဖျောင်က ငြင်းလိုက်သည်လော။ သူ၏ စိတ်ဓာတ်အရ သူ ဒေါသထွက်လာခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

“ဟူး...”

ရီထူ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ထွက်သွားလိုက်သည်။ ကျောက်တံခါးကလည်း ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။

ရီဖျောင်ဖျောင်သည် မည်သည်ကိုမှ မမြင်၊ မကြားခဲ့ရသကဲ့သို့ မလှုပ်မယှက် ဆက်ရှိနေ၏။ သူမသည် ဝိညာဉ်ဘုရင်ကို အရေးမစိုက်ဘဲ ကျန်းရီ၏ပုံတူပန်းချီကို ကြည့်၍သာ တောက်ပစွာ ပြုံးနေသည်။ သူမ လေသံတိုးတိုးဖြင့်လည်း အဆက်မပြတ် ရေရွတ်နေသည်။

“သားလေး... အမေ့ရဲ့သားလေး။ အမေ့သားက အထက်ဘုံကို တက်လာခဲ့ပြီပေါ့။ ပြီးတော့ အမေ့ကိုလည်း လာရှာခဲ့တယ်ပေါ့။ သားလေးက အရွယ်ရောက်လာပြီး စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာပြီပဲ။ သားလေး... သား အမေ့ကို လာကယ်မဲ့နေ့ကို အမေစောင့်နေပါတယ်။ အမေ သားကို စောင့်နေမယ်... သားကို စောင့်နေမယ်...”

All Chapters