မင်တိ
Vol. 106 Ch. 1477
ရွှီး...
အေးစက်စက် သံချိန်းကြိုးသည် ကျန်းရီနောက်သို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် လိုက်လာ၏။ ကျန်းရီက မဟာနတ်ဘုရားအတတ်ကို သုံး၍ သူ့ခန္ဓာကိုယ်ကို အဆတစ်ရာပိုသန်မာလာအောင် လုပ်ထားသော်လည်း အသုံးမဝင်ပေ။ မိုလင်းချိုးပင် ဖမ်းချုပ်ခံခဲ့ရရာ ကျန်းရီလည်း ချိန်းကြိုး၏ အောက်သို့ဆွဲချမှုကို ခံလိုက်ရလေသည်။
‘ငါတော့သွားပြီ’
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ စွမ်းအားကြီး သိုင်းသမား ဆယ့်တစ်ယောက်က ချုပ်နှောင်ခံထားရပြီး မကြာခင်တွင် တမလွန်ဘုံ၏ ရုပ်သေးရုပ်များ ဖြစ်သွားတော့မည်ဖြစ်သည်။ ပင်လယ်ထက်တွင် ကျန်ခဲ့သော ဆယ်ယောက်က ဧရာမအရိုးစုကြီးများကို မြန်မြန်သတ်၍ ပင်လယ်အောက်ထဲ ဆင်းလာမည်ဆိုလျှင်လည်း သူတို့ ဘာတတ်နိုင်မည်နည်း။ သူတို့က ရပ်ကြည့်နေရခြင်း သို့မဟုတ် ထိန်းချုပ်ခံလိုက်ရခြင်းသာ ရှိပေလိမ့်မည်။
‘ဒါတွေက သံချိန်းကြိုးအစစ်တွေ မဟုတ်ဘူး... တမလွန်ဘုံအရှိန်အဝါကနေ ဖြစ်တည်လာတာပဲ’
ကျန်းရီသည် ဖမ်းချုပ်ခံလိုက်ရချင်းချင်း အထက်ပါအကြောင်းကို သိလိုက်၏။ ချိန်းကြိုးများထဲမှ တမလွန်ဘုံအရှိန်အဝါများက သူ့ကိုယ်ထဲနှင့် သူ့စိတ်ဝိညာဉ်ထဲသို့ ဝင်လာနေသည်။ မိုလင်းချိုးက အဖမ်းခံရသည်နှင့် မလှုပ်နိုင်တော့ခြင်းမှာ အံ့ဩစရာမရှိပေ။ တမလွန်ဘုံအရှိန်အဝါများ၏ ထိန်းချုပ်မှုက အလွန်မြန်ဆန်ရာ သူ မလှုပ်ရှားနိုင်တော့ချေ။ သူ၏စိတ်ဝိညာဉ်ပါ အပြည့်အဝ ထိန်းချုပ်ခံလိုက်ရလျှင် သူ တမလွန်ဘုံကျွန်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ရွှီး...
ကျန်းရီက တမလွန်ဘုံအရှိန်အဝါကို မကြောက်ပေ။ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးများ လင်းလက်လာသည်။ ထို့ကြောင့် တမလွန်ဘုံအရှိန်အဝါ မည်မျှများများ ဝင်လာလာ ချက်ချင်းသန့်စင်ပစ်ခံလိုက်ရသည်။ ကျန်းရီ ထိန်းချုပ်မခံရပေ။ သို့သော် သူ၏ခြေလက်များကို တမလွန်ဘုံအရှိန်အဝါမှ ဖြစ်တည်လာသော ချိန်းကြိုးများက ချုပ်နှောင်ထားသေးသည်။ သူ တံဆိပ်စာလုံးများကို အပြင်ထုတ်၍ သူ့ခြေလက်ပတ်ပတ်လည်မှ တမလွန်ဘုံအရှိန်အဝါကို ရှင်းမပစ်လျှင် သူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ပြဿနာမှာ...
တံဆိပ်စာလုံးများကို အပြင်ထုတ်လိုက်သည်နှင့် တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက ချက်ချင်း သိသွားမည်ဖြစ်သည်။ ၎င်းက ကိုယ်ပွားသာဖြစ်သော်လည်း ကျန်းရီကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ပစ်နိုင်သည်။
ကျန်းရီသည် အလျင်စလို မလုပ်ဝံ့သဖြင့် သူ၏ စိတ်ဝိညာဉ်ကိုသာ ထိန်းချုပ်ခံရမည့်အဖြစ်မှ ကာကွယ်ထားလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းဝင်၍ ပတ်ဝန်းကျင်ကို အသေးစိတ် အာရုံခံလိုက်လေသည်။
အခြေအနေက မကောင်းပေ။
အားလုံး ချုပ်နှောင်ခံထားရပြီး သူတို့၏ မျက်လုံးများက နက်တစ်ခါ၊ နီတစ်လှည့် လင်းလက်နေကြသည်။ ရံဖန်ရံခါဆိုသလို တစ်ယောက်ယောက်က ဒေါသတကြီး အော်နေသည်။ အနက်ရောင်အရှိန်အဝါကလည်း သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံထားပေသည်။
သို့သော် ပတ်ဝန်းကျင်ရှိ အနက်ရောင်အရှိန်အဝါ အများစုက ပျောက်ကွယ်သွားပေပြီ။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက တိရှအရှင်ကို အပြည့်အဝထိန်းချုပ်နိုင်ရန်သာ အာရုံစိုက်ထားသည်။ တိရှအရှင်ကို ထိန်းချုပ်နိုင်လိုက်သည်နှင့် တိရှဘုံက ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။ အခြားဘုံများမှ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများ အချိန်မီ ရောက်မလာလျှင် တိရှအရှင်တစ်ယောက်တည်းက တိရှဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။ ထိုအခါ တိရှဘုံက တမလွန်ဘုံ၏ ကစားကွင်း ဖြစ်သွားပေလိမ့်မည်။
‘တိမင်၊ မိုလင်းချိုးနဲ့ ကျိုးထျန်းဝူတို့ကို လွှမ်းခြုံထားတဲ့ တမလွန်ဘုံအရှိန်အဝါတွေကို သန့်စင်ပေးလိုက်ရမလား’
ကျန်းရီ တွေးလိုက်၏။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက တိရှအရှင်ကိုသာ အာရုံစိုက်နေကြောင်း ထင်ရှားသည်။ ကျန်းရီသာ သွက်သွက်လက်လက် လှုပ်ရှားလိုက်မည်ဆိုလျှင် တိမင်တို့၏ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးနိုင်လောက်သည်။ ထိုအခါ သူတို့ကို သူ့ကိုလည်း လွတ်အောင်လုပ်ပေးနိုင်လိမ့်မည်။
‘မဖြစ်သေးဘူး’
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထိုအကြံကို လက်လျှော့လိုက်၏။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက စွမ်းအားကြီး သိုင်းသမားများစွာကို တစ်ပြိုင်တည်း ဖမ်းချုပ်နိုင်ခဲ့သည်။ သူက သူတို့ထဲမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးလိုက်လျှင်ပင် သူတို့ မလွတ်မြောက်နိုင်လောက်ပေ။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ တိရှအရှင်ကို ကယ်ရန်ဖြစ်သည်။ သို့သော် တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက တိရှအရှင်၏ဘေးတွင် ရှိနေသည်။ ကျန်းရီတစ်ယောက်တည်းနှင့် တိရှအရှင်ကို ကယ်တင်နိုင်ပါမည်လော။
‘စွန့်စားရမှာပဲ...’
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ သူ့တွင် အခြားရွေးချယ်စရာလည်း မရှိတော့ပေ။ သူ တိရှအရှင်၏ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပစ်နိုင်မည့် နည်းလမ်းတစ်ခု ရှာရပေမည်။ မဟုတ်လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။ သူ၏လက်ရှိအင်အား၊ အမြန်နှုန်းနှင့် သူ လုံးဝထွက်ပြေးနိုင်မည် မဟုတ်ချေ။
ရွှီး...
ကျန်းရီ၏ စိတ်ဝိညာဉ်ထဲမှ တံဆိပ်စာလုံးများ လင်းလက်လာပြီး သူ့စိတ်ဝိညာဉ်ပင်လယ်ထဲမှ တမလွန်ဘုံအရှိန်အဝါအားလုံးကို သန့်စင်ပစ်လိုက်၏။ ထို့နောက် စာလုံးများက သူ့ခန္ဓာကိုယ်အတွင်းမှာ တမလွန်ဘုံအရှိန်အဝါများကိုလည်း သန့်စင်လိုက်သည်။ ကျန်းရီ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်သွားသည်။ သူ့ခြေလက်များကို ချုပ်နှောင်ထားသော သံချိန်းကြိုးလေးချောင်းလည်း အရည်ပျော်သွားသည်။ ကျန်းရီ လွတ်လပ်သွားပေပြီ။
“အန်...”
အံ့အားသင့်သံ တစ်သံ ထွက်ပေါ်လာသည်။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားသည် တိရှအရှင်ဘေးတွင် ရပ်ကာ တိရှအရှင်၏ခန္ဓာကိုယ်ထဲသို့ အနက်ရောင်အရှိန်အဝါများ ထည့်သွင်းနေသည်။ ကျန်းရီသည် ထိုနေရာသို့ မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ကူးခတ်သွားလိုက်၏။ သူ့ညာဘက်လက်မှလည်း အရောင်ငါးရောင် လင်းလက်လာပြီး ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာသည်။ ပတ်ပတ်လည်မှ အနက်ရောင်အရှိန်အဝါများလည်း သိသိသာသာ လွင့်ပြယ်သွားသည်။
“ဟုတ်ပြီ...”
ကျန်းရီ၏ခန့်မှန်းချက်က မှန်ခဲ့သည်။ မီးတောက်များတွင် အလွန်အားကောင်းသော ယန်ဓာတ်ရှိရာ တမလွန်ဘုံအရှိန်အဝါနှင့် သဘာဝရန်ဘက်ဖြစ်သည်။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားသည် ထပ်မံ၍ အံ့အားသင့်သံ ပြုလိုက်၏။ ထို့နောက် သူ တမလွန်ဘုံအရှိန်အဝါများကို ပိုများများ ထုတ်လွှတ်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ၏ တံဆိပ်စာလုံးများက ကြယ်တာရာများကဲ့သို့ အရှေ့သို့ ရွေ့လျားသွား၏။ ကျန်းရီသည် သူ့ကိုယ်သူ ကာကွယ်ရန် တံဆိပ်စာလုံးတစ်လုံးသာ ချန်ထားခဲ့သည်။ ကျန်စာလုံးများအားလုံးက တိရှအရှင်၏ ခေါင်းထဲသို့ ဝင်သွားလေသည်။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားသည် အတန်ငယ် အံ့အားသင့်သွား၏။ ထို့နောက် သူ့အသံ ထွက်ပေါ်လာသည်။
“ဒါကဘာလဲ.. ဘာလို့ အဲ့စာလုံးတွေမှာ အရမ်းအာကောင်းတဲ့ ယန်ဓာတ်အရှိန်အဝါ ရှိနေရတာလဲ။ ကောင်လေး... မင်း သေကိုသေရမယ်”
“ဆက်သွား...”
ကျန်းရီသည် မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ တံဆိပ်စာလုံးများကို တိရှအရှင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ အမြန်ဆုံးအရှိန်ဖြင့် ဝင်သွားစေလိုက်၏။ ၎င်းတို့က တိရှအရှင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲ ရောက်သောအခါ ကျန်းရီသည် စိတ်ဝိညာဉ်ပင်လယ်ထဲရှိ တမလွန်ဘုံအရှိန်အဝါများကို အရေးမစိုက်ဘဲ ၎င်းတို့ကို တိရှအရှင်၏ မူလစိတ်ဝိညာဉ်ထဲသာ ဆက်ဝင်သွားစေလိုက်သည်။
ရွှီး...
တိရှအရှင်၏ စိတ်ဝိညာဉ်က ရုတ်ခြည်းလင်းလက်လာ၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှနေ၍ တမလွန်ဘုံအရှိန်အဝါများ ထွက်သွား၏။ ထိုအရှိန်အဝါအားလုံးက ကျန်းရီ၏ကိုယ်ထဲ ဝင်သွားသည်။ တမလွန်ဘုံအရှိန်အဝါများသည် ကျန်းရီ၏ခန္ဓာကိုယ်အပြင်ရှိ မီးတောက်များကို လျစ်လျူရှု၍ ကျန်းရီကို အတင်းထိန်းချုပ်ရန် ကြိုးစားနေခြင်းပင်။
“ကျန်းရီလား... တောင့်ခံထား”
တိရှအရှင် အသိပြန်ကပ်လာ၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အနက်ရောင်အရှိန်အဝါများက ကျန်းရီကို လွှမ်းခြုံထားကြောင်း တွေ့လိုက်သောအခါ ချက်ချင်း အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူလက်အုပ်ချီလိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ်မှနေ၍ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်လာသည်။ သူက စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခု ထုတ်လွှတ်ရန် စွမ်းအင်စုစည်းနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
‘ကျွန်တော် အကြာကြီး တောင့်ခံမထားနိုင်ဘူး...’
ကျန်းရီသည် ထိုစကားကို တိရှအရှင်အား ပြောလို၏။ သို့သော် သူ ပါးစပ်မဟနိုင်ပေ။ ကြောက်မက်ဖွယ် တမလွန်ဘုံအရှိန်အဝါလှိုင်း တစ်လှိုင်းက သူ့ခန္ဓာကိုယ်ထဲသို့ဝင်ကာ သူ့စိတ်ဝိညာဉ်ဆီ ဦးတည်သွားနေသည်။ သူ့တွင် တံဆိပ်စာလုံးတစ်လုံး ကျန်သေးသော်လည်း၊ ၎င်းစာလုံးက တမလွန်ဘုံအရှိန်အဝါများကို အကောင်းဆုံး သန့်စင်ပေးနေသော်လည်း တမလွန်ဘုံအရှိန်အဝါများက အလွန်များပြားကာ ခက်ထန်နေပေသည်။ တမလွန်ဘုံအရှိန်အဝါများသည် ကျန်းရီ၏ စိတ်ဝိညာဉ်ဆီသို့ သွားကာ ကြောက်မက်ဖွယ်နှုန်းဖြင့် စိတ်ဝိညာဉ်ကို ထိန်းချုပ်နေလေသည်။
“ကောင်လေး... မင်းက ငါ့ရဲ့အကြံကို ဖျက်ရဲတယ်ပေါ့လေ။ အဲ့တော့ မင်းရဲ့ စိတ်ဝိညာဉ်ကို မိစ္ဆာချောက်နက်ထဲ ပို့ပေးရမှာပေါ့”
ကျန်းရီ၏ ခေါင်းထဲတွင် တမလွန်ဘုံဘုရင်၏ ခက်ထန်သောအသံ ထွက်ပေါ်လာ၏။ ကျန်းရီသည် သူက ပို၍ ပို၍ အားနည်းလာကြောင်း ခံစားရလာ၏။ သူသည် နောက်ဆုံးမျှော်လင့်ချက်အဖြစ် မီးနဂါးဓားထဲတွင် အိပ်စက်နေသည့် ဆန်းကြယ်သော အဘိုးအိုအပေါ် အာရုံစိုက်လိုက်သည်။ သူ ဆန်းကြယ်သော အဘိုးအိုကို အကြိမ်ကြိမ်ခေါ်ကာ နှိုးရန် ကြိုးစားလိုက်သည်။
ဆန်းကြယ်သော အဘိုးအိုက နိုးထမလာပေ။ သူက အလွန်အားနည်းနေသေးဆဲ ဖြစ်နိုင်သည်။ သို့သော် ကျန်းရီ၏ ခေါ်သံက မီးဝိညာဉ်ပုလဲထဲတွင် အိပ်စက်နေသော သားရဲလေးကို နိုးလာစေပေသည်။
‘ငါ့ကို ကယ်ပါ... ငါ့ကို ကယ်ပါ...’
ကျန်းရီ၏ အကူအညီတောင်းသံက အလွန်အသည်းအသန်ဖြစ်နေ၏။ သားရဲလေး၏ ခေါင်းပေါ်ရှိ ရွှေအိုရောင်အကြေးခွံလေးက ရုတ်တရက် ထောင်ထလာသည်။ သားရဲလေးသည် ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးအလား ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ မီးဝိညာဉ်ပုလဲထဲမှ ပျံထွက်လိုက်၏။ ထို့နောက် ၎င်းသည် ကျန်းရီ၏ ခန္ဓာကိုယ်ထဲဝင်ကာ ကျန်းရီ၏စိတ်ဝိညာဉ်ဆီသို့ သွားလိုက်လေသည်။
ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အနက်ရောင်အခိုးအငွေ့များနှင့် ပြည့်နှက်နေသည်ကို မြင်လိုက်သောအခါ သားရဲလေး၏ မျက်လုံးများ တောက်ပသွား၏။ ၎င်း၏ခေါင်းပေါ်ရှိ ဦးချိုလေးကလည်း လင်းလက်သွားသည်။ ယင်းနောက် ၎င်းသည် ဒေါသတကြီး အော်ကာ တမလွန်ဘုံအရှိန်အဝါများကို စတင်ဝါးမျိုလိုက်သည်။
‘အာ... အဲ့ဒါကဘာလဲ’
တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက တမလွန်ဘုံအရှိန်အဝါထဲတွင် ပုန်းအောင်းနေခြင်းပင်။ ထို့ကြောင့် တမလွန်ဘုံအရှိန်အဝါများက ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ဝါးမျိုခံနေရကြောင်းကို ၎င်း သိလိုက်သည်။ ရုတ်တရက် ၎င်း ကြောက်ရွံ့လာပေသည်။
တမလွန်ဘုံမိစ္ဆာအားလုံးက တမလွန်ဘုံအရှိန်အဝါမှ ဖြစ်တည်လာခြင်းပင်။ ထိုအရှိန်အဝါက သူတို့အင်အား၏ အရင်းအမြစ်ပင်။ တမလွန်ဘုံအရှိန်အဝါ မရှိလျှင် တမလွန်ဘုံဘုရင်၏ ကိုယ်ပွားမဆိုထားနှင့် တမလွန်ဘုံဘုရင် ကိုယ်တိုင်ဆိုလျှင်ပင် စွမ်းအားများစွာ လျော့ကျသွားမည်ဖြစ်သည်။
“ဒါက... အဲ့ဒါက အရာအားလုံးကို ဝါးမျိုးနိုင်တဲ့ ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျိုသားရဲလား”
တမလွန်ဘုံဘုရင်၏ အံ့အားသင့်နေသောအသံ ထွက်ပေါ်လာ၏။ ၎င်းသည် ခေတ္တမျှ မှင်တက်နေပြီးနောက် ကျန်းရီကို ထိန်းချုပ်ရန် အရေးစိုက်မနေတော့ဘဲ ကျန်နေသေးသည့် တမလွန်ဘုံအရှိန်အဝါများကို ထိန်းချုပ်ကာ ကျန်းရီခန္ဓာကိုယ်ထဲ လျင်မြန်စွာ ထွက်သွားလိုက်သည်။
ရွှီး...
တမလွန်ဘုံအရှိန်အဝါများ ပြန်ထွက်သွားသောအခါ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ တံဆိပ်စာလုံးက ရုတ်ခြည်း ပြန်တောက်ပလာပြီး ကျန်းရီ၏မူလစိတ်ဝိညာဉ်ဆီ သွားကာ ၎င်းကို သန့်စင်ပေးလိုက်သည်။
“မင်းက ထွက်ပြေးချင်သေးတာလား။ မိစ္ဆာသုတ်သင်ရွှေခန္ဓာ...”
တမလွန်ဘုံဘုရင်၏ ကိုယ်ပွားက ကျန်းရီ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာချိန်တွင် တိရှအရှင်၏ခန္ဓာကိုယ်က ရွှေရောင်အလင်း တောက်ပလာ၏။ တိရှအရှင်သည် ဗုဒ္ဓတစ်ပါးကဲ့သို့ပင်။ မည်သူကမှ သူ့ကို တိုက်ရိုက်ကြည့်ဝံ့မည် မဟုတ်ချေ။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရွှေရောင်အလင်းထဲတွင် ဆန်းကြယ်သောစွမ်းအင်တစ်မျိုးပါ၍ ထိုအလင်းက တမလွန်ဘုံအရှိန်အဝါကို လျင်မြန်စွာ ရှင်းပစ်နိုင်နေလေသည်။
“အားလုံးပြီးသွားပြီ...”
တမလွန်ဘုံဘုရင်၏ ကိုယ်ပွားသည် ဆက်၍ ထွက်မပြေးတော့ပေ။ ၎င်းက ဖျက်ဆီးခံရတော့ပေမည်။ ၎င်း၏ တိရှဘုံကို ကျူးကျော်မည့် အစီအစဉ်က ကျရှုံးသွားပေပြီ။
အနက်ရောင်အခိုးအငွေ့များက လှည့်ပတ်ရွေ့လျားနေပြီး ရေထုထဲ၌ လူသားပုံစံနှင့်တူသော အနက်ရောင်ဝိညာဉ်ပုံရိပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။ ထိုပုံရိပ်သည် နီရဲသော မျက်လုံးများဖြင့် ကျန်းရီကို စိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ကောင်စုတ်လေး... ငါက တမလွန်ဘုံဧကရာဇ်ရဲ့ လက်အောက်က တမလွန်ဘုံဘုရင်သုံးဆယ့်ခြောက်ပါးထဲက တစ်ပါးပဲ။ ငါ့နာမည်က မင်တိ။ မင်း တစ်သက်လုံး ကောင်းကင်ဘုံကို မလာရင် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ မင်း လောကငရဲကို ခံစားသွားစေရမယ်လို့ ငါ ကျိန်တယ်။ မင်း သေပါရစေတော့လို့ တောင့်တလာရစေမယ်”