← Chapters

နှင်းနက်ပင်လယ်

Vol. 106 Ch. 1474

နှင်းနက်ပင်လယ်

Vol. 106 Ch. 1474

ကျန်းရှောင်နူသည် ကျန်းရီနောက်သို့ လိုက်သွားလို၏။ သို့သော် ကျန်းရီနှင့် တိမင်တို့က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပေပြီ။ မင်ရည်တောင်ပံမျိုးနွယ်မှ လူများကလည်း သူမကို စိတ်လှုပ်တရှား ကြည့်နေကြရာ သူမ ကျန်ခဲ့ရလေသည်။ တိမင်က အခြေအနေကို ကျန်းရီထံသို့သာ အသံပို့လွှတ်၍ ရှင်းပြခဲ့ခြင်းဖြစ်၍ အခြားမည်သူကမှ မည်သည့်ကိစ္စဖြစ်ခဲ့ကြောင်းကို မသိပေ။ သို့သော် တိမင်ကဲ့သို့သော အဆင့်အတန်းမြင့်သူတစ်ယောက်ကပင် ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ပြီဟု ပြောခဲ့ရာ အခြေအနေများက အမှန်ပင် ဆိုးဝါးနေပေလိမ့်မည်။

“တင်ပြပါတယ်...”

ထောက်လှမ်းရေးတစ်ယောက်က အော်၍ တင်ပြလိုက်၏။

“မြို့အရှင်စံအိမ်က မကျရှုံးသေးပါဘူး။ အဲ့စံအိမ်ထဲမှာ စွမ်းအားကြီး သိုင်းသမားတွေအများကြီး တိုက်ခိုက်နေကြတုန်းပါပဲ”

မိုရှန်းရှင်း ရုတ်ခြည်းစိတ်လှုပ်ရှားသွားပြီး အော်ပြောလိုက်သည်။

“ဒီမိစ္ဆာတွေကို ဖောက်ထွက်ပြီး မြို့အရှင်စံအိမ်ဆီ သွားကြမယ်”

သောင်းချီသော တပ်သားများက မြားပုံစံတိုက်ကွက်ဖော်၍ ရန်သူကို ဖောက်ထွင်းလိုက်၏။၊ သောင်းချီသော စစ်ကူများ ရောက်လာပြီဖြစ်ရာ သူတို့တွင် ကျန်းရီမရှိတော့သော်လည်း အင်အားတစ်ခု ရှိနေပေသေးသည်။ သူတို့သည် တမလွန်ဘုံမိစ္ဆာများ၊ တမလွန်ဘုံကျွန်များ၏ ဝန်းရံထားမှုကို အလွယ်တကူ ဖောက်ထွက်ကာ မြို့အရှင်စံအိမ်အနားသို့ ရောက်သွားလေသည်။

မြို့အရှင်စံအိမ်အနီးတွင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။ မြို့အရှင်စံအိမ်တွင် သိုင်းသမားတစ်စုက အလျှော့မပေးဘဲ ခုခံနေကြဆဲပင်။ သူတို့သည် သူတို့ထံ ပြေးဝင်လာနေသော တမလွန်ဘုံမိစ္ဆာများကို အပြင်းအထန် တိုက်ခိုက်နေကြသည်။ စံအိမ်ထဲ၌ အလောင်းများနှင့် မိမိကိုယ်ကိုယ် ဖောက်ခွဲခဲ့သော လကဏ္ခာများနှင့် ပြည့်နှက်နေသည်။ မြို့ထဲမှ စွမ်းအားကြီး သိုင်းသမားအများစုသည် မြို့အရှင်စံအိမ်တွင် စုဝေး၍ ဤနေရာကို နောက်ဆုံးခံတပ်အဖြစ် သတ်မှတ်ကာ အဆုံးအထိ တိုက်ခိုက်နေကြခြင်းဖြစ်မည်။

“သတ်ကြ...”

မိုရှန်းရှင်းသည် သူ၏ကောင်းကင်စွမ်းအားကို အသုံးပြု၍ အသံကိုမြှင့်ကာ ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ အော်ပြောလိုက်သည်။ မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများက သူ့အနောက်မှ ကပ်လိုက်လာကြသည်။ မြို့အရှင်စံအိမ်ထဲမှ လူများသည် အပြင်ဘက်မှ အော်သံများကို ကြားလိုက်သောအခါ အားတက်သွားကြပြီး လူပြန်စုရန် ကြိုးစားလိုက်ကြသည်။

လူသားတပ်သားများက မြို့အရှင်စံအိမ်ထဲသို့ ပြေးဝင်လာကြ၏။ စံအိမ်ထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များအားလုံး စတင်ငိုကြွေးကြသည်။ သိုင်းသမားအချို့လည်း ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ လဲပြိုကျသွား၏။ သူတို့သည် သူတို့၏ဆွေမျိုးများနှင့် မိတ်ဆွေများ သေသွားသည်ကို ကြည့်ခဲ့ရသည်။ သူတို့ကိုယ်တိုင်လည်း သေလုဆဲဆဲ ဖြစ်နေကြသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် စစ်ကူများ ရောက်လာခဲ့ပေသည်။

“လာကြ... အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဒဏ်ရာရထားတဲ့သူတွေကို ခေါ်ထုတ်သွားကြ။ ကျန်တဲ့သူတွေ အကုန်လုံးက တမလွန်ဘုံမိစ္ဆာတွေနဲ့ တမလွန်ဘုံကျွန်တွေကို ရှင်းပစ်ကြ”

တပ်သားများသည် မိုရှန်းရှင်း၏ အမိန့်ကို ချက်ချင်း ထမ်းဆောင်လိုက်ကြသည်။ တပ်သားထောင်ကျော်လောက်သည် ဒဏ်ရာရထားသူများ၊ အမျိုးသမီးများနှင့် ကလေးများကို မြို့ပြင်သို့ လျင်မြန်စွာ ခေါ်သွားကြ၏။ ထို့နောက် မြို့ထဲတွင် တိုက်ပွဲပြင်းထန်သွားလေသည်။ ကျန်းရီ ရှိမနေတော့၍ ကျဆုံးသူများ၊ ဒဏ်ရာရသူများနှင့် ထိန်းချုပ်ခံလိုက်ရသူများ တဖြည်းဖြည်း ပိုများလာသည်။ ထို့ကြောင့် တပ်သားများသည် ရွေးချယ်စရာမရှိတော့ဘဲ တမလွန်ဘုံမိစ္ဆာများကြားထဲ ပြေးဝင်ကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ကြလေသည်။

‘အရှင်ကျန်းသာ ငါတို့နဲ့ အတူရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ’

လူများစွာသည် အထက်ပါအတိုင်း စတင်တွေးလာကြ၏။ သူတို့သည် နောက်တစ်ကြိမ်ဆိုလျှင် ကျန်းရီနှင့်အတူသာ တမလွန်ဘုံစစ်တပ်ကို တိုက်ခိုက်မည်ဟု စိတ်ထဲ‌တေးထားလိုက်ကြသည်။ အနည်းဆုံးတော့ ကျန်းရီရှိနေလျှင် သူတို့ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရလိမ့်မည် မဟုတ်ချေ။

***

ဝုန်း...ဝုန်း...ဝုန်း...

တိမင်သည် ကျန်းရီကိုခေါ်၍ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် နှင်းနက်တောင်တန်းဒေသသို့ ပျံသန်းသွား၏။ တိမင်က တစ်ယောက်တည်း မဟုတ်ပေ။ သူ့ကို မိုလင်းချိုး၊ ကျိုးထျန်းဝူ၊ ချင်မျိုးနွယ်ခေါင်းဆောင်၊ ရွှမ်ယွမ်မျိုးနွယ်ဝင်များနှင့် အခြားသူများက စောင့်နေကြသည်။ သူတို့ လူနှစ်ဆယ်လောက် ရှိကြပေသည်။

ထိုသူများက တိရှဘုံ၏ ထိပ်တန်းအဆင့် စွမ်းအားကြီး သိုင်းသမားများပင်။ သူတို့အားလုံးသည် သတင်းကြားလျှင်ကြာချင်း နှင်းနက်တောင်တန်းဒေသသို့ အပြေးအလွှားရောက်လာခဲ့ကြခြင်းပင်။ တိရှအရှင်က တိရှဘုံ၏ အုပ်ချုပ်သူဖြစ်သည်။ သူသာ ထိန်းချုပ်ခံလိုက်ရလျှင် လူမည်မျှ ပိုသေသွားမည်ကို မည်သူသိမည်နည်း။ တိရှအရှင်က အခြားဘုံများမှ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ သတ်ဖြတ်မှုကို ခံရမည်ဆိုလျှင်လည်း တိရှဘုံ၏ အင်အားထောက်တိုင်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ထိုအခါ အခြားဘုံများက တိရှဘုံကို ကျူးကျော်လာကာ ဘုံတစ်ခုလုံးကို သိမ်းပိုက်ကြမည်ဖြစ်သည်။ တိရှဘုံထဲမှ မျိုးနွယ်ကြီးများကလည်း အာဏာဆုံးရှုံးရပေမည်။ ထို့ကြောင့် သူတို့သည် တိရှအရှင် ထိန်းချုပ်ခံရမည်ကို ခွင့်မပြုနိုင်ကြပေ။

ကျန်းရီသည်လည်း တိရှအရှင် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရမည်ကို မလိုလားပေ။ သူက တိရှအရှင်အပေါ် အကြွေးတင်နေသည်။ ထို့ကြောင့် တိရှအရှင် တမလွန်ဘုံ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားမည်ကို သူ ရပ်ကြည့်မနေနိုင်ပေ။ ကျန်းရီသည် သူ့အသက် ပေးရမည်ဆိုလျှင်ပင် တိရှအရှင်ကို ကယ်တင်ရန် ဆုံးဖြတ်ထားပေသည်။

လူနှစ်ဆယ်သည် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ သူတို့၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် ကျန်းရီ မျက်လုံးများကိုပင် ကောင်းကောင်းမဖွင့်နိုင်ချေ။ လမ်းတစ်လျှောက်တွင် သူတို့သည် တမလွန်ဘုံမိစ္ဆာများနှင့် တွေ့ကြုံခဲ့ရသည်။ သို့သော် သူတို့ ရပ်ကာ မတိုက်ခိုက်ခဲ့ဘဲ ချက်ချင်း ဖောက်ထွက်ခဲ့သည်။ တမလွန်ဘုံကျွန်များနှင့် ကြုံလျှင်မူ အရေးပင် မစိုက်ခဲ့ချေ။

နှင်နက်တောင်တန်းဒေသနှင့် နီးလာသောအခါ ကျန်းရီသည် မည်းမှောင်နေသော ကောင်းကင်ကို လှမ်းမြင်လိုက်ရ၏။ ထိုနေရာမှ တမလွန်ဘုံအရှိန်အဝါကလည်း အလွန်သိပ်သည်းနေသည်။

ယခုက နေ့အချိန်သာ ရှိသေးသည်။ နေဝင်ချိန်ရောက်တော့မည်ဖြစ်သော်လည်း လထွက်မလာသေးပေ။ ကောင်းကင်တွင် အလင်းအနည်းငယ် ရှိနေသေးသည်။ သို့သော် အဝေးမှ လှမ်းကြည့်မည်ဆိုလျှင် ကောင်းကင်က အလင်းမဲ့နေပြီး ကိုယ့်လက်ချောင်းများကိုပင် မမြင်နိုင်အောင် မှောင်မည်းနေသည်ဟု ထင်ရပေသည်။

ရွှီး...

စွမ်းအားကြီး သိုင်းသမားအားလုံးသည် ကောင်းကင်စွမ်းအား လှည့်ပတ်၍ သဏ္ဌာန်မဲ့အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြ၏။ ထိုအရှိန်အဝါများက သူတို့ပတ်ဝန်းကျင်မှ တမလွန်ဘုံအရှိန်အဝါများကို တွန်းဖယ်ပစ်လိုက်သည်။ သူတို့သည် တြိဂံပုံစံ တိုက်ကွဲဖော်ထား၏။ မိုလင်းချိုးက ရှေ့ဆုံးမှနေပြီး တိမင်က ကျန်းရီကိုခေါ်၍ အလယ်တွင်နေသည်။ ကျန်လူများက ကျန်းရီနှင့် တိမင်ကို ဝန်းရံထားကြသည်။

ထိုနေရာရှိ စွမ်းအားကြီး သိုင်းသမားအားလုံးက တမလွန်ဘုံအရှိန်အဝါများကို ဖယ်ရှားနိုင်ပုံပင်။ သို့သော် ထိန်းချုပ်ခံထားရသူများကို ကယ်တင်ရန်မှာမူ ကျန်းရီသာလုပ်နိုင်သောကိစ္စ ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက အလွန်အရေးပါနေသည်။ တိရှအရှင်က အတန်ငယ် ထိန်းချုပ်ခံရပြီးလောက်ပေပြီ။ ကျန်းရီမရှိပါက တိရှအရှင်ကို ကယ်ထုတ်နိုင်ခဲ့လျှင်ပင် သူတို့ တိရှအရှင်၏ သတ်ဖြတ်မှုကိုသာ ခံလိုက်ရနိုင်ပေသည်။

ဂါး...ဂါး...ဂီး...ဂီး...

နှင်းနက်တောင်တန်းဒေသမှနေ၍ ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်လာ၏။ တမလွန်ဘုံနတ်ဘုရားအစီအရင်က နှင်းနက်ပင်လယ်ထြတွင် ရှိနေပြီး ဤနှင်းနက်တောင်တန်းဒေသက တမလွန်ဘုံမိစ္ဆာများ၏ အခြေစိုက်စခန်းဖြစ်ပေသည်။ ၎င်းတို့က ဤနေရာကို အသက်နှင့်ရင်း၍ ကာကွယ်ကြပေလိမ့်မည်။ အကယ်၍ တည်နေရာပြောင်းရွှေ့အစီအရင်သာ ဖျက်ဆီးခံလိုက်ရပါက တမလွန်ဘုံက သူတို့၏အင်အားစုများကို ထပ်ပို့၍မရတော့မည် မဟုတ်လော။

မျှော်လင့်ထားသကဲ့သို့ပင်။

ကျန်းရီတို့ တောင်တန်းဒေသထဲ ဝင်လိုက်သောအခါ မရေမတွက်နိုင်သော တမလွန်ဘုံမိစ္ဆာမျာ ထွက်လာသည်။ ဤနေရာတွင် တမလွန်ဘုံကျွန်များ ရှိမနေပေ။ ဤနေရာမှ အနိမ့်ဆုံးအဆင့်မှာ တမလွန်ဘုံတမန်တော်များဖြစ်၏။ ထို့ပြင် အဆင့်မြင့်သော တမလွန်ဘုံစစ်သူကြီးအချို့လည်း ရှိနေသည်။ တမလွန်ဘုံဘုရင်တော့ ရှိမနေချေ။ မဟုတ်လျှင် တိရှဘုံတစ်ခုလုံးက ရှင်းပစ်ခံရပြီးလောက်ပေပြီ။

ရွှီး...ရွှီး...

ကျန်းရီသည် ကူညီရန် တံဆိပ်စာလုံးများကို ထုတ်လိုက်၏။ သို့သော် တိမင်က အသံပို့လွှတ်လိုက်၏။

“အဲ့ဒါတွေကို မထုတ်လွှတ်နဲ့ဦး။ အခြေအနေက အရေးပေါ်မဟုတ်သ၍ အဲ့ဒါတွေကို ထုတ်မသုံးနဲ့။ တမလွန်ဘုံစစ်သူကြီးတွေကို သူ့တို့တာဝန်ပဲထားလိုက်ပါ”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ...”

ကျန်းရီ တံဆိပ်စာလုံးများကို ပြန်သိမ်းလိုက်၏။ ဤလူအယောက်နှစ်ဆယ်စလုံးမှာ ထိပ်တန်းအဆင့် သိုင်းသမားများဖြစ်ကြသည်။ သူတို့က ဘွဲ့ထူးရစစ်နတ်ဘုရားများ၊ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များနှင့် ဘွဲ့ထူးရတိထျန်းများ ဖြစ်ကြပေသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားများက အလွန်အားကောင်းပြီး သူတို့က မရေမတွက်နိုင်သော ဆန်းကြယ်စွမ်းရည်များကို ထုတ်လွှတ်နိုင်ပေသည်။ ကျန်းရီသည် သူတို့ တိုက်ခိုက်နေသည်ကို ကြည့်ရင်းဖြင့်ပင် ခေါင်းမူးလာသည်။ သူတို့သည် ထောပတ်ကို ဓားပူတစ်လက်ဖြင့် လှီးဖြတ်သကဲ့သို့ ရန်သူများကို ဖောက်ထွင်းကာ နှင်းနက်တောင်တန်းဒေသ၏ အတွင်းပိုင်းထဲသို့ ရောက်လာလေသည်။

“ကျန်းရီ... ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးပါ။ အဲ့ဒါတွေထဲကို တမလွန်ဘုံအရှိန်အဝါနည်းနည်း ဝင်သွားတယ်။ ငါ့ဘာသာ သန့်စင်ဖို့ဆိုရင် နည်းနည်း အလုပ်ရှုပ်သွားလိမ့်မယ်”

မိုလင်းချိုးသည် အတော်ကြာ တိုက်ခိုက်ပြီးနောက် ကျန်းရီထံသို့ ပြန်၍ ပျံသန်းလာ၏။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး တံဆိပ်စာလုံးများကို မျက်ခုံးနှစ်ခုကြားမှ ထုတ်လိုက်ကာ မိုလင်းချိုး၏ ခေါင်းထဲသို့ လျှပ်စီးတန်းများအလား ဝင်သွားစေလိုက်သည်။ ထို့နောက် ၎င်းတို့က မိုလင်းချိုး၏ တစ်ကိုယ်လုံးသို့ ရွေ့လျားသွား၏။ မိုလင်းချိုး ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါက တကယ့်ကို အံ့ဩစရာပဲ”

ကျန်လူအားလုံးသည်လည်း ကြားသာကြားဖူးထားသော ကျန်းရီ၏ ဆန်းကြယ်စွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရသည်။ သူတို့သည် တမလွန်ဘုံစစ်သူကြီးများနှင့် တိုက်ခိုက်ရင်း ရှောင်လွှဲမရဘဲ တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ထိုတမလွန်ဘုံအရှိန်အဝါကို ဖယ်ပစ်ရန် သူတို့ဘာသာ ကြိုးစားနေခဲ့ကြသည်။ ထိုအခိုက်တွင်မူ သူတို့အားလုံးသည် ကျန်းရီကို အကူအညီတောင်းရန်အတွက် ကျန်းရီထံ ပျံသန်းလာကြလေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲနှင့် စိတ်ဝိညာဉ်ထဲတွင် တမလွန်ဘုံအရှိန်အဝါ ရှိနေလျှင် သူတို့၏အင်အားက သိသိသာသာ လျော့ကြသွားပေသည်။

ကျန်းရီသည်လည်း တံဆိပ်စာလုံးများကို အသုံးပြုရာတွင် ပိုကျွမ်းကျင်လာပြီဖြစ်သည်။ သူသည် ၎င်းတို့ကို သူ့မျက်ခုံးနှစ်ခုကြားမှမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲတွင် ရွေ့လျားစေ၍ သူ့လက်မှတဆင့် ထုတ်နိုင်နေပေပြီ။ သူ အခြားသူများ၏နောက်ကျောကို သူ့လက်ဝါးနှင့် ဖိ၍ ထိုသူများ၏ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားနိုင်သည်။ ဘေးမှလူများသည် သူ တမလွန်ဘုံအရှိန်အဝါကို မည်သို့သန့်စင်လိုက်ကြောင်း သိမည် မဟုတ်ချေ။

“သတ်ကြ...”

မိုလင်းချိုးတို့သည် သူတို့၏ခန္ဓာကိုယ်ထဲနှင့် စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို ဖယ်ပြီးနောက် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိုက်ကြ၏။ သူတို့ အလွန်လျင်မြန်စွာ သတ်ဖြတ်၍ လမ်းရှင်းနေသည်။ ဆယ့်ငါးမိနစ်အတွင်းမှာပင် သူတို့ တမလွန်ဘုံတမန်တော် သောင်းကျော်နှင့် တမလွန်ဘုံစစ်သူကြီး ရာကျော်ကို သတ်ပစ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့ နှင်းနက်ပင်လယ်အနီးသို့ ရောက်သွားလေသည်။

“ဟိန်း...” “အား...”

နှင်းနက်ပင်လယ်အနီးသို့ ရောက်သည်နှင့် ဟိန်းသံများနှင့် အော်သံများကို စတင်ကြားလာရ၏။ ထိုအသံများကြောင့် နှင်းနက်ပင်လယ်၏ ပင်လယ်ရေပြင်က လှိုင်းတံပိုးထနေသည်။

၎င်းအော်သံများထဲတွင် ဒေါသ၊ နာကျင်မှု၊ မချင့်မရဲဖြစ်မှုတို့နှင့် ပြည့်နှက်နေသည်။ အားလုံးသည် ထိုအသံများကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားကြ၏။ ထိုအသံများက တိရှအရှင်၏အသံပင်။ သူက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို အစွမ်းကုန် တောင့်ခံနေပုံပင်။ မဟုတ်လျှင် သူထိုမျှ နာကျင်စွာအော်ဟစ်နေရမည် မဟုတ်ချေ။

“မြန်မြန်...”

မိုလင်းချိုးက ဒေါသတကြီး အော်၍ နှင်းနက်ပင်လယ်ထဲသို့ ပျံဝင်သွားလိုက်သည်။ အားလုံးသည် အစွမ်းကုန်ထုတ်သုံးရန် အသင့်ပြင်ထားပေပြီ။ အကယ်၍ တိရှအရှင်သာ အပြည့်အဝထိန်းချုပ်ခံလိုက်ရလျှင် သူတို့အားလုံး ဤနေ့ ဤနေရာတွင် ခြွင်းချက်မရှိ သေရပေလိမ့်မည်။

All Chapters