← Chapters

သိမ်းငှက်စိမ်းဘုရင် ဒေါသမထွက်ပါနဲ့

Vol. 106 Ch. 1479

သိမ်းငှက်စိမ်းဘုရင် ဒေါသမထွက်ပါနဲ့

Vol. 106 Ch. 1479

“မင်း မိစ္ဆာချေဖျက်စစ်တပ်ကို မသိဘူးလား”

တိမင် အံ့ဩတကြီး မျက်တောင်ပုတ်ခတ်လိုက်၏။ သို့‌သော် ကျန်းရီက မကြာသေးခင်ကမှ အထက်ဘုံသို့ တက်လှမ်းလာခြင်းဖြစ်ပြီး တက်လှမ်းလာပြီးနောက်တွင်လည်း ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ခဲ့ရာ သူ အထက်ဘုံမှ အကြောင်းတော်တော်များများကို မသိခြင်းမှာ မထူးဆန်းပေ။ ထို့ပြင် သူက အားသည့်အချိန်များတွင်လည်း ကျင့်ကြံခြင်း၌သာ အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် တိမင် ကျန်းရီထံ အသံပို့လွှတ်ကာ မိစ္ဆာချေဖျက်စစ်တပ်အကြောင်းကို ရှင်းပြလိုက်သည်။ နောက်ဆုံးတွင် ကျန်းရီ နားလည်သွား၏။

မိစ္ဆာချေဖျက်စစ်တပ်မှာ တိရှစစ်တပ်၏ စစ်တပ်ခွဲတစ်ခု မဟုတ်ပေ။ ထိုစစ်တပ်က မည်သည့်ဘုံ၊ မည်သည့်အဖွဲ့အစည်းနှင့်မှ မသက်ဆိုင်ချေ။ ၎င်းသည် အထက်ဘုံမှ ဘုံအားလုံး ပူးပေါင်း၍ ဖွဲ့စည်းထားသော အထူးစစ်တပ်တစ်တပ်ပင်။ ၎င်း၏အမည်အတိုင်း ၎င်းစစ်တပ်က အထက်ဘုံတွင် ပုန်းအောင်းနေသော တမလွန်ဘုံမိစ္ဆာများကို ရှင်းလင်းပစ်ရန်ဖြစ်သည်။

ဤလောကြီးကို ကောင်းကင်ဘုံ၊ အထက်ဘုံနှင့် သေမျိုးဘုံ(အနိမ့်ဘုံ)ဟူ၍ ခွဲခြားထားသည်။ နိမ့်သောဘုံမှနေ၍ မြင့်သောဘုံသို့ တက်လှမ်းရခြင်းက လွယ်၏။ ကျင့်ကြံသူတစ်ယောက်တွင် လုံလောက်သောစွမ်းအားရှိလျှင် အထက်သို့ တက်လှမ်းနိုင်သည်။ အထက်ဘုံရှိ စစ်နတ်ဘုရားအဆင့် သိုင်းသမားများက ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ကြသည်။

သို့သော် မတက်လှမ်းဘဲနေလျှင်လည်း ရသည်။ အထက်သို့ တက်ပြီးနောက် အနိမ်သို့ ပြန်ဆင်းလိုလျှင် တန်ကြေးကြီးကြီး ပေးရသည် မဟုတ်လော။ ထို့ပြင် လက်ရှိတွင် ကောင်းကင်ဘုံက အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်နေသည်။ အထက်ဘုံထက် အနည်းဆုံး အဆတစ်သောင်းလောက် ပိုအန္တရာယ်များသည်။ လူတစ်ယောက်သည် ကောင်းကင်ဘုံတွင် အလွယ်လေး သေသွားနိုင်ပေသည်။

မြင့်သောဘုံမှနေ၍ နိမ့်သောဘုံသို့ ပြန်သွားရခြင်းက ခက်ခဲသည်။ ယင်းမှာ သဘာဝမိုးမြေစည်းမျဉ်းပင်။ အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားအားလုံးက သူတို့၏ ဖြစ်တည်မှုဖြင့်ပင် အနိမ့်ဘုံ၏ မျှခြေကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် တမလွန်ဘုံစစ်တပ်အနေဖြင့် ကောင်းကင်ဘုံကို အပြည့်အဝ မသိမ်းပိုက်နိုင်သေးသ၍ အထက်ဘုံကို တိုက်ခိုက်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။

တမလွန်ဘုံသည် မြင့်သောဘုံများမှ စွမ်အားကြီး သိုင်းသမားများက နိမ့်သောဘုံများတွင် ပျိုးထောင်ခံခဲ့ရခြင်းဖြစ်ကြောင်းကို ကောင်းစွာသိ၏။ သူတို့သာ အထက်ဘုံနှင့် သေမျိုးဘုံကို မထိန်းချုပ်နိုင်လျှင် ကောင်းကင်ဘုံသို့ စွမ်းအားကြီး သိုင်းသမားများ အဆက်မပြတ် တက်လှမ်းလာပြီး တမလွန်ဘုံနှင့် စစ်ပွဲတွင် ဝင်ရောက်ပါဝင်ကြပေလိမ့်မည်။

ထို့ကြောင့် ပြီးခဲ့သော နှစ်တစ်ထောင်အတွင်းတွင် တမလွန်ဘုံသည် နိမ့်သောဘုံများသို့ စစ်တပ်များ စဉ်ဆက်မပြတ် စေလွှတ်၍ သေမျိုးဘုံနှင့် အထက်ဘုံတို့ကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ လူသား သိုင်းသမားများကို အမြစ်မှနေ၍ ဖြတ်ပစ်ချင်ခဲ့သည်။ ကောင်းကင်ဘုံတွင် လာကူနိုင်မည့် စွမ်းအားကြီး သိုင်းသမားအသစ်များ ထပ်ထွက်ပေါ်မလာနိုင်တော့လျှင် တမလွန်ဘုံသည် ကောင်းကင်ဘုံတစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပြီး တစ်လောကလုံးကို အုပ်စိုးသွားနိုင်မည်ဖြစ်သည်။

သို့သော်...

မြင့်သောဘုံမှနေ၍ နိမ့်သောဘုံသို့ သွားလိုလျှင် တန်ကြေးကြီးကြီးပေးရပေသည်။ ထို့ကြောင့် တမလွန်ဘုံသည် တစ်ကြိမ်လျှင် တပ်သားအနည်းငယ်သာ စေလွှတ်နိုင်သည်။

အစတွင် တမလွန်ဘုံသည် သူတို့၏အင်အားစုများကို ပေါ်ပေါ်ထင်ထင် တည်နေရာပြောင်းရွှေ့ပေးခဲ့သည်။ သို့သော် ထိုအင်အားစုများက အထက်ဘုံမှ မဟာမိတ်စစ်တပ်၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံခဲ့ရသည်။ မည်မျှများများ စေလွှတ်ပါစေ အကုန်သေကုန်သည်ချည်းသာ။ ထို့ကြောင့် တမလွန်ဘုံသည် ဉာဏ်သုံး၍ ရွာကလေးများ၊ မျိုးနွယ်စုလေးများထဲသို့ တမန်တော်များစေလွှတ်ကာ ၎င်းနေရာများကို ဖြည်းဖြည်းချင်း ထိန်းချုပ်စေလာသည်။ ပြီးမှ ဘုံတစ်ခုလုံးကို တဖြည်းဖြည်း သိမ်းပိုက်သည်။ တမလွန်ဘုံသည် အထက်ဘုံတစ်ခုလုံးကို ထိုနည်းဖြင့် သိမ်းပိုက်ရန် ကြံရွယ်ထားပေသည်။

တမလွန်ဘုံသည် သေမျိုးဘုံမှ ဘုံအသေးလေးများကို ထိန်းချုပ်ခဲ့သည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်သည်လည်း တမလွန်ဘုံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားလောက်ပြီး မရေမတွက်နိုင်သော လူများလည်း တမလွန်ဘုံစစ်တပ်အတွက် အသေခံတပ်သားများ ဖြစ်သွားလောက်ပေပြီ။

မိစ္ဆာချေဖျက်စစ်တပ်...

ထိုစစ်တပ်ကို အထက်ဘုံရှိ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန် ဖွဲ့စည်းခဲ့ခြင်းပင်။ ထိုစစ်တပ်က မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ဩဇာအာဏာအောက်တွင်မှ မရှိပေ။ မိစ္ဆာချေဖျက်စစ်တပ်ကို အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်က ဦးဆောင်သည်။ မိစ္ဆာချေဖျက်စစ်တပ်၏ တစ်ခုတည်းသောတာဝန်မှာ တမလွန်ဘုံမိစ္ဆာများကို သတ်ရန်ပင်။ စစ်တပ်ကို မည်သည့်ဘုံတွင်မှ အခြေစိုက်မထားဘဲ အာကာသထဲတွင်သာ အခြေချထားသည်။ မိစ္ဆာချေဖျက်စစ်တပ်တွင် ရနိုင်သော တိုက်ပွဲအမှတ်ပမာဏက အခြားအဖွဲ့အစည်းများတွင် ရနိုင်သော တိုက်ပွဲအမှတ်များထက် အဆများစွာ ပိုများသည်။ သို့သော် အန္တရာယ်လည်း ပိုများပေသည်။

မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်နိုင်ရန် အနိမ့်ဆုံးလိုအပ်ချက်မှာ နတ်ဘုရားဘုရင်အဆင့်တွင် ရှိနေရန်ဖြစ်သည်။ ကျန်းရီက ထိုလိုအပ်ချက်ကို ပြည့်မီသည်ဆိုရုံ ပြည့်မီသည်။ သို့သော် ကျန်းရီက မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်လိုမည်ဆိုလျှင် တိမင်က ကျန်းရီအတွက် ထောက်ခံပေးနိုင်သည်။ သို့ဆိုလျှင် ကျန်းရီသည် ထိုစစ်တပ်တွင် ချက်ချင်း လက်ထောက်တပ်မှူးဖြစ်သွားနိုင်ပေသည်။

‘သူတို့ရဲ့ အခြေစိုက်စခန်းက တိရှဘုံထဲမှာ မဟုတ်ဘူးလား၊ အာကာသထဲမှာလား’

ကျန်းရီသည် ထိုအကြောင်းကို ကြားလိုက်သောအခါ အတန်ငယ် တုံ့ဆိုင်းသွား၏။ တမလွန်ဘုံမိစ္ဆာများနှင့် ရင်ဆိုင်ရမည်ကို သူ မကြောက်ပေ။ လူသားမျိုးနွယ်မှ တစ်စုံတစ်ယောက် သူ့ကို အကောက်ကြံမည်ကိုသာ သူ ကြောက်ခြင်းဖြစ်သည်။ သူက မျိုးနွယ်များစွာကို အပြစ်ပြုမိခဲ့ပြီးပေပြီ။ ထို့ပြင် သူ့ကဲ့သို့ ငယ်ရွယ်သူတစ်ယောက်က ဘုံတစ်သောင်းပြိုင်ပွဲတွင် ထင်ပေါ်ခဲ့သည်။ ထို့ကြောင့် လူများက သူ့အပေါ် မနာလိုဖြစ်ကြပေလိမ့်မည်။ မိစ္ဆာချေဖျက်စစ်တပ်က မည်သည့်အဖွဲ့အစည်းနှင့်မှ မသက်ဆိုင်သော်လည်း အဖွဲ့အစည်းအသီးသီးမှ လူများက စစ်တပ်ထဲတွင် ရှိနေနိုင်သည်။ သူက တိရှဘုံထဲတွင် မဟုတ်လျှင် အခြားသူများ၏ အကောက်ကြံ၊ သတ်ဖြတ်မှုကို အလွယ်တကူ ခံရနိုင်ပေသည်။

တမလွန်ဘုံဘုရင်မင်တိကလည်း ကျန်းရီကို မုန်းနေသည်။ မင်တိသည် အထက်ဘုံတွင် ပုန်းအောင်းနေသော တမလွန်ဘုံမိစ္ဆာများထံ ကျန်းရီကို သတ်ဖို့ အကောင်းဆုံးကြိုးစားရန် သတင်းပို့ထားနိုင်သည်။

အရေးအကြီးဆုံးမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများက အချိန်မရွေး အထက်ဘုံသို့ တက်လှမ်းလာနိုင်ခြင်းပင်။ မိုလင်းချိုးသည် ထိုမှ လူများ၏ ကျင့်ကြံခြင်းတွင် အထောက်အကူရရန် နတ်ဘုရားအမြစ်အနည်းငယ်နှင့် စည်းမျဉ်းနတ်ဘုရားအထိမ်းအမှတ်များကို ပို့ပေးခဲ့သည်။ ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်နှင့် အခြားသူများ၏ ပါရမီအရ သူမတို့အတွက် အထက်ဘုံသို့ တက်လှမ်းလာရန် မခက်ခဲပေ။ အကယ်၍ ကျန်းရီသာ မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်လိုက်လျှင် မည်သည့်အခါမှ ပြန်လာနိုင်မည်နည်း။ ထို့ပြင် ကျန်းရှောင်နူကလည်း အတင်း သူနှင့်အတူ လိုက်လာပေလိမ့်မည်။ ယင်းက အလွန်အန္တရာယ်များပေသည်။

“အခုကိစ္စပြီးမှ အဲ့အကြောင်းကို ပြောကြတာပေါ့။ ကျွန်တော် စဉ်းစားမှာပါ”

ကျန်းရီသည် တိမင်ထံသို့ အသံပြန်ပို့လွှတ်လိုက်၏။ တိမင်က ခေါင်းညိတ်ပြသည်။ တိမင်သည် ကျန်းရီကို မိစ္ဆာချေဖျက်စစ်တပ်အကြောင်းကို ပြောပြပြီးပြီဖြစ်သည်။ ကျန်ကိစ္စများမှာ ကျန်းရီအပေါ်တွင်သာ မူတည်သည်။ တိမင်သည် ဆက်အသံမပို့လွှတ်တော့ဘဲ ကျန်းရီကိုခေါ်၍ လျင်မြန်စွာ ပျံသန်းသွားလိုက်လေသည်။

ကျန်းရီတို့အုပ်စုသည် လမ်းတစ်လျှောက်တွင် တမလွန်ဘုံမိစ္ဆာများစွာကို သတ်ပစ်ခဲ့သည်။ နာရီအနည်းငယ်ကြာပြီးနောက် သူတို့ မြစ်နက်မြို့သို့ ရောက်သွားကြသည်။

မြစ်နက်မြို့ထဲမှ တမလွန်ဘုံမိစ္ဆာများက အသတ်ခံထားရပြီးပေပြီ။ မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကိုလည်း ပြန်ပြင်နေပြီဖြစ်သည်။ ၎င်းကို ပြင်ပြီးသည်နှင့် စစ်ကူများ အဆက်မပြတ် ရောက်လာပေလိမ့်မည်။ ဤနေရာက ရှေ့တန်းမဟုတ်လော။ ကျန်းရှောင်နူသည် မြို့ထဲတွင် လျှောက်သွားမနေပေ။ ကျန်းရီတို့ ပြန်ရောက်လာသောအခါ သူမနှင့် တိလင်အာတို့ ချက်ချင်း ပျံသန်းသွားလိုက်ကြသည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို မြန်မြန်ပြင်ကြပါ။ အဲ့ဒါမှ တပ်သားတွေကို ပိုစုစည်းနိုင်မှာ”

မိုလင်းချိုး အမိန့်ပေးလိုက်သည်နှင့် သူ့လက်ထဲမှ ရွှေအိုရောင်အမိန့်ပြားက လင်းလက်လာသည်။ တိရှအရှင်က သူ့အား ဤမိစ္ဆာသုတ်သင်စစ်ဆင်ရေးကို ဦးဆောင်ရန် တာဝန်ပေးခဲ့ရာ သူ အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ရပေမည်။

“သခင်လေး...”

ကျန်းရှောင်နူသည် အလျင်အမြန် ပျံသန်းလာပြီး ကျန်းရီ၏လက်ကို စိတ်လှုပ်တရှားကိုင်ကာ မေးလိုက်၏။

“သခင်လေး အဆင်ပြေရဲ့လား။ ကျွန်မ စိတ်ပူလွန်းလို့ သေမလိုပဲ”

“ဟင်းဟင်း...”

ကျန်းရီက ကျန်းရှောင်နူ၏ခေါင်းကို ချစ်ခင်စွာ ပွတ်ပေးလိုက်၏။ တိလင်အာက အံ့အားသင့်သော မျက်လုံးများနှင့် လှမ်းကြည့်၏။ သို့သော် သူမ မည်သို့မှ မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

မိုလင်းချိုးသည် သတင်းစုဆောင်းရန် တာဝန်ယူရသော တပ်မှူးအချို့ကို စုဝေး၍ အခြေအနေကို မေးမြန်းလိုက်၏။ အခြေအနေများက တည်ငြိမ်နေပေပြီ။ နှင်းနက်စီရင်စုနယ်ထဲရှိ မြို့တစ်မြို့မှလွဲ၍ ကျန်မြို့အားလုံးက ကျူးကျော်မှုကို တောင့်ခံနိုင်နေပြီဖြစ်သည်။ တိရှဘုံတစ်ဘုံလုံးမှ စွမ်းအားကြိး သိုင်းသမားများက ကူညီပေးနေခြင်းဖြစ်ရာ တမလွန်ဘုံစစ်တပ်သည် မည်သည့်မြို့ကိုမှ အချိန်တိုအတွင်း ဖောက်ဝင်နိုင်တော့မည် မဟုတ်ချေ။

“ကျန်းရီ...”

မိုလင်းချိုးသည် ခေတ္တမျှ တွေးတော၍ အမိန့်များ စတင်ပေးလိုက်၏။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို ပြင်ပြီးတာနဲ့ လူတချို့ခေါ်ပြီး အရှေ့မြောက်ဘက်က ရေလျှံကန်မြို့ကို သွားလိုက်။ အဲ့မှာ တမလွန်ဘုံက အင်အားစုတွေ ရှိနေတယ်။ မင်း အဲ့အင်အားစုတွေကို ရှင်းပစ်ပြီးရင် ဒီမြို့ကို ပြန်လာခဲ့ပါ...”

မိုလင်းချိုးသည် ကျန်းရီအား အရေးကြီးအခြေအနေတွင် ရှိနေသည့် မြို့အချို့ကို မြေပုံပေါ်တွင် ပြလိုက်၏။ ကျန်းရှောင်နူနှင့် တိလင်အာတို့က ကျန်းရီကို အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့် ကျန်းရီက တပ်သားများကို ဦးဆောင်ရမည်နည်း။ ဤနေရာတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ အဘယ်ကြောင့် တိမင် သို့မဟုတ် ကျိုးထျန်းဝူက ဦးမဆောင်ရသနည်း။ အဘယ်ကြောင့် ကျန်းရီကို ရွေးချယ်ရသနည်း။

“ဟုတ်ကဲ့ပါ”

ကျန်းရီ ချက်ချင်း ပြန်ဖြေ၍ ခါးသက်သက် ပြုံးလိုက်သည်။ သူ ဦးမဆောင်လျှင် မည်သူကမှ ဦးဆောင်ဝံ့လိမ့်မည် မဟုတ်ချေ။ တိရှအရှင်က သူ့အား လက်ထောက်ခေါင်းဆောင်ရာထူး ပေးခဲ့သည် မဟုတ်ပါလား။ တိမင်တို့က သူ၏ကိုယ်ရံတော်ဖြစ်သည်။ ထို့ကြောင့် သူ မသွားလျှင် စွမ်းအားကြီး သိုင်းသမားများသည် သူတို့ဘာသာ ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ချေ။

ထို့ပြင် ကျန်းရီ၏ တံဆိပ်စာလုံးများက တမလွန်ဘုံအရှိန်အဝါ၏ သဘာဝရန်ဘက်ဖြစ်သည်။ သူ ရှိနေလျှင် လူသားမျိုးနွယ်ဘက်မှ အဆုံးအရှုံးနည်းပေလိမ့်မည်။ သူကိုယ်တိုင်ကလည်း တမလွန်ဘုံမိစ္ဆာများကို သုတ်သင်၍ လူသားမျိုးနွယ်ကို ကာကွယ်ရန် တာဝန်ယူလိုစိတ် ရှိပေသည်။

ကျွမ်းကျင်လက်မှုပညာသည် တစ်ဒါဇင်က တည်နေရာပြောင်းရွှေ့အစီအရင်ကို လျင်မြန်စွာ ပြင်ဆင်နေကြ၏။ အစီအရင် ပြန်မကောင်းသေးခင်တွင် ကျန်းရီတို့ အနားယူနိုင်ပေသည်။ တည်နေရာပြောင်းရွှေ့အစီအရင်က အလွန်ထိရောက်မှုရှိသည်။ သူတို့သာ ပျံသန်းသွားရန် ဆုံးဖြတ်လိုက်လျှင် စောင့်ရချိန်ထက် ပိုကြာပေလိမ့်မည်။

တည်နေရာပြောင်းရွှေ့အစီအရင်က ဆိုးဆိုးဝါးဝါး ထိခိုက်မသွားခဲ့ပေ။ တစ်နာရီအတွင်းမှာပင် တည်နေရာပြောင်း‌ရွှေ့အစီအရင်က အဖြူရောင်အလင်း လင်းလက်လာပြီး ပြန်ကောင်းသွားပေသည်။ ကျွမ်းကျင်လက်မှုပညာရှင်များက ထိုသတင်းကောင်းကို လာတင်ပြသောအခါ ကျန်းရီ တိမင်၊ ကျိုးထျန်းဝူနှင့် အခြားသူများကိုကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ... သွားကြစို့”

ရွှီး...

ကျန်းရီတို့ မြို့အရှင်စံအိမ်အပြင် မရောက်သေးခင်မှာပင် တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ သူတို့ မြို့အရှင်စံအိမ်၏ဂိတ်တံခါးသို့ ရောက်သောအခါ အစီအရင်၏ အလင်းများက ပြန်မှိန်သွားကာ လူသုံးယောက် ထွက်ပေါ်လာသည်။ သူတို့ ထွက်ပေါ်လာသည်နှင့် သူတို့၏အရှိန်အဝါများက တစ်မြို့လုံးကို လွှမ်းခြုံသွားလေသည်။

“အုပ်ချုပ်သူအဆင့်...”

တိမင်တို့ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မိုလင်းချိုးတို့သည် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် ပုဂ္ဂိုလ်ကို တွေ့သောအခါ မျက်နှာပျက်သွားကြသည်။ မိုလင်းချိုးသည် ထိုပုဂ္ဂိုလ်ထံမှ ထွက်လာသော သတ်ဖြတ်အရှိန်အဝါကို ခံစားလိုက်ရ၍ အရှေ့သို့ လျင်မြန်စွာ ပျံသွားလိုက်ပြီး အော်ပြောလိုက်သည်။

“သိမ်းငှက်စိမ်းဘုရင်... ကျေးဇူးပြုပြီး မလောပါနဲ့။ ကျုပ်တို့ စကားနဲ့ ရှင်းနိုင်ပါတယ်”

ဝှစ်...

သိမ်းငှက်စိမ်းဘုရင်က လက်တစ်ဘက် ဝှေ့ယမ်းလိုက်ရာ မိုလင်းချိုးသည် ဂုံနီအိတ်တစ်အိတ်ကဲ့သို့ လွင့်ထွက်သွားပြီး ကျန်းရီတို့နောက်ရှိ မြို့အရှင်စံအိမ်ဝန်းနံရံဖြင့် ဝင်ဆောင့်သွား၏။ နံရံတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ တိမင်တို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီး ကျန်းရီ၏ အရှေ့တွင် ရပ်၍ ဒိုင်းသဖွယ်ကာလိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ အချို့က တစ်ပြိုင်တည်း အော်ပြောလိုက်ကြသည်။

“သိမ်းငှက်စိမ်းဘုရင် ဒေါသမထွက်ပါနဲ့”

“ဘေးဖယ်ကြစမ်း”

သိမ်းငှက်စိမ်းဘုရင်သည် အရှေ့သို့ လျင်မြန်စွာ လျှောက်လာ၏။ သူ၏ အားကောင်းသော အရှိန်အဝါက ကျန်းရီကို မွန်းကြပ်လာစေသည်။ ယင်းနောက် သိမ်းငှက်စိမ်းဘုရင်၏ အေးစက်စက်အသံက တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားလေသည်။

“ဒီနေ့ ငါ့ရဲ့လမ်းကို ပိတ်ဝံ့တဲ့သူတိုင်း ခြွင်းချက်မရှိ သေလိမ့်မယ်။ ကျန်းရီ... မင်း သေရမယ်”

All Chapters