← Chapters

ခွေးတစ်ကောင်လို နှိပ်စက်နိုင်ဖို့

Vol. 106 Ch. 1480

ခွေးတစ်ကောင်လို နှိပ်စက်နိုင်ဖို့

Vol. 106 Ch. 1480

သိမ်းငှက်စိမ်းဘုရင်သည် စွမ်းရည်အရာတွင် ပထမဖြစ်ပြီး သိုင်းပညာအရာတွင် ဒုတိယဖြစ်သည်။

အထက်ဘုံတွင် သောင်းချီသော ဘုံများနှင့် မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများရှိသည်။ ထိုသိုင်းသမားများအကြားတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများလည်း များစွာရှိသည်။ လူများက သူတို့ဘုံအပြင်မှ အကြောင်းများကို မသိကြခြင်းသာ။ ရှေးဦးဆန်းကြယ်နယ်မြေနှင့် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေတို့ကို စောင့်ကြပ်နေသည့် အစောင့်အရှောက်နှစ်ယောက်ကို ဥပမာအနေဖြင့်ကြည့်ပါ။ သူတို့၏ စွမ်းရည်များက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ ထို့ပြင် အချို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများက သိုသိုသိပ်သိပ်သာ နေကြသည်။ မျိုးနွယ်ကြီးများမှလွဲ၍ ထိုသိုင်းသမားများက မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမှ မသိကြပေ။

အထက်ဘုံတွင် လျှို့ဝှက်၍ နေထိုင်နေသော အုပ်ချုပ်သူအဆင့် သိုင်းသမားများသည်ပင် ဆယ်ယောက်ကျော်လောက်သည်။ အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသော်လည်း ထူးခြားသော ဆန်းကြယ်စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များလည်း ရှိကြသေးသည်။ ထိုပါရမီရှင်များသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် သတ်ဖြတ်နိုင်ကြသည်။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် သိုင်သမားများနှင့် ထိုအဆင့်နှင့်ညီသော စွမ်းရည်များ ပိုင်ဆိုင်ထားသူများ၏ အရေအတွက်ကို အတိအကျ သိနိုင်ရန် မလွယ်ပေ။

သို့သော် ပုဂ္ဂိုလ်တစ်ယောက်ကတော့ အထက်ဘုံတွင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်အဖြစ် ကျော်ကြားသည်။ သူက ဒုတိယဟု ခံယူလျှင် မည်သူမှ ပထမနေရာကို ယူဝံ့လိမ့်မည် မဟုတ်ချေ။

ထိုပုဂ္ဂိုလ်မှာ သိမ်းငှက်စိမ်းဘုရင်ပင်။ ထိုအခိုက်တွင် အစွမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်မြင့်မြင့်လူက ကျန်းရီတို့ထံသို့ အားကောင်းသော သတ်ဖြတ်အရှိန်အဝါနှင့် လျှောက်လာနေသည်။ သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဘုရင်လေးတို့က အလွန်ရုပ်ခြင်းဆင်ကြသည်။ သူတို့နှစ်ယောက်စလုံးက ချောမောခံ့ညားကာ ဝံ့ဝံ့ကြွားကြွား ရှိကြသည်။ သိမ်းငှက်ဘုရင်လေးက ဓားအိမ်လွတ် ဓားတစ်ချောင်းဆိုလျှင် သိမ်းငှက်စိမ်းဘုရင်က ကောင်းကင်ထက်တွင် ပျံဝဲနေသော သိမ်းငှက်များ၏ ဘုရင်ပင်။

သိမ်းငှက်စိမ်းဘုရင်၏ အကြည့်က သိမ်းငှက်တစ်ကောင်၏ အကြည့်ကဲ့သို့ စူးရှသည်၊ အေးစက်ဝံ့ကြွားသည်။ သူက လူတိုင်းကို ထီမထင်ဟန်ဖြင့်ကြည့်၏။ လူများသည် သူက ရန်သူဖွဲ့သင့်သူတစ်ယောက်မဟုတ်ဘဲ လေးစားသင့်သူတစ်ယောက်ဟု ခံစားကြရပေသည်။

“သိမ်းငှက်စိမ်းဘုရင်... ကျေးဇူးပြုပြီး စိတ်လျှော့ပါ”

တိမင်တို့က အံကြိတ်၍ အော်လိုက်ကြသည်။ ထို့နောက် သူတို့ တစ်ယောက်ပြီးတစ်ယောက် အရှေ့တိုးလိုက်ကြသည်။ သို့သော် သူတို့သည် သိမ်းငှက်စိမ်းဘုရင်၏ရှေ့တွင် ဦးညွှတ်ကာ ရပ်နေရုံမှလွဲ၍ အခြားမည်သို့မှ မလုပ်ဝံ့ကြပေ။ ကျန်းရီသေလျှင် သူတို့လည်း ပြန်လာစရာမလိုတော့ဟု တိရှအရှင်က ပြောခဲ့သည်။ ထို့ကြောင့် သူတို့ မည်သို့ဖြစ်ပါစေ ကျန်းရီနှင့် သိမ်းငှက်စိမ်းဘုရင်ကြားတွင် ဝင်ရပ်ရပေမည်။

“ထွက်သွားကြစမ်း...”

သိမ်းငှက်စိမ်းဘုရင်က ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာသည်။ သူက အလျင်လိုနေပုံမပေါ်သော်လည်း ခြေနှစ်လှမ်းဖြင့်ပင် တိမင်အရှေ့သို့ ရောက်သွားသည်။ သူ ခြေတစ်ဘက် ယမ်းလိုက်ရာ အရိုးအက်သံများ ထွက်ပေါ်လာပြီး တိမင် ရုတ်ခြည်း လွင့်ထွက်သွားပြီး ဘယ်ဘက်ရှိ ယိုင်နဲ့နေသော ရဲတိုက်နှင့် ဝင်ဆောင့်လေသည်။ ရဲတိုက် ချက်ချင်းပြိုကျသွားသည်။ တိမင်လည်း အပျက်အစီးများကြားတွင် ပိကာ သေလုမြောပါး ဖြစ်သွားသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျိုးထျန်းဝူ၊ ချင်လျန်ရှန်နှင့် ရွှမ်ယွမ်မျိုးနွယ်ခေါင်းဆောင်တို့လည်း လွင့်ထွက်သွားကြသည်။ ဤတစ်ကြိမ်တွင် သိမ်းငှက်စိမ်းဘုရင်က အမှန်ပင် ဒေါသထွက်နေကြောင်း ထင်ရှားပေသည်။ သူ၏ခြေကန်ချက်တိုင်းက သူ့လမ်းတွင်ပိတ်နေသူများကို နံရိုးများ ကျိုးသွားစေသည်။ အကန်ခံလိုက်ရသူတိုင်း လွင့်ပျံထွက်သွားကြကာ သွေးလည်းအန်သွားကြသည်။ တိရှတပ်သားများနှင့် ကျန်းရီတို့သည် သိမ်းငှက်စိမ်းဘုရင်၏ ကန်ချက်များကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသဖြင့် ကျိုးထျန်းဝူတို့က အဘယ်သို့ လွင့်ထွက်သွားကြောင်းကို အတိအကျ မပြောနိုင်ကြပေ။

မျက်တောင်နှစ်ခတ်အတွင်းမှာပင် လူနှစ်ဆယ့်တစ်ယောက် လွင့်ထွက်သွားသည်။ သူတို့ထဲက တစ်ယောက်မှ ပြန်ထမရပ်နိုင်တော့ပေ။ သူတို့က မသေသေးသော်လည်း အလွန်ပြင်းထန်စွာ ဒဏ်ရာရသွားပေပြီ။

ကျန်းရီလည်း မလှုပ်နိုင်ပေ။ သူ့တစ်ကိုယ်လုံးကို သိမ်းငှက်စိမ်းဘုရင်၏ အရှိန်အဝါက ဖိနှိပ်ထားသည်။ ထို့ကြောင့် သူ အသက်ပင် မနည်းရှူနေရသည်။ သူ ခါးကိုင်းနေပြီး သူ့ခြေထောက်များလည်း တုန်ယင်နေသည်။ အချိန်မရွေး သူ ဒူးထောက်ရက် လဲကျသွားပေတော့မည်။ သူ့မျက်နှာက အစိမ်းရောင်သန်းလာပြီး သူ့မေးရိုးများ တောင့်လာသည်။ မည်သို့ပင်ဖြစ်စေ သူ ဒူးမထောက်နိုင်ချေ။

ရွှီး...

ကျန်းရီးဘေးရှိ ကျန်းရှောင်နူ၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်း လင်းလက်လာ၏။ သူမနောက်ကျောတွင် အတောင်ပံနှစ်ခု ထွက်ပေါ်လာပြီး သူမခေါင်းပေါ်မှ ဦးချိုလေးကလည်း ပိုရှည်ထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ ကျန်းရီရှေ့သို့ သွားရပ်လိုက်သည်။ သူမသည် သိမ်းငှက်စိမ်းဘုရင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်လေသည်။

“သိမ်းငှက်စိမ်းဘုရင်... ရှင် ကျွန်မရဲ့ သခင်လေးကို သတ်ချင်ရင် ကျွန်မကို အရင်သတ်ရမယ်...”

“ဝိုး...”

ပတ်ဝန်းကျင်မှလူများ အံ့အားသင့်သွားကြ၏။ ကျန်းရှောင်နူက မည်သူဖြစ်ကြောင်း သူတို့ သိကြသည်။ ယခုတွင်မူ သူတို့ နားမလည်နိုင်ဖြစ်နေပေပြီ။ ကျန်းရှောင်နူ၏ လေသံက အလွန်အေးစက်နေသည်။ သူမက သိမ်းငှက်စိမ်းဘုရင်နှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ပင်။

“ဟွန်း...”

သိမ်းငှက်စိမ်းဘုရင်က နှာမှုတ်လိုက်၏။ ထိုအခါ လူများ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ တိရှတပ်သားအချို့ဆိုလျှင် သတိလစ်သွားကြသည်။ ကျန်းရီလည်း လဲကျမလိုဖြစ်သွားသည်။ သို့သော် နောက်ဆုံးအခိုက်တွင် သူ့လက်ထဲ၌ မီးနဂါးဓား ထွက်ပေါ်လာ၏။ သူ ဓားဖြင့် မြေပြင်ကိုထောက်ကာ အားပြုရပ်နေလိုက်သည်။

“ရှောင်နူ...”

ကျန်းရှောင်နူက ကျန်းရီ၏အရှေ့တွင် လဲကျနေပေပြီ။ သူမက မျက်လုံးများ မှိတ်နေသည်။ သိမ်းငှက်စိမ်းဘုရင်၏အနောက်မှ အစ်မမူက ကျန်းရှောင်နူကို လျင်မြန်စွာ လာခေါ်လိုက်၏။ ထို့နောက် ချက်ချင်း သိမ်းငှက်စိမ်းဘုရင်၏နောက်သို့ ပြန်သွားလိုက်သည်။

သိမ်းငှက်စိမ်းဘုရင် ခြေလှမ်းရပ်တန့်လိုက်၏။ သူ ကျန်းရီနှင့် မီတာသုံးဆယ်အကွာတွင်ရပ်ကာ စကားတစ်ခွန်းမှမပြောဘဲ ကျန်းရီကို အေးစက်စက် မျက်ဝန်းများနှင့် ‌ငေးကြည့်နေ၏။ သူသည် လက်နှစ်ဘက် နောက်ပစ်၍ မျက်နှာချီထားသည်။ သူ့တစ်ကိုယ်လုံးမှနေ၍ ပြိုင်ဘက်ကင်း စွမ်းအားများ ထွက်နေရာ လူများသည် သူ့အား ကိုးကွယ်လိုစိတ်ပင် ပေါက်သွားကြသည်။ ထိုအခိုက်တွင် လူအားလုံးသည် သိမ်းငှက်စိမ်းဘုရင်က ကျန်းရီကို သတ်တော့မည်လောဟု ရင်တထိတ်ထိတ်နှင့် ကြည့်နေကြပေသည်။

သိမ်းငှက်စိမ်းဘုရင်က တိတ်ဆိတ်နေချိန်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် တုန်ယင်နေသော လက်များဖြင့် မီးနဂါးဓားကို အားပြုထားသည်။ သူ့ခြေထောက်နှစ်ချောင်းစလုံးက အတန်ငယ် ကွေးညွတ်နေကြသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေသော်လည်း သူ ဒူးတော့မထောက်သေးပေ။ သူ ခေါင်းမော့၍ သိမ်းငှက်စိမ်းဘုရင်ကို အကြည့်ချင်းစုံကာ ကြည့်လိုက်သည်။ သူ့အကြည့်ကလည်း အေးစက်နေပေသည်။ ထို့ပြင် မကျေနပ်သော အရိပ်အယောင်တစ်ခုလည်း ရှိနေလေသည်။

“ဒူးထောက်စမ်း”

သိမ်းငှက်စိမ်းဘုရင်က အေးစက်စက်လေသံဖြင့် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် အရှိန်အဝါက ပိုအားကောင်းသွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူတော်စင်ဝိညာဉ်တောင်တွင် ခံခဲ့ရသည့် မြေဆွဲအားကို ပြန်အမှတ်ရသွား၏။ သူ့ခြေထောက်အောက်မှ ကျောက်သားပြင်က စတင်အက်ကွဲလာသည်။ မီးနဂါးဓားပင် မြေပြင်ထဲ လက်မအနည်းငယ် စိုက်ဝင်သွားသည်။ သူ့ကိုယ်တွင်းအင်္ဂါအားလုံး တုန်ခါလာပြီး သူ့ပါးစပ်မှနေ၍ သွေးများအန်ထွက်လာသည်။ သူ့ကိုယ်ထဲမှ အရိုးအားလုံးလည်း အချိန်မရွေး ကျိုးသွားတော့မလို အက်လာလေသည်။ သို့သော် သူ ဒူးမထောက်သေးချေ။ သူ ခေါင်းမော့ထားဆဲဖြစ်ပြီး မကျေနပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“မင်းက မကျေနပ်ဘူးလား”

သိမ်းငှက်စိမ်းဘုရင်၏ မျက်နှာပေါ်တွင် ခပ်လှောင်လှောင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ ရုတ်တရက် သူ သူ၏စွမ်းအင်ကို ရုတ်သိမ်းကာ အေးစက်စက် မေးလိုက်သည်။

“မင်းက ဘာကိုမကျေနပ်တာလဲ။ မင်းအမေက ငါ့ရဲ့သမီးတော်ကို ဖမ်းသွားခဲ့တာ။ ငါက မင်းနဲ့ မင်းအမေကို အရင်ကတည်းက သတ်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ ရှောင်ယွီကြောင့် မင်းကို တစ်ခါ လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ မင်းက ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာကို မသိဘူးပဲ။ မင်းက ရှောင်ယွီရဲ့ မှတ်ဉာဏ်ချိပ်စည်းကိုတောင် ဖျက်ပစ်လိုက်သေးတယ်ပေါ့လေ။ မင်း သူနဲ့အတူ နေချင်တာလား။ မင်းက ငါ့သမီးတော်နဲ့ တန်ရဲ့လား။ မင်းလို အနိမ့်ဘုံကတက်လာတဲ့ အောက်တန်းစားတစ်ယောက်က ဘာမကျေနပ်စရာတွေများ ရှိနေသေးလဲ”

“ဖူး...”

ကျန်းရီ သွေးအန်လိုက်၏။ သူ့အရှေ့မှ မီးနဂါးဓားက သွေးချင်းချင်းရဲနေပေပြီ။ သူသည် ပါးစပ်မှ သွေးများကို သုတ်မပစ်ဘဲ ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သိမ်းငှက်စိမ်းဘုရင်ကို ခနဲ့တဲ့တဲ့ကြည့်ကာ ပြောလိုက်သည်။

“အနိမ့်ဘုံက တက်လှမ်းလာတဲ့သူတွေက ဘာဖြစ်နေလို့လဲ။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကလည်း အနိမ့်ဘုံက တက်လှမ်းလာခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့... ကျွန်တော့်ရဲ့အမေက ခင်ဗျားရဲ့သမီးကို ဖမ်းသွားခဲ့တာ မဟုတ်ဘူး။ သူက ခင်ဗျားရဲ့သမီး တစ်ယောက်တည်း ပစ်ထားခံခဲ့ရတာကိုတွေ့လို့ မွေးစားဖို့ ဆုံးဖြတ်ခဲ့တာ...”

“သိမ်းငှက်စိမ်းဘုရင်... ခင်ဗျားက အထက်ဘုံမှာ စွမ်းအားအကြီးဆုံးသူပါ။ ခင်ဗျားက ခင်ဗျားသတ်ချင်တဲ့သူကို သတ်ပစ်နိုင်တယ်။ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင်လည်း ကျွန်တော် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် မကျေနပ်ဘူးဆိုရင်‌ရော ခင်ဗျားဘာလုပ်မှာလဲ။ ခင်ဗျားက ကိုယ့်ရဲ့စွမ်းအားကို အသုံးချပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေတာပဲ။ ဘာလို့ ကျွန်တော်က မကျေနပ်လို့ မရရမှာလဲ။ ခင်ဗျားက ခင်ဗျားရဲ့အဆင့်အတန်းကို သုံးပြီး အဆင့်နိမ့်တဲ့သူတွေကို အနိုင်ကျင့်နေတာ... ဘာလို့ ကျွန်တော်က မကျေနပ်လို့ မရရမှာလဲ။ ကျွန်တော် မကျေနပ်ဘူး။ ခင်ဗျား ဘာတတ်နိုင်လဲ။ ခင်ဗျား ဘာလုပ်မှာလဲ”

တစ်မြို့လုံး တိတ်ဆိတ်သွားသည်။ ကျန်းရီ၏ ဒေါသတကြီး အော်ပြောပုံနှင့် သွေးစွန်းနေသော နှုတ်ခမ်းများက လူများ၏စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်ပေါ်လာသည်။ လူများသည် ကျန်းရိ၏စကားများကို ကိုယ်ချင်းစာနိုင်ကြသည်။ သူတို့သည် ဘုံရန်သူတစ်ယောက်ကြောင့် ကျန်းရီနှင့် စည်းလုံးသွားသကဲ့သို့ပင်။ ယခုတွင် သူတို့၏ သိမ်းငှက်စိမ်းဘုရင်ကို ကြည့်နေသော အကြည့်များ၌ လေးစားမှုများ၊ ကြောက်ရွံ့မှုများ မပါ‌တော့ပေ။ ဒေါသတရားသာပါတော့သည်။

“ဟင်းဟင်း...”

သိမ်းငှက်စိမ်းဘုရင်က ခြောက်ကပ်ကပ် ရယ်လိုက်၏။ သူသည် သူ့ကိုကြည့်နေကြသော လူများ၏ အကြည့်များကို အရေးမစိုက်ပုံပင်။ သူ ခေါင်းမာစွာဖြင့် ကျန်းရီကို ပြန်ပြောလိုက်သည်။

“အနိမ့်ဘုံကနေ တက်လှမ်းလာတဲ့သူတွေက သန်းရာချီ၊ ထောင်ချီပြီးရှိတယ်။ မင်းက မင်းကိုယ်မင်း ဒုတိယမိစ္ဆာသတ်ဖြတ်ဧကရာဇ် ဖြစ်လာနိုင်လိမ့်မယ်လို့ ထင်နေတာလား။ မင်းက ငါ့အသက်အရွယ်ကို ရောက်တဲ့အချိန်ကျရင် ငါ့ကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ သနားစရာပဲ၊ ရယ်လည်းရယ်ချင်စရာပဲ... ကလေးဆန်လိုက်တာ...”

“ကျွန်တော်က ဘာလို့ ခင်ဗျားရဲ့အသက်အရွယ် ရောက်တဲ့အထိ စောင့်ရမှာလဲ”

ကျန်းရီ သိမ်းငှက်စိမ်းဘုရင်၏စကားကို ဖြတ်၍ ပြန်အော်ပြောလိုက်သည်။ သူ့အရိုးတော်‌တော်များများက ကျိုးနေပြီဖြစ်သော်လည်း သူ မားမားမတ်မတ် ရပ်နေသေးသည်။ သူ မီးနဂါးဓားကို မြေကြီးထဲမှ ဆွဲထုတ်လိုက်ပြီး သိမ်းငှက်စိမ်းဘုရင်ကို ချိန်လိုက်၏။ ထို့နောက် စကားကို တစ်လုံးချင်း ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ခွေးတစ်ကောင်လို နှိပ်စက်နိုင်ဖို့ ဆယ်နှစ်ပဲလိုတယ်။ ကျွန်တော် မလုပ်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်”

All Chapters