← Chapters

အလောင်းတွေကို အကောင်းအတိုင်း မထားခဲ့နဲ့

Vol. 106 Ch. 1471

အလောင်းတွေကို အကောင်းအတိုင်း မထားခဲ့နဲ့

Vol. 106 Ch. 1471

တမလွန်ဘုံစစ်တပ်က တိရှဘုံထဲ အလွယ်တကူ ကျူးကျော်လာနိုင်ခဲ့ခြင်းမှာ ဘုံတစ်‌သောင်းပြိုင်ပွဲကြောင့်ဖြစ်သည်။ တိရှအရှင်က တိရှဘုံထဲတွင် မရှိခဲ့ခြင်းနှင့်လည်း သက်ဆိုင်သည်။

ကောင်းကင်ကုလားအုပ်တောင်မှ တိုက်ပွဲတွင် တမလွန်ဘုံ၏ ထိန်းချုပ်မှုကို ခံထားရသော သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် သာမန်ဟွင့်သွမ့်သားရဲများစွာကို တိရှအရှင်က ရှင်းပစ်ခဲ့သည်။ တမလွန်ဘုံက ရွေးချယ်၍ ထိန်းချုပ်ထားသော ဓားပြအဖွဲ့သုံးဖွဲ့လည်း ရှင်းပစ်ခံခဲ့ရသည်။

တမလွန်ဘုံသည် နှင်းနက်ပင်လယ်ထဲ၌ အစီအစဉ်ဆွဲနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အဆိပ်ဝိညာဉ်၏ နှင်းနက်တောင်တန်းဒေသထဲသို့ မတော်တဆ ရောက်ရှိလာမှုက ထိုနေရာရှိ စစ်ဆင်ရေးများကို တာဝန်ယူရသော တမလွန်ဘုံစစ်သူကြီးကို သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ စွမ်းအားကြီး သိုင်းသမားများကို မျှားခေါ်ဖို့ တိုက်ပွဲလေးတစ်ပွဲစရန် ဆုံးဖြတ်စေခဲ့သည်။ ထိုတိုက်ပွဲ၏ရည်ရွယ်ချက်မှာ သိမ်းငှက်ပြာစီရင်စုနယ်၏ စွမ်းအားကြီး သိုင်းသမားများကို တမလွန်ဘုံအရှိန်အဝါနှင့် ထိန်းချုပ်၍ သိမ်းငှက်ပြာစီရင်စုနယ်ကို သိမ်းပိုက်ရန်ဖြစ်သည်။ ပြီးမှ တမလွန်ဘုံစစ်တပ်က ဤသို့ တည်နေရာပြောင်းရွှေ့လာပြီး တိရှဘုံထဲရှိ အခြားစီရင်စုနယ်များကို လိုက်သိမ်းကာ တိရှဘုံတစ်ခုလုံးကို သိမ်းပိုက်မည်ဖြစ်သည်။

သို့သော် ကျန်းရီ၏ အစွမ်းကြောင့် သိမ်းငှက်ပြာစီရင်စုနယ်မှ စွမ်းအားကြီး သိုင်းသမားများကို မထိန်းချုပ်နိုင်ခဲ့ရုံသာမက တိရှအရှင်ကလည်း တမလွန်ဘုံ၏ အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့ပေသည်။ စံအိမ်သုံးခုစလုံးကလည်း စွမ်းအားကြီး သိုင်းသမားများကို စေလွှတ်၍ နှင်းနက်ပင်လယ်ကို ရှင်းလင်းစေခဲ့သည်။ နှင်းနက်ပင်လယ်ထဲ၌ ပုန်းအောင်းနေခဲ့သော တမလွန်ဘုံစစ်သူကြီးသည် အခြေအနေများက ဆိုးဝါးသွားပြီဖြစ်‌ကြောင်း သိလိုက်၍ အင်အားတစ်သန်းပါသော စစ်တပ်တစ်တပ်ကို ဤသို့ အတင်းတည်နေရာပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

အချိန်က အလွန်ကွက်တိကျခဲ့သည်။ ထိုတည်နေရာပြောင်းရွှေ့မှုက ဘုံတစ်သောင်းပြိုင်ပွဲ ကျင်းပနေစဉ်တွင် ဖြစ်ပွားခဲ့ခြင်းပင်။ တိရှအရှင်နှင့် မိုလင်းချိုးတို့ကလည်း သူတော်စင်ဝိညာဉ်ဘုံသို့ ရောက်နေခဲ့သည်။ ထို့ကြောင့် အခြေအနေက ဆိုးဝါးလာနေချိန်တွင် တိရှမြို့၌ ခေါင်းဆောင်မရှိခဲ့ချေ။ သို့ဖြင့် နှင်းနက်ပင်လယ်တွင် ဖြစ်ပျက်နေသည်များကို လုံလုံလောက်လောက် အရေးမစိုက်နိုင်ခဲ့ပေ။ ယင်းကြောင့် မြို့ငါးမြို့ ကျရှုံးသွားခဲ့ခြင်းဖြစ်သည်။

ကျန်းရီ၏ ကောင်းကင်စွမ်းအားဖြင့် မြှင့်တင်ထားသော အော်သံက နတ်သိမ်းငှက်မြို့တစ်ခွင်လုံးကို တုန်ခါသွားစေ၏။ မြို့ထဲရှိ စွမ်းအားကြီး သိုင်းသမားအားလုံး ထွက်လာကြသည်။ ကျန်းရှောင်နူနှင့် မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများလည်း ပျံထွက်လာသည်။ အဆိပ်ဝိညာဉ်၊ မိုရှန်းရှင်း၊ ရှောင်လန်နှင့် အခြားသူများလည်း အလျင်မြန် ရောက်လာကြသည်။

ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ဝင်၍ ထပ်မံအော်ပြောလိုက်၏။

“တပ်မှူးလျှို... ခင်ဗျားက မြို့ကို ကာကွယ်ဖို့ နေခဲ့ပါ။ ရှောင်နူနဲ့ သခင်မလေးလင်အာလည်း နေခဲ့ကြပါ။ ကျန်တဲ့သူတွေက ကျွန်တော်နဲ့အတူ မြောက်ပိုင်းမြစ်မြို့ကို လိုက်ခဲ့ကြပါ။ တမလွန်ဘုံစစ်တပ်က ကျူးကျော်လာပြီ”

ဝှစ်...ဝှစ်...

အောက်ဘက်ရှိ နတ်သိမ်းငှက်မျိုးနွယ်စုမှ စွမ်းအားကြီး သိုင်းသမားများစွာလည်း မြို့ထဲသို့ ပျံတက်လာကြသည် လူသာမျိုးနွယ်နှင့် တမလွန်ဘုံတို့ကြားမှ တိုက်ပွဲတွင် စွမ်းအားကြီး သိုင်းသမားအားလုံးသည် မည်သည့်အဖွဲ့အစည်းကဖြစ်စေ အတူပူးပေါင်းကာ တိုက်ပွဲဝင်ရမည်ဖြစ်သည်။ တမလွန်ဘုံစစ်တပ် ဖြန့်ကျက်သွားသည်နှင့် လူများ ယခုထက်ပို၍ ထိန်းချုပ်ခံလိုက်ရပေလိမ့်မည်။ ထိုအခါ တစ်နွယ်ငင် တစ်စင်ပါဆိုသလို တိရှဘုံတစ်ခုလုံး လောကငရဲဖြစ်သွားမည်ဖြစ်သည်။

ဝှစ်...

ကျန်းရှောင်နူနှင့် တိလင်အာတို့သည် တုံ့ဆိုင်းမနေဘဲ နောက်မှ လိုက်ခဲ့ကြ၏။ သူမတို့၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။ ကျန်းရီသည် သူမတို့ကို တားလိုက်၏။ သို့သော် သူမတို့က မည်မျှပြတ်သားနေကြောင်း တွေ့လိုက်သောအခါ သူ ခေါင်းခါ၍ သူမတို့နှင့်အတူသာ တည်နေရာပြောင်းရွှေ့လိုက်ရတော့သည်။

နတ်သိမ်းငှက်မြို့သာမဟုတ် အနီးမှ မြို့များအားလုံးသည်လည်း တူညီသောအမိန့် ရခဲ့၍ ထိုမြို့များမှ စွမ်းအားကြီး သိုင်းသမားအားလုံး မြောက်ပိုင်းမြစ်မြို့သို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ကြပေသည်။ ရှောင်ဟုန်သည် နတ်ဘုရားဘုရင်အဆင့်နှင့်အထက် သိုင်သမားအားလုံး အလကား တည်နေရာပြောင်းရွှေ့ခွင့်ရှိသည်ဟု ကြေညာချက် ထုတ်ပြန်လိုက်ပြီး လူသားစစ်တပ်ကို တတ်နိုင်သမျှ အမြန်ဆုံး စုသည်းလိုက်၏။ လူများများ မြန်မြန် သွားနိုင်လျှင် လူသားများကို ပိုကယ်တင်နိုင်မည်ဖြစ်သည်။ မြို့တစ်မြို့ ကျိုးပေါက်သွားသည်နှင့် ထိုမြို့တွင်းရှိ လူအများစုသည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရပေလိမ့်မည်။

ကျန်းရီ၏ စိတ်ဝိညာဉ်က အတော်‌လေး သန်မာလာပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် မြောက်ပိုင်းမြစ်မြို့၏ တောင်ဘက်ကီလိုမီတာငါးသန်းအကွာရှိ ကျောက်နက်မြို့သို့ရောက်သည်အထိ ဆက်တိုက်တည်နေရာပြောင်းရွှေ့ခဲ့၏။ ကျောက်နက်မြို့သို့ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။ ထိုသို့ရပ်တန့်လိုက်ခြင်းမှာ သူ ဆက်၍ တည်နေရာမပြောင်းရွှေ့နိုင်တော့သောကြောင့် မဟုတ်ချေ။ နောက်တစ်မြို့က ကျိုးပေါက်နေပြီဖြစ်၍ တမလွန်ဘုံစစ်တပ် ဤသို့ ရောက်မလာစေနိုင်ရန် ဤမှ တည်နေရာပြောင်းရွှေ့အစီအရင်ကို ချိပ်ပိတ်ထားခြင်းကြောင့်သာ။

ကျောက်နက်မြို့ထဲတွင် လူများ ပြည့်နှက်နေသည်။ စစ်တပ်ကိုလည်း စတင်စုစည်းနေပြီဖြစ်သည်။ စွမ်းအားကြီး သိုင်းသမားများကလည်း အဆက်မပြတ် ရောက်ရှိလာနေသေးသည်။ ကျောက်နက်မြို့ထဲ၌ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ စွမ်းအားကြီး သိုင်သမား အကုန်နီးပါး စုဝေးနေသည်။ ရှောင်ဟုန်သည်လည်း ကိုယ်တိုင်ရောက်လာခဲ့ပြီး အားလုံးကို စုစည်းကာ မြောက်ဘက်သို့ ပျံသန်း၍ ဆက်သွားစေလိုက်သည်။

“ကျန်းရီ...”

ရှောင်ဟုန်သည် ကျန်းရီ ရောက်လာသည်ကို မြင်လိုက်သောအခါ အလွန်ဝမ်းမြောက်သွားပြီး ခပ်သွက်သွက် အော်ပြောလိုက်၏။

“ချက်ချင်း တပ်စုတစ်စုကို ဦးဆောင်ပြီး မြစ်နက်မြို့ဆီ သွားလိုက်ပါ။ မင်းက တိုက်ခိုက်ဖို့ကို အာရုံမစိုက်ပါနဲ့... တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပစ်ဖို့ပဲ အာရုံစိုက်ပါ။ တိုက်ခိုက်တာကိုတော့ မင်းရဲ့တပ်စုကို တာဝန်ပေးလိုက်ပါ။ ရှောင်လန်၊ ရှောင်ဝူ၊ ရှောင်ထျန်း... မင်းတို့သုံးယောက်က ကျန်းရီကို ကာကွယ်ပေးပါ။ သူ တိုက်ပွဲမှာ သေသွားရင် မင်းတို့သုံးယောက်လည်း သူနဲ့အတူ လိုက်သွားကြ”

“ဟုတ်ကဲ့ပါ”

ရှောင်လန်နှင့် ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားနှစ်ယောက်က ချက်ချင်း အမိန့်နာခံလိုက်ကြ၏။ အမှန်တွင် ရှောင်ဟုန်သည် ကျန်းရီ၏ လုံခြုံရေးအတွက် ထိုမျှစိတ်မပူပါပေ။ မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ၊ မိုရှန်းရှင်းနှင့် အဆိပ်ဝိညာဉ်တို့လည်း ပါလာသည် မဟုတ်ပါလား။ သို့ဖြစ်ရာ ကျန်းရီ တစ်ခုခုဖြစ်သွားမှသာ အံ့ဩစရာကောင်းနေမည် ဖြစ်သည်။

ရှောင်လန်သည် နတ်ဘုရားလှေတစ်စင်းကို ထုတ်၍ အားလုံးကို တက်စေလိုက်၏။ ထိုအခိုက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်က ထပ်မံလင်းလက်လာပြီး မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား နှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့သည် တိလင်အာကို မြင်လိုက်သောအခါ အလွန်စိတ်အေးသွားဟန်ဖြင့် အ‌ရှေ့သို့ ပျံသန်းလာကာ အော်ပြောလိုက်သည်။

“သခင်မလေးလင်အာ... စံအိမ်အရှင်က ကျုပ်တို့ကို သခင်မလေးနဲ့အတူ တိုက်ပွဲထဲလိုက်သွားဖို့ အမိန့်ပေးလိုက်ပါတယ်”

ရှောင်ဟုန်သည် ထိုနှစ်ယောက်ကို မြင်သောအခါ ပိုစိတ်အေးသွား၏။ ဘွဲ့ထူးရစစ်နတ်ဘုရားနှစ်ယောက်က တိလင်အာကို ကာကွယ်ရန် ရောက်ရှိလာပေပြီ။ စွမ်းအားကြီး သိုင်းသမားများစွာနှင့်အတူ သွားမည်ဖြစ်ရာ ကျန်းရီတို့က သေချာပေါက် လုံခြုံပေလိမ့်မည်။ အားလုံး နတ်ဘုရားလှေပေါ် တက်ပြီးသော ကောင်းကင်ထက်သို့ အခြားနတ်ဘုရားလှေအစင်းနှစ်ဆယ် ပျံတက်လာပြီး ကျန်းရီ၏နတ်ဘုရားလှေကို ဝန်းရံလိုက်ကြသည်။ ထို့နောက် နတ်ဘုရားလှေအားလုံး မြောက်ဘက်သို့ စတင်ပျံသန်းသွားလိုက်ကြလေသည်။

ကျောက်နက်မြို့ထဲမှ ထွက်၍ မြောက်ဘက်သို့ ပျံသန်းသည့်အခါ ကင်းလှည့်နေသော နတ်ဘုရားလှေများကို နေရာအနှံ့တွင် စတင်မြင်လာရသည်။ ကျန်းရီက ဦးဆောင်နေသော နတ်ဘုရားလှေနှစ်ဆယ့်တစ်စင်းသည် ကောင်းကင်ကိုဖြတ်၍ အမြန်ဆုံး ပျံသန်းနေ၏။ လေးနာရီအတွင်းမှာပင် အားလုံးသည် အရှေ့မှ ကောင်းကင်က မည်းနက်နေသည်ကို လှမ်းမြင်လိုက်ကြရသည်။

“တမလွန်ဘုံစစ်တပ်...”

ကျန်းရီ အံကြိတ်၍ အော်လိုက်သည်။ သူသည် တမလွန်ဘုံအပေါ် အလွန်နက်ရှိုင်းစွာ မုန်းတီးပေသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ သန်းထောင်ချီသောလူများက တမလွန်ဘုံကြောင့် သေဆုံးခဲ့သည်။ အောင်းလုတို့သည်လည်း တမလွန်ဘုံ၏ အကွက်ဆင်မှုကြောင့် သေဆုံးခဲ့ရသည်။ ထို့ကြောင့် ကျန်းရီနှင့် တမလွန်ဘုံတို့က ကမ္ဘာ့ရန်ဘက်ပင်။

“သတ်ကြ...”

နတ်ဘုရားလှေအားလုံးသည် ချက်ချင်း လေထဲတွင် ပျောက်ကွယ်သွားပြီး တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့မှ တပ်သားတစ်သောင်းကျော် ထွက်ပေါ်လာသည်။ သူတို့သည် ဓားပုံစံ တိုက်ကွက်ဖော်၍ အရှေ့သို့ ပျံသန်းသွားကြလေသည်။

“ရှောင်နူ၊ သခင်မလေးလင်အာ... ကျွန်တော့်နောက်က လိုက်ခဲ့ပါ”

ကျန်းရီသည် ကျန်းရှောင်နူနှင့် တိလင်အာတို့ကို ကြည့်လိုက်၏။ ရှောင်လန်က သူတို့၏ နတ်ဘုရားလှေကို သိမ်းလိုက်သည်။ သူတို့အားလုံး လေထဲတွင် ထွက်ပေါ်လာပြီး အရှေ့သို့ ပျံထွက်သွားကြသည်။

ကျန်းရီ၏ ခေါင်းထဲမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာပြီး လေထဲတွင် လှည့်ပတ်နေ၏။ ၎င်းတို့ထံမှနေ၍ အလင်းဖျော့ဖျော့ထွက်လာကာ အလင်းဒိုင်းတစ်ခုဖြစ်သွားသည်။

မိုရှန်းရှင်းသည် ကျန်းရီဘေးမှ ကပ်လိုက်သွားပြီး ရှောင်လန်၊ အဆိပ်ဝိညာဉ်နှင့် အခြားသူများအားလုံးက နောက်ဘက်တွင် နေရာယူလိုက်ကြသည်။ ကျန်းရှောင်နူလည်း ပုံစံပြောင်းလိုက်ပြီး တိလင်အာက ဓားရှည်တစ်ချောင်း ထုတ်လိုက်သည်။ မင်ရည်တောင်ပံမျိုးနွယ်မှ လူငါး‌ယောက်ကလည်း ပုံစံပြောင်း၍ အလင်းတန်းများအလား အရှေ့မှကောင်းကင်ဆီသို့ ပျံသန်းသွားကြသည်။

“အဲ့ဒါက...”

တမလွန်ဘုံစစ်တပ်နှင့် နီးကပ်လာသောအခါ ကျန်းရီသည် လှမ်းကြည့်၍ မျက်နှာပျက်သွား၏။ တမလွန်ဘုံစစ်တပ်မှ တပ်သားများက မိစ္ဆာကောင်များမဟုတ်ဘဲ လူသားများပင်။ သူတို့၏ အဝတ်အစားများနှင့် စစ်ချပ်ဝတ်များက လူသားများ၏ ချပ်ဝတ်များနှင့် မကွာပေ။ တစ်ခုတည်းသော ကွာခြားမှုမှာ သူတို့ထံမှနေ၍ အနက်ရောင်အရှိန်အဝါ ထွက်နေပြီး သူတို့၏မျက်လုံးများက နီရဲနေခြင်းပင်။

“အာ...”

လူသားစစ်တပ်မှ တပ်သားများလည်း အံ့ဩသွားကြသည်။ အချို့ဆိုလျှင် တိုက်ခိုက်လိုစိတ်ပင် ပျောက်သွားကြသည်။ တမလွန်ဘုံစစ်တပ်ဘက်မှ ချီတက်လာသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များနှင့် ကလေးများပင် ပါသည်။ သူတို့၏ မျက်လုံးများကသာ အနီရောင်အလင်း တောက်ပမနေလျှင် အားလုံးသည် သူတို့ကို လူသားများဟုသာ ထင်ပေလိမ့်မည်။

“အားလုံးကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ ဒီလူသားတွေက လုံးဝထိန်းချု်ပခံလိုက်ရပြီ။ သူတို့ကို ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့ကို ရှင်းမပစ်ရင် သူတို့က တခြားလူတွေကိုပါ သူတို့လို ဖြစ်သွားစေလိမ့်မယ်။ အားလုံးကို မတွန့်ဆုတ်ဖို့ အမိန့်ပေးလိုက်ပါ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အစိတ်စိတ်အပိုင်းပိုင်း လုပ်ပစ်ရမယ်”

မိုရှန်းရှင်းသည် တမလွန်ဘုံစစ်တပ်၏ တပ်သားများကို ကြည့်၍ ကျန်းရီကို တီးတိုးကပ်ပြောလိုက်၏။ ကျန်းရီသည် ထိန်းချုပ်ခံထားရသော လူသားများက သွားများဖြဲ၊ လက်ချောင်းများကို လက်သည်းများကဲ့သို့လုပ်၍ အ‌ရှေ့သို့ ချီတက်လာသည်ကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်လေသည်။

“အားလုံး ကျွန်တော့်ရဲ့အမိန့်ကို နာခံကြ။ တိုက်ခိုက်ကြ... အလောင်းတွေကို အကောင်းအတိုင်း မထားခဲ့နဲ့”

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီ၏ အမိန့်ပေးသံ ထွက်ပေါ်လာသောအခါ ကောင်းကင်တစ်ခြမ်းက ရုတ်ခြည်းလင်းလက်သွားပြီး မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ပျံထွက်သွားကြသည်။ ထိုတိုက်ခိုက်မှုများသည် ထိန်းချုပ်ခံထားရသော လူသားများထံ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။ မိုရှန်းရှင်းတို့က တိုက်ပွဲတွင် ဝင်မပါသေးပေ။ တမလွန်ဘုံစစ်တပ်၏ ရှေ့တန်းက အင်အားအနည်းဆုံးသူများနှင့် ပြည့်နှက်နေရာ သူတို့ဝင်ပါရန် မထိုက်တန်သေးပေ။

ဝုန်း...ဝုန်း...ဝုန်း...

တမလွန်ဘုံ၏ ကျွန်းများက တစ်သုတ်ပြီးတစ်သုတ် အသတ်ခံနေရ၏။ သူတို့၏ခန္ဓာကိုယ်များကလည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲကာ နေရာအနှံ့သို့ လွင့်စင်သွားကြသည်။ သူတို့က မြစ်နက်မြို့မှ သာမန်မြို့သူမြို့သားများသာ ဖြစ်ခဲ့နိုင်သော်လည်း ယခုတွင် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရပြီဖြစ်၍ တမလွန်ဘုံစစ်တပ်၏ ရှေ့တန်းမှနေ၍ လူသားများကို တိုက်ခိုက်နေရပေသည်။ ယင်းက သူတို့ကို သေတွင်းထဲ ပို့ခဲ့လေသည်။

“ဟူး...ဟူး...”

ကျန်းရီသည် အဆင့်နိမ့်သိုင်းသမားများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်သည်များနှင့် ကလေးငယ်များက အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် အသတ်ခံနေရသည်ကို ကြည့်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။

လွန်ခဲ့သည့် နာရီအနည်းငယ်လောက်က ထိုသူများသည် သက်ရှိလူသားများပင် ဖြစ်ခဲ့လိမ့်ဦးမည်။ မြစ်နက်မြို့ထဲ၌ ‌အေးချမ်းစွာ နေထိုင်ခဲ့ကြလိမ့်မည်။ သို့သော် နာရီပိုင်းအတွင်းမှာပင် သူတို့က အသိစိတ်ပျောက်သွားကြပြီး တမလွန်ဘုံ၏ ရုပ်သေးရုပ်များ ဖြစ်သွားကြသည်။ ယခု သူတို့သည် အသတ်ခံရကာ အစိတ်စိတ်အပိုင်းအပိုင်း ပိုင်းဖြတ်မှုကို ခံနေကြရသည်။ သူတို့၏ အလောင်းများပင် အကောင်းအတိုင်း မကျန်ခဲ့နိုင်ပါပေ။

All Chapters