ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ
Vol. 36 Ch. 478
တစ်နေ့မှာတော့ မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကို အနက်ရောင် အလင်းတန်းနဲ့ဲအတူ လူရိပ်တစ်ရိပ် ဆင်းသက်လာခဲ့ပါတယ်။
( note - ဖူချန်းဆိုတာက တရုတ်လို မျောလွင့်နေတဲ့ ဖုန်မှုန့်ငယ်လို့ အဓိပါ္ပယ် ရတယ်ဗျ။ ဒါကြောင့် လီဖူချန်း နေတဲ့ တောင်ကို မျောလွင့်ဖုန်မှုန့် တောင်လို့ နာမည် ပေးလိုက်တာပါ။ )
အဲသည်လူရိပ်ကတော့ အတွင်းစည်းအကြီးအကဲဟန် ပါပဲ။
" ဂါဝရပြုပါတယ် ... အကြီးအကဲဟန် "
လူရိပ်က သူ့ရဲ့ ခွင့်ပြုချက် မရဘဲ တောင်ထိပ်ပေါ်ကို ဆင်းသက်လာတာနဲ့ ပက်သက်ပြီးတော့ လီဖူချန်းဟာ အံ့သြမနေတော့ပါဘူး။ ဒါက အတွင်းစည်း အကြီးအကဲ တစ်ယောက်ပင် မဟုတ်ပါလား။
မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို တားဆီးဖို့ ဆိုရင် အဲသည် ဝင်္ကပါ အစီအရင်က အနိမ့်ဆုံးအနေနဲ့ အဆင့်၇မှာ ရှိနေရပါမယ်။ ဘုရင်အဆင့်အတန်း တပည့်တွေရဲ့ နယ်မြေတွေမှာ ရှိနေတဲ့ ဝင်္ကပါအစီအရင်တွေကတော့ အလွန်ဆုံးမှ အဆင့်၆ပဲ ရှိတာပါ။
" မင်းရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က အဆင့်၂၆တောင် ရောက်နေပြီလား "
လီဖူချန်းကို တစ်ချက် အကဲခတ်ပြီးတဲ့ နောက်မှာတော့ အကြီးအကဲဟန်ဟာ အတော်လေး အံ့အားသင့်သွားပုံ ရပါတယ်။
သူ့လို မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို လီဖူချန်း လေ့ကျင့်နေမှန်း မကြည့်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြီးတော့ လီဖူချန်းရဲ့ ကျင့်စဉ် အဆင့်ကို ကြည့်ဖို့ကလည်း သူ့အတွက် လွယ်ကူလွန်းလှပါတယ်။
အဲသည်လို ကြည့်မြင်နေနိုင်လို့လည်း သူက မရေမရာ ခံစားချက်မျိုးကို ခံစားနေရတာပါ။
လီဖူချန်းက အချိန်တိုလေး အတွင်းမှာ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၂၆အထိ ရောက်အောင် တကယ်ကြီး လေ့ကျင့်ထားနိုင် ခဲ့ပါပြီ။လီဖူချန်းက ဂိုဏ်းထဲမှာရှိတဲ့ ဧကရာဇ်အဆင့် တပည့်တွေထက် လုံးဝ နိမ့်ကျ မနေပါဘူး။ သူက ဧကရာဇ်အဆင့်က တပည့်အချို့ထက်တောင်မှ သာနေလောက်ပါသေးတယ်။
ထိုးထွင်းသိမြင်မှုချည်း သက်သက်ကို အခြေခံပြီး ဆုံးဖြတ်ရမယ် ဆိုရင်တော့ လီဖူချန်းဟာ သေချာပေါက် ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက် ဖြစ်မှာ အသေအချာပါပဲ။ သူက ဧကရာဇ် အဆင့်အတန်း တပည့်တွေထဲမှာတောင်မှ ထူးချွန်အဆင့်မှာ ရှိနေဦးမှာပါ။
" အကြီးအကဲဟန်ရဲ့ အကြည့်က မှန်ပါတယ် ခင်ဗျာ "
လီဖူချန်းက မငြင်းပါဘူး။
" ဟား…ဟား ... ကောင်းတယ် ... ကောင်းတယ်ဟေ့။ မင်းက လွယ်လွယ်နဲ့ မသေသေးရင်တော့ တစ်နေ့မှာ ကြောက်စရာအကောင်းဆုံး မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်လာမှာ အသေအချာပဲ။ အဲသည်အချက်ကိုတော့ ငါ ရဲရဲကြီး အာမခံတယ်ဟေ့ "
အကြီးအကဲဟန်က အားရးပါးရ ရယ်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါတယ်။
ပြိုင်ဘက်ကင်းတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ သက်တံနီဂိုဏ်းရဲ့ အင်အားကို ပိုပြီး သာလွန်ကောင်းမွန်စေမှာ အသေအချာပါပဲ။
" ရော့ ... ဒါက ကြယ်ငင် ဆေးပင်ပဲ။ အဲဒါကို မြန်မြန်သုံးလိုက်။မင်းကို ငါ့အနေနဲ့ ပြောစရာ ထွေထွေထူးထူးတော့ မရှိဘူး။ တစ်ခုပဲ မှာလိုက်မယ်။ ဆင်ခြင်တုံတရားနဲ့ ယှဉ်ပြီးနေ။ ပြီးတော့ လွယ်လွယ်နဲ့ မသေစေနဲ့ "
စကားအဆုံးမှာတော့ အကြီးအကဲဟန်ဟာ အနက်ရောင် အလင်းတန်းတစ်ခုအသွင် ပြန်ပြောင်းသွားပြီး မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။
အကြီးအကဲဟန်ဟာ ရောက်လာတာ မြန်လွန်း လှသလို ပြန်ထွက်ခွာသွားတာကလည်း မြန်လွန်းလှပါတယ်။ အဲသည်အတွက် လီဖူချန်းအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောဖို့တောင် အချိန် မရလိုက်ပါဘူး။
" သည်တော့ ... ဒါက ကြယ်ငင်ဆေးပင် ဆိုတာပေါ့လေ "
လီဖူချန်းက သူ့လက်ထဲကို ရောက်လာတဲ့ ကျောက်စိမ်းသေတ္တာလေးကို ဖွင့်ကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်ပါတယ်။ကျောက်စိမ်းသေတ္တာထဲမှာ ရှိနေတာကတော့ ကြယ်တာရာ ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့ လက်တစ်ဝါးသာသာ ဆေးပင်လေး တစ်ပင်ပါပဲ။အဲသည်ဆေးပင်ကနေ ထွက်နေတဲ့ ကြယ်အလင်းရောင်တွေကလည်း လူတစ်ယောက်ကိုတောင် ညှို့ယူဖမ်းစား နိုင်လောက်ပါတယ်။
ကြယ်ငင်ဆေးပင်ကို ကြည့်နေရင်း လီဖူချန်း ပြန်သတိ ဝင်လာတဲ့ အချိန်မှာတော့ ကောင်းကင်ဟာ မှောင်စပျိုးနေခဲ့ပါပြီ။
" အံ့သြစရာပဲ "
လီဖူချန်းက အချိန်တွေ ကုန်လို့ ကုန်သွားမှန်းတောင် သတိ မပြုလိုက်မိပါဘူး။ ကြယ်ငင်ဆေးပင်ရဲ့ အလင်းရောင်တွေက သူ့ကို ညှို့ယူသွားတယ်ဆိုတာ အသိသာကြီးပါပဲ။
ပဉ္စငါးပါး ပါတဲ့ ဆေးပင်လေး တစ်ပင်က လူတစ်ယောက်ကို ညှိုှု့ယူသွားနိုင်တယ်။ ဒါက ကိုယ်တိုင် မကြုံရရင် လုံးဝ ယုံနိုင်စရာ မရှိပါဘူး။လီဖူချန်းလို လူတစ်ယောက်ကိုတောင် ညှို့ယူနိုင်မှတော့ သည်ဆေးပင်ထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေ ဘယ်လောက်အထိ ခိုဝင်ကိန်းအောင်း နေမလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဒါပေမဲ့လည်း ဒါက ဆေးပင်လေးတစ်ပင် ဖြစ်တဲ့အတွက်ကြောင့်သာ လီဖူချန်းအနေနဲ့ သတိလက်လွတ် ဖြစ်ပြီး ညှို့ယူခံလိုက်ရတာပါ။ တကယ်လို့သာ ရန်သူတစ်ယောက် ဆိုရင်တော့ လီဖူချန်းကို လွယ်လွယ်နဲ့ ညှို့ယူလို့ ရမှာ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ အသိစိတ် အာရုံက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးလောက် အစွမ်း မထက်သေးပေမယ့်လည်း အတော်လေးတော့ နီးစပ်နေပါပြီ။
သူ့ရဲ့ စံအိမ်ထဲကို ပြန်အရောက်မှာတော့ လီဖူချန်းက သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအားကို လည်ပတ်စေလိုက်ပြီး ကြယ်ငင်ဆေးပင်ကို ဝါးစားလိုက်ပါတော့တယ်။
ဖုန်း ...
ခပ်အုပ်အုပ် အသံတစ်ခုနဲ့အတူ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ကြယ်အလင်းတွေ ကြားထဲမှာ နစ်မြုပ်သွားခဲ့ပါပြီ။
တစ်ချိန်တည်းမှာပဲ မမြင်ရတဲ့ စွမ်းအားတချို့ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ပတ် ပတ်လိုက်ပြီး အရိုးတည်ဆောက်ပုံ လစ်လပ်နယ်မြေထဲကို တစ်ဟုန်ထိုး တိုးဝင်သွားပါတော့တယ်။
" အာ့ ... ဇာတ်လမ်းကတော့ စပြီ "
လီဖူချန်းကတော့ အရိုးတည်ဆောက်ပုံ အဆင့်မြှင့်တင်တာကို အတော်လေး ကြုံတွေ့ခဲ့ပြီးပြီး ဖြစ်တဲ့အတွက် ဖြစ်ပေါ်လာမယ့် နာကျင်မှုတွေကို ခန့်မှန်းပြီးသားပါပဲ။အဲသည်အတွက် သည်နာကျင်မှုတွေက အဆန်း မဟုတ်တော့ပါဘူး။
လီဖူချန်းက အံကို တင်းတင်းစေ့လိုက်ပြီး နာကျင်မှုတွေကို တောင့်ခံလိုက်ပါတော့တယ်။
... ...
လီဖူချန်း မျက်လုံး ပြန်ဖွင့်လာတဲ့ အချိန်မှာတော့ ကောင်းကင်ဟာ လုံးလုံးကို မှောင်ကျသွားခဲ့ပါပြီ။
" ဟူး ... နောက်ဆုံးတော့ ပြီးသွားပြီပေါ့ "
လီဖူချန်းက အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။
အခုဆိုရင် သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကျင့်ကြံမှုနှုန်း ပါရမီဟာ လူအများစုနဲ့ သိပ်ပြီး ကွာတော့မှာ မဟုတ်ပါဘူး။ပြီးတော့ သူ့အနေနဲ့ ထိုးထွင်းသိမြင်မှုတွေ ပျောက်ဆုံးသွားရင်တောင်မှ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေဦးမှာ ဖြစ်တဲ့အတွက် တိုက်ပွဲဝိညာဉ် နယ်ပယ်ကိုတော့ ရောက်နိုင်ဦးမှာပါပဲ။
" အင်း ... ငါ့ရဲ့ အရိုးတည်ဆောက်ပုံကို ဆန်းစစ်ကြည့်ဦးမှ "
အဲသည်နောက်မှာတော့ လီဖူချန်းက အရိုးတည်ဆောက်ပုံကို လေ့လာဆန်းစစ်ဖို့အတွက် သူ့ရဲ့ အသိစိတ်အာရုံကို အရိုးတည်ဆောက်ပုံ လစ်လပ်နယ်မြေထဲ ပို့ဆောင်လိုက်ပါတော့တယ်။
သူ့ရဲ့ အရိုးတည်ဆောက်ပုံကတော့ ခါတိုင်းနဲ့ မတူဘဲ အဆစ်တစ်ဆစ် ပိုနေခဲ့ပါပြီ။ ပြီးတော့ အရိုးတည်ဆောက်ပုံ အင်းကွက်တွေကလည်း ပိုပြီး ဆန်းကြယ် ရှုပ်ထွေး လာပါတယ်။ သာမန်လူ တစ်ယောက် ဆိုရင်တော့ သည်အင်းကွက်တွေကို ကြည့်လိုက်တာနဲ့ မူးမေ့လဲသွားမှာ အသေအချာပါပဲ။
နောက်ထပ် တစ်ခု ပြောစရာ ရှိတာကတော့ မီးလျှံ နှလုံးသား ဖြစ်ပါတယ်။ မီးလျှံနှလုံးသားကို ကိုယ်စားပြုတဲ့ သလင်းကျောက်ပေါ်မှာ ဆိုရင်လည်း ပိုရှုပ်ထွေးတဲ့ နတ်ဘုရားစွမ်းရည် အင်းကွက်တွေ ဖြစ်တည်နေခဲ့ပါပြီ။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်သွားတဲ့ လီဖူချန်းရဲ့ မီးလျှံ နတ်ဘုရား စွမ်းရည်ဟာ ဘယ်လောက်အထိ အစွမ်းထက်သွားမလဲ မသိပါဘူး။
" ငါ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၇ပွင့် ဖြစ်သွားရင် ဘာတွေ ဆက်ဖြစ်လာမှာလဲ "
လီဖူချန်းကတော့ သိလိုစိတ်တွေ အတော်လေး ပြင်းပြနေပါတယ်။
ဒါပေမဲ့လည်း လောလောဆယ်မှာတော့ သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ကြယ်၇ပွင့် အဆင့်ရောက်အောင် မြှင့်တင်ဖို့က မဖြစ်နိုင်သေးပါဘူး။
ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ အထိ ရောက်အောင် အဆင့်မြှင့်တင်တဲ့ နေရာမှာတောင် ကောင်းကင်အဆင့်နိမ့် ဆေးပင်ကို သုံးနေရတာပါ။ အဲသည်အတွက် သူ့အနေနဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်အောင် အဆင့်မြှင့်တင် ချင်ရင်တော့ အနိမ့်ဆုံးအဖြစ် ကောင်းကင် အလယ်အလတ်အဆင့် ဆေးပင်ကို သုံးရမှာ အသေအချာပါပဲ။
ပြီးတော့ ကောင်းကင်အဆင့် ဆေးပင်တွေ ဆိုတာကလည်း အလွန်အမင်း ကံကောင်းလွန်းမှသာ ရှာဖွေတွေ့ရှိ နိုင်တာမျိုး ဖြစ်ပါတယ်။ အရိုးတည်ဆောက်ပုံကို အဆင့်မြှင့်တင် ပေးနိုင်တဲ့ ကောင်းကင်အဆင့် ဆေးပင်တွေ ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။
အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ သက်တံနီဂိုဏ်းလို ဂိုဏ်းတစ်ခုတောင်မှ အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်တဲ့ ကောင်းကင်အဆင့် ဆေးပင်တစ်ပင်ကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အခု လီဖူချန်းကို ပေးလိုက်တဲ့ ကြယ်ငင် ဆေးပင်ကိုတောင်မှ သူ့တို့တွေ ဘယ်လိုလုပ်ပြီး ရလာတယ် မသိပါဘူး။ သေချာတာတော့ တစ်ခုကတော့ သက်တံနီဂိုဏ်းဟာ ကြယ်ငင် ဆေးပင်ကို ရဖို့အတွက် အတော်လေး ကြိုးစားခဲ့ရမှာပါ။
ကောင်းကင်အလယ်အလတ်အဆင့် ဆေးပင်ကို ရဖို့အတွက်ကတော့ သက်တံနီဂိုဏ်း ကိုယ်တိုင်လည်း မဖြစ်နိုင်ပါဘူး။ အဲသည်ဆေးပင်တွေက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေသာ ရယူပိုင်ဆိုင်နိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။
အချိန်တွေ တဖြည်းဖြည်း ကုန်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံနဲ့ အသားကျလာ ခဲ့ပါပြီ။
လီဖူချန်းရဲ့ ကျင့်ကြံမှု နှုန်းကလည်း အနည်းဆုံး ၅၀ရာခိုင်နှုန်း မြန်လာခဲ့ပါတယ်။
ဒါကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ။
တစ်နှစ် ကျင့်ကြံတာက တစ်နှစ်ခွဲ ကျင့်ကြံတာနဲ့ ညီမျှတယ်။
ဆယ်နှစ် ကျင့်ကြံတာက ဆယ့်ငါးနှစ် ကျင့်ကြံတာနဲ့ ညီမျှတယ်။
လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက ထပ်ပြီး တိုးမြှင့်သွားပြန်ပါပြီ။
" ထိုးထွင်းသိမြင်မှုက အရေးကြီးတယ်။ ဒါပေမဲ့ ကျင့်ကြံမှုနှုန်းက မလိုက်နိုင်ရင်တော့ အဆင့်မြင့် ချီအတွင်းအားကျင့်စဉ်တွေ မရှိတော့ရင် ဒုက္ခ ရောက်မှာပဲ "
သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ချီအတွင်းအား ကျင့်စဉ်ဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဖြစ်ပါတယ်။ လီဖူချန်းက သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်မှတော့ ကျန်တဲ့ ဘုရင်အဆင့်အတန်း တပည့်တွေကလည်း သူတို့ရဲ့ ချီအတွင်းအား ကျင့်စဉ်တွေကို အမြင့်ဆုံး အဆင့်အထိ ရောက်အောင် မလေ့ကျင့်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ သူတို့တွေ အားလုံး ချီအတွင်းအား ကျင့်စဉ်တွေရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်တဲ့အခါမှာ ဆိုရင်တော့ ကျင့်ကြံမှု ပါရမီနဲ့ပဲ ယှဉ်ရတော့မှာပါ။
တကယ်လို့ လီဖူချန်းရဲ့ ကျင့်ကြံမှု ပါရမီက နိမ့်ကျနေခဲ့မယ် ဆိုရင်တော့ တခြား တပည့်တွေရဲ့ နောက်မှာ ပြတ်ကျန်နေခဲ့မှာ အသေအချာပါပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ လီဖူချန်း နဲ့ တခြား ဘုရင်အဆင့်အတန်း တပည့်တွေရဲ့ ကွာဟမှုက ပိုပိုပြီး ကြီးမားလာမှာ ဖြစ်ပါတယ်။
သေချာတာ တစ်ခုကတော့ လီဖူချန်းရဲ့ အစွမ်းတွေဟာ ချီအတွင်းအား ကျင့်စဉ်တွေရဲ့ အဆင့်ပေါ်မှာ မူတည်နေတယ် ဆိုတာပါပဲ။သူ့ရဲ့ ကျင့်ကြံမှု အဆင့်တက်ခြင်းကလည်း အဲသည်အပေါ်မှာပဲ မူတည်နေတာပါ။
***
ဘုရင့် နယ်မြေဟာ အပြင်စည်းဂိုဏ်းနဲ့ အတွင်းစည်းဂိုဏ်းကို မမှီခိုဘဲ လွတ်လွတ်လပ်လပ် တည်ရှိနေတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။
တကယ်လို့ အပြင်စည်းဂိုဏ်းနဲ့ အတွင်းစည်းဂိုဏ်းက သာမန် ထိပ်သီးတွေကို ပြုစုပျိုးထောင်ပေးတယ် ဆိုကြပါစို့။ ဘုရင့်နယ်မြေကတော့ တကယ့်ထိပ်သီးတွေကိုပဲ ပြုစု ပျိုးထောင်ပေးပါတယ်။
အဲသည်အတွက် ဘုရင့်နယ်မြေထဲမှာတော့ တိုက်ခိုက်တာကို ရှောင်လွဲလို့ မရပါဘူး ။ ဂိုဏ်းတော်ကတော့ တိုက်ခိုက်မှုတွေကို ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ သိုင်းစင်မြင့် တစ်ခုကို သီးသန့် ဆောက်လုပ်ပေးထားပါတယ်။
ဘုရင့်နယ်မြေထဲမှာတော့ အဲသည်သိုင်းစင်မြင့်ဟာ လူအစည်ကားဆုံး နေရာပါပဲ။
အတွင်းစည်းဂိုဏ်းရဲ့ ဘုရင်အဆင့်အတန်း တပည့်တချို့ဆိုရင် သည်နေရာမှာ အမြဲလိုလို လာရောက် လက်ရည်စမ်းလေ့ ရှိပါတယ်။
ဒါပေမဲ့လည်း လက်ရည်စမ်းရုံသက်သက် လာရောက်တိုက်ခိုက်ကြတဲ့ ပွဲတွေကတော့ သိပ်ပြီး အာရုံစိုက် မခံကြရပါဘူး။ လောင်းကြေးထပ်ပြီး တိုက်ခိုက်ကြတဲ့ ပွဲတွေကိုမှသာ ဘုရင်အဆင့်အတန်း တပည့်တွေက စိတ်ဝင်စားကြတာပါ။
တစ်လကျော်လောက် တံခါးပိတ် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အတော်လေး ပျင်းရိလာခဲ့ပါပြီ။ အဲသည်အတွက် သူက ဆက်လက် မလေ့ကျင့်တော့ဘဲ သက်တံနီ ဂိုဏ်းထဲ လျှောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အဲသည်လို လျှောက်သွားနေရင်းနဲ့ တစ်နေ့မှာတော့ လီဖူချန်းဟာ ဘုရင့်နယ်မြေက သိုင်းစင်မြင့်ဆီကို ရောက်လာခဲ့ပါတယ်။
" အိုး ... လီဖူချန်း။ နင်လည်း သည်ကို ရောက်လာတာလား "
ကြီးမားလှတဲ့ သိုင်းစင်မြင့်ကြီး အနားမှာတော့ ဒါဇင်နဲ့ချီတဲ့ ဘုရင်အဆင့်အတန်း တပည့်တွေ စုရုံး ရောက်ရှိနေကြပါပြီ။
အဲသည်လူအုပ်ထဲမှာတော့ ဘုရင်အဆင့်အတန်း အပြင်စည်းတပည့် ရှစ်ယောက် ရှိနေပြီး အဲသည် ရှစ်ယောက်စလုံးဟာလည်း လူသစ်တွေချည်း ဖြစ်ပါတယ်။
ကျန်တဲ့ တပည့်တွေကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်ရှိနေကြပြီ ဖြစ်တဲ့အတွက် အပြင်စည်း တပည့် မဖြစ်နိုင်ပါဘူး။သူတို့တွေက သေချာပေါက် ဘုရင်အဆင့်အတန်း အတွင်းစည်း တပည့်တွေပါပဲ။
လီဖူချန်းကို လှမ်းပြီး နှုတ်ဆက်လိုက်သူကတော့ ပိုင်လိရှန် ဖြစ်ပါတယ်။
" သည်နေရာက အတော်လေး လူစည်ကားတာပဲ "
လီဖူချန်းက ပြန်ပြီး ပြောလိုက်ပါတယ်။
သိုင်းစင်မြင့်ပေါ်မှာတော့ တိုက်ပွဲက အတော်လေး ပြင်းထန်နေခဲ့ပါပြီ။တိုက်ခိုက်နေသူ နှစ်ယောက်စလုံးကတော့ ဘုရင်အဆင့်အတန်း အတွင်းစည်း တပည့်တွေပါပဲ။
ပိုင်လိရှန်က ပြုံးလိုက်ပြီး
" စိတ်မကောင်းစရာပဲ။ နင်လာတာ နောက်ကျသွားပြီ။ တိုက်ပွဲကစပြီးနေပြီလေ။ အဲဒါကြောင့် လောင်းကြေးတွေကို လက်မခံတော့ဘူး "
" သည်နေရာမှာ လောင်းလို့ရတာလား။ ဘာတွေ လောင်းကြတာလဲ။ ထောက်ပံ့ရေး ဒင်္ဂါးတွေ လောင်းကြတာလား "
လီဖူချန်းက မေးလိုက်ပါတယ်။
ပိုင်လိရှန်က ခေါင်းခါလိုက်ပြီး
" ထောက်ပံ့ရေး ဒင်္ဂါးတွေမှ မဟုတ်ဘူး။ သက်တံနီ ဆေးရည်၊ ထိုးထွင်းသိမြင်မှု ဆေးရည် နဲ့ ဝိညာဉ်ကျောက်တုံးတွေလည်း လောင်းလို့ ရတယ် "
" စိတ်ဝင်စားစရာပဲ။ လောင်းတဲ့သူတွေက အလိမ်ခံရမှာ မစိုးရိမ်ကြဘူးလား "
လီဖူချန်းက နောက်ထပ်တစ်ကြိမ် ထပ်မေးလိုက်ပြန်ပါတယ်။
ပိုင်လိရှန်က ရယ်လိုက်ပြီး
" ဟိုးမှာ တွေ့လား။ အဲသည်လူက သည်သိုင်းစင်မြင်ရဲ့ အကြီးအကဲပဲ။ ပြီးတော့ ဒါက ဘုရင်အဆင့်အတန်းက တပည့်တွေလေ။ ဘယ်သူက အရှက် အကွဲခံပြီး လိမ်မှာလဲ "
" အင်း ... ဟုတ်သားပဲ "
ပိုင်လိရှန် ပြောတာက မမှားပါဘူး။ ဘယ်တပည့်ကမှ သူ့တို့ရဲ့ ဘုရင်အဆင့်အတန်း တပည့်ဆိုတဲ့ ဂုဏ်သိက္ခာကို ချနင်းပြီး လိမ်မှာ မဟုတ်ပါဘူး။
ဝုန်း ...ဝုန်း ...ဝုန်း ...
သိုင်းစင်မြင့်ပေါ်က တိုက်ပွဲကတော့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။ နှစ်ဖက်စလုံးကတော့ အရှုံးပေးချင်တဲ့ပုံ မပေါ်ပါဘူး။ အဲသည်အတွက် နှစ်ဖက်စလုံးက အားကုန်သုံးပြီး တိုက်ခိုက်နေကြပါတယ်။
" ညီလေးလျို ... တောင်းပန်ပါတယ်ကွာ။ ကြည့်ရတာ သည်နှစ်မှာ အစ်ကိုက တော်တော်လေး တိုးတက်လာတယ် ထင်တယ် "
စကားသံ အဆုံးမှာတော့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ လူငယ်ဟာ ခြေကန်ချက် တစ်ချက် ထုတ်လိုက်ပါတော့တယ်။
ဘန်း ...
ဝတ်ရုံရှည်ဝတ် လူငယ်ရဲ့ ခြေကန်ချက်ကနေ တိုးထွက်လာတဲ့ မိုးကြိုးခြင်္သေ့ဟာ တစ်ဖက်လူငယ်ကို သိုင်းစင်မြင့်ပေါ်ကနေ ပြုတ်ကျသွားစေ ခဲ့ပါပြီ။
" သေလိုက်ပါတော့ ... နောက်ထပ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သန်း ရှုံးပြန်ပြီ "
ပိုင်လိရှန်က မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။
" နင်က အဲလောက်ကြီး လောင်းတယ်ပေါ့ "
လီဖူချန်းက အံ့အားသင့်သွား မိပါတယ်။ အဆင်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာ မနည်းလှတဲ့ ပမာဏ တစ်ခုပါပဲ။ သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်တောင်မှ သည်လောက်များတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို မပိုင်ဆိုင် နိုင်ပါဘူး။
ပိုင်လိရှန်က ခပ်တိုးတိုး ရယ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
" တကယ်လို့ လောင်းကြေးက နည်းနေမယ် ဆိုရင် ဘာအဓိပါ္ပယ် ရှိဦးမှာလဲ။ ငါ နိုင်ရင်တောင်မှ ဘာမှ ပျော်ရမှာ မဟုတ်ဘူး။ ပြီးတော့ ငါက မြိုးမြိုးမြက်မြက်လေး နိုင်ချင်တာ "
ပိုင်လိရှန်ရဲ့ လေသံကတော့ တကယ့် လောင်းကစားသမား လေသံ ဖြစ်နေပါပြီ။သူမက ဘယ်အချိန် ကတည်းကနေ လောင်းနေတယ် မသိပါဘူး။
သိမ်မကြာခင်မှာပဲ နောက်ထပ် တိုက်ပွဲတစ်ပွဲ စဖို့ တာစူလာခဲ့ပါပြီ။
" ငါလည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း လောင်းမယ် "
လီဖူချန်းကလည်း လောင်းကစား ဝိုင်းထဲကို ဝင်လာပါတော့တယ်။
ဒါပေမဲ့ သူက ကံကိုယုံပြီး မျက်စိမှိတ် ဇွတ်လောင်းတာတော့ မဟုတ်ပါဘူး။ သူက တိုက်ခိုက်ကြမယ့် ဘုရင်အဆင့်အတန်း အတွင်းစည်း တပည့်နှစ်ယောက်ကို သေသေချာချာ အကဲခတ်ပြီးမှ လောင်းလိုက်တာပါ။
သူ့ရဲ့ အမြင်အရ ဆိုရင်တော့ သည်ပွဲဟာ အားနည်းပုံရတဲ့ လူငယ်ရဲ့ ပွဲပါပဲ။
" နင်က ဝါစဉ်ကြီးအစ်ကိုဟောင် ဘက်ကနေ လောင်းတာလား။ ငါကြားတာကတော့ အစ်ကိုဟောင်က အစ်ကိုလင်းကို လေးနှစ်ဆက်တိုက် ရှုံးထားတာတဲ့နော် "
ပိုင်လိရှန်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။ သူမက တိုက်ခိုက်ကြမယ့် လူတွေနဲ့ ပက်သက်ပြီး အတော်လေး သိနေပုံပါပဲ။
***