← Chapters

တမလွန်ဘုံဘုရင်၏ ကိုယ်ပွား

Vol. 106 Ch. 1473

တမလွန်ဘုံဘုရင်၏ ကိုယ်ပွား

Vol. 106 Ch. 1473

တစ်နာရီ...

သောင်းချီသော တမလွန်ဘုံတပ်သားများ ရှင်းပစ်ခံလိုက်ရပြီး လူသားသုံးရာကျော်သာ ကျဆုံးခဲ့သည်။ ထိုအရေအတွက်က မယုံနိုင်လောက်အောင် နည်းသည်။ လူများသည် သူတို့က အိပ်မက်မက်နေခြင်းလောဟုပင် ထင်နေကြသည်။ သူတို့ထဲမှ တော်တော်များများသည် ယခင်တွင် တမလွန်ဘုံစစ်တပ်နှင့် ရင်ဆိုင်ခဲ့ဖူး၍ ရန်သူ၏ အင်အားကို ကောင်းစွာသိထားကြသည်။ ထို့ကြောင့် ယခုကဲ့သို့ သေဆုံးသူအရေအတွက်က အလွန်နည်းနေသောအခါ မယုံနိုင်အောင် ဖြစ်နေကြပေသည်။

လူတစ်ထောင်လောက်က တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံခဲ့ရသော်လည်း ကျန်းရီ ရှိနေခဲ့ရာ သူတို့ထံမှ တမလွန်ဘုံအရှိန်အဝါကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့သည်။ သူတို့၏ စိတ်ဝိညာဉ်များက အပြည့်အဝ ထိန်းချုပ်မခံရသေးသ၍ ကျန်းရီ၏ တံဆိပ်စာလုံးများသည် သူတို့၏စိတ်ဝိညာဉ်ထဲရှိ တမလွန်ဘုံအရှိန်အဝါကို သန့်စင်နိုင်ပေသည်။

တိုက်ပွဲရလဒ်က လူသားတပ်စု၏စိတ်ဓာတ်ကို အလွန်တက်ကြွသွားစေခဲ့သည်။ သူတို့သည် ကျန်းရီနောက်သို့ လိုက်ခဲ့ခြင်းက အလွန်ကံကောင်းခဲ့ခြင်းဟု ခံစားနေကြရသည်။ အခြားလူသားတပ်စုများက အကျအဆုံးများခဲ့လောက်သည်။ အနည်းဆုံးတော့ အခြားတပ်စုများထဲရှိ ထိန်းချုပ်ခံလိုက်ရသော တပ်သားများသည် သတ်ဖြတ်ခြင်းသာ ခံလိုက်ရမည်ဖြစ်သည်။ ဤမှ ထိန်းချုပ်ခံတပ်သားများကတော့ ကယ်တင်ခြင်းခံခဲ့ရသည်။

“သွားကြမယ်...”

ကျန်းရီသည် ငရဲကဲ့သို့သော တိုက်ပွဲပြင်နှင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေကြသော အလောင်းများကို ဆက်မကြည့်နိုင်တော့သဖြင့် မျက်လုံးမှိတ်လိုက်၏။ ကျန်းရှောင်နူနှင့် တိလင်အာတို့၏ မျက်နှာများက ဖြူဖျော့နေခဲ့သည်မှာ ကြာခဲ့ပေပြီ။ ကျန်းရီသည် အော်ပြောလိုက်ပြီး သူ၏တပ်စုကို ခေါ်၍ အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ မြစ်နက်မြို့သို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်လိုနေသည်။ မြို့ထဲတွင် ကယ်တင်နိုင်မည့်သူများ ရှိသေးသလောကို သူ သိလိုနေသည်။

တပ်စုသည် ခြောက်နာရီကြာ ပျံသန်းပြီးနောက် တမလွန်ဘုံတပ်စိတ်တစ်ခုနှင့် ထပ်ကြုံရ၏။ သို့သော် ထိုတပ်စိတ်ကို တမလွန်ဘုံကျွန်များနှင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တမလွန်ဘုံမှမိစ္ဆာများ တစ်ကောင်မှ မပါပေ။ မိုရှန်းရှင်းသည် ဝေ့ဝဲကြည့်ပြီးနောက် ကျန်းရီကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်ဖို့ ပြောလိုက်သည်။ ထိုလူသားများက ထိန်းချုပ်ခံထားရပြီးဖြစ်၍ သူတို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ချေ။

တမလွန်ဘုံကျွန် တစ်သောင်းကျော် အသတ်ခံလိုက်ရသည်။ လူသားတပ်သားများ၏ နှလုံးသားများလည်း လေးလံလာသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် တမလွန်ဘုံကျွန်များနှင့် ဖွဲ့စည်းထားသော အခြားတပ်စိတ်များကို ထပ်တွေ့ရသည်။ သူတို့ မြစ်နက်မြို့နှင့် နီးကပ်လာသောအခါ တမလွန်ဘုံကျွန် သိန်းချီနှင့် ကြုံရသည်။ ထိုတမလွန်ဘုံကျွန်များက မြစ်နက်မြို့နှင့် မြစ်နက်မျိုးနွယ်စုထဲတွင် နေထိုင်ခဲ့သော လူသားများပင်။ သူတို့အားလုံးသည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံခဲ့ရပြီး နေရာအနှံ့တွင် တိုက်ခိုက်နေကြပေသည်။

ငရဲပင်...

ကျန်းရီတို့ မြစ်နက်မြို့အနားသို့ရောက်သောအခါ အားလုံး၏ ကောင်းကင်စိတ်အာရုံများက မြစ်နက်မျိုးနွယ်စုကို အာရုံခံလိုက်ကြသည်။ သူတို့အားလုံး တုန်လှုပ်သွားကြသည်။ မြစ်နက်မျိုးနွယ်စုထဲမှ အဆောက်အဦအားလုံး ဖျက်ဆီးခံထားရသည်။ အပျက်အစီးများအကြားတွင် အလောင်းများ နေရာအနှံ့၌ ရှိနေသည်။ မိမိကိုယ်ကိုယ် ဖောက်ခွဲခဲ့သော လက္ခဏာများကိုလည်း တွေ့ရသည်။ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများသည်လည်း သူတို့ကိုယ်သူတို့ သတ်သေခဲ့ကြသည်။ လက်ထဲတွင် လက်နက်များကိုင်၍ မိမိ၏ ဝမ်းဗိုက်၊ လည်ပင်းတို့ကို ထိုးစိုက်ထားသော အလောင်းများကို တွေ့နိုင်ပေသည်။ ထိုလူများသည် တမလွန်ဘုံကျွန်များ မဖြစ်လို၍ သူတို့ကိုယ်သူတို့ သတ်သေခဲ့ကြခြင်းပင်။

မြစ်နက်မျိုးနွယ်စုထဲတွင် တမလွန်ဘုံမိစ္ဆာများနှင့် တမလွန်ဘုံကျွန်များ တစ်ယောက်မှ ရှိမနေချေ။ ၎င်းတို့က နေရာအနှံ့သို့ ဖြန့်ကျက်၍ တိုက်ခိုက်နေကြခြင်းဖြစ်မည်။ သို့သော် ကောင်းကင်ထက်မှ မြစ်နက်မြို့မှာမူ ကွဲပြားပေသည်။ ကောင်းကင်ထဲတွင် တိမ်မည်းများ စုဝေးနေပြီး မိစ္ဆာမီးတောက်များ ပြည့်နှက်နေသည်။

“အသက်ရှင်ကျန်တဲ့သူ တစ်ယောက်မှ မရှိဘူး”

မိုရှန်းရှင်းက အေးစက်စက် ပြောလိုက်သည်။ သူသည် ကောင်းကင်ထက်ရှိ မြစ်နက်မြို့ကို မော့ကြည့်၍ အော်ပြောလိုက်သည်။

“သွားကြစို့... မြို့ထဲကို သွားကြမယ်”

ဝှစ်...ဝှစ်...ဝှစ်...

သိုင်းသမားများသည် အမိန့်အတိုင်း အထက်သို့ ပျံတက်သွားကြ၏။ မြို့၏အကာအရံများက ပျက်စီးနေခဲ့ပြီးဖြစ်၍ လူသားတပ်စုက မြို့ထဲသို့ အလွယ်တကူ ဝင်လိုက်နိုင်သည်။ သူတို့ မြို့ထဲရောက်သောအခါ ကျန်းရီ၏ မျက်နှာက ပို၍ညှိုးငယ်သွား၏။ မြို့ထဲတွင် တမလွန်ဘုံမိစ္ဆာများနှင့် တမလွန်ဘုံကျွန်များ များစွာရှိနေပေသည်။

“သတ်ကြ...”

ကျန်းရီ အော်ပြောလိုက်၏။ သူ၏ တံဆိပ်စာလုံးများကလည်း ကောင်းကင်ထဲတွင် လှည့်ပတ်ပျံသန်းလိုက်သည်။ ကျန်းရီသည် မီးရှူးတံဆောင်တစ်ခုကဲ့သို့ တပ်စုကို မြို့ထဲ ဦးဆောင်ခေါ်သွားသည်။ မိုရှန်းရှင်း၊ အဆိပ်ဝိညာဉ်၊ ရှောင်လန်နှင့် တိလင်အာ၏ ကိုယ်ရံတော်နှစ်ယောက်တို့က အရှေ့မှ လမ်းရှင်းပေးသည်။ မိုရှန်းရှင်းက အလယ်ပိုင်းတွင် အဓိက တိုက်ခိုက်သူဖြစ်သည်။ သူတို့နောက်မှ တပ်စုသည် မြားပုံစံတိုက်ကွက်ဖော်၍ ဘေးနှစ်ဘက်ကို တိုက်ခိုက်လေသည်။

မြစ်နက်မြို့ထဲမှ အဆောက်အဦအများစုက ဖျက်ဆီးခံထားရသည်။ အလောင်းများကလည်း နေရာအနှံ့တွင် ရှိနေသည်။ တမလွန်ဘုံမိစ္ဆာများကလည်း မြို့ထဲတွင် စုဝေးနေဆဲပင်။ ကောင်းကင်သည် တိမ်မည်းများကြောင့် မည်းမှောင်နေပြီး အားလုံး၏ ကောင်းကင်စိတ်အာရုံများမှာ ကန့်သတ်ခံထားရပေသည်။

ဂူး...ဂူး...ဂဲ...ဂဲ...ဂီ...ဂီး...

ပတ်ဝန်းကျင်မှ တမလွန်ဘုံမိစ္ဆာများက အော်ဟစ်လိုက်ကြ၏။ တိမ်မည်းများ ရွေ့လျားလာသည်။ မိစ္ဆာများ၏ နီရဲနေသော မျက်လုံးများကလည်း ကြောက်မက်ဖွယ် တောက်ပလာသည်။ ထို့နောက် မိစ္ဆာများ တစ်ကောင်ပြီးတစ်ကောင် အစွယ်ထုတ်ကာ အရှေ့သို့ ပြေးဝင်လာလေသည်။

“ခေါင်းကိုးလုံးငရဲခွေးလား”

မိုရှန်းရှင်းသည် အရှေ့သို့ လှမ်းကြည့်ပြီးနောက် မျက်လုံးများ မည်းမှောင်သွား၏။ သူသည် ကျန်းရီကို မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများထံ ပေးကာ ပြောလိုက်သည်။

“ငါ အဲ့ခေါင်းကိုးလုံးငရဲခွေးကို သွားသတ်မယ်။ ကျန်းရီ... ငါ့ကို ကူညီပေးပါ။ အဲ့မိစ္ဆာကောင်ရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခံနိုင်ရည်က အရမ်းအားကောင်းတယ်။ အဲ့ကောင်သာ ငါတို့တပ်စုထဲဝင်လာရင် အဆုံးအရှုံးကြီးသွားလိမ့်မယ်”

“ကောင်းပါပြီ”

ကျန်းရီသည်လည်း နီရဲနေသော မျက်လုံးဆယ့်ရှစ်လုံးကို သတိပြုမိပေသည်။ သူ သူ့ကိုကိုင်ထားသော မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားကို ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ၎င်းသိုင်းသမားသည် သူ့ကိုခေါ်၍ မိုရှန်းရှင်းနှင့် ရင်ဘောင်တန်း ပျံသန်းသွားလိုက်သည်။ ယင်းနောက် သူ တံဆိပ်စာလုံးများကို ခေါင်းကိုးလုံးငရဲခွေးရှိရာဘက်သို့ ပစ်လွှတ်လိုက်လေသည်။

“ဝူ...ဝူ...”

ခေါင်းကိုးလုံးငရဲခွေးက ဆင်တစ်ကောင်လောက် အရွယ်အစားရှိ၏။ ၎င်း၏ခန္ဓာကိုယ်ကို အစိမ်းရင့်ရောင် အကြေးခွံများက ဖုံးလွှမ်းထားသည်။ ၎င်း၏အစွယ်များကလည်း အစိမ်းရောင် တောက်ပနေသည်။ ၎င်းက အလွန်လည်းလျင်မြန်သဖြင့် ကျန်းရီသည် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ယခု မိုရှန်းရှင်းက ၎င်းကို သွားရောက်တိုက်ခိုက်နေပေပြီ။ ကျန်းရီ သူ၏တံဆိပ်စာလုံးများကို အလျင်မြန်ထိန်းချုပ်၍ မိစ္ဆာကောင်ကို ဝင်တိုက်စေလိုက်သည်။

ဝူ...ဝူ...

တံဆိပ်စာလုံးများက တမလွန်ဘုံမိစ္ဆာများအတွက် သဘာဝရန်သူပင်။ တံဆိပ်စာလုံးများ ထိမှန်သွားသောအခါ ခေါင်းကိုးလုံးငရဲခွေးက နာကျင်တကြီး အော်ဟစ်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မိစ္ဆာအလင်းကလည်း အတန်ငယ် မှိန်သွားသည်။ မိုရှန်းရှန်း စိတ်လှုပ်တရှားဖြင့် အော်ပြောလိုက်သည်။

“ဆက်တိုက်ခိုက်... အဲ့မိစ္ဆာက စွမ်းအားကြီး သိုင်းသမားတွေ အများကြီးစားပြီးသွားပြီ။ အခု တမလွန်ဘုံစစ်သူကြီးအဆင့်ကို ဆင့်ကဲပြောင်းလဲတော့မဲ့ပုံပဲ”

ဝှစ်...ဝှစ်...

ကျန်းရီသည် တံဆိပ်စာလုံးများကို အရှေ့သို့ ထပ်ခါထပ်ခါ ပစ်လွှတ်၍ ခေါင်းကိုးလုံးငရဲခွေးကို ဝင်တိုက်စေလိုက်သည်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ခေါင်းကိုးလုံးငရဲခွေး၏ အရှိန်အဝါက တစ်ဝက်လောက် လျော့ကျသွား၏။ မိုရှန်းရှင်း နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ... ကျန်တာကို ငါ့တာဝန်သာထားလိုက်တော့။ မင်းက တခြားသူတွေကို သွားကူညီလိုက်ပါ”

ခေါင်းကိုးလုံးငရဲခွေး၏ ခံနိုင်ရည်က အလွန်အားကောင်းပေသည်။ မိုရှန်းရှင်းက အတော်ကြာ တိုက်ခိုက်နေခဲ့သည်ပင် အပေါ်ယံဒဏ်ရာလောက်သာ ရသေးသည်။ သို့သော် ယခုတွင် ၎င်း၏တမလွန်ဘုံအရှိန်အဝါက တစ်ဝက်လျော့ကျသွားပြီဖြစ်၍ ၎င်းကို သတ်နိုင်ရန် အချိန်တစ်ခုသာ လိုပေတော့မည်။

“သွားမယ်”

ကျန်းရီသည် သူ့ကိုခေါ်၍ ပျံသန်းနေသော မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားကို ပြောလိုက်၏။ သူတို့ပတ်ပတ်လည်တွင် လူသားတပ်သားများက နေရာအနှံ့မှလာနေသည့် တမလွန်ဘုံမိစ္ဆာများကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြရသည်။ ထို့ကြောင့် ကျဆုံးသူအရေအတွက်၊ ဒဏ်ရာရသူအရေအတွက်နှင့် ထိန်းချုပ်ခံလိုက်ရသူအရေအတွက်က တိုးလာလေသည်။

ဝှစ်...

ကျန်းရီသည် မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားကို လျင်မြန်စွာ ပျံသန်းစေလိုက်သည်။ တိလင်အာနှင့် ကျန်းရှောင်နူတို့ကလည်း ရန်သူများနှင့် စတင်တိုက်ခိုက်နေပေပြီ။ တိလင်အာက အဝေးမှ တိုက်ခိုက်ပြီး ကျန်းရှောင်နူက အနီးကပ်တိုက်ခိုက်သည်။ သူမ၏ အလွန်ထက်ရှသော လက်သည်းများက အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကို တစ်ချက်တည်းသေသွားစေသည်။ မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမား ‌လေးယောက်က သူမအနောက်မှ ကပ်လိုက်သွားကြသည်။ သူမ ထိခိုက်သွားမည်ကို သူတို့ စိုးရိမ်ကြပေသည်။

မြစ်နက်မြို့ထဲတွင် တမလွန်ဘုံမိစ္ဆာများစွာ ရှိနေသည်။ တိုက်ပွဲက တစ်နာရီကြာခဲ့ပြီး တမလွန်ဘုံမိစ္ဆာ အကောင်ငါးသောင်းကျော် အသတ်ခံခဲ့ရသည်။ သို့သော် ၎င်းတို့က ဆက်ထွက်လာနေကြဆဲပင်။ လူသားတပ်စုဘက်မှ အကျအဆုံးများနှင့် ဒဏ်ရာရသူအရေအတွက်ကလည်း သုံထောင်လောက်ရှိသွားပေပြီ။ ထိုအရေအတွက်သာ ရှိသေးခြင်းမှာ ကျန်းရီ၏ အကူအညီကြောင့်ဖြစ်သည်။ ကျန်းရီသာ ရှိမနေလျှင် ကျဆုံးသူအရေအတွက်နှင့် ထိန်းချုပ်ခံလိုက်ရသူအရေအတွက်က အနည်းဆုံး ခုနစ်ထောင်ကျော် ရှစ်ထောင်လောက် ရှိနေလောက်ပြီဖြစ်သည်။

ခြောက်နာရီကြာပြီးနောက်...

တပ်စုသည် မြို့တစ်ဝက်လောက်သို့ ရောက်နေပြီဖြစ်ပြီး တမလွန်ဘုံမိစ္ဆာများနှင့် တမလွန်ဘုံကျွန်များ အယောက်သုံးသိန်းကျော်လောက်ကို သတ်ပစ်ခဲ့ပြီးပေပြီ။ မိုရှန်းရှင်း၊ အဆိပ်ဝိညာဉ်နှင့် ကျန်းရီတို့သည်လည်း အင်အားပူးပေါင်း၍ တမလွန်ဘုံစစ်သူကြီးတစ်ယောက်ကို သတ်ခဲ့သည်။ သို့သော် တမလွန်ဘုံမိစ္ဆာများ၏ အရေအတွက်က မရေမတွက်နိုင်အောင် ရှိနေဆဲပင်။ လူသားများဘက်မှ ကျဆုံးသူနှင့် ဒဏ်ရာရသူအရေအတွက်ကလည်း ငါးထောင်ကျော်သွားပေပြီ။

“သတ်ကြ...”

တိုက်ပွဲပန်းနေပြီဖြစ်သော တပ်စု၏နောက်မှနေ၍ အော်သံများ ထွက်ပေါ်လာ၏။ တပ်သားများ ရုတ်ခြည်း စိတ်အားတက်ကြွသွားကြသည်။ နောက်ဆုံးတွင် စစ်ကူများ ရောက်လာပေပြီ။ တိမင်သည် အင်အားစုများကို ကိုယ်တိုင်ဦးဆောင်လာခဲ့၏။ သူတို့တွင် တပ်သားအရေအတွက် လေးသောင်းကျော် ပါလာပေသည်။

တိမင်သည် သူ့အနောက်မှ တပ်သားများကို တိုက်ပွဲဝင်ရန် လက်ဟန်ပြလိုက်သည်။ သူကိုယ်တိုင်လည်း အရှေ့သို့ ပျံသန်း၍ ကျန်းရီဆီသွားကာ အော်ပြောလိုက်သည်။

“ကျန်းရီ... မြစ်နက်မြို့ကို အရေးစိုက်မနေနဲ့တော့။ ငါနဲ့အတူ နှင်းနက်ပင်လယ်ဆီလိုက်ခဲ့။ အဲ့မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်”

“ကိစ္စကြီးက ထပ်ဖြစ်ပြန်ပြီလား”

ကျန်းရီ မျက်နှာပျက်သွားသည်။ မိုရှန်းရှင်း၊ အဆိပ်ဝိညာဉ်နှင့် အခြားသူများအားလုံးကလည်း တိုက်ခိုက်နေခြင်းကို ရပ်လိုက်ပြီး တိမင်ကို လှမ်းကြည့်လိုက်ကြသည်။ တိမင်က ကျန်းရီထံသို့ စိတ်ညှိုးငယ်စွာဖြင့် အသံပို့လွှတ်လိုက်၏။

“တိရှအရှင်က အဲ့မှာပိတ်မိနေပြီး တဖြည်းဖြည်း ထိန်းချုပ်ခံနေရတယ်။ တိရှအရှင်သာ အပြည့်အဝထိန်းချုပ်ခံလိုက်ရရင် တိရှဘုံ အဆုံးသတ်သွားလိမ့်မယ်”

“ဗျာ...”

ကျန်းရီ၏ မျက်နှာထားက သိသိသာသာ ပြောင်းလဲသွား၏။ တိရှအရှင်ကဲ့သို့ အလွန်စွမ်းအားကြီးသူပင် ပိတ်မိနေသည်လော။ ကျန်းရီ သံသယအနည်းငယ်ဖြင့် အသံပြန်ပို့လွှတ်လိုက်၏။

“စံအိမ်အရှင်... အဲ့ဒါ..အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ တမလွန်ဘုံဘုရင် တစ်ယောက်က သူ့ရဲ့ကိုယ်ပွားကို ဒီဘုံဆီ စေလွှတ်ပြီး မိစ္ဆာချုပ်နှောင်အစီအရင်ကို သုံးခိုင်းခဲ့တာဖြစ်မယ်”

တိမင်သည် ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်၍ အလင်းတန်းတစ်ခုအလား အပြင်ဘက်သို့ ပျံထွက်သွားလိုက်၏။ ထို့နောက် တိမင်သည် ကျန်းရှောင်နူနှင့် သူ့နောက်သို့ လိုက်လာရန်လုပ်နေသည့် အခြားသူများကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်သည်။

“မိုရှန်းရှင်း... တပ်စုကို မင်းပဲ အမိန့်ပေးလိုက်။ သခင်မလေးမူနဲ့ သခင်မလေးလင်အာကိုလည်း ကာကွယ်ပေးပါ။ ပြီးတော့ ဘယ်သူမှ ငါတို့နောက်ကို လိုက်မလာနဲ့။ အမိန့်မနာခံတဲ့သူကို ချုပ်ထားလိုက်”

All Chapters