ရှန်နုံဖိုခနောက်
Vol. 106 Ch. 1469
ရွှီး...
တိရှရဲတိုက်၏ ခန်းမကျယ်ကြီးတစ်ခုထဲတွင် ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်ကြီးက အဆက်မပြတ် လင်းလက်နေ၏။ ကျန်းရီနှင့် အဖော်များက တည်နေရာပြောင်းရွှေ့အစီအရင်ကြီးထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြသည်။ အစီအရင်ကို စောင့်ကြပ်နေသော အစောင့်ငါးယောက်သည် အစီအရင်ထဲမှ လူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ တုန်လှုပ်တကြီးဖြင့် ဒူးထောက်လိုက်ကြ၏။
“တိရှအရှင်ကို နှုတ်ခွန်းဆက်ပါတယ်၊ အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်”
တိရှအရှင်က လက်ဝှေ့ယမ်း၍ အစောင့်များကို ပြန်ထရပ်စေလိုက်၏။ ထို့နောက် သူသည် အတန်ငယ် မူးဝေနေသေးကြသော ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို ကြည့်ကာ ပြောလိုက်၏။
“ကျန်းရီ... တိရှရဲတိုက်မှာ ရက်နည်းနည်းလောက် အနားယူလိုက်ပေါ့။ ဟွိုက်စန်း... မင်းတို့တွေ အကုန်လုံးက ကျန်းရီနဲ့ သခင်မလေးမူကို ကောင်းကောင်းဂရုစိုက်ပေးလိုက်ကြပါ”
တိရှအရှင်သည် ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွား၏။ မိုလင်းချိုးမှာ ကျန်းရှောင်နူကို ကြည့်လိုက်၏။ သူ ခေါင်းကိုက်လိုက်သည်။ ထို့နောက် သူ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... မင်း ငါနဲ့အတူ နှစ်ရက်လောက် လာနေပါလား”
“ကျေးဇူးတင်ပါတယ် မနေတော့ပါဘူး”
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းခါလိုက်သည်။
“ကျွန်တော် နတ်သိမ်းငှက်မြို့ကိုပဲ ပြန်သွားတော့မယ်။ အဲ့မှာနေရတာက ကျွန်တော့်အတွက် ပိုသက်တောင့်သက်သာ ဖြစ်ပါတယ်”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ...”
မိုလင်းချိုးသည် ကျန်လူများကိုခေါ်၍ အပြင်သို့ ထွက်သွား၏။ ထို့နောက် မိုရှန်းရှင်းအား ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို နတ်သိမ်းငှက်မြို့သို့ ပြန်ခေါ်သွားပေးရန် ညွှန်ကြားလိုက်သည်။ မိုဟွိုက်စန်းတို့က ကျန်းရီနှင့်အတူ လိုက်သွားလိုကြ၏။ သို့သော် ကျန်းရီက သူမတို့ကို တစ်ချက်ပင် မကြည့်ချေ။ သူမတို့ကလည်း မျက်နှာအရည်ထူသူများ မဟုတ်ရာ လိုက်မသွားရန်သာ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် တိလင်အာက ပြောလိုက်၏။
“ကျန်းရီ... ကျွန်မ ရှင်နဲ့ လိုက်ခဲ့လို့ရမလား”
“ရတာပေါ့”
ကျန်းရီ သဘောတူလိုက်သည်။ သူ တိလင်အာကို အတော်လေး သဘောကျပေသည်။ ထို့ပြင် သူက တိလင်အာ၏ ဗျပ်စောင်းကို ဖျက်ဆီးမိခဲ့သဖြင့် အပြစ်ရှိသလို ခံစားနေရဆဲပင်။ ထို့ကြောင့် သူမအတွက် ပိုကောင်းသော ဗျပ်စောင်းတစ်လက် ဝယ်ပေးရန် တွေးထားပေသည်။
မိုရှန်းရှင်းသည် ကျန်းရီတို့ကို ဦးဆောင်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထံသို့ သွားလိုက်၏။ မိုဟွိုက်စန်း၊ ရွှမ်ယွမ်ဝူတိ၊ ကျိုးထျန်းဝမ်နှင့် ချင်ဟွမ်တို့ နောက်တွင် ကျန်ခဲ့ပေသည်။ သူတို့လေးယောက်သည် မည်သို့လုပ်ရမည်မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ခေတ္တနေပြီးနောက် မိုဟွိုက်စန်းက သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူမသည် ကျန်းရီအပေါ် အထင်သေးခဲ့မိခြင်းကို နောင်တရနေပြီး တိရှအရှင်က သူမအား ကျန်းရီကို ကောင်းကောင်းဆက်ဆံရန် ကြိုမပြောခဲ့သည့်အတွက်လည်း မချင့်မရဲ ဖြစ်နေပေသည်။ သူမသာ ကြိုသိခဲ့ပါက ကျန်းရီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခဲ့မည်ဖြစ်သည်။
တိရှအရှင်နှင့် ကျန်းရီတို့၏ ပတ်သတ်မှုကို ထည့်မတွက်နှင့်ဦး ကျန်းရီ၏ နတ်တေးသွားနှင့်ပင် သူထံ၌ အကန့်အသတ်မဲ့သော အလားအလာရှိကြောင်း သိနိုင်ပေသည်။ မိုဟွိုက်စန်းက တိရှအရှင်၏ မြေးတစ်ယောက် ဖြစ်သော်လည်း ပြဿနာမှာ တိရှအရှင်ထံမှ မြေးများစွာ ရှိခြင်းပင်။ သို့သော် သူမသာ ကျန်းရီကို လက်ထပ်နိုင်လိုက်လျှင် မိုမျိုးနွယ်တွင် သူမ၏အဆင့်အတန်းက သိသိသာသာ မြင့်သွားမည်ဖြစ်သည်။
သို့သော် ထိုသို့ မဖြစ်နိုင်တော့ချေ။
မိုဟွိုက်စန်းသည် ရင်ထဲတွင် ဝမ်းနည်းမှုများ၊ နောင်တများ ခံစားနေရသည်။ တိရှအရှင်က သူမအား ကျန်းရီနှင့် ရင်းနှီးအောင်လုပ်ရန် မပြောခဲ့ခြင်းမှာ သူမက ကျန်းရီအတွက် မလုံလောက်၍လောဟု သူမ ရုတ်တရက် တွေးမိသွားပေသည်။
ကျန်းရီတို့ သိမ်းငှက်ပြာစီရင်စုနယ်တို့ ရောက်လာသောအခါ ရှောင်ဟုန် အံ့အားသင့်သွား၏။ သူသည် ချက်ချင်း လူများဆင့်ခေါ်၍ ကျန်းရီတို့ကို ကြိုဆိုစေလိုက်၏။ ကျန်းရှောင်နူနှင့် မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများလည်း ပါလာကြောင်း တွေ့လိုက်သောအခါ သူ ပို၍ထိတ်လန့်သွားသည်။ သူတို့က ဤနေရာတွင် ပြဿနာလာရှာကြခြင်းလော။
ကျန်းရီသည် သိမ်းငှက်ပြာမြို့ထဲတွင် တစ်ရက်အနားယူရန် ဆုံးဖြတ်ခဲ့၏။ သူက အတန်ငယ် အားနည်းနေပြီး တိလင်အာအတွက်လည်း ဗျပ်စောင်းတစ်လက် ဝယ်ပေးရမည်ဖြစ်သည်။ နတ်သိမ်းငှက်မြို့တွင် အရည်အသွေးကောင်းသော ဗျပ်စောင်းများကို ရှာတွေ့ရန် ခက်ပေလိမ့်မည်။ သူ ကျိုးထျန်းကျဲကို အကူအညီတောင်းလျှင်မူ ဗျပ်စောင်းကောင်းကောင်းများကို အလွယ်တကူ ရနိုင်သည်။ ထို့ပြင် သူ့အတွက်လည်း ဗျပ်စောင်းတစ်လက် ရှာရပေမည်။ သူသည် နတ်ဘုရားအသံကောင်းကင်အတတ်ကို ကောင်းကင်စမ်းရေစည်းချက်နှင့် ပေါင်းစည်းနိုင်လာပြီဖြစ်သည်။ ယခု သူ့တွင် ပို၍စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်တစ်ခု ရှိလာပေပြီ။ အနည်းဆုံးတော့ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်အောက်မှ သိုင်းသမားများအကြားတွင် သူက ပြိုင်ဘက်ကင်း ဖြစ်နိုင်ပေသည်။
ထိုအချက်ကို သက်သေလည်းပြခဲ့ပြီးပေပြီ။
ကျန်းရီသည် ဘွဲ့ထူးရစစ်နတ်ဘုရားများကိုပင် တိုက်ခိုက်နိုင်သော်လည်း ထိုသို့လုပ်နိုင်ရန် အချိန်တစ်ခုတော့ လိုသေးသည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများက သူ့ကို အခွင့်အရေးပေးမည် မဟုတ်ချေ။ သူ ဗျပ်စောင်းကို စတင်တီးခတ်သည်နှင့် သူတို့က သူ့ကို သေချာပေါက် စတင် တိုက်ခိုက်ပေလိမ့်မည်။ သူ အဖွဲ့ကို ရှောင်ဟုန် စီစဉ်ပေးသော ခြံဝန်းသို့ ခေါ်သွားလိုက်၏။ ထို့နောက် တိလင်အာကို အနားယူစေလိုက်သည်။ ကျန်းရှောင်နူကလည်း လက်ဝှေ့ယမ်း၍ သူမ၏ ကိုယ်ရံတော်များကို ထွက်သွားစေလိုက်သည်။ ထို့နောက် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် နှစ်ကိုယ်တည်း စကားပြောကြလေသည်။
“ရှောင်နူ... မင်း မင်ရည်တောင်ပံမျိုးနွယ်မှ နေရတာ အဆင်ပြေရဲ့လား။ သူတို့က မင်းကို ကောင်းကောင်းဆက်ဆံကြရဲ့လား”
ကျန်းရီသည် ကျန်းရှောင်နူ၏လက်ကို ကိုင်ထား၏။ ကျန်းရှောင်နူ၏ မှတ်ဉာဏ်ချိပ်စည်း ပျက်သွားပြီးနောက် ယခုမှ သူ သူမနှင့် စကားကောင်းကောင်းပြောခွင့်ရသည်။ ကျန်းရှောင်နူက အတန်ငယ် ခေါင်းခါ၍ ပြော၏။
“သူတို့က ကျွန်မအပေါ် ကောင်းကြပါတယ်။ ဒါပေမဲ့ ကျွန်မက သခင်လေးနဲ့ ခွဲပြီးနေရတာကို အသားမကျသေးဘူး။ ကျွန်မဘေးမှာ သခင်လေးမရှိရင် ကျွန်မမပျော်ဘူး...ဟီးဟီး။ သူက ကျွန်မရဲ့ မှတ်ဉာဏ်တွေကိုတောင် ချိပ်ပိတ်ခဲ့တာ... ကျွန်မ သူတို့ဆီကို တစ်သက်လုံး ပြန်မသွားတော့ဘူး”
“ဟင်းဟင်း...”
ကျန်းရီ မည်သို့ ပြန်ပြောလိုက်ရမည် မသိသဖြင့် ခါးသက်သက် ပြုံးလိုက်၏။ သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဧကရီတို့က ဤသို့ လာနေလောက်ပြီ မဟုတ်လော။ ဤတစ်ခေါက်တွင် သူ ပြဿနာကြီးကြီးမားမား မရှာလိုပေ။ သို့သော် ကျန်းရှောင်နူက ပြန်မသွားလိုလျှင် သူ သူမကို ဖိအားမပေးရက်ပါချေ။
ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“ရှောင်နူ... ခဏနေရင် ငါ မင်းကို လေလံပွဲတစ်ခုကို ခေါ်သွားမယ်... အပျင်းပြေပေါ့။ အဲ့မှာ ငါ မင်းလိုချင်တာမှန်သမျှ ဝယ်ပေးမယ်။ ဟုတ်သား... ဒီရက်ပိုင်းအတွင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ ပြန်သွားလည်ကြတာပေါ့။ ငါတို့ အဘိုးနဲ့ တခြားသူတွေကို သွားတွေ့ကြမယ်”
“ကျွန်မတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်ကြမှာလား”
ကျန်းရှောင်နူ၏ မျက်လုံးများ လင်းလက်လာ၏။ သူမနှင့် ကျန်းရီအတွက် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အိမ်အစစ်အမှန်ဖြစ်သည်။ တတ်နိုင်မည်ဆိုလျှင် ကျန်းရှောင်နူသည် ကျန်းရီနှင့်အတူ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်သာ တစ်သက်လုံး နေလိုပေသည်။ သူမတို့ အထက်ဘုံသို့ ပြန်လာတော့မည် မဟုတ်ပေ။
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်၏။
“အခု ငါ့မှာ နတ်ဘုရားအမြစ်တွေ ရှိနေပြီ။ စွမ်းရည်ပြိုင်ပွဲမှာ ပထမရလို့ နတ်ဘုရားအမြစ် သန်းငါးဆယ် ရခဲ့တယ်။ ငါ ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ တည်နေရာပြောင်းရွှေ့လို့ရပြီ”
“အွန်း...”
ကျန်းရှောင်နူက ချိုသာစွာ ပြုံးလိုက်သည်။ သူမ၏ မျက်နှာထားက နူးညံ့နေသည်။ သူမသည် ကျန်းရီနှင့်သာ အတူရှိနေမည်ဆိုလျှင် သူမတို့ မည်သည်မှမလုပ်၊ မည်သည့်စကားမှမပြောဘဲ ကျန်းရီကို တိတ်တဆိတ်သာ ငေးကြည့်နေရမည်ဆိုလျှင်လည်း အလွန်ပျော်ရွှင်နေပေလိမ့်မည်။
ကျန်းရီသည် ကျန်းရှောင်နူနှင့် အတော်ကြာ စကားပြောပြီးနောက် ဆုရသော လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်ကြည့်လိုက်၏။ လက်စွပ်က လင်းလက်လာကာ လှပသော အနက်ရောင်စစ်ချပ်ဝတ်တစ်ထည်နှင့် ခြေချောက်ချောင်းပါသော အနက်ရောင်ဖိုခနောက်တစ်လုံး ထွက်လာသည်။
“ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်၊ ရှေးဦးဝိညာဉ်ရတနာ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ စစ်ချပ်ဝတ်ကို အာရုံခံကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်၌ ကျေနပ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထိုစစ်ချပ်ဝတ်နှင့်ဆိုလျှင် သာမန်မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများပင် သူ့ကို ထိခိုက်အောင်လုပ်နိုင်တော့မည် မဟုတ်ချေ။ ထိုချပ်ဝတ်နှင့် သူ၏နတ်ဘုရားအသံကောင်းကင်အတတ်ကို ပေါင်းစပ်လိုက်လျှင် သူ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများကိုပင် သတ်ပစ်နိုင်လောက်ပေသည်။
ကျန်းရီသည် စစ်ချပ်ဝတ်ကို ပြန်သိမ်းလိုက်ပြီး ခြေချောက်ချောင်းပါသော ဖိုခနောက်ကို စတင်လေ့လာလိုက်၏။ ဖိုခနောက်က မည်းနက်နေသည်။ ထို့ပြင် ၎င်းပေါ်၌ ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရေးဆွဲထားသည်။ ကျန်းရီသည် ၎င်းတို့ကို လေ့လာပြီးနောက် ဖိုခနောက်အခြေ၌ ‘ရှန်နုံ’ဟု ရေးထားသော တံဆိပ်စာလုံးနှစ်လုံးကို တွေ့လိုက်ရ၏။
‘ဒီရှန်နုံဖိုခနောက်က ဘာအတွက်လဲ’
ကျန်းရီ၏ မျက်ဝန်းများထဲ၌ ရှုပ်ထွေးမှု ပြည့်နှက်နေ၏။ သူသည် ဖိုခနောက်ကို အတော်ကြာအောင် လေ့လာလိုက်သော်လည်း ၎င်းတွင် မည်သည့်ထူးခြားမှုကိုမှ မတွေ့သေးပေ။ သူ တွေးတောရင်းဖြင့် ကောင်းကင်စွမ်းအား ထုတ်လွှတ်ကာ ရှန်နုံဖိုခနောက်ကို စတင် သန့်စင်လိုက်၏။ ထိုရှေးဦးဝိညာဉ်ရတနာထဲတွင် မည်သည့် ဝိညာဉ်အမှတ်အသားမှ ရှိမနေပေ။ ထို့ကြောင့် ၎င်းကို သန့်စင်ရန် အချိန်နှစ်နာရီသာ လိုလိုက်သည်။ ဖိုခနောက်က အနက်ရောင်အလင်း စတင်လင်းလက်လာပြီး ၎င်းအထဲမှနေ၍ ဆန်းကြယ်သောအရှိန်အဝါတစ်ခု ထွက်လာသည်။ ထို့နောက် ကျန်းရီ၏ ခေါင်းထဲတွင် အချက်အလက်များစွာ စတင်ထွက်ပေါ်လာလေသည်။
“လခွမ်း...”
ကျန်းရီသည် အချက်အလက်အားလုံးကို လေ့လာပြီးနောက် လေသံတိုးတိုးဖြင့် ဆဲလိုက်၏။
“ရီထူ... မျိုးမစစ်။ သူက ငါ့ကို အမှိုက်တစ်ခု ပေးလိုက်တာပဲ”
“ဘာဖြစ်လို့လဲ သခင်လေး”
ကျန်းရှောင်နူက ဖိုခနောက်ကိုကြည့်၍ မေးလိုက်၏။
ကျန်းရီ သက်ပြင်းရှည်ကြီးချကာ ပြန်ပြောလိုက်သည်။
“ဒါက အသုံးဝင်တဲ့ရတနာတစ်ခုလို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ဒီဖိုခနောက်က ဆေးဖော်တဲ့နေရာမှာပဲ အသုံးဝင်တယ်”
“...”
ကျန်းရှောင်နူ ဆွံ့အသွား၏။ အထက်ဘုံတွင် ဆေးလုံးများက များစွာအဖိုးမတန်ချေ။ စွမ်းအားကြီး သိုင်းသမားများသည် ဆေးလုံးများအပေါ် မှီခိုစရာ မလိုပေ။ ဆေးဝါးအပေါ်တွင် များစွာမှီခိုလိုက်လျှင် သူတို့၏ခန္ဓာကိုယ်များက ဘေးထွက်ဆိုးကျိုးများကို ခံရမည်ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်တိုက်ခိုက်စွမ်းရည်များကသာ စွမ်းအားအစစ်အမှန်ဖြစ်သည်။ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများအားလုံးသည် ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ တစ်ကြိမ်အလကားဝင်ခွင့်ရကြသည်။ ထိုဆန်းကြယ်နယ်မြေထဲတွင်ဆိုလျှင် သူတို့၏ ကျင့်ကြံနှုန်းက အလွန်မြန်ကြသည်။ သို့ဖြစ်ရာ သူတို့က တိုးတက်ရန် ဆေးဝါးများအပေါ် မှီခိုစရာ လိုပါဦးမည်လော။
“အလိမ်အညာတွေပဲ...”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ထိုရတနာက သူ၏တိုက်ခိုက်မှုများတွင် အထောက်အကူဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ၎င်းက အမှိုက်တစ်ခုသာ ဖြစ်နေပေသည်။ သို့သော် ပြန်တွေးကြည့်သောအခါ ၎င်းက အမှိုက်မဟုတ်လျှင် ရီထူက ၎င်းကို သူ့အား အလွယ်တကူ ပေးပါမည်လော။
ကျန်းရီ ဖိုခနောက်ကို ထပ်မံလေ့လာလိုက်သည်။ နောက်ဆုံးတွင် ရှန်နုံဖိုခနောက်ကို လက်စွပ်ထဲပြန်ထည့်လိုက်ပြီး ဆက်အရေးစိုက်မနေတော့ပေ။ သူ ကျန်းရှောင်နူနှင့် လမ်းပတ်လျှောက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် ကျန်းရှောင်နူအပေါ် အလွန်အပြစ်ရှိသကဲ့သို့ ခံစားနေရပေသည်။ ထို့ပြင် သူသည်လည်း သူတော်စင်ဝိညာဉ်ဘုံမှ ပြန်လာကတည်းက စိတ်အဆင်မပြေခဲ့ချေ။ ရီဖျောင်ဖျောင်ကို မေ့ထားရန် သူ့ကိုယ်သူ ဖိအားပေးနေရသည်။ ထိုမှသာ သူ စိတ်ငြိမ်ငြိမ်ဖြင့် အနှစ်သာရတစ်ခုကို လေ့လာနိုင်မည်ဖြစ်သည်။
ကျန်းရီ ထရပ်ကာ ပြောလိုက်သည်။
“ရှောင်နူ... သွားကြစို့။ ငါ မင်းကို ရူးသွပ်နတ်ဘုရားရဲတိုက်ဆီ ခေါ်သွားမယ်။ အဲ့မှာ မင်းအတွက် လှတဲ့ဝတ်စုံလေးတွေ ဝယ်ပေးမယ်”
ကျန်းရှောင်နူက ထမရပ်ဘဲ ခေါင်းငုံ့လိုက်၏။ ကျန်းရီ သူမ၏ နီမြန်းသွားသော ပါးလေးများကို မြင်လိုက်ရ၏။ ထို့နောက် သူမ ရှက်ရွံ့စွာ မေးလိုက်သည်။
“သခင်လေး... ကျွန်မ ထွက်မသွားခင်တုန်းက ကျွန်မတို့ နောက်တစ်ခါပြန်တွေ့ရင် အဖြေပေးမယ်လို့ သခင်လေး ပြောခဲ့တယ်မလား”
“အဖြေလား”
ကျန်းရီ အံ့ဩသွား၏။ သို့သော် ကျန်းရှောင်နူက မည်သည်ကို ပြောခြင်းဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိသွားသည်။ ပြီးခဲ့သည့်အခေါက် ကျန်းရှောင်နူ ထွက်မသွားခင်တွင် သူမက သူ၏ အစေခံမလေး၊ ညီမလေးအဖြစ်နှင့် ဆက်မနေလိုတော့ဘဲ သူနှင့်လက်ထပ်လိုသည်ဟု ပြောခဲ့၏။ သို့သော် ထိုစဉ်က သူသည် သေချာမတွေးတောဘဲ သူတို့ နောက်တစ်ခါပြန်တွေ့ချိန်ကျလျှင် အဖြေပေးမည်ဟု ပြောခဲ့မိပေသည်။