ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ပြီ
Vol. 106 Ch. 1470
ကျန်းရီသည် ယခုအထိ ကျန်းရှောင်နူနှင့်ကိစ္စအတွက် စိတ်မဆုံးဖြတ်ရသေးပေ။
ကျန်းရှောင်နူက ကျန်းရီအတွက် လက်ရုံးနှစ်ဘက်ကဲ့သို့ပင်။ အနားတွင် သူမရှိနေလျှင် သူ အလွန်သက်တောင့်သက်သာ ခံစားရသည်။ သူမ ရှိမနေလျှင်မူ သူ လွမ်းဆွတ်ရသည်။
သို့သော် ပြဿနာမှာ ကျန်းရီသည် ငယ်စဉ်ကတည်းက ကျန်းရှောင်နူကို ညီမအရင်းလေးတစ်ယောက်ကဲ့သို့သာ သဘောထားခဲ့ခြင်းပင်။ သူမက သူ့အတွက် ညီမအရင်းထက်ပင် ပိုရင်းနှီးသူဟု ဆိုနိုင်သည်။ ညီမလေးအဖြစ်မှနေ၍ ချစ်သူအဖြစ် ရုတ်တရက် ပြောင်းလဲလိုက်ရန်က ကျန်းရီအတွက် လက်ခံရန် ခက်ခဲနေသည်။
ထို့ကြောင့် ကျန်းရီ နှာခေါင်းကုတ်ကာ ပြောလိုက်သည်။
“ရှောင်နူ... ငါတို့ အဲ့အကြောင်းကို အခု မပြောသေးလို့ရမလား။ ငါ...”
ကျန်းရှောင်နူ၏ မျက်နှာက အတန်ငယ် မည်းမှောင်သွား၏။ သို့သော် သူမ ချက်ချင်း ဟန်လုပ်ပြုံးလိုက်ပြီး ခေါင်းမော့၍ ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း သွားကြစို့လေ သခင်လေး။ ကျွန်မတို့ အဝတ်အစားတွေ သွားဝယ်ကြမယ်။ ကျွန်မ အဝတ်လှလှလေးတွေ အများကြီး ဝယ်ချင်တယ်”
“ကောင်းပြီ...”
ကျန်းရီ ပြုံးကာ ကျန်းရှောင်နူ၏ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်လိုက်၏။ ထို့နောက် သူ သူမကို အပြင်သို့ ခေါ်သွားလိုက်သည်။ သူ တိလင်အာကိုလည်း ခေါ်လိုက်သည်။ မင်ရည်တောင်မံမျိုးနွယ်မှ လူများက အလျှိုလျှို ထွက်ပေါ်လာကြပြီး မိုရှန်းရှင်းလည်း လိုက်လာခဲ့သည်။ ရှောင်ဟုန်မှာလည်း အိမ်ရှင်ဖြစ်၍ လိုက်လာခဲ့ပေသည်။
ရှောင်ဟုန်သည် သူတော်စင်ဝိညာဉ်ဘုံတွင် ဖြစ်ခဲ့သော ကိစ္စများအကြောင်းကို သတင်းအချို့ ရထားပြီးပေပြီ။ ကျန်းရီက စွမ်းရည်ပြိုင်ပွဲတွင် ပထမရခဲ့ပြီး ပြိုင်ပွဲ၌ ပြဿနာကြီးတစ်ခု ရှာခဲ့သည်ဆိုသော သတင်းက တောမီးလောင်သကဲ့သို့ ပျံ့နှံ့နေပေပြီ။ ယခုတွင် ရှောင်ဟုန်သည် ကျန်းရီကို ပို၍လေးစားနေပြီဖြစ်သည်။ ထိုလူက ပို၍ ပို၍ စွမ်းအားကြီးလာနေသည်။ တိရှအရှင်သည်ပင် သူ့အတွက် ဝိညာဉ်ဘုရင်၏ ရိုက်ချက်သုံးချက်ကို ခံလိုခဲ့သည်။ ရှောင်ဟုန်သည် ထိုသတင်းကို ကြားခါစတွင် အလွန်တုန်လှုပ်သွားခဲ့သည်။ မိုဟွိုက်စန်းက အပြစ်တစ်ခုခု လုပ်မိခဲ့လျှင်ပင် တိရှအရှင်သည် ထိုသို့ ကာကွယ်ပေးလောက်မည် မဟုတ်ချေ။
“ပစ္စည်းတချို့ ဝယ်ဖို့ ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွားကြစို့။ ကျွန်တော် သခင်မလေးလင်အာအတွက်လည်း ဗျပ်စောင်းတစ်လက် ပြန်ဝယ်ပေးချင်တယ်”
ကျန်းရီသည် တိလင်အာကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။ တိလင်အာက မငြင်းလိုက်ပေ။ ဆိုရလျှင် သူမသည် ကျန်းရီထံမှ လက်ဆောင်လက်ခံရမည်အတွက် ပျော်ပင်ပျော်သွားလေသည်။ သူမသည် တိမင်ထံမှနေ၍ ကျန်းရီနှင့် ကျန်းရှောင်နူတို့နှင့် တတ်နိုင်သမျှ ရင်းနှီးအောင်လုပ်ရန် အသံပို့လွှတ်ညွှန်ကြားချက်တစ်ခု ရခဲ့၏။ ထို့ပြင် တိမင်က သူမကို ရာထူးအသစ်တစ်ခု ပေးခဲ့သည်။ ယခုတွင် သူမသည် သိမ်းငှက်ပြာစီရင်စုနယ်၏ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင် ဖြစ်သွားပေပြီ။
တိမင်၏ ရာထူးပေးမှုက အကျိုးအကြောင်း မဆီလျော်ပေ။ တိလင်အာ၏ လက်ရှိအင်အားက ထိုရာထူးနှင့် ထိုက်တန်နေပြီဖြစ်သော်လည်း သူမသည် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် တရားဝင်ရာထူးတစ်ခုမှ မရထားဖူးသေးပေ။ ထို့ကြောင့် သူမကို ချက်ချင်း သိမ်းငှက်ပြာစီရင်စုနယ်၏ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်ရာထူး ပေးလိုက်သောအခါ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူတော်တော်များများက မကျေနပ်ကြပေ။
သို့သော် တိမင်သည် လက်အောက်ငယ်သားများ၏ မကျေနပ်မှုကို လျစ်လျူရှုခဲ့၏။ တိမင်က အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ရခြင်းဖြစ်ကြောင်းကို တိလင်အာ နားလည်၏။ တိမင်က သူမနှင့် ကျန်းရီကြားတွင် ပတ်သတ်မှုတစ်ခု ရှိလာစေလိုခြင်းပင်။ သူက သူမကို ကျန်းရီနှင့် လက်ထပ်စေလိုခြင်းပင် ဖြစ်နိုင်သည်။ ထိုမှ တိမျိုးနွယ်နှင့် ကျန်းရီသည် မင်္ဂလာမဟာမိတ်တစ်ခု ဖွဲ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ တိလင်အားသည် ကျန်းရီနှင့် ရင်းနှီးလာအောင် လုပ်ရပေတော့မည်။
တိလင်အာသည် ထိုအကြောင်းများကို တွေးမိသောအခါ အတန်ငယ် ရှက်သွေးဖြာသွား၏။ သူမသည် မည်သည့်စကားမှ မပြောဘဲ ကျန်းရီတို့နောက်သို့ လိုက်ကာ နတ်ဘုရားလှေပေါ် တက်လိုက်သည်။ ထို့နောက် နတ်ဘုရားလှေက ကောင်းကင်ကိုဖြတ်၍ ရူးသွပ်နတ်ဘုရားရဲတိုက်ဆီသို့ ပျံသန်းသွားလေသည်။
ကျန်းရီတို့ ရူးသွပ်နတ်ဘုရားရဲတိုက်သို့ ရောက်ချိန်တွင် ကျိုးထျန်းကျဲနှင့် သခင်မလေးဟယ်တို့က သူတို့ကို စောင့်နေပေပြီ။ ကျန်းရီသည် အာလာပသလ္လာပများ ပြောမနေသလို ထိုနှစ်ယောက်နှင့် လက်ဖက်ရည်လည်း လိုက်မသောက်လိုက်ပေ။ သူသည် ရူးသွပ်နတ်ဘုရားရဲတိုက်ထဲသို့ တိုက်ရိုက်ဝင်၍ ဝယ်ရမည့် ပစ္စည်းအမျိုးမျိုးကို ရွေးချယ်လိုက်သည်။
ကျန်းရီသည် နတ်ဘုရားအမြစ် သန်းငါးဆယ်ရှိနေပြီဖြစ်၍ ပစ္စည်းများစွာကို တတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေပေသည်။ ကျန်းရှောင်နူ မျက်စိကျသည့်ပစ္စည်း ရှိသည်နှင့် သူသည် ဈေးကိုမကြည့်ဘဲ ချက်ချင်း ဝယ်ပေးလိုက်မည်ဖြစ်သည်။ ထို့ပြင် တိလင်အာကိုလည်း ကြိုက်ရာဗျပ်စောင်းတစ်လက် ရွေးချယ်စေလိုက်သည်။ တိလင်အာသည် ဗျပ်စောင်းတစ်လက်ကို ရွေး၍ စမ်းသက်ကြည့်လိုက်၏။ ထို့နောက် သူမ အလွန်ကျေနပ်သွားသည်။ ထိုဗျပ်စောင်းက သူမ၏ဗျပ်စောင်းအဟောင်းနှင့် အနည်းနှင့်အများဆိုသလို ဆင်တူပေသည်။
သို့သော် ဤရူးသွပ်နတ်ဘုရားရဲတိုက်တွင် ထိုအဆင့် ဗျပ်စောင်းများသာ ရှိပြီး ကျန်းရီလိုချင်သည့် ရတနာဗျပ်စောင်းများ မရှိပေ။ ထို့ကြောင့် သူ မဆိုးလှသည့် ဗျပ်စောင်းတစ်လက်ကိုသာ ရွေးလိုက်ပြီး တိလင်အာနှင့် ကျန်းရှောင်နူတို့ကို လိုချင်သည့်အရာ ရှိသေးသလောဟု မေးလိုက်သည်။ သူမတို့က ခေါင်းခါပြသောအခါ ကျန်းရီ သခင်မလေးဟယ်ကို လှည့်ကြည့်၍ ပြောလိုက်၏။
“ပစ္စည်းတွေကို တွက်ကြည့်ပြီး နတ်ဘုရားအမြစ် ဘယ်လောက်ကျလဲဆိုတာ ပြောပါ”
သခင်မလေးဟယ်နှင့် ကျိုးထျန်းကျဲတို့သည် ကျန်းရီတို့ ပစ္စည်းရွေးသည့်နောက်သို့ လိုက်လာခဲ့သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။ ထိုအခိုက်တွင် သခင်မလေးဟယ်က ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“အရှင်ကျန်းက ဒီပစ္စည်းတွေကို သခင်မလေးနှစ်ယောက်အတွက် ဝယ်ပေးချင်တာပဲ... ဘာလို့ နတ်ဘုရားအမြစ်တွေ လိုနေဦးမှာလဲ။ အရှင်ကျန်းက ကျွန်မတို့ကို အထင်သေးတာလား”
“ဈေးတွက်ပြီးသာ ကျွန်တော့်ကို ပြောပါ”
ကျန်းရီက ထပ်တောင်းဆိုလိုက်၏။ ယခုတွင် သူ့၌ နတ်ဘုရားအမြစ်များ ရှိနေပြီဖြစ်ရာ သူ မည်သည့်အပေါ်တွင်မှ အကြွေးမတင်လိုချေ။ သခင်မလေးဟယ်သည် ကျန်းရီ၏ ပြတ်သားသော မျက်နှာထားကို မြင်လိုက်သောအခါ သူမဘေးမှ ရဲတိုက်ကြီးကြပ်သူတစ်ယောက်ကို ကြည့်လိုက်၏။ ထိုအခါ ကြီးကြပ်သူက ပစ္စည်းများကို ရေတွက်ကာ ပြောလိုက်သည်။
“အရှင်ကျန်း... စုစုပေါင်း နတ်ဘုရားအမြစ်တစ်သိန်းကျပါတယ်”
“တစ်သိန်းလား”
ကျန်းရီနှင့် တိလင်အာတို့ အတန်ငယ် ဆွံ့အသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ရွေးချယ်ထားသော ဗျပ်စောင်းနှစ်လက်နှင့်ပင် အနည်းဆုံး နတ်ဘုရားအမြစ်နှစ်သိန်းလောက် ကျနိုင်သည် မဟုတ်လော။ ကျန်းရီ ကျန်းရှောင်နူအတွက် ဝယ်ပေးခဲ့သော အဝတ်အစားများကလည်း ဈေးမပေါပေ။ ကျန်းရီသည် ခါးသက်သက်သာ ပြုံး၍ နတ်ဘုရားအမြစ်တစ်သိန်းထုတ်ပေး၍ သခင်မလေးဟယ်ကို ပြောလိုက်သည်။
“သခင်မလေးဟယ်... သခင်မလေးတို့ရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခု ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
“နောက်လည်း အရှင်ကျန်း အားရင် ကြိုက်တဲ့အချိန်လာခဲ့ပါ”
သခင်မလေးဟယ်သည် ကျန်းရီက သူမ၏ရည်ရွယ်ချက်များကို သဘောပေါက်သွားကြောင်း သိလိုက်၍ ခပ်ရေးရေးပြုံးလိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် ပြင်းပြမှုနှင့် ပြည့်နှက်နေပေသည်။
ကျန်းရီသည် အဖွဲ့ကို ခေါ်၍ ထွက်သွား၏။ ဤတစ်ကြိမ်တွင် သူ သိမ်းငှက်ပြာမြို့၌ မနားတော့ဘဲ နတ်သိမ်းငှက်မြို့သို့ တန်းပြန်သွားလိုက်သည်။ ရှောင်ဟုန်က နတ်သိမ်းငှက်မြို့သို့ လိုက်မလာခဲ့ပေ။ ကျန်းရီက လူများ သူ့ကို မျက်နှာလိုမျက်နှာရလုပ်ခြင်းကို မကြိုက်ကြောင်း ရှောင်ဟုန်သိသည်။ ရှောင်လန်က နတ်သိမ်းငှက်မြို့၌ ရှိနေသည်နှင့်ပင် လုံလောက်ပြီဖြစ်သည်။
နတ်သိမ်းငှက်မြို့သို့ ရောက်သောအခါ ကျန်းရီသည် ဂူမူအား တိလင်အာနှင့် မင်ရည်တောင်ပံမျိုးနွယ် စွမ်းအားကြီး သိုင်းသမားများအတွက် နေစရာ စီစဉ်ပေးရန် ခိုင်းလိုက်၏။ ကျန်းရှောင်နူကမူ သူနှင့်အတူနေမည်ဖြစ်သည်။ အနက်ရောင်နတ်ဘုရားက မိစ္ဆာနတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းလည်း ကျန်းရီ သိလိုက်ရသည်။ အနက်ရောင်နတ်ဘုရားသည် ကျန်းရှောင်နူ ပြန်ရောက်လာကြောင်း တွေ့လိုက်သောအခါ အလွန်အံ့ဩသွားပြီး ကျန်းရီအတွက် အလွန်ဝမ်းမြောက်သွားပေသည်။
ကျန်းရီသည် အနက်ရောင်နတ်ဘုရားအား ကျန်းရှောင်နူအတွက် အိပ်ရာပြင်ဆင်ခိုင်းလိုက်ပြီး အလယ်ခန်းမထဲတွင် ထိုင်နေလိုက်သည်။ ဤတစ်ကြိမ်တွင် မျှော်လင့်မထားသော ကိစ္စများစွာ ဖြစ်ခဲ့သည်။ ကျန်းရီ အတန်ငယ် ခေါင်းရှုပ်နေသေးပြီး ရှေ့လမ်းခရီးအတွက် အစီအစဉ်ချရန် စိတ်အေးချမ်းမှု လိုအပ်နေပေသည်။
ရှေးဦးစွာ...
အရေးအကြီးဆုံးအရာမှာ အနှစ်သာရတစ်ခုကို သိမြင်နားလည်အောင် ကြိုးစားရန်ဖြစ်သည်။ ထိုကောင်းကင်စမ်းရေစည်းချက်က သူ့စိတ်ဝိညာဉ်ထဲတွင် စွဲထင်နေသည်။ သို့သော် သူ ၎င်းကို မသိမြင်နားမလည်သေးပေ။ သူ ၎င်းကို အသုံးပြုနိုင်ခဲ့ခြင်းမှာ တိလင်အာ၏ တေးသွားမှနေ၍ တစ်စုံတစ်ခုကို ခံစားခဲ့ရ၍ဖြစ်သည်။ ထို့ကြောင့် သူ ၎င်းနှင့် နတ်ဘုရားအသံကောင်းကင်အတတ်ကို ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအနေဖြင့် ကျန်းရီ သူ့အင်အားကို တိုးတက်အောင်လုပ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရပေမည်။ သူ အနှစ်သာရတစ်ခုကို သိမြင်နားလည်ခဲ့သော်လည်း ဝိညာဉ်ဘုရင်က သူ့အမေကို လွှတ်မပေးလျှင် မည်သို့လုပ်မည်နည်း။ ထိုအခါကျလျှင် သူ့အမေကို အတင်းကယ်ထုတ်ရမည်ဖြစ်သည်။
အထက်ဘုံ၏ ဒုတိယစွမ်းအားအကြီးဆုံးသူတစ်ယောက်၏ စောင့်ကြည့်မှုအောက်ရှိ လူတစ်ယောက်ကို ကယ်ထုတ်နိုင်ရန် မည်မျှစွမ်းအားကြီးဖို့ လိုသနည်း။ ထို့ပြင် သူတော်စင်ဝိညာဉ်တောင်မှာ ဝိညာဉ်မျိုးနွယ် နေထိုင်ရာနေရာလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများက နေရာအနှံ့တွင် ရှိနေသည်။ သိမ်းငှက်စိမ်းဘုရင်ဆိုလျှင် ရီဖျောင်ဖျောင်ကို တစ်ကိုယ်တော် ကယ်ထုတ်နိုင်မည်လော။
ကျန်းရီ မသိပေ။
ကျန်းရီအနေဖြင့် သူ၏စွမ်းအားကို တိုးတက်လာအောင်သာ အကောင်းဆုံး ကြိုးစားနိုင်သည်။ သူသည် နတ်ဘုရားအသံကောင်းကင်အတတ်နှင့် ကောင်းကင်စမ်းရေစည်းချက်ကို ပေါင်းစည်းနိုင်ခဲ့သဖြင့် အတော်လေး ယုံကြည်မှုရှိလာခဲ့သည်။ သူက အချိန်တိုအတွင်း သူ၏တိုက်ခိုက်စွမ်းအားကို ထိုအဆင့်အထိ မြှင့်တင်နိုင်ရာ သူဆက်၍ တိုးတက်လာနိုင်သေးသည်။ သူ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်၊ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်သို့ တစ်ဆင့်ချင်းတက်၍ နောက်ဆုံးတွင် အုပ်ချုပ်သူအဆင့်သို့ တက်နိုင်လောက်သည်။
‘အမည်မဲ့ကျင့်စဉ်၊ မီးနဂါးဓားရဲ့ ပျောက်နေတဲ့အပိုင်းတွေ’
ကျန်းရီသည် ဆန်းကြယ်သော အဘိုးအို၏ စကားများကို ပြန်အမှတ်ရသွား၏။ သူ အမည်မဲ့ကျင့်စဉ်ကို နဝမအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်လျှင်၊ မီးနဂါးဓား၏ ကျန်အစိတ်အပိုင်းအားလုံးကို ရှာနိုင်လျှင် တမလွန်ဘုံကို ယှဉ်နိုင်မည့်စွမ်းအား ပိုင်ဆိုင်လာပေလိမ့်မည်။
ကျန်းရီသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်သေးပေ။ တမလွန်ဘုံကို မယှဉ်နိုင်သေးခင် သူ မည်သည့်အဆင့်အထိ ရောက်ရမည်နည်း။ သို့သော် သူ ထိုအဆင့်သို့ ရောက်သွားလျှင် သူတော်စင်ဝိညာဉ်တောင်ကို အလွယ်တကူ သွေးဖြင့်ဆေးပစ်နိုင်လိမ့်မည် မဟုတ်လော။
‘ငါ ရှောင်နူကို ရက်နည်းနည်းလောက် ထပ်အဖော်ပြုပေးပြီးမှ အခန်းအောင်းကျင့်ကြံတာပေါ့။ အရင်ဆုံး ငါ အနှစ်သာရကို နားလည်အောင် လုပ်ရမယ်’
ကျန်းရီသည် မည်သို့ဆက်လုပ်မည်ကို ဆုံးဖြတ်ပြီးနောက် အနောက်ခြံဝန်းထဲသို့ သွားရန် ဟန်ပြင်လိုက်၏။ အနက်ရောင်နတ်ဘုရားက ကျန်းရှောင်နူ နေထိုင်ရန်အတွက် ကူညီပေးခဲ့သလော၊ မပေးခဲ့သလော သူ ကြည့်လိုနေသည်။ သို့သော် သူ ခြေလှမ်းအနည်းငယ်သာ လျှောက်ရရုံရှိသေးသည် ခန်းမထဲသို့ လူတစ်ယောက် ခပ်သုတ်သုတ်ဝင်လာလေသည်။ တပ်မှူးလျှိုက အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“လူထုရေးရာ မဟာဝန်မင်း.. ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ပါတယ်”
“ကိစ္စကြီးတစ်ခုလား”
ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ တိရှဘုံထဲတွင် မည်သို့သော ကိစ္စကြီးများ ဖြစ်နိုင်သနည်း။
တပ်မှူးလျှိုက ခပ်သွက်သွက် ဆက်ပြောသည်။
“နှင်းနက်ပင်လယ်ထဲမှာ တမလွန်ဘုံနတ်ဘုရားအစီအရင်တစ်ခု တည်ဆောက်ပြီးသွားပြီလို့ ကျုပ်တို့ သတင်းရထားပါတယ်။ မကြာသေးခင်တုန်းက အင်အားတစ်သန်းပါတဲ့ စစ်တပ်တစ်တပ်က တမလွန်ဘုံကနေပြီး တည်နေရာပြောင်းရွှေ့လာခဲ့ပါတယ်။ မီးနဂါးမြို့၊ မြောက်ပိုင်းမြစ်မြို့နဲ့ နှင်းနက်စီရင်စုနယ်ထဲမှ မြို့သုံးမြို့ ကျရှုံးသွားပါပြီ။ လူသန်းကိုးဆယ်လည်း တမလွန်ဘုံအရှိန်အဝါရဲ့ တိုက်ခိုက်မှုကို ခံရပြီး မိစ္ဆာတွေ ဖြစ်သွားပါပြီ...”
“တမလွန်ဘုံစစ်တပ်က အခု သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ နှင်းနက်စီရင်စုနယ်က မြို့တစ်ဒါဇင်လောက်ကို အပြင်းအထန် တိုက်ခိုက်နေပါတယ်။ တိရှအရှင်ကိုယ်တိုင် တမလွန်ဘုံနတ်ဘုရားအစီအရင်ကို သွားဖျက်ဆီးနေပါတယ်။ ပြီးတော့ မိစ္ဆာသတ်ဖြတ်အမိန့်တော်ကိုလည်း ထုတ်ပြန်ထားပါပြီ။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်ရှိတဲ့ သိုင်းသမားတိုင်း ချက်ချင်း တိုက်ပွဲကိုသွားပြီး တမလွန်ဘုံစစ်တပ်ကို သတ်ဖြတ်ရပါမယ်။ ကျုပ်တို့ နောက်ကျသွားရင် အနီးကမြို့တွေအကုန်လုံး ကျရှုံးသွားပါလိမ့်မယ်...”
“အဲ့ဒါဆို ကျွန်တော်တို့ ဘာကို စောင့်နေသေးတာလဲ”
ကျန်းရီ၏ မျက်နှာက ချက်ချင်း တည်သွားသည်။ သူ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ပြီး ကောင်းကင်စွမ်းအားသုံး၍ အော်ပြောလိုက်၏။
“မြို့ထဲမှာရှိတဲ့ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တွေ၊ နတ်ဘုရားဘုရင်တွေနဲ့ တိထျန်းတွေအကုန်လုံး မြို့ရင်ပြင်မှာ စုဝေးကြပါ။ အခုချက်ချင်း စုဝေးပါ”