← Chapters

သတ်ကြ...

Vol. 106 Ch. 1472

သတ်ကြ...

Vol. 106 Ch. 1472

‘တမလွန်ဘုံ... ငါ့မှာသာ စွမ်းအားရှိရင် ဘုံတစ်ခုလုံးကို ရှင်းထုတ်ပစ်မယ်’

ကျန်းရီ စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ တမလွန်ဘုံက လူသားမျိုးနွယ်၏ ကမ္ဘာ့ရန်သူဖြစ်သည်။ လူသားမျိုးနွယ်က ယုန်ဆိုလျှင် တမလွန်ဘုံက သိမ်းငှက်တစ်ကောင်ပင်။ တမလွန်ဘုံကိုသာ ရှင်းမပစ်လျှင် လူသားများက တမလွန်ဘုံ၏ ရုပ်သေးရုပ်များ ဖြစ်သွားပေလိမ့်မည်။ သူတို့၏ စိတ်ဝိညာဉ်များက ငရဲကျကာ သူတို့၏ခန္ဓာကိုယ်များက ဖုတ်ကောင်များ ဖြစ်သွားပြီး တမလွန်ဘုံ၏စေရာကို ကရမည်ဖြစ်သည်။

“မှတ်ထားပါ... ရှေ့တန်းက ထိန်းချုပ်ခံထားရတဲ့ လူသားတွေဆိုပေမဲ့ တမလွန်ဘုံစစ်တပ်ကို တပ်သားတွေနဲ့ အဓိက ဖွဲ့စည်းထားတာ။ သူတို့ သောင်းနဲ့ချီပြီး ရှိနေလိမ့်မယ်”

မိုရှန်းရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ ကျန်းရီသည် ရှောင်လန်ကို လှမ်းကြည့်လိုက်၏။ ရှောင်လန်နှင့် ရှောင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားနှစ်ယောက်သည် ထိုသတင်းအချက်အလက်ကို တပ်စုတစ်စုလုံးဆီ ချက်ချင်း အသံပို့လွှတ်လိုက်ပြီး သတိပေးလိုက်သည်။ ကျန်းရီ၏ တပ်စုသည် တမလွန်ဘုံ၏ကျွန်များကို လျင်မြန်စွာ ရှင်းပစ်ပြီးနောက် ခပ်လှမ်းလှမ်းရှိ တမလွန်ဘုံစစ်တပ်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများက တဖြည်းဖြည်း တည်လာကြပေသည်။

တမလွန်ဘုံစစ်တပ်က နီးကပ်လာပေပြီ။

ဂီး...ဂီး...ဂဲ...ဂဲ...

ကျန်းရီသည် တမလွန်ဘုံမှ မိစ္ဆာများ၏ အော်သံများကို ရှင်းလင်းစွာ ကြာလိုက်ရ၏။ တမလွန်ဘုံစစ်တပ်ကို အဓိကအားဖြင့် တမလွန်ဘုံမှ မိစ္ဆာသုံးမျိုးနှင့် ဖွဲ့စည်းထားခြင်းပင်။ ပထမတစ်မျိုးမှာ အနက်ရောင်လူသားပုံစံရှိသည့် ဖုတ်ကောင်ဘုရင်များပင်။ ထိုဖုတ်ကောင်ဘုရင်များ၏ ခြေလက်များတွင် သံခြေထိပ်၊ သံလက်ထိပ်များ ရှိ၏။ ၎င်းတို့၏ သွားများက ချွန်ထက်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖွေးနေသည်။ ၎င်းတို့၏ အော်သံကလည်း အလွန်ကျယ်လောင်ပေသည်။

နောက်တစ်မျိုးမှာလည်း လူသားပုံစံပင်ဖြစ်သည်။ သို့သော် ၎င်းတို့တွင် ကိုယ်သုံးဘက်၊ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းရှိသည်။ လက်တစ်ချောင်းစီက ဆူးချွန်တပ် သစ်သားတင်းပုတ်များကို ကိုင်ထားကြသည်။ ၎င်းတို့သည် လျှောက်လာရင်း တင်းပုတ်များကို လွှဲယမ်းလာသည်။ ထို့ကြောင့် လေခွင်းသံများကို ကြားနေရပေသည်။

တတိယအမျိုးအစားကို ကျန်းရီ အလွန်ရင်းနှီးသည်။ ၎င်းတို့က ဧရာမအရိုးစုကြီးများပင်။ သို့သော် ဤစစ်တပ်ထဲရှိ ဧရာမအရိုးစုကြီးများက ကျန်းရီ တွေ့ခဲ့ဖူးသည် အရိုးစုကြီးလောက် မကြီးမားပေ။ ၎င်းတို့က ပေတစ်ရာလောက်သာ မြင့်ပြီး တောင်ငယ်လေးများကို ကျော်ရုံသာရှိသည်။ ၎င်းတို့ အရှေ့ကို လျှောက်လိုက်တိုင်း မြေပြင်နှင့် တောင်များ တုန်ခါသွားပေသည်။

တမလွန်ဘုံမှ မိစ္ဆာသုံးမျိုးစလုံးတွင် တူညီမှုတစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့၏ခန္ဓာကိုယ်များကို တမလွန်ဘုံအရှိန်အဝါက လွှမ်းခြုံထားခြင်းပင်။ ၎င်းတို့၏ မျက်လုံးများကလည်း ကောင်းကင်ထက်မှ ကြက်သွေးရောင်လနှစ်စင်းကဲ့သို့ နီရဲနေကြသည်။ ၎င်းတို့ပုံစံက နှလုံးရပ်ဖွယ်ပင်။

“သူတို့အကုန်လုံးက တမလွန်ဘုံတမန်တော်တွေပဲ။ သူတို့ကို ကြောက်ဖို့မလိုပါဘူး။ ငါတို့ တပ်သားတွေကို စပြီးတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါ။ သူတို့ရဲ့ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ဖို့ ငါ မင်းကိုခေါ်သွားပေးမယ်။ တမလွန်ဘုံအရှိန်အဝါက သူတို့ကို လွှမ်းခြုံမထားတော့ဘူးဆိုရင် သူတို့ရဲ့ တိုက်ခိုက်စွမ်းအားက ချက်ချင်း လျော့ကျသွားလိမ့်မယ်။ အဲ့ဒါဆို သူတို့ကို အလွယ်တကူ သတ်နိုင်ပြီ”

မိုရှန်းရှင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ကျန်းရီထံ အသံပို့လွှတ်ကာ အနီးနား၌ မည်သည့်တမလွန်ဘုံစစ်သူကြီးမှ ရှိမနေကြောင်း အတည်ပြုလိုက်၏။

“သတ်ကြ...”

ကျန်းရီသည် ဒေါသတကြီး အော်လိုက်ပြီး ရှေ့တန်းသို့ လျင်မြန်စွာ ပျံသွား၏။ မိုရှန်းရှင်းက သူ့အနောက်မှ အမှီလိုက်လာသည်။ ခေတ္တကြာပြီးနောက် မိုရှန်းရှင်းသည် ကျန်းရီ၏ အမြန်နှုန်းက နှေးလွန်းနေသည်ဟုတွေးကာ ကျန်းရီကို ဆွဲခေါ်ပျံသန်းသွားရန် ဆုံးဖြတ်လိုက်သည်။

“ရှောင်လုံ... ခင်ဗျားရဲ့လူတွေကို ခေါ်ပြီး ကျုပ်တို့နောက် လိုက်ခဲ့”

ရှောင်လန်သည် ခပ်လှမ်းလှမ်းရှိ တိရှစစ်တပ်မှ စစ်သူကြီးတစ်ယောက်ကို အော်ပြောလိုက်၏။ ပုံမှန်ဆိုလျှင် သူသည် ရှောင်လုံကို တိုက်ရိုက်အမိန့်မပေးနိုင်ပေ။ သို့သော် ယခုတွင် အခြေအနေများ ကွဲပြားနေပေပြီ။ ရှောင်လန်က ကျန်းရီ၏နောက်လိုက်တစ်ယောက်ဖြစ်နေပြီး ရှောင်ဟုန်က ကျန်းရီကို လေးစားသည်။ ထို့ကြောင့် ရှောင်လန်၏ အဆင့်အတန်းက အလိုလို မြင့်သွားပေသည်။

ရှောင်လုံသည် တိရှတပ်သားငါးထောင်ကို ခေါ်၍ ကျန်းရီနောက်သို့ လိုက်သွား၏။ ကျန်းရီသည် တိုက်ခိုက်ရန် မလုပ်ဘဲ တံဆိပ်စာလုံးများကို ထိန်းချုပ်၍ ကောင်းကင်ထဲတွင် လှည့်ပတ်ပျံသန်းနေသည်။ တံဆိပ်စာလုံးများ၏ အလင်းဒိုင်း ရောက်သွားသောနေရာတိုင်းရှိ တမလွန်ဘုံအရှိန်အဝါများက လွင့်ပြယ်သွားကြ၏။

ဂီး...ဂဲ...ဂူး...

ကြက်သီးထဖွယ် အော်သံကြီးများ ထွက်ပေါ်လာ၏။ တမလွန်ဘုံမှ မိစ္ဆာများသည် ကျန်းရီတို့ကို တိုက်ခိုက်ရန် အရှေ့သို့ ပျံသန်းလာကြသည်။ သို့သော် ကျန်းရီအနီးတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများပင် တိုက်ခိုက်ရန် မလိုခဲ့ချေ။ အဆိပ်ဝိညာဉ်၊ မိုရှန်းရှင်း၊ ရှောင်လန်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား နှစ်ယောက်တို့က တမလွန်ဘုံတမန်တော်များကို အလွယ်တကူ ရှင်းပစ်နိုင်လိုက်ပေသည်။

ဝှီ...ဝှီ...

ဖုတ်ကောင်ဘုရင်အချို့သည် သူတို့၏ လက်ထိပ်များတွင် တွဲလောင်းကျနေသော သံချိန်းကြိုးများကို ဝှေ့ယမ်းလိုက်၏။ ထို့ကြောင့် စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။ ပေဆယ်နှင့်ချီ၍ ရှည်သော သံချိန်းကြိုးများက ပတ်ဝန်းကျင်မှ လေများကို စုစည်းလိုက်၏။ မည်းမှောင်သောနောက်ခံတွင် သံချိန်းကြိုးများက တလက်လက်ဖြင့် လည်ပတ်နေသော မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ပင်။

သို့သော်...

ထိုဖုတ်ကောင်ဘုရင်များသည် ခက်ထန်ပုံပေါ်သော်လည်း ရှောင်လန်တို့၏ သာမန်တိုက်ခိုက်မှုများနှင့်ပင် ရုတ်ခြည်း အသတ်ခံလိုက်ကြရသည်။ ၎င်းတို့၏ ရင်ဘတ်ပေါ်ရှိ အကြေးခွံများက ပွင့်ထွက်သွားပြီး သွေးနက်များက နေရာအနှံ့သို့ ပန်းထွက်သွားပေသည်။ ခေါင်းသုံးလုံးမိစ္ဆာများကလည်း ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ၎င်းတို့၏ တိုက်ရည်ခိုက်ရည်နှင့် ခုခံနိုင်စွမ်းက ပို၍ပင် အားနည်းပေသည်။ ဧရာမအရိုးစုကြီးများကသာ အတန်ငယ်ပို၍ ခံနိုင်ရည်ကောင်းသည်။ ရှောင်လန်၏ တိုက်ခိုက်မှုများက ၎င်းတို့ကို မသတ်နိုင်ဘဲ လွင့်ပျံသွားစေရုံသာ တတ်နိုင်ပေသည်။

ကျန်းရီသည် အခြေအနေကို စူးစမ်းလိုက်ပြီးနောက် သူတို့အဖွဲ့၏ တိုက်ခိုက်မှုများ၏ ထိရောက်မှုက နည်းပါးနေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ကို သတ်ဖို့မလိုဘူး။ လွင့်ပျံထွက်သွားအောင် လုပ်လိုက်ရင်ရပြီ။ ဧရာမအရိုးစုကြီးတွေကိုပဲသတ်ပါ၊ ကျန်တဲ့မိစ္ဆာတွေကို ရှင်းပစ်ဖို့ကို ကျွန်တော်တို့နောက်က တပ်စုကိုပဲ တာဝန်ပေးလိုက်ပါ”

“ဟုတ်တယ်... တမလွန်ဘုံအရှိန်အဝါ အဖယ်ခံရပြီးတဲ့ တမလွန်ဘုံတမန်တော်တွေက အရမ်းအားနည်းသွားပြီ။ ငါတို့ သူတို့ကို တိုက်ခိုက်နေစရာမလိုဘူး။ သူတို့ကို ရှင်းပစ်ဖို့ ငါတို့နောက်က တပ်စုကိုပဲ တာဝန်ပေးလိုက်ပေါ့။ ငါတို့က ရှေ့ကို မြန်မြန်ဆက်သွားကြမယ်”

မိုရှန်းရှင်းသည် ကျန်းရီ၏ စကားကို ထောက်ခံလိုက်၏။ ထို့နောက် သူ ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်လိုက်ပြီး ကျန်တစ်ဘက်ဖြင့် စွမ်းအင်လှိုင်းများထုတ်လွှတ်၍ ဧရာမအရိုးစုကြီးများကို တိုက်ခိုက်လိုက်သည်။ အဆိပ်ဝိညာဉ်နှင့် အခြားသူများကလည်း ပျံဝင်လာကြသော ဖုတ်ကောင်ဘုရင်များနှင့် ခေါင်းသုံးလုံးမိစ္ဆာများကို လွင့်ထွက်သွားအောင် လုပ်လိုက်ကြသည်။ သူတို့အဖွဲ့သည် ထက်ရှသော ဓားတစ်စင်းအလား တမလွန်ဘုံစစ်တပ်ကို ဖောက်ထွင်းနေပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ရှောင်လုံနှင့် သူ၏တိရှတပ်သားငါးထောင်သည်လည်း အနောက်မှ ကပ်လိုက်လာကြ၏။ ထိုတပ်သားငါးထောင်ထဲတွင် တိထျန်း အယောက်သုံးဆယ်ခန့်သာပါသည်။ ကျန်တပ်သားအားလုံးက တိရှများပင်။ သူတို့သည် အဖွဲ့ငါးဖွဲ့ခွဲ၍ အရှေ့သို့ တိုက်ခိုက်ထိုးဖောက်နေကြသည်။ တဖြည်းဖြည်းဖြင့် တမလွန်ဘုံတမန်တော်များက သူတို့ထင်ထားသလောက် မသန်မာကြဘဲ အလွယ်တကူ သတ်ပစ်နိုင်ကြောင်း သူတို့ သိလာ၏။ ထို့ပြင် တမလွန်ဘုံတမန်တော်များထံ၌ တမလွန်ဘုံအရှိန်အဝါ ရှိမနေပေ။ ထို့ကြောင့် တိရှတပ်သားများသည် တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

“အား...”

တပ်သားငါးထောင်၏ ပတ်ပတ်လည်တွင် နာကျင်တကြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ကျန်းရီနောက်သို့ လိုက်လာသော တိရှတပ်သားများသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ခေါင်းရှုပ်သွားကြ၏။ အခြားလူသားတပ်စုများတွင် အကျအဆုံး တော်တော်များနေသည်။ ဒဏ်ရာရသူများလည်း များစွာရှိနေသည်။ သူတို့ပတ်ပတ်လည်မှ တမလွန်ဘုံတမန်တော်များက များစွာပို၍ အင်အားကြီးကြသည်လော။

‘မဟုတ်ဘူး... အရှင်ကျန်းကြောင့်ပဲ’

တပ်သားများသည် အ‌ရှေ့သို့ လှမ်းကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့ နားလည်သွားပေပြီ။ ကျန်းရီ၏ တံဆိပ်စာလုံးများက သူတို့ကို အရေးသာနေစေခြင်းပင်။ တံဆိပ်စာလုံးများက တမလွန်ဘုံတမန်တော်များ၏ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးသည်။ ထို့ကြောင့် ၎င်းတို့က အလွန်အားနည်းသွားကာ သတ်ရလွယ်သွားခြင်းဖြစ်ပေသည်။

“သတ်ကြ...”

ကျန်းရီနောက်သို့ လိုက်လာသော တိရှတပ်သားများ ပို၍ စိတ်တက်ကြွသွားကြ၏။ စစ်သူကြီးက အရည်အချင်းမပြနိုင်လျှင် တပ်သားများလည်း အစွမ်းကုန်တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ သို့သော် သန်မာသော စစ်သူကြီးတစ်ယောက်က ဦးဆောင်နေလျှင်မူ တပ်သားများ၏ စိတ်ဓာတ်က အလွန်တက်ကြွလာမည်ဖြစ်သည်။ သူတို့ ပို၍ခက်ထန်လာကာ ရန်သူများကို ပိုသုတ်သင်နိုင်လာသည်။

“အရှိန်မြှင့်ကြ...”

ကျန်းရီသည် ဘေးနှစ်ဘက်မှ အော်သံများကို ကြားလိုက်၍ မျက်နှာပျက်သွား၏။ သူသည် သူ့လူများ တိုက်ခိုက်ခံရကာ သေသွားမည်ထက် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရကာ ရုပ်သေးရုပ်များ ဖြစ်သွားမည်ကို ပိုစိုးရိမ်သည်။ သက်ရှိလူသားများက တမလွန်ဘုံ၏ ရုပ်‌သေးရုပ်များ ဖြစ်သွားပြီး ဘက်တူလူသားများအား ပြန်တိုက်ခိုက်သည်ကို သူ ထပ်မမြင်လိုတော့ပေ။

“ကျား...”

မိုရှန်းရှင်းက မာန်သွင်း၍ အရှိန်မြှင့်လိုက်၏။ အဆိပ်ဝိညာဉ်နှင့် အခြားသူအားလုံးလည်း အစွမ်းကုန် ပျံသန်းလိုက်ကြသည်။ သူတို့အုပ်စုသည် တမလွန်ဘုံစစ်တပ်တစ်ခုလုံးကို အဖြောင့်အတိုင်း ဖောက်ထွင်းပြီးနောက် နောက်ပြန်လှည့်၍ အခြားတစ်ဘက်သို့ ဦးတည်လိုက်ကြသည်။ တမလွန်ဘုံအရှိန်အဝါများကို များများသန့်စင်ပစ်နိုင်လျှင် တမလွန်ဘုံတမန်တော်များက ပို၍အားနည်းသွားကြမည်ဖြစ်သည်။ ဧရာမအရိုစုကြီးများကိုလည်း သတ်နိုင်လာပေလိမ့်မည်။ ထိုမှ လူသားတပ်စုက ရန်သူများကို အမြန်ဆုံး ရှင်းပစ်နိုင်မည်ဖြစ်သည်။

မိုရှန်းရှင်းတို့က အလွန်စွမ်းအားကြီးလွန်းသည်။ ကျန်းရီက တံဆိပ်စာလုံးနှင့် တမလွန်ဘုံအရှိန်အဝါများကို သန့်စင်သည်၊ မိုရှန်းရှင်းတို့က ကျန်းရီကို ကာကွယ်ပေးသည်၊ ရှောင်လုံနှင့် တပ်သားများက နောက်တွင်ကျန်ခဲ့သော အားနည်းသွားပြီဖြစ်သည့် တမလွန်ဘုံတမန်တော်များကို ရှင်းပစ်ကြသည်။ ထိုဗျူဟာက အလွန်အလုပ်ဖြစ်နေသည်။ ငါးမိနစ်အတွင်းမှာပင် ကျန်းရီတို့က ရန်သူစစ်တပ်ကို ဆယ်ကြိမ် ဖောက်ထွင်းပြီးသွားသည်။ တမလွန်ဘုံစစ်တပ်မှ တပ်သားအများစု၏ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပြီးသွားပေပြီ။ ၎င်းတို့သည် ၎င်းတို့၏ တမလွန်ဘုံအရှိန်အဝါများကို ပြန်ထုတ်ရန် အချိန်အနည်းငယ်လို၏။ သို့သော် တမလွန်ဘုံအရှိန်အဝါ ပြန်မထုတ်နိုင်ခင်မှာပင် ၎င်းတို့ အသတ်ခံလိုက်ကြရလေသည်။

လူသားမျိုးနွယ်မှ သိုင်းသမားအချို့လည်း တိုက်ပွဲအတွင်း ထိန်းချုပ်ခံခဲ့ရသည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် ၎င်းတို့က အပြည့်အဝ ထိန်းချုပ်မခံရသေးသဖြင့် ကျန်းရီ၏ တံဆိပ်စာလုံးများက ၎င်းတို့ခန္ဓာကိုယ်မှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနိုင်လိုက်သည်။

“အာ... လူထုရေးရာ မဟာဝန်မင်းကို ကျေးဇူးအများကြီးတင်ပါတယ်”

မိစ္ဆာသတ်ဖြတ်စံအိမ်မှ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တစ်ယောက်သည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရသော်လည်း ကျန်းရီ၏ တံဆိပ်စာလုံးများကြောင့် ရုတ်ခြည်း အသိပြန်ကပ်လာခဲ့သည်။ သူသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် အလွန်ဝမ်းမြောက်သွားကာ ကျေးဇူးတင်စွာ ဒူးထောက်လိုက်သည်။ လူသားမျိုးနွယ် သိုင်းသမားများသည် တမလွန်ဘုံ၏ ရုပ်သေးရုပ် ဖြစ်သွားကာ မိမိ၏မျိုးနွယ်ကို အန္တရာယ်ပြုရမည်ထက် အသေသာခံလိုကြသူများဖြစ်သည်။ တမလွန်ဘုံ၏ ရုပ်သေးရုပ် ဖြစ်ရခြင်းက သေသည်ထက် ပိုဆိုးဝါးပေသည်။

“ဂရုစိုက်ကြပါ”

ကျန်းရီသည် ထိုမိစ္ဆာသတ်ဖြတ်စစ်ဘုရင်ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် မိုရှန်းရှင်းအား သူ့ကိုခေါ်၍ ဆက်ပျံသန်းရန် ပြောလိုက်သည်။

ထိုမိစ္ဆာသတ်ဖြတ်စစ်ဘုရင်သည် မှင်တက်စွာဖြင့် နေရာမှာပင် ရပ်နေ၏။ ရုတ်တရက် သူ့မျက်လုံးများ စိုစွတ်လာသည်။ ငရဲမှနေ၍ ကယ်တင်ခံလိုက်ရသော ခံစားချက်က အလွန်ကောင်းပေသည်။ အနီးရှိ မိစ္ဆာသတ်ဖြတ်စံအိမ်မှ သိုင်းသမားများလည်း ရင်ထဲထိသွားကြသည်။ ကျန်းရီ၏ တံဆိပ်စာလုံးများက တမလွန်ဘုံ၏ သဘာဝရန်ဘက် ဖြစ်နေပေသည်။

သိုင်းသမားများသည် မိုရှန်းရှင်းက ကျန်းရီကိုခေါ်၍ လျှပ်စီးတန်းတစ်တန်းအလား ပျံသန်းသွားသည်ကို ကြည့်နေကြ၏။ ကျန်းရီ၏ တံဆိပ်စာလုံးများက ကောင်းကင်ထဲတွင် ဆက်၍ ပျံဝဲနေသည်။ ၎င်းတို့က ညကောင်းကင်ထဲရှိ ပိုးစုန်းကြူးများကဲ့သို့ပင်။ ထို့ပြင် သူတို့ကို မျှော်လင့်ချက် မြင်ရစေသည့် အရုဏ်ဦးနေအလင်းကဲ့သို့လည်းဖြစ်သည်။

သူတို့အတွက် ကျန်းရီက စံပြတစ်ယောက် ဖြစ်နေပေပြီ။ ကျန်းရီသည် မကြာသေးခင်ကမှ အထက်ဘုံသို့ တက်လှမ်းလာပြီး မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခဲ့သော်လည်း အလွန်လျင်မြန်စွာ အဆင့်တက်သွားခဲ့သည်။ ယခုတွင် သူ့အမည်က အထက်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားနေပေပြီ။ သူ့ကိုသာ အချိန်တစ်ခုပေးလိုက်လျှင် သူ မည်သူအထိ တက်လှမ်းသွားနိုင်မည်နည်း။

တွေးကြည့်၍ပင် မရပေ။

All Chapters