← Chapters

ထွက်သွားကြ

Vol. 106 Ch. 1475

ထွက်သွားကြ

Vol. 106 Ch. 1475

ဝုန်း...ဝုန်း...ဝုန်း...

မိုလင်းချိုး ပင်လယ်ထဲ မရောက်သေးခင်မှာပင် ထောင်ချီသော လှိုင်းလုံးများ ထလာ၏။ ထိုလှိုင်းလုံးများထဲမှနေ၍ ဧရာမအရိုးစုကြီးများ ထွက်ပေါ်လာသည်။ ၎င်းတို့က အစောတွင် ကျန်းရီတို့ တွေ့ခဲ့ရသော အဆင့်နိမ့် အရိုးစုများကဲ့သို့ မဟုတ်ဘဲ အစစ်အမှန် ဧရာမအရိုးစုများ ဖြစ်ကြသည်။ ၎င်းအရိုးစုကြီးများက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲ ရောက်လာခဲ့သော အရိုးစုကြီးနှင့် ဆင်တူပေသည်။

ထိုဧရာမအရိုးစုကြီးများက တစ်ကီလိုမီတာ မြင့်ကြ၏။ ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများဖြစ်ကြပြီး အရိုးတိုင်းက ရွှေရောင်အလင်း တောက်ပနေသည်။ ၎င်းတို့ပတ်ပတ်လည်တွင် အဆောင်ပုံသဏ္ဌာန်များ ပျံဝဲနေကြသည်။ ထူးဆန်းသောအရာမှာ ၎င်းတို့၏ အရိုးများပေါ်၌ အသားမရှိသော်လည်း ၎င်းတို့၏ မျက်လုံးများက သာမန်လူသားများ၏ မျက်လုံးများကဲ့သို့ မျက်အိမ်၊ မျက်စံနှင့် ရှိကြခြင်းပင်။ လူသားများနှင့် တစ်ခုတည်းသာ ကွာခြားချက်မှာ ၎င်းတို့၏ အကြည့်များက အလွန်အေးစက်၍ မိစ္ဆာဆန်ကာ သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေခြင်းပင်။

“အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတွေ”

တိမင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူ အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ အဖြူရောင်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သောင်းချီသော လှံရိပ်များ ပျံထွက်သွားပြီး သူ အော်ပြောလိုက်သည်။

“နှစ်ယောက်တစ်တွဲ နေရာယူလိုက်ကြပါ။ ကျုပ်တို့ ပင်လယ်အောက်ထဲ မဝင်ခင် ဒီဧရာမအရိုးစုတွေထဲက တစ်ဝက်လောက်ကို ရှင်းပစ်ရမယ်”

ကျိုးထျန်းဝူနှင့် အခြားသူများသည် နှစ်ယောက်တစ်တွဲပေါင်း၍ ဧရာမအရိုးစုတစ်ကောင်စီကို တိုက်ခိုက်ကြသည်။ ပင်လယ်နက်ထဲမှနေ၍ ဧရာမအရိုးစုဆယ်ကောင်သာ ထွက်လာခဲ့သည်။ ထို့ကြောင့် အရေအတွက်က အတော်သွားဖြစ်သည်။ ထိုအခိုက်တွင် ကျန်းရီက အနောက်သို့ ဆွဲခေါ်သွားခံနေရသည်။ သူ သူ၏ကောင်းကင်စွမ်းအားကို လုံးဝမထုတ်နိုင်သလို အသက်ရှူရန်ပင် ခက်ခဲနေသည်။ ထိုဧရာမအရိုးစုကြီးများ၏ အရှိန်အဝါများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

“အာ...”

ကျန်းရီသည် အနောက်သို့ ကီလိုမီတာများစွာ ရောက်သွားပြီးနောက် အရှေ့ကို ထပ်မံ၍ အာရုံခံလိုက်၏။ ကျိုးထျန်းဝူနှင့် အခြားနတ်ဘုရားဧကရာဇ် တစ်ယောက်က ဧရာမအရိုးစုကြီးတစ်ကောင်ကို အတူပေါင်း၍ အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း အသာစီးရသည်ဆိုရုံသာ ရထားသည်။ ထိုအဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုကလည်း အသက်ရှိခဲ့စဉ်တွင် မည်မျှစွမ်းအားကြီးခဲ့သနည်း။

အတိတ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲသို့ ရောက်လာခဲ့သော ဧရာမအရိုးစုတစ်ကောင်ကို ဆန်းကြယ်သောအဘိုးအိုက တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်။ ထိုအဘိုးအိုသည် လွန်ခဲ့သော နှစ်တစ်သန်းလောက်ကတည်းက သေခဲ့သူဖြစ်၏။ ယခုတွင် သူ့ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းသာ ကျန်တော့ပေသည်။

‘အုပ်ချုပ်သူအဆင့်လား... ဒါမှမဟုတ် အုပ်ချုပ်သူအဆင့်ထက် ပိုစွမ်အားကြီးတဲ့ သိုင်းသမားတစ်ယောက်လား။ အဲ့ဒါဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ’

ကျန်းရီ မတွေးနိုင်ပေ။ ဆန်းကြယ်သော အဘိုးအိုက အိပ်မောကျနေဆဲဖြစ်၍ သူ့ကို မေး၍လည်း မရချေ။ ထို့ကြောင့် ကျန်းရီသည် ထိုအတွေးများကို ဘေးဖယ်ထား၍ သူ့အရှေ့ရှိ တိုက်ပွဲကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ ထိုတိုက်ပွဲမှနေ၍ များနိုင်သမျှများများ သင်ယူလိုနေသည်။ သို့သော် သူသည် သူ၏စူးစမ်းနိုင်စွမ်းကို ပိုတွက်ခဲ့မိပေသည်။

ယခု တိုက်ခိုက်နေကြသူများမှာ ဘွဲ့ထူးရ စစ်နတ်ဘုရားများ၊ နတ်ဘုရားဧကရာဇ်များနှင့် တိထျန်းများဖြစ်ကြသည်။ သူတို့၏ စွမ်းအားအဆင့်က ကျန်းရီ၏စွမ်းအားအဆင့်နှင့် အလွန်ကွာခြားသည်။ သို့ဖြစ်ရာ သူတို့၏ တိုက်ခိုက်မှုများကို ကျန်းရီ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါချေ။ ကောင်းကင်ထဲတွင် ရွေ့လျားနေသော အရိပ်များ၊ ပျံထွက်သွားသော အလင်းတန်းများကိုသာ သူ မြင်ရသည်။ လေများကလည်း အရပ်မျက်နှာအနှံ့မှ တိုက်ခတ်နေသည်။ ထို့ပြင် ပင်လယ်မှ လှိုင်းလုံးများက ရေပြင်ကို ကျယ်လောင်စွာ ပုတ်ခတ်နေရာ သူ့နားစည်များပင် နာလာလေသည်။

“လူသားတွေ... ဆက်တိုက်ခိုက်မနေကြနဲ့တော့။ ကောင်းကင်ဘုံတစ်ခုလုံး ကျရှုံးတော့မယ်။ တမလွန်ဘုံရဲ့ အုပ်စိုးမှုကို ခံရတော့မယ်။ အဲ့‌တော့ တမလွန်ဘုံဆီမှာ လိမ်လိမ်မာမာ အညံ့ခံလိုက်ပါ။ အဲ့ဒါဆို မင်းတို့ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဆက်ပိုင်ဆိုင်ခွင့်ရလိမ့်မယ်။ မဟုတ်ရင်တော့ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေက ငရဲချောက်နက်ထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်။ မင်းတို့ရဲ့ ရုပ်ခန္ဓာကလည်း ထာဝရ အဆင့်အနိမ့်ဆုံး တမလွန်ဘုံကျွန်တွေ ဖြစ်သွားလိမ့်မယ်...”

“နိုးထကြတော့ ရူးမိုက်တဲ့လူသားတွေ။ မင်းတို့ရဲ့ အရှင်က တမလွန်ဘုံဆီမှာ အညံ့ခံလိုက်ပြီ။ မင်းတို့က သေတဲ့အထိ ရုန်းကန်နေကြဦးမှာလား...”

“တော်ဝင်တဲ့ တမလွန်ဘုံဧကရာဇ်ဆီမှာ လာလက်အောက်ခံလိုက်ကြပါ။ တမလွန်ဘုံဧကရာဇ်က မင်းတို့ကို ထာဝရအသက်ကို ပေးလိမ့်မယ်...”

ဂျွတ်...ဂျွတ်...

ဧရာမအရိုးစုကြီးများသည် ၎င်းတို့၏ ရွှေရောင်တောက်ပနေသော မေးရိုးများကိုလှုပ်၍ မိစ္ဆာအသံဖြင့် ပြောလိုက်ကြသည်။ ကျန်းရီသည် ထိုအဖြစ်ကို ထူးဆန်းသည်ဟု မထင်ပေ။ ထိုဧရာမအရိုးစုကြီးများက ဝိညာဉ်ရှိပေသည်။ ၎င်းတို့က အသေကောင်များ မဟုတ်ကြဘဲ အလွန်ဉာဏ်ရည်ရှိကာ အဆင့်မြင့်သော တမလွန်ဘုံမှ မိစ္ဆာကောင်များဖြစ်သည်။

“ဒီအတိုင်းဆိုရင် မဖြစ်တော့ဘူး”

တိမက်သည် ကျန်းရီကိုခေါ်၍ နောက်ထပ် ကီလိုမီတာငါးဆယ် ထပ်ဆုတ်လိုက်ပြီး လှံနှင့် အရှေ့သို့ အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ တမလွန်ဘုံတမန်တော်များက အရပ်မျက်နှာအနှံ့မှနေ၍ သူတို့ထံသို့ ပျံဝင်လာကြသည်။ တိမင်သည် နှင်းနက်ပင်လယ်ကို စိုက်ကြည့်နေ၏။ ခေတ္တမျှ စူးစမ်းပြီးနောက် သူတို့ ထိုဧရာမအရိုးစုဆယ်ကောင်ကို သတ်ပစ်နိုင်ရန် အနည်းဆုံး တစ်နာရီလောက်လိုမည်ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ ဧရာမအရိုးစုများ၏ ခုခံနိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်ပျံသန်းနေသော အဆောင်ပုံသဏ္ဌာန်များက အားကောင်းသော တိုက်ခိုက်မှုများကိုပင် ကာပေးထားနိုင်လေသည်။

ဟိန်း...ဟိန်း...

ပင်လယ်အောက်ခြေမှ တိရှအရှင်၏ ဟိန်းသံများက ပို၍ကျယ်လောင်လာ၏။ တိမင်၏ မျက်နှာက မည်းမှောင်သွားသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ အော်ပြောလိုက်လေသည်။

“ကျန်းရီ... ငါ မင်းကို အဲ့ကို ခေါ်သွားမယ်။ မင်း ဧရာမအရိုးစုကြီးတွေရဲ့ တမလွန်ဘုံအရှိန်အဝါကို သန့်စင်လိုက်ပါ။ မဟုတ်ရင် တိရှအရှင် ဒုက္ခတွေ့တော့မယ်...”

“ဟုတ်ကဲ့ပါ”

ကျန်းရီသည် ဧရာမအရိုးစုကြီးများ၏ အရှိန်အဝါကြောင့် မလှုပ်နိုင်သော်လည်း သူ၏စိတ်ဝိညာဉ်က တံဆိပ်စာလုံးများကို ထိန်းချုပ်နိုင်သေးသည်။ သူ အသက်ပြင်းပြင်းရှူသွင်း၍ မီးနဂါးဓားကို ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပဲ ပေါင်းစည်းမီးတောက်များကို သူ့ညာလက်ထဲသို့ ဆင့်ခေါ်လိုက်သည်။

တံဆိပ်စာလုံးများက အလွန်ဆုံး သုံးကီလိုမီတာအကွာအထိသာ ပျံသွားနိုင်သည်။ ထိုဧရာမအရိုးစုကြီးများ၏ လက်တံများက မီတာတစ်ရာ့ငါးဆယ်လောက် ရှည်ကြရာ အလွန်အန္တရာယ်များပေသည်။

“သတိထား”

တိမင် ‌အော်‌ပြောလိုက်၏။ သူတို့နှင့် မလှမ်းမကမ်းတွင် ဧရာမအရိုးစုကြီးတစ်ကောင်နှင့် တိုက်ခိုက်နေသော စွမ်းအားကြီး သိုင်းသမားနှစ်ယောက်သည် တိမင်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွား၏။ သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး အရိုးစုကြီးကို နောက်သို့ အဆက်မပြတ် ဆုတ်သွားစေလိုက်သည်။ သူတို့က အရိုးစုကြီးကို ပြန်တိုက်နိုင်ရန် အခွင့်အရေးမပေးခဲ့ချေ။ တိမင်သည် ကျန်းရီကို ခေါ်၍ ထိုဧရာမအရိုးစုကြီးထံသို့ လေးမှလွှတ်လိုက်သော မြားတစ်စင်းအလား ပျံသန်းသွားလိုက်သည်။

ရွှစ်...

အရိုးစုကြီးအနားသို့ ရောက်လာပြီး ၎င်း၏ အသက်ကင်းမဲ့သော အေးစက်စက် မျက်ဝန်းများကို မြင်လိုက်ရသောအခါ ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုအခိုက်တွင် သူက ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်ထံ ပြေးဝင်သွားနေသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူ တိုက်ခိုက်ရန် မဆိုထားနှင့် လက်ချောင်းတစ်ချောင်း မြှောက်ရန်ပင် ခက်ခဲနေသည်။

“ကျန်းရီ... တိုက်တော့...”

ဧရာမအရိုးစုကြီးနှင့် မီတာရာကျော်အကွာသို့ ရောက်သောအခါ တိမင်က ရုတ်တရက် ကောင်းကင်ထက်သို့ ထိုးတက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အော်ပြောလိုက်ပြီး ကျန်းရီ၏ကိုယ်ထဲသို့ စွမ်းအင်များ ထည့်သွင်းပေးလိုက်သည်။ ကျန်းရီသည် သူ၏အေးခဲနေသော ခန္ဓာကိုယ်က အရည်ပျော်သွားသကဲ့သို့ ခံစားလိုက်ရ၏။

“အား...”

ကျန်းရီ အံကြိတ်၍ အော်လိုက်သည်။ ထို့နောက် သူ့နဖူးအလယ်မှနေ၍ တံဆိပ်စာလုံးများ ထွက်လာပြီး ဧရာမအရိုးစုကြီး၏ ခေါင်းဆီသို့ ပျံဝင်သွားသည်။ အရိုးစုကြီးက ၎င်း၏ဧရာမလက်ကြီးဖြင့် စာလုံးများကို ရိုက်လိုက်၏။ သို့သော် တံဆိပ်စာလုံးများ ထွက်ပေါ်လာသည့်အခိုက်တွင် အရိုးစုကြီး၏ မျက်လုံးများထဲ၌ အကြောက်တရား ပြည့်နှက်သွားပေသည်။

“အဲ့..အဲ့ဒါက ဘာလဲ”

ရွှစ်...ရွှစ်...

တံဆိပ်စာလုံးများက အရိုးစုကြီးကို တစ်လုံးပြီးတစ်လုံး ထိမှန်သွား၏။ ၎င်းတို့ ထိမှန်သွားတိုင်း အရိုးစုကြီးက အနောက်သို့ ခြေလှမ်းများစွာ ရွေ့သွားသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှ အရိုးအားလုံးက မျက်စိကျိန်းဖွယ် ရွှေရောင်အလင်းကို ဖြာထုတ်လိုက်၏။ ၎င်းကိုယ်ပေါ်မှ ဆန်းကြယ်သောပုံသဏ္ဌာန်များကလည်း အဆက်မပြတ် လင်းလက်လာသည်။ သို့သော် ၎င်း၏ အရှိန်အဝါက သိသိသာသာ အားနည်းလာပေသည်။

“ဟုတ်ပြီ...”

ဘွဲ့ထူးရတိထျန်းနှစ်ယောက်သည် အားတက်စွာ အော်လိုက်ပြီး ဧရာမအရိုးစုကြီး၏ ခြေထောက်နှစ်ချောင်းကို အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။ အထက်အောက် တစ်ပြိုင်တည်း တိုက်ခိုက်မှုက အရိုးစုကြီးကို လုံးဝ ဟန်ချက်ပျက်သွားစေသည်။ နောက်ဆုံးတွင် တိမင် လှုပ်ရှားလိုက်သည်။ သူသည် ကျန်းရီကို ခေါ်၍ အရိုးစုကြီး၏ဦးခေါင်းကို လှည့်ပတ်ပျံသန်းလိုက်၏။ ထို့ပြင် သူ၏လှံနှင့်လည်း ဧရာမဦးခေါင်းကြီးကို အဆက်မပြတ် ထိုးလိုက်ပေသည်။

ဧရာမအရိုးစုကြီးက အနောက်သို့ အဆက်မပြတ် ဆုတ်နေရ၏။ ၎င်း၏အရှိန်အဝါကလည်း တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် ၎င်း ဒေါသတကြီး အော်လိုက်သည်။ ၎င်း၏ကိုယ်ပေါ်မှ ပုံသဏ္ဌာန်များက အဆက်မပျက်လင်းလက်လာပြီး ၎င်း၏လက်ကြီးက တိမင်နှင့် ကျန်းရီတို့ကို ရိုက်လိုက်သည်။

“ပြန်ဆုတ်...”

တိမင်သည် မျက်လုံးထောင့်စွန်းမှနေ၍ ဧရာမလက်ကြီးကို မြင်လိုက်၍ ချက်ချင်း ပြန်ဆုတ်လိုက်၏။ ထိုဧရာမအရိုးစုကြီး၏ တမလွန်ဘုံအရှိန်အဝါက သိသိသာသာ လွင့်ပြယ်သွားပေပြီ။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်က ယခုတွင် ၎င်းကို အလွယ်တကူ သတ်ပစ်နိုင်ပြီဖြစ်သည်။ တိမင်လက်ထဲမှ လှံရှည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူ မြန်နိုင်သမျှ အမြန်ဆုံး ရှောင်ထွက်လိုက်လေသည်။

တိမင်သည် ကျန်းရီကို အဝေးသို့ ခေါ်သွားကာ အတန်ငယ် အနားယူစေလိုက်၏။ ပြီးမှ နောက်ထပ်ပစ်မှတ်တစ်ခုသို့ ဆက်သွားသည်။ နောက်ထပ် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်ကလည်း သူတို့နှင့် အလွန်လိုက်လျောညီထွေ ပူးပေါင်းခဲ့သည်။ သို့ဖြင့် ကျန်းရီနှင့် တိမင်တို့သည် တိုက်ပွဲတွင် ဝင်ပါကာ လူသားသိုင်းသမားများ အသာစီးရရန် ကူညီပေးနေလေသည်။ ဆယ်မိနစ်ကြာပြီးနောက် ဧရာမအရိုးစုကြီးတစ်ကောင် စတင် လဲပြိုသွားသည်။ ထိုအရိုးစုကြီးကို တိုက်ခိုက်နေခဲ့သော စွမ်းအားကြီး သိုင်းသမားနှစ်ယောက်သည် တစ်ချက်ပင် မနားဘဲ အခြားသူများကို ချက်ချင်းသွားကူသည်။ တိမင်နှင့် ကျန်းရီတို့လည်း ထို့နှစ်ယောက်နောက်သို့လိုက်ကာ ဝင်ကူလိုက်သည်။ သူတို့သည် အခြားဧရာမအရိုးစုကြီးတစ်ကောင်ကို အတူတကွ အနိုင်ယူနိုင်လိုက်ကြပြန်သည်။

“ပြီးတော့မယ်...”

ငါးကောင်မြောက် ဧရာမအရိုးစုကြီး လဲပြိုသွားပြီးနောက် တိမင်သည် မိုလင်းချိုးနှင့် ကျိုးထျန်းဝူတို့ကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

“နောက်မှာ လူဆယ်ယောက် ချန်ခဲ့ပြီး ကျန်တဲ့သူတွေက ပင်လယ်ကြမ်းပြင်ဆီ သွားကြပါ”

ဝှစ်...ဝှစ်...

အင်အားပိုနည်းသော သိုင်သမားဆယ်ယောက်က နောက်တွင်ချန်နေခဲ့ပြီး ကျန်ဧရာမအရိုးစုငါးကောင်ကို ဆက်တိုက်ခိုက်လိုက်ကြသည်။ ကျန်လူဆယ့်တစ်ယောက်က ကျန်းရီနှင့်အတူ ပင်လယ်ကြမ်းပြင်ဆီသို့ သွားလိုက်ကြသည်။ ပင်လယ်အောက်ထဲတွင် တမလွန်ဘုံမိစ္ဆာများစွာ ရှိနေသည်။ သို့သော် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများတော့ ရှိမနေတော့ပေ။ ကျန်းရီတို့တစ်ဖွဲ့လုံးသည် ပင်လယ်အောက်ခြေသို့ သွားနေရင်း ပင်လယ်ရေက ပိုအေးလာကြောင်း ခံစားလာရ၏။ အေးလွန်းသဖြင့် ကျန်းရီ အအေးဒဏ်ကို တောင့်မခံနိုင်‌တော့ချေ။

“တိရှအရှင်လား”

မည်းမှောင်နေသော ပင်လယ်ရေထုထဲတွင် ဧရာမ အစိမ်းရောင်အစီအရင်ကြီးတစ်ခုက တောက်ပနေ၏။ ၎င်းအစီအရင်ထဲတွင် ခြေလက်များကို သံချိန်းကြိုးများနှင့် တုပ်နှောင်ခံထားရသော အဘိုးအိုတစ်ယောက် ရှိနေသည်။ သူ့ကို အနက်ရောင်အခိုးအငွေ့များက လွှမ်းခြုံထား၏။ သူ၏ဝတ်ရုံကလည်း စုတ်ပြဲနေပြီး သူ့ကိုယ်ပေါ်တွင် အစိမ်းရောင်သွေးကြောများ ထောင်ထနေသည်။ သူသည် ပင်လယ်ကြမ်းပြင်တွင် လူးလွန့်ကာ အော်ဟစ်နေပေသည်။

“တိရှအရှင်...”

မိုလင်းချိုး အော်ခေါ်လိုက်သည်။ ထို့နောက် သူသည် အရူးတစ်ယောက်ကဲ့သို့ ပင်လယ်ကြမ်းပြင်ဆီ လျင်မြန်စွာ ကူးခတ်သွားလိုက်၏။ ချင်လျန်ရှန်၊ ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်နှင့် အခြားသူများအားလုံးလည်း နောက်မှ ထက်ကြပ်မကွာလိုက်သွားကြသည်။ အေးစက်သော သံချိန်းကြိုးများ၏ တုပ်နှောင်မှုကို ခံထားရသော တိရှအရှင်၏ မျက်လုံးများထဲတွင် စိုးရိမ်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူသည် နီရဲနေသော မျက်လုံးများဖြင့် မိုလင်းချိုးတို့ကို ကြည့်လိုက်ပြီး ဝမ်းခေါင်းသံကြီးဖြင့် အော်ပြောလိုက်သည်။

“အနားကို ကပ်မလာနဲ့။ မဟုတ်ရင် မင်းတို့အကုန်လုံးလည်း ထိန်းချုပ်ခံလိုက်ရလိမ့်မယ်။ ထွက်သွားကြ”

All Chapters