မိစ္ဆာချေဖျက်စစ်တပ်
Vol. 106 Ch. 1478
“ချိုးဖျက်”
တိရှအရှင်က အော်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းက အဆတစ်ရာပို၍ လင်းလက်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာပြီး သူက တောက်ပသောနေလုံးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။ တောက်ပသောအလင်းကြောင့် သူ့ခန္ဓာကိုယ်ကိုပင် မမြင်ရတော့ချေ။ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံမည်ဆိုလျှင်လည်း ရွှေရောင်အလင်းတန်းများကိုသာ အာရုံခံနိုင်ပေလိမ့်မည်။
ရွှေရောင်အလင်းထဲတွင် အလွန်အားကောင်းသော ယန်စွမ်းအင်ပါရာ တမလွန်ဘုံဘုရင်၏ ဝိညာဉ်ပုံရိပ်က လောင်ကျွမ်းခံလိုက်ရပြီး တဖြည်းဖြည်း ပါးလျလာကာ ပျောက်ကွယ်သွားလေသည်။ အဝေးမှ တမလွန်ဘုံမိစ္ဆာများလည်း ရွှေရောင်အလင်းကြောင့် လောင်ကျွမ်းပျောက်ကွယ်သွားကြသည်။
‘အဲ့ဒါက ဘယ်လို ဆန်းကြယ်စွမ်းရည်မျိုးလဲ။ ကြောက်ဖို့ကောင်းလိုက်တာ’
ကျန်းရီသည် သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် မှင်တက်သွား၏။ သူ အတန်ငယ်လည်း နားမလည်နိုင်ဖြစ်သွားသည်။ တိရှအရှင်က ထိုကဲ့သို့ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားလျှင် အဘယ်ကြောင့် တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ ဖမ်းချုပ်မှုကို ခံခဲ့ရသနည်း။
“ဖူး...”
တိရှအရှင်၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ ရွှေရောင်အလင်းက တဖြည်းဖြည်း အားနည်းလာပြီး တိရှအရှင် သွေးများစွာ အန်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါကလည်း အလွန်အားနည်းသွားသည်။ သူ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းကာ ပြောလိုက်သည်။
“ကျန်းရီ... သူတို့ရဲ့ခန္ဓာကိုယ်တွေက တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးလိုက်ပါ။ ငါ အရင်ဆုံး အစီအရင်ကို ဖျက်ဆီးပစ်လိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ”
ကျန်းရီ အပိုမေးခွန်းများ မမေးဝံ့သဖြင့် တံဆိပ်စာလုံးများကို ထိန်းချုပ်ကာ ကျန်လူများဆီသို့ ကူးခတ်သွားလိုက်၏။ သူတို့အားလုံး လျင်မြန်စွာ နိုးထလာကြသည်။ အစတွင် သူတို့ အံ့အားသင့်နေပြီး ယင်းနောက် အလွန်ဝမ်းမြောက်သွားကြသည်။ သူတို့သည် တိရှဘုံ၏ ထိပ်တန်း စွမ်းအားကြီး သိုင်းသမားများဖြစ်သော်လည်း လူသားများသာဖြစ်ရာ မသေလိုသလို တမလွန်ဘုံ၏ ရုပ်သေးရုပ်များလည်း မဖြစ်လိုကြချေ။ ယခုတွင် သူတို့ ငရဲဂိတ်ဝမှနေ၍ လွတ်မြောက်လာပြီဖြစ်ရာ သူတို့၏ဝမ်းမြောက်မှုကို နားလည်ပေးနိုင်ပေသည်။
“တိရှအရှင်ရော...”
မိုလင်းချိုးသည် တိရှအရှင်ကလည်း တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ ထိန်းချုပ်မှုအောက်မှ လွတ်သွားပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ ပို၍ပင် ဝမ်းသာသွားသည်။ တိမင်သည် ကျန်းရီကိုကြည့်၍ စိတ်ဝင်တစား မေးလိုက်၏။
“ကျန်းရီ... တမလွန်ဘုံဘုရင်ရဲ့ ကိုယ်ပွားကို မင်းသတ်လိုက်တာလား”
အစောတွင် အားလုံး ဖမ်းချုပ်ခံခဲ့ရသည်။ သူတို့ပတ်ဝန်းကျင်တွင်လည်း ကျန်းရီသာ ရှိနေခဲ့သည်။ ထို့ကြောင့် သူတို့ကို ကယ်ခဲ့သူက ကျန်းရီ မဟုတ်လျှင် မည်သူရှိဦးမည်နည်း။
“မဟုတ်ပါဘူး... တမလွန်ဘုံဘုရင်ရဲ့ ကိုယ်ပွားကို တိရှအရှင်က သတ်လိုက်တာပါ”
ကျန်းရီသည် အားလုံးက သူ့ကို အထင်တကြီး ကြည့်နေကြသည်ကို တွေ့၍ ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်လိုက်၏။
“ကျန်းရီ...”
ထိုအခိုက်တွင် တိရှအရှင်က ဝင်ပြောလိုက်၏။
“မင်းကြောင့်သာ မဟုတ်ရင် ဒီတစ်ခေါက် ငါတို့အကုန်လုံး သေရမှာပဲ။ ဒီကိစ္စတွေကို နောက်မှ ပြောကြတာပေါ့။ မင်းတို့က ကျန်းရီကိုခေါ်ပြီး ဒီနေရာကနေ ထွက်သွားကြတော့။ ငါ အစီအရင်ကို ဖျက်ဆီးပစ်လိုက်မယ်”
“ဟုတ်ကဲ့ပါ”
အားလုံး အထက်သို့ ကူးတက်သွား၏။ တိမင်ကလည်း ကျန်းရီကိုခေါ်ကာ ပင်လယ်ထက်သို့ ကူးသွားသည်။ သူတို့ နှင်းနက်ပင်လယ်မျက်နှာပြင်သို့ ပြန်ရောက်လာသောအခါ ဧရာမအရိုးစုကြီးသုံးကောင်က အသတ်ခံထားရပေပြီ။ ကျန်နှစ်ကောင်သာ အသည်းအသန် ရုန်းကန်နေပေသည်။
“သေပေတော့...”
အစောတွင် စွမ်းအားကြီး သိုင်းသမား ဆယ့်တစ်ယောက်သည် တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ သတ်ဖြတ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ယခု သူတို့သည် လွတ်မြောက်လာခဲ့ပြီဖြစ်ရာ ကျန်နေသေးသော ဧရာမအရိုးစုကြီးနှစ်ကောင်အပေါ် ဒေါသပုံချကြတော့သည်။ ကျိုးထျန်းဝူနှင့် မိုလင်းချိုးတို့သည် ပျံတက်သွားပြီး အင်အားပူးပေါင်း၍ အရိုးစုများကို တိုက်ခိုက်လိုက်၏။ အရိုးစုနှစ်ကောင် ရုတ်ခြည်း ပေါက်ကွဲထွက်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထိုစဉ် ပင်လယ်ကြမ်းပြင်မှနေ၍ ပေါက်ကွဲသံကြီးများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ယင်းနောက် ပင်လယ်ရေများက အောက်ဘက်မှနေ၍ အထက်သို့ ပြင်းထန်စွာ ထိုးတက်လာသည်။ တိမင်သည် ကျန်းရီကိုခေါ်၍ လေထဲသို့ လျင်မြန်စွာ ပျံတက်လိုက်၏။
ဝုန်း...ဝုန်း...
ပေါက်ကွဲသံများက ဆက်၍မြည်ဟီးနေပြီး လှိုင်းလုံးကြီးများကလည်း တစ်လုံးပြီးတစ်လုံး ကောင်းကင်ထက်သို့ ထိုးတက်လာသည်။ ထိုလှိုင်းလုံးများက ပေတစ်သောင်းလောက် မြင့်ကြပေသည်။ မကြာခင်တွင် တိရှအရှင်က ပင်လယ်ထဲမှနေ၍ ထွက်လာ၏။ သူ့နှုတ်ခမ်းတစ်ဝိုက်မှ သွေးများ ပျောက်သွားပြီဆိုသော်လည်း သူ့မျက်နှာက အလွန်ဖြူဖျော့နေသေးသည်။
တိရှအရှင်သည် ထိပ်တန်း စွမ်းအားကြီး သိုင်းသမားများကို ကြည့်၍ အေးစက်စက် အမိန့်ပေးလိုက်သည်။
“ငါ ဒဏ်ရာတွေရထားလို့ အရင်ဆုံး တိရှမြို့ကို ပြန်ပြီး ဒဏ်ရာကုသရမယ်။ လင်းချိုး... ဒီမိစ္ဆာရှင်းလင်းစစ်ဆင်ရေးမှာ ငါ မင်းကို ခေါင်းဆောင်ခန့်လိုက်မယ်။ မင်း ဦးဆောင်ပြီး တမလွန်ဘုံမိစ္ဆာတွေကိုအကုန်လုံးကို သတ်ပစ်ပါ။ ကျန်းရီ... မင်းက လက်ထောက်ခေါင်းဆောင် လုပ်ရမယ်။ လင်းချိုးကို ကူညီပေးပါ။ ကျန်တဲ့သူတွေက ကျန်းရီရဲ့ လက်ထောက်ပဲ။ မင်းတို့ သူ့ရဲ့လုံခြုံရေးကို တာဝန်ယူရမယ်။ ကျန်းရီသေရင်.. မင်းတို့လည်း ပြန်လာစရာ မလိုဘူး”
ဝှစ်...
တိရှအရှင်၏လက်ထဲမှနေ၍ အမိန့်ပြားနှစ်ပြား ပျံထွက်လာပြီး မိုလင်းချိုးနှင့် ကျန်းရီတို့ဆီသို့ ရောက်သွား၏။ ထို့နောက် တိရှအရှင်သည် အလင်းတန်းတစ်တန်းအလား မြောက်ဘက်သို့ ပျံသန်းပျောက်ကွယ်သွားသည်။ အားလုံးသည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကျန်းရီက အမှန်ပင် လက်ထောက်ခေါင်းဆောင် ဖြစ်သွားသည်လော။ ချင်လျန်ရှန်နှင့် ရွှမ်မျိုးနွယ်ခေါင်းဆောင်ပင် ထိုရာထူးအတွက် အဆင့်မမီခဲ့ဘဲ သူတို့က ကျန်းရီ၏လက်ထောက် လုပ်ရမည်လော။ ကျန်းရီသေလျှင် သူတို့လည်း အသက်မရှင်နိုင်တော့သည်လော။
တိရှအရှင် ဤမျှခက်ထန်သည်ကို သူတို့ ယခုမှ မြင်ဖူးခြင်းဖြစ်သည်။ သို့သော် သေချာတွေးတောပြီးသောအခါ တိရှအရှင်၏ အတွေးကို သူတို့ နားလည်သွားကြသည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် တိရှအရှင် သေသွားခဲ့လောက်ပေပြီ။ ကျန်းရီက သူ့အတွက် အသက်သခင်ကျေးဇူးရှင်ပင်။ ထို့ကြောင့် ကျန်းရီက လက်ထောက်ခေါင်းဆောင် ဖြစ်လာခြင်းမှာ အံ့ဩစရာတော့ မရှိပါပေ။ ဤမိစ္ဆာရှင်းလင်းစစ်ဆင်ရေးက ယာယီသာဖြစ်သည်။ ဤစစ်ဆင်ရေးပြီးသွားလျှင် ကျန်းရီရာထူးကလည်း ပျောက်ကွယ်သွားမည်သာ။
အားလုံးသည်လည်း ကျန်းရီကို အလွန်ကျေးဇူးတင်နေကြပါသည်။ ထို့ကြောင့် ယာယီမျှ ကျန်းရီ၏ကိုယ်ရံတော် လုပ်ရခြင်းကို သူတို့ စိတ်မရှိကြပေ။ မိုလင်းချိုးသည် ကျန်းရီတစ်ယောက် မှင်တက်နေသည်ကို တွေ့လိုက်၍ ပြုံးကာ ပြောလိုက်သည်။
“ကျန်းရီ... ဒီတစ်ခေါက် မင်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီကိစ္စပြီးသွားမှာ မင်းရဲ့အောင်မြင်မှုတွေအတွက် ငါတို့အောင်ပွဲခံကြတာပေါ့။ အခုတော့ မြစ်နက်မြို့ကိုသွားပြီး တမလွန်ဘုံစစ်တပ်ကို ရှင်းပစ်ကြမယ်”
အားလုံး မြစ်နက်မြို့ဆီသို့ စတင် ပျံသန်းလိုက်ကြသည်။ လမ်းတွင်လည်း တမလွန်ဘုံမိစ္ဆာများကို သတ်သွားခဲ့သည်။ သူတို့တွင် နှင်းနက်တောင်တန်းဒေသထဲတွင် ဆက်နေ၍ ထိုဒေသထဲမှ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန် အချိန်မရှိပေ။ တမလွန်ဘုံစစ်တပ်၏ တပ်စိတ်များက မြို့များစွာကို တိုက်ခိုက်နေကြသည်။ မြို့တစ်မြို့ ကျရှုံးသွားသည်နှင့် သန်းဆယ်ချီသောလူများ သေရပေလိမ့်မည်။ ဤနေရာမှ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန်ထက် လူ့အသက်များကို ကယ်တင်ရန်က ပိုအရေးပါပေသည်။
အားလုံးသည် အလွန်တည်သော မျက်နှာထားများဖြင့် ပျံသန်းနေကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြပေ။ သို့သော် သူတို့ရင်ထဲတွင် အတန်ငယ် တုန်လှုပ်နေပေသည်။ အစောတွင် ဖြစ်ခဲ့သော အခြေအနေကို ပြန်တွေးမိလျှင် သူတို့ ကြက်သီးပင် ထကြသည်။ ထို့ပြင် သူတို့သည် ကျန်းရီကိုလည်း ပို၍တလေးတစား ကြည့်မြင်လာကြသည်။ ကျန်းရီနှင့် တိရှအရှင်တို့၏ စကားများအရ တိရှအရှင် တမလွန်ဘုံဘုရင်၏ ကိုယ်ပွားကို သတ်နိုင်ခဲ့ခြင်းမှာ ကျန်းရီ၏ ကူညီပေးမှုကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းမှာ ကျန်းရီက တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ တိုက်ခိုက်မှုများကို တောင့်ခံကာ တိရှအရှင်ကို တိုက်ခိုက်နိုင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်ဆိုသော အဓိပ္ပာယ်ပင်။
တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ တိုက်ခိုက်မှုများကို တောင့်ခံနိုင်ခဲ့ခြင်း...
ယင်းက အားလုံးကို ပို၍ပင် အံ့အားသင့်စေသည်။ ကျန်းရီတွင် မည်သည့်ရတနာများ ရှိနေသနည်း။ တိရှအရှင်ပင် တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ တိုက်ခိုက်မှုများကို တောင့်မခံနိုင်ခဲ့ပေ။ သို့သော် ကျန်းရီက ထိုမျှသိပ်သည်းသော တမလွန်ဘုံအရှိန်အဝါကို တောင့်ခံနိုင်ခဲ့သည်လော။ သူ၏ ဆန်းကြယ်သောစာလုံးများက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုမှ ဖြစ်နေသည်လော။
ထိုအခိုက်တွင် ကျိူးထျန်းဝူနှင့် အခြားလူအချို့သည် ကျန်းရီကိုသတ်၍ ထိုရတနာကို လုယူရန် တွေးမိသွားကြသည်။ သူတို့သာ ထိုရတနာကို ပိုင်ဆိုင်လိုက်လျှင် ကောင်းကင်ဘုံသို့သွား၍ တမလွန်ဘုံတပ်သားများစွာကို သတ်ပစ်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် သူတို့သည် အကန့်အသတ်မဲ့သော တိုက်ပွဲအမှတ်များနှင့် နတ်ဘုရားအမြစ်များကိုရကာ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရှိလာပြီး ဘုံတစ်ဘုံကို အုပ်စိုးနိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့ သူတို့ ကောင်းကင်ဘုံမှ ဘုံတစ်ဘုံ၏ စီရင်စုနယ်အရှင် ဖြစ်လာနိုင်ပေသည်။
သို့သော်...
မည်သူမှ မဆင်မခြင် မပြုမူဝံ့ပေ။ တိမင်နှင့် မိုလင်းချိုးတို့က ကျန်းရီအနားတွင် ရှိနေသည်ကို ထည့်မတွက်လျှင်ပင် သူတို့ ကျန်းရီကို သတ်လိုက်သည်နှင့် တိရှအရှင်က သူတို့၏မျိုးနွယ်များကို သေချာပေါက် ရှင်းပစ်ပေလိမ့်မည်။ သူတို့သည်လည်း တစ်သက်လုံး ထွက်ပြေးနေရမည်ဖြစ်သည်။
ကျန်းရီလည်း ရင်ထဲတွင် လှုပ်ရှားနေသည်။ သူသည် သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရှိနေသော သားရဲလေးနှင့် စကားပြောကာ အဘယ်ကြောင့် ၎င်းက တမလွန်ဘုံအရှိန်အဝါကို ဝါးမျိုနိုင်ကြောင်း မေးခဲ့၏။ သားရဲလေးလည်း အကြောင်းအရင်းကို မသိချေ။ ၎င်းသည် ၎င်းက တမလွန်ဘုံအရှိန်အဝါများကို ဝါးမျိုနိုင်သည်ဟု ခံစားခဲ့ရ၍ ဝါးမျိုးပစ်ခဲ့ခြင်းသာ။
‘ဒါက... အရာအားလုံးကို ဝါးမျိုနိုင်တဲ့ ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျိုသားရဲလား’
ကျန်းရီသည် တမလွန်ဘုံဘုရင်၏ ကိုယ်ပွား၏ အံ့ဩတကြီး ပြောလိုက်သံကို ပြန်တွေးလိုက်၏။ ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ အရာအားလုံးကို ဝါးမျိုနိုင်သော သားရဲတစ်ကောင်လော။ ထိုကောင်းကင်ဝါးမျိုသားရဲက ထိုမျှစွမ်းအားကြီးသည်လော။ တမလွန်ဘုံဘုရင်ပင် မှင်တက်သွားခဲ့ရရာ ၎င်းကောင်းကင်ဝါးမျိုသားရဲက အလွန်ထူးခြားလောက်ပေသည်။
ယင်းသားရဲက ထိုမျှစွမ်းအားကြီးလျှင် အဘယ်ကြောင့် ရှေးဦးဆန်းကြယ်နယ်မြေထဲ၌ ထွက်ပေါ်လာရသနည်း။ ရှေးဦးဆန်းကြယ်နယ်မြေက ဆန်းကြယ်နယ်မြေများထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။ ၎င်းအထက်တွင် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေသို့ ရှိသေးသည်။
‘ငါ အချိန်ရမှ အဲ့အကြောင်းတွေကို ရှာကြည့်ရမှာပဲ။ အဲ့ကောင်းကင်ဝါးမျိုသားရဲက ဘာလဲဆိုတာ ငါသိချင်တယ်’
ကျန်းရီ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်၏။ ထိုအခိုက်တွင် သူ့ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်လာ၏။
“ကျန်းရီ.. မင်းက အဲ့လို စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားတော့ မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ဖို့ ငါအကြံပေးချင်တယ်။ မင်း တိုက်ခိုက်စရာတောင် လိုမှာမဟုတ်ဘူး... တခြားသူတွေရဲ့ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးရုံပဲ။ မင်း တိုက်ပွဲတစ်ပွဲတိုက်တိုင်း တိုက်ပွဲအမှတ်တွေ အများကြီးရလိမ့်မယ်။ မင်းကံကောင်းရင် တစ်လထဲနဲ့ တိုက်ပွဲအမှတ်တစ်သန်းလောက် ရနို်ငတယ်။ အဲ့ကျရင် မင်း အဲ့တိုက်ပွဲအမှတ်တွေကိုသုံးပြီး ဆန်းကြယ်နယ်မြေတွေထဲဝင်နိုင်တယ်။ မင်းရဲ့ စွမ်းအားကလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်”
‘တစ်လအတွင်း တိုက်ပွဲအမှတ်တစ်သန်းလော’
ကျန်းရီ မှင်တက်သွားသည်။ သူ တိမင်ကိုကြည့်ကာ မေးလိုက်သည်။
“မိစ္ဆာချေဖျက်စစ်တပ်က ဘယ်မှာလဲ။ ကျွန်တော် ဝင်လို့ရတာလား”