တမလွန်ဘုံဘုရင်၏ ကိုယ်ပွား
Vol. 106 Ch. 1476
“အာ...”
မိုလင်းချိုးတို့ ရပ်တန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ မည်သို့ဆက်လုပ်ရမည် မသိကြတော့ပေ။ တိရှအရှင်က ထိုအခြေအနေတွင် ရှိနေပြီဖြစ်ရာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခံထားရပြီးဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သာ သူ့ကို သွားမကယ်လျှင် သူမည်မျှကြာကြာ ဆက်တောင်ခံနိုင်ဦးမည်နည်း။ သူ တောင့်မခံနိုင်တော့လျှင် တိရှဘုံက ကပ်ဘေးနှင့် ကြုံရပေလိမ့်မည်။
‘အနားကိုကပ်သွားရင် ငါတို့လည်း ထိန်းချုပ်ခံရမှာလား’
မိုလင်းချိုးတို့သည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်ကြ၏။ သို့သော် ပတ်ဝန်းကျင်တွင် အဆင့်မြင့် တမလွန်ဘုံမိစ္ဆာများ မရှိပေ။ တမလွန်ဘုံမိစ္ဆာဘုရင်လည်း ရှိမနေပေ။ တမလွန်ဘုံတမန်တော် အနည်းငယ်ရှိနေသည်။ ၎င်းတို့သည် တိရှအရှင်နားသို့ ကပ်မသွားဝံ့ကြပေ။ ၎င်းတို့ကလည်း အစီအရင်ကို ကြောက်ပုံပေါ်ပေသည်။
‘အဲ့အစီအရင်က တစ်ခုခု ဖြစ်နေလို့လား’
မိုလင်းချိုးတို့သည် အစီအရင်ကို ထပ်စူးစမ်းလိုက်ကြ၏။ ထိုအစီအရင်က လူသားများ ပြုလုပ်သော အစီအရင်များနှင့် သိပ်မကွာပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းအစီအရင်က တမလွန်ဘုံအရှိန်အဝါကို အဆက်မပြတ် ထုတ်လွှတ်နေခြင်းဖြစ်သည်။ ကျန်အရာအားလုံးမှာမူ လူလုပ်အစီအရင်များနှင့် အတူတူသာ ဖြစ်ပေသည်။
“အား...”
တိရှအရှင်က နာကျင်တကြီး ဆက်အော်ဟစ်နေ၏။ တမလွန်ဘုံအရှိန်အဝါများက သူ့ခန္ဓာကိုယ်ထဲသို့ ဆက်စိမ့်ဝင်နေသည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အနက်ရောင်အခိုးအငွေ့များက ပိုသိမ်းသည်းလာပြီး သူလည်း ပိုရုန်းကန်လာရသည်။ သူ့မျက်နှာထားက အလွန်နာကျင်နေပုံပေါ်ပေသည်။ သူ့မျက်နှာက ရှုံ့တွနေပြီး သူ့မျက်လုံးများက အနီရောင်လင်းလိုက်၊ အနက်ရောင်လင်းလိုက်နှင့် ရှိနေသည်။ သူ့ပါးစပ်ထဲမှ သွားများသည်ပင် စက္ကန့်နှင့်အမျှ ပိုရှည်ထွက်လာသည်။
“ကျုပ် သွားပြီးကြိုးစားကြည့်လိုက်မယ်”
မိုလင်းချိုးသည် တိရှအရှင်ကို ကြည့်၍ ဆက်စိတ်ထိန်းမထားနိုင်တော့ပေ။ သူ့လက်ထဲတွင် အစိမ်းရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ကောင်းကင်စွမ်းအားထုတ်၍ အေးစက်စက် သံချိန်းကြိုးများကို ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။ သူသာ ထိုသံချိန်းကြိုးများကို ဖြတ်နိုင်လိုက်လျှင် တိရှအရှင် လွတ်မြောက်သွားပေလိမ့်မည်။ ထိုအခါ ကျန်းရီက တိရှအရှင်၏ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနိုင်ပေသည်။
အခြားလူများသည်လည်း အတူပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့သည် ကူညီရန်အတွက် တစ်ယောက်ပြီးတစ်ယောက် တိုက်ကွက်ပြင်လိုက်ကြသည်။ မိုလင်းချိုးက သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို သုံးနေခြင်းဖြစ်လာသည်။ သူတို့ပတ်ပတ်လည်မှ ရေထုထဲတွင်ပင် အက်ကြောင်းများ ထင်လာသည်။ ဤအတိုင်းသာဆက်သွားလျှင် အဝေးမှ ကောင်းကင်ကုလားအုပ်တောင်ပင် ပြိုသွားလောက်ပေသည်။
သို့သော်...
မိုလင်းချိုး၏ဓားက သံချိန်းကြိုးများကို မထိသေးခင်မှာပင် အစီအရင်က လင်းလက်လာသည်။ ချိန်းကြိုးအသစ်လေးချောင်း ရုတ်တရက် ထွက်ပေါ်လာကာ မိုလင်းချိုး၏ ခြေလက်များကို လှမ်းဖမ်းဆွဲလိုက်သည်။ မိုလင်းချိုးသည် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ သူ့ခြေလက်များအားလုံး ဖမ်းချုပ်ခံလိုက်ရသည်။ ထို့ပြင် ချိန်းကြိုးများက သူ့ကိုထိသွားသည်နှင့် သူ့ကောင်းကင်စွမ်းအားက ရှုပ်ထွေးသွားသည်။ သူ ဓားရှည်ကို ဆက်မကိုင်ထားနိုင်တော့ဘဲ အစီအရင်ထဲ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။
ရွှီး...ရွှီး...
အစီအရင်ထဲမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်လာပြီး မိုလင်းချိုး၏ခန္ဓာကိုယ်ထဲ ဝင်သွား၏။ မိုလင်းချိုးသည် တစ်စက္ကန့်သာ အားကုန်ရုန်းကန်နိုင်လိုက်ပြီး ယင်းနောက် လုံးဝငြိမ်သွားလေတော့သည်။
မျှော်လင့်ထားသလိုပင်...
တိမင်တို့၏ အကြည့်များ အေးစက်သွားသည်။ တိရှအရှင်ပြောသည်မှာ မှန်ပေသည်။ သူတို့ သူ့ကိုကယ်တင်ရန် ကြိုးစားလျှင် သူတို့လည်း ချိန်းကြိုးများ၏ ဖမ်းချုပ်ခြင်းကို ခံရကာ တမလွန်ဘုံကျွန်အဖြစ် ပြောင်းလဲခံရမည်ဖြစ်သည်။
‘ငါ ဘာလုပ်သင့်လဲ... ငါ ဘာလုပ်သင့်လဲ’
ချင်လျန်ရှန်တို့ မည်သို့ဆက်လုပ်ရမည် မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ ချိန်းကြိုးများအနားသို့ မသွားလျှင် ချိန်းကြိုးများကို ဖြတ်နိုင်မည် မဟုတ်ချေ။ သို့သော် ချိန်းကြိုးများအနားသို့ သွားလိုက်လျှင်လည်း ချိန်းကြိုးများ၏ ဖမ်းချုပ်မှုကို ခံရပေလိမ့်မည်။ မိုလင်းချိုးသည်ပင် ထိုချိန်းကြိုးများထဲမှ ရုန်းမထွက်နိုင်ခဲ့ရာ သူတို့လည်း ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။
“အစီအရင်ကို တိုက်ခိုက်”
ကျိုးထျန်းဝူ၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။ ထို့နောက် သူ ကောင်းကင်စွမ်းအားကို အသုံးပြု၍ ရေထဲတွင် အော်ပြောလိုက်သည်။
“အဓိကက အစီရင်ပဲ။ ကျုပ်တို့ အစီအရင်ကို ဖျက်ဆီးနိုင်ရင် ချိန်းကြိုးတွေက အလိုလိုပြေသွားမှာပဲ”
“ဟုတ်တယ်...”
အားလုံး၏ မျက်လုံးများ တောက်ပသွားသည်။ သူတို့သည် လူဖြန့်လိုက်ကာ အရပ်မျက်နှာအနှံ့မှနေ၍ အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။ တိမင်သည် ကျန်းရီကို ဘယ်ဘက်သို့ ခေါ်သွားပြီး လှံရှည်ဖြင့် အောက်ဘက်သို့ စွမ်းအင်ပစ်လွှတ်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
အားလုံး ကောင်းကင်စွမ်းအားများသုံး၍ တိုက်ခိုက်လိုက်ကြ၏။ သို့သော် သူတို့၏ တိုက်ခိုက်မှုများက အစီအရင်သို့ မရောက်သေးခင်မှာပင် အနက်ရောင်အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာပြီး အစီအရင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူတို့၏ တိုက်ခိုက်မှုများက ထိုအနက်ရောင်အခိုးအငွေ့များကို ဖြတ်သန်းရစဉ်တွင် သိသိသာသာ အားလျော့သွားကြပေသည်။
သုံးချီတိုက်ခိုက်ပြီးနောက်တွင် အားလုံး ရပ်တန့်လိုက်ကြသည်။ အစီအရင်ထဲမှနေ၍ အလွန်တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာနေသည်။ ထိုအသံက ချိန်းကြိုးများ ကျောက်တုံးကြီးတစ်တုံးနှင့် ထိတိုက်နေသံကဲ့သို့ပင်။
“အား...အား...”
တိရှအရှင်က ပို၍ ရုန်းကန်လာရပြီး မိုလင်းချိုးသည်လည်း နာကျင်တကြီး စတင်အော်ဟစ်လာရသည်။ တိမင်တို့ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ယခု သူတို့ နောက်ပြန်ဆုတ်နိုင်ပါမည်လော။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများ သူတို့ကို လာကယ်မည်ကို စောင့်နေရမည်လော။ တိရှအရှင်သည် သူအဖမ်းခံရကတည်းက သိမ်းငှက်စိမ်းဘုရင်နှင့် ဝိညာဉ်ဘုရင်တို့ထံ အကူအညီလှမ်းတောင်းထားပြီးဖြစ်သည်။ သို့သော် ထိုစွမ်းအားကြီး သိုင်းသမားများက အချိန်မီ ရောက်လာပါမည်လော။ ဘုံတစ်ဘုံမှ အခြားတစ်ဘုံသို့ လာရန် အချိန်အတော်ကြာယူရပေသည်။ တိရှမြို့မှနေ၍ သူတို့ထံ လာမည်ဆိုလျှင်ပင် နာရီများစွာ ကြာမည်ဖြစ်သည်။
တိမင်သည် အတန်ကြာ စဉ်းစားနေပြီးနောက် ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းမော့လိုက်၏။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။
“ကျုပ်တို့ အတူဝင်တိုးမယ်ဆိုရင်ရော။ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးပြီး ချိန်းကြိုးတွေကို ဖြတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ တိရှအရှင်ကိုသာ ကယ်ထုတ်နိုင်မယ်ဆိုရင် ကျုပ်တို့ထဲကတချို့ ပိတ်မိနေခဲ့မယ်ဆိုရင်လည်း ဘာအရေးလဲ။ ကျန်းရီက တိရှအရှင်ကို သန့်စင်ပေးပြီးရင် သူတို့က ကျုပ်တို့ကို ကယ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှာနိုင်မှာပဲ”
“အာ...”
ကျိုးထျန်းဝူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုံ့ဆိုင်းသွားကြ၏။ အကယ်၍ သူတို့အားလုံးက အစီအရင်ထဲတွင် ပိတ်မိသွားမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ လူတိုင်း မိမိကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်သည်။ တိရှအရှင်က ထိန်းချုပ်ခံလိုက်မည်ဆိုလျှင်ပင် ဝိညာဉ်ဘုရင်နှင့် အခြားသူများ ရောက်လာသည်နှင့် သူ့ကို ကယ်တင်နိုင်လောက်သေးသည်။ မကယ်နိုင်သဖြင့် တိရှအရှင်ကို သတ်လိုက်ရမည်ဆိုလျှင်လည်း၊ ဘုံအရှင်အပြောင်းအလဲကြောင့် မျိုးနွယ်ကြီးများတွင် အထိအခိုက်ရှိမည်ဆိုလျှင်လည်း မိမိ သေရခြင်းထက်တော့ ကောင်းသေးသည် မဟုတ်လော။
မိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်သည် ကျန်လူများက တုံ့ဆိုင်းနေသည်ကို တွေ့လိုက်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ... တိရှအရှင်က ခင်ဗျားတို့အကုန်လုံးအပေါ် ကြင်ကြင်နာနာ မဆက်ဆံခဲ့ဘူးလား။ ရှောင်ယောင်ဘုရင်နဲ့ ရှစ်ရှဲ့ဘုရင်က တိရှဘုံကို မျက်စိကျနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိတာပဲ။ တိရှအရှင် သေသွားတာနဲ့ သူတို့ထဲက တစ်ယောက်ယောက်က တိရှဘုံကို သိမ်းပိုက်လိမ့်မယ်။ သူတို့ရဲ့ အကျင့်စရိုက်ကို တွေးပြီး ကျုပ်တို့အကုန်လုံးအတွက် ဘာကအကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်ကြပါ”
“ဟင်း...”
ကျိုးထျန်းဝူတို့ မျက်နှာထား ပြောင်းသွားကြ၏။ ထိုဘုရင်နှစ်ပါးမှာ အထက်ဘုံတစ်ခုလုံးတွင် ကျော်ကြားသည်။ သူတို့က ထပ်တန်းဘုံဆယ်ဘုံကို အမြဲရန်လိုခဲ့ကြသည်။ ကျိုးထျန်းဝူက စစ်နတ်ဘုရားစံအိမ်မှ ဖြစ်သော်လည်း ထိုဘုရင်တစ်ပါးပါးက တိရှဘုံကို သိမ်းပိုက်လိုက်မည်ဆိုလျှင် သူ့အတွက် အကျိုးအမြတ် မရှိနိုင်ပေ။ ဟယ်မျိုးနွယ်သည်လည်း မှောင်ခိုဈေးရဲတိုက်ကို ဆက်ဖွင့်ခွင့်ရလိမ့်မည် မဟုတ်ချေ။ တိရှအရှင်က လူကောင်းတစ်ယောက်အဖြစ် ကျော်ကြားသည်။ သူက အမြဲရက်ရောကာ မျိုးနွယ်ကြီးများအပေါ် ညှာတာသည်။ အခြားဘုံအရှင်များဆိုလျှင် သူတို့ကို ဤကဲ့သို့ ကောင်းမွန်စွာနေထိုင်ခွင့် ပေးပါမည်လော။
“စွန့်စားရမှာပဲ...”
ကျိုးထျန်းဝူ အံကြိတ်ကာ အော်လိုက်သည်။ အကယ်၍ တိရှအရှင် သေသွားလျှင် ကျိုးမျိုးနွယ်အတွက် များစွာထိခိုက်သွားပေလိမ့်မည်။ သူတို့အားလုံး တစ်ပြိုင်တည်းတိုက်ခိုက်ကာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးမည်ဆိုလျှင် တိရှအရှင်ကို ကယ်ထုတ်နိုင်ခြေရှိလောက်သေးသည်။ သူတို့ထဲမှအချို့က အစီအရင်ထဲတွင် ပိတ်မိနေခဲ့မည်ဆိုလျှင်လည်း ဘာအရေးနည်း။ ကျန်းရီ ရှိနေလျှင် တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပစ်နိုင်သည်။ တိရှအရှင်ကလည်း သူတို့ကို ကယ်တင်ရန် နည်းလမ်းတစ်ခု ရှာပေလိမ့်မည်။
“ကျန်းရီ... ဒီမှာနေခဲ့။ မလှုပ်နဲ့။ ငါတို့ တိရှအရှင်ကို ကယ်နိုင်လိုက်ရင် မင်း သူ့ကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါကို ချက်ချင်း သန့်စင်ပေးလိုက်ပါ။ ကျန်တဲ့ကိစ္စတွေကို အရေးမစိုက်နဲ့။ တိရှအရှင်ဆီက တမလွန်ဘုံအရှိန်အဝါတွေကို သန့်စင်ပြီးတာနဲ့ စွမ်းအားကြီး သိုင်းသမားတွေကို သွားရှာပြီး မင်းကို မြို့ဆီ ပြန်ပို့ပေးဖို့ အကူအညီတောင်းလိုက်။ နားလည်လား”
တိမင်က ကျန်းရီထံသို့ အသံပို့လွှတ်ကာ ညွှန်ကြားလိုက်၏။ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း တမလွန်ဘုံတမန်တော်များက သူတို့နားသို့ ကပ်မလာဝံ့ကြသေးပေ။ ထို့ကြောင့် ကျန်းရီ အစီအရင်အနားတွင် နေခဲ့မည်ဆိုလျှင် လုံခြုံလောက်သည်။ ပင်လယ်ထက်တွင် ဧရာမအရိုးစုကြီးငါးကောင် ကျန်နေသေးသည်။ သို့သော် ၎င်းတို့က မကြာခင်တွင် ဖျက်ဆီးခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး အစီအရင်ထဲတွင် ပိတ်မိသွားမည်ဆိုလျှင်ပင် ကျန်းရီက ပင်လယ်ထက်သို့ပြန်တက်၍ ကျန်ခဲ့သော စွမ်းအားကြီး သိုင်းသမားများကို ရှာနိုင်ပေသေးသည်။ ထို့ကြောင့်လည်း တိမင် သိပ်မစိုးရိမ်ခြင်းဖြစ်သည်။
“အသင့်ပြင်ထားကြတော့”
တိမင်သည် ကျန်လူများကို အော်ပြောလိုက်၏။ အားလုံး သူတို့၏ လက်နက်များကို အသင့်ပြင်ထားလိုက်ကြသည်။ ထိုလက်နက်များက အစီအရင်နှင့်အပြိုင် လင်းလက်နေပေသည်။ သူတို့အားလုံး တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။ ကျန်းရီသည် ပင်လယ်ရေထုထဲတွင် မလှုပ်မယှက် ငြိမ်နေ၏။ သူ၏စွမ်းရည်က အလွန်အဆင့်နိမ့်လွန်းသည်။ ထိုကဲ့သို့သော အဆင့်မြင့်တိုက်ပွဲတစ်ခုထဲတွင် သူ ဝင်ပါနိုင်ရန် အဆင့်မမှီပေ။
ဝှစ်...ဝှစ်...ဝှစ်...
လူဆယ်ယောက်သည် အစီအရင်ဆီသို့ တစ်ပြိုင်တည်း ကူးခတ်သွားကြ၏။ ထိုအခိုက်တွင် တိရှအရှင်က အတန်ငယ် အသိကပ်လာပုံပေါ်သည်။ သူသည် လူဆယ်ယောက်က သူ့ထံ လျင်မြန်စွာကူးခတ်လာသည်ကို တွေ့လိုက်သောအခါ နာကျင်စွာ အော်ပြောလိုက်၏။
“အရူးတွေ... ထွက်သွားကြ။ ငါ့ခန္ဓာကိုယ်ကို တမလွန်ဘုံ...”
တိရှအရှင်သည် စကားမဆုံးသေးခင်မှာပင် မျက်လုံးများ နီရဲလာ၏။ သူ နာကျင်တကြီး အော်ဟစ်လိုက်ပြီး ထပ်မံလူးလွန့်လိုက်သည်။ သူ့ခြေလက်များမှ ချိန်းကြိုးများက အချင်းချင်း ပွတ်တိုက်နေကြသည်။ ထိုအခိုက်တွင် ကျန်းရီ အလွန်မသက်မသာ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ရေထဲတွင် ပြောနိုင်ရန်အတွက် ကောင်းကင်စွမ်းအားသုံးကာ အော်ပြောလိုက်သည်။
“နောက်ဆုတ်ကြ...”
တိမင်တို့သည်လည်း တစ်စုံတစ်ခု မှားနေကြောင်း ခံစားနေရပြီးဖြစ်သည်။ သို့သော် ပြန်ဆုတ်ရန် အလွန်နောက်ကျသွားပေပြီ။ တိရှအရှင်၏ခန္ဓာကိုယ်အတွင်းမှနေ၍ အလွန်သိပ်သည်းသော တမလွန်ဘုံအရှိန်အဝါ ထွက်လာသည်။ ထိုအရှိန်အဝါက တိမင်တို့အုပ်စုကို တစ်စက္ကန့်အတွင်း လွှမ်းခြုံသွားသည်။ ပင်လယ်ကြမ်းပြင်ထဲမှနေ၍ မရေမတွက်နိုင်သော သံချိန်းကြိုးများ ထွက်လာ၏။ ထို့နောက် စိတ်လှုပ်တရှား ရယ်လိုက်သံကြီး ထွက်ပေါ်လာသည်။
“ဟက်ဟက်... မင်းတို့က တမလွန်ဘုံနတ်ဘုရားအစီအရင်ထဲကို ဝင်လာပြီး ပြန်ထွက်သွားချင်သေးတာလား။ ငါက ပိုနိမ့်တဲ့ဘုံဆီ ကိုယ်ပွားတစ်ယောက် ပို့နိုင်ဖို့ တန်ကြေးကြီးကြီး ပေးခဲ့ရတာ။ မင်းတို့လို့ ပုရွက်ဆိတ်လေးတွေကတောင် ငါ့အစီရင်ထဲက လွတ်မြောက်သွားနိုင်မယ်ဆိုရင် ငါ့ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားမှာပေါ့”
“တမလွန်ဘုံဘုရင်...”
ကျန်းရီ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုအခိုက်တွင် အဘယ်ကြောင့် တိရှအရှင်က သူတို့ကို ချက်ချင်း ထွက်သွားဖို့ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့် တမလွန်ဘုံတမန်တော်များက အစီအရင်နားသို့ ကပ်မလာဝံ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။ အဆိုးဝါးဆုံးရလဒ်က သူတို့၏ မျက်လုံးများရှေ့တွင် ရှိနေပေပြီ။ တမလွန်ဘုံဘုရင်တစ်ပါးက အမှန်ပင် တိရှဘုံထဲသို့ ကိုယ်ပွားတစ်ယောက် ပို့ခဲ့သည်။ ၎င်းကိုယ်ပွားက တိရှအရှင်၏ ကိုယ်ထဲတွင် ပုန်းအောင်းနေခဲ့ရာ မည်သူမှ ၎င်းကို သတိမပြုမိခဲ့ခြင်းဖြစ်သည်။
‘ထွက်ပြေးရမယ်...’
ကျန်းရီ လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။ သူသည် မိုးမြေစွမ်းအား ထုတ်၍ သူ့ခန္ဓာကိုယ်ကို အဆတစ်ရာပိုသန်မာသွားအောင် လုပ်၍ ပင်လယ်ပြင်ထက်သို့ မြန်နိုင်သမျှ အမြန်ဆုံး ကူးခတ်သွားလိုက်သည်။ သို့သော် သူ့နားထဲတွင် တမလွန်ဘုံဘုရင်၏ ခနဲ့တဲ့တဲ့အသံကို ထပ်မံကြားလိုက်ရသည်။
“ပုရွက်ဆိတ်လေး.. မင်းက ပြေးဖို့ ကြိုးစားနေတုန်းပဲလား။ မင်းက ငါ့ကို လျှော့တွက်တာပဲ”