← Chapters

ယဲ့ရှန်

Vol. 106 Ch. 1481

ယဲ့ရှန်

Vol. 106 Ch. 1481

ဘုတ်...ဘုတ်...

မြို့ရင်ပြင်ထဲတွင် လူတစ်သောင်းလောက်ရှိနေသည်။ ကျန်းရီပြောလိုက်သော စကားကြောင့် လူထောင်ကျော် မြေပြင်ပေါ် လဲကျသွားသည်။ ထိုစကားလုံးများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့သည် အလွန်ကြောက်ရွံ့နေကြသဖြင့် မြေပြင်ပေါ်တွင် ထိုင်လိုက်ကြရပေသည်။

အထက်ဘုံတွင် သိမ်းငှက်စိမ်းဘုရင်ကို ဓားဖြင့်ချိန်ရွယ်၍ ထိုကဲ့သို့သောစကားများ ပြောဝံ့သူ တစ်ယောက်မှ မရှိပေ။ သိမ်းငှက်စိမ်းဘုရင်ကို ခွေးလို နှိပ်စက်နိုင်ရန် ဆယ်နှစ်သာ လိုအပ်သည်လော။ ယင်းမှာ ရူးသွပ်လွန်းသည်။ သာမန်လူတစ်ယောက်က တိရှအရှင်ကိုကြည့်၍ တိရှအရှင်၏နေရာကို ရယူရန် ဆယ်နှစ်သာလိုသည်ဟု ပြောခြင်းကဲ့သို့ပင်။

လူများသည် သိမ်းငှက်စိမ်းဘုရင်က ဒေါသအလျောက် တစ်မြို့လုံးကို ပြာချပစ်မည်ကိုလည်း ကြောက်ရွံ့နေကြသည်။ သိမ်းငှက်စိမ်းဘုရင်က တစ်မြို့လုံးကို ဖျက်ဆီးပစ်မည်ဆိုလျှင်လည်း တိရှအရှင်သည် မည်မျှမကျေနပ်ပါစေ မည်သို့မှ လုပ်နိုင်မည်မဟုတ်ပေ။

သိမ်းငှက်စိမ်းဘုရင်၏ အကျင့်စရိုက်ကို အထက်ဘုံတစ်ခွင်လုံး သိကြသည်။ ထို့ကြောင့်လည်း အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက သိမ်းငှက်စိမ်းဘုရင်ကို ကြောက်ကြခြင်းပင်။ တစ်ခါက သိမ်းငှက်စိမ်းဘုရင်သည် ဒေါသအလျောက် ဘုံလေးတစ်ခုကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။ သူသည် အထက်ဘုံတစ်ခွင်လုံးတွင် မကောင်းသတင်းဖြင့် ကျော်ကြားပေသည်။ တစ်ခါတွင် သူသည် ရှစ်ရှဲ့ဘုရင်ကို ပြေးစရာမြေမရှိတော့သည်အထိ လိုက်သတ်ခဲ့ဖူး၏။ နောက်ဆုံး၌ ရှစ်ရှဲ့ဘုရင်သည် ရွေးချယ်စရာ မရှိတော့ဘဲ ဒူးထောက်ကာ အသနားခံခဲ့ရလေသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။ မည်သူကမှ အသံတစ်ချက် မပြုဝံ့ပေ။ သူတို့အားလုံးသည် သိမ်းငှက်စိမ်းဘုရင်နှင့် ဓားကိုင်ထားသောကျန်းရီကို စိုက်ကြည့်နေကြသည်။ လူများသည် တုန်တုန်ယင်ယင်ဖြင့် တံတွေးမျိုချလာရသည်။ သူတို့၏ လက်ဖဝါးများနှင့် နောက်ကျေများတွင်လည်း ဇောချွေးများ ပြန်လာသည်။

သိမ်းငှက်စိမ်းဘုရင်၏ မျက်နှာထားက တည်နေဆဲပင်။ သူ ကျန်းရီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ကျန်းရီအနောက်တွင် မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်သမား ငါးယောက် ရှိနေသည်။ အစ်မမူတို့သည်လည်း သတ်ဖြတ်အရှိန်အဝါများနှင့် သိမ်းငှက်စိမ်းဘုရင်နောက်တွင် ရပ်နေကြသည်။ ကျန်းရီက အဘယ်သို့ သိမ်းငှက်စိမ်းဘုရင်ကို ဓားဖြင့် ချိန်ဝံ့ပါသနည်း။ ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဖြစ်ပါက သူတို့ တိုက်ခိုက်လိုက်ပေပြီ။ သူက အဘယ်သို့ ဆယ်နှစ်အတွင်း သိမ်းငှက်စိမ်းဘုရင်ကို ခွေးတစ်ကောင်လို နှိပ်စက်နိုင်မည်ဟုလည်း ပြောရဲသနည်း။ ယင်းမှာ မင်ရည်တောင်ပံမျိုးနွယ်ကို စော်ကားခြင်းပင်။

သိမ်းငှက်စိမ်းဘုရင်က မည်သို့မှမပြောသလို ကျန်းရီသည်လည်း မျက်နှာသေဖြင့် သိမ်းငှက်စိမ်းဘုရင်ကို ဓားဖြင့် ဆက်ချိန်ထားသည်။ သူ၏အပြင်ပုံစံက ပြတ်သားနေသော်လည်း သူ့ရင်ထဲတွင် ဗြောင်းဆန်နေပေသည်။ ယခုတွင် သူသည် ပြန်လမ်းမရှိသောလမ်းကို လျှောက်နေခြင်းပင်။

ကျန်းရှောင်နူ၏ မှတ်ဉာဏ်ချိပ်စည်းကို ဖျက်လိုက်ပြီး သူမကို တိရှဘုံသို့ ပြန်ခေါ်လာကတည်းက သိမ်းငှက်စိမ်းဘုရင် ဒေါသထွက်သွားလိမ့်မည်ဖြစ်ကြောင်းကို ကျန်းရီ ခန့်မှန်းထားပြီးပေပြီ။ ယခုတွင် သိမ်းငှက်စိမ်းဘုရင်က လူတစ်စုကို ဦးဆောင်၍ ဤသို့ ကိုယ်တိုင်ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် သူ လမ်းဆုံးသို့ ရောက်နေပေပြီ။ ယနေ့တွင် သူ အမှားတစ်ခု လုပ်မိလျှင် သိမ်းငှက်စိမ်းဘုရင်၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

အကယ်၍ သိမ်းငှက်စိမ်းဘုရင်က သူ့ကို သတ်ဖြတ်လိုသည်ဆိုလျှင်လည်း သူ မည်သို့မှ မတတ်နိုင်ပေ။ သိမ်းငှက်စိမ်းဘုရင်ဘက်မှကြည့်မည်ဆိုလျှင်လည်း မမှားချေ။

သိမ်းငှက်စိမ်းဘုရင်သည် အထက်ဘုံတွင် စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သို့သော် သူချစ်ရသော သမီးတော်ကို ဆုံးရှုံးခဲ့ရသည်။ ရီဖျောင်ဖျောင်က ကျန်းရှောင်နူကိုခေါ်၍ မွေးစားခဲ့မည်ဆိုလျှင်ပင် သူမကို ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ခေါ်မသွားခဲ့သင့်ပေ။ သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဧကရီတို့သည် ကျန်းရှောင်နူ သေသွားပြီဟု ထင်ခဲ့ကြပြီး အလွန်ပူဆွေးခဲ့ရပေသည်။

အဆင့်အတန်းမြင့်သူများသည် အကျိုးသင့်အကြောင့်သင့် လုပ်ဆောင်ခဲသည်။ သိမ်းငှက်စိမ်းဘုရင်မှာ စိတ်ဆတ်သူလည်းဖြစ်ရာ ပို၍ပင် အကျိုးအကြောင်းမကြည့်တတ်ပေ။ ကျန်းရှောင်နူက မင်ရည်တောင်ပံမျိုးနွယ်ကို ရောက်ရောက်ချင်း ပြဿနာရှာခဲ့သောအခါတွင်လည်း သိမ်းငှက်စိမ်းဘုရင်က ဒေါသထွက်ကာ သူမ၏မှတ်ဉာဏ်များကို ချိပ်ပိတ်ပစ်ခဲ့သည်။ ယခု ကျန်းရှောင်နူက ကျန်းရီနှင့် လိုက်ပြေးသွားသည်ကို သူ ထပ်ကြုံရပြန်သည်။ ထိုအကြောင်းသာ သတင်းပျံ့သွားပါက သူ၏ဂုဏ်သိက္ခာကို ထိန်းထားနိုင်ပါဦးမည်လော။

ထို့ကြောင့် သိမ်းငှက်စိမ်းဘုရင်သည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းကို ကောင်းကောင်းသိ၏။ သူ မသေလိုပေ။ အထူးသဖြင့် ကျန်းရှောင်နူ၏အဖေ လက်ချက်ဖြင့် ပို၍မသေလိုပေ။ သို့ဖြစ်၍ သူ ကံစမ်းကြည့်ရပေမည်။

ကျန်းရီသည် အမှန်ပင် မကျေမနပ်ဖြစ်နေသည်။ သိမ်းငှက်စိမ်းဘုရင်က သူ၏မာနကို စကားများဖြင့် စော်ကားခဲ့သည်။ ထင်ရှားသောလူများက သူ့ထက် အခွင့်အထူများ ပိုရလိမ့်မည်ကို သူသိသည်။ သို့သော် အနိမ့်ဘုံမှ တက်လှမ်းလာသူများကို အထင်သေးရအောင် သိမ်းငှက်စိမ်းဘုရင်က မည်သူမို့နည်း။ အဘယ်ကြောင့် ဒေသခံမျိုးနွယ်များက ပိုကြီးမြတ်သယောင် ပြုမူနေရသနည်း။ အဘယ်ကြောင့် အနိမ့်ဘုံမှ တက်လှမ်းလာသူများက အထင်သေးခံရမည်နည်း။

အထက်ဘုံမှ ဒေသခံမျိုးနွယ်များက စမှတ်ကောင်းကောင်း ရခဲ့သည်။ သူတို့သည် မွေးလာကတည်းက အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ရရှိခဲ့သည်။ ထို့ကြောင့် သူတို့ လျင်မြန်စွာ ကျင့်ကြံနိုင်ကာ စွမ်းအားကြီး စွမ်းရည်များကိုလည်း တတ်မြောက်ခဲ့ကြသည်။ ဘုံအသီးသီးမှ ဘုံအရှင်အများစုသည် ဒေသခံမျိုးနွယ်များမှ ဖြစ်ကြသည်။ သို့သော် ဘာအရေးနည်း။ ထင်ရှားသောသူများက အခွင့်ထူးပိုရရန် ကံကြမ္မာပါလာသည်လော။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က အနိမ့်ဘုံမှနေ၍ တက်လှမ်းလာခဲ့သူဖြစ်သော်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်ကို တည်ထောင်ခဲ့သည်။ အဘယ်ကြောင့် ကျန်းရီကလည်း ထိုသို့ မလုပ်နိုင်ရမည်နည်း။

“ဟားဟားဟား...”

သိမ်းငှက်စိမ်းဘုရင်က ရုတ်တရက် ရယ်လိုက်၏။ သူ၏စွမ်းအားများ ပိုတိုးလာပြီး သတ်ဖြတ်အရှိန်အဝါတစ်ခုက တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။ သူ ဒေါသဖြင့်ရယ်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“မင်းက ထိုးမဲ့ဆင် နောက်တစ်လှမ်းဆုတ်တာလား။ ကောင်စုတ်လေး... အဲ့လို လှည့်ကွက်လေးနဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား။ ငါ့ကို ဓားနဲ့ချိန်ဖူးတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး... ဘာလို့ဆို သူတို့အကုန် သေကုန်ကြလို့ပဲ”

ဝှစ်...

သိမ်းငှက်စိမ်းဘုရင်က ကျန်းရီထံ ပျံသန်းသွားလိုက်၏။ သူ၏လက်တစ်ဘက်က အပြာရောင်ပြောင်းကာ ကျန်းရီ၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ သူသည် ဤပြဿနာကို တစ်ခါတည်း အဆုံးသတ်လိုပေသည်။ သူ ကျန်းရီကို သတ်လိုက်မှ ကျန်းရှောင်နူက ကျန်းရီအား မေ့နိုင်မည်ဖြစ်သည်။ ထိုမှ သူမ ဘဝသစ်တစ်ခုကို အမှန်တကယ် စတင်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် ဤပြဿနာက ထပ်ပေါ်လာပေလိမ့်ဦးမည်။

ရွှီး...

ထိုအခိုက်တွင် ပတ်ဝန်းကျင်အာကာပြင်ထဲ၌ လှုပ်ခတ်မှုများ ဖြစ်ပေါ်လာ၏။ တိမ်များက စတင်‌ရွေ့လျားလာပြီး မိုးမြေဝိညာဉ်အရှိန်အဝါက မျက်နှာတစ်ခုအဖြစ် စုစည်းသွားသည်။ အာကာပြင်ကလည်း တွန့်ခေါ်လာကာ နောက်ထပ်မျက်နှာတစ်ခု ဖြစ်သွားသည်။ သိမ်းငှက်စိမ်းဘုရင်၏ လက်သည်းများက ကျန်းရီ၏ဦးခေါင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပေသည်။ သို့သော် ထိုအခိုက်တွင် သူ ရပ်တန့်လိုက်ပြီး ကောင်းကင်ထက်သို့ ‌မော့ကြည့်လိုက်သည်။

“တိရှအရှင်ကို နှုတ်ခွန်းဆက်ပါတယ်၊ အရှင်ယဲ့ရှန်ကို နှုတ်ခွန်းဆက်ပါတယ်”

မိုလင်းချိုး ပျံထွက်လာပြီး ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်သည်။ သူ့ချပ်ဝတ်၏ ရင်ဘတ်နေရာက အထဲသို့ ချိုင့်ဝင်နေသည်။ သူ့မျက်နှာကလည်း ဖြူဖျော့နေပေသည်။ သူ အပြင်းအထန် ဒဏ်ရာရထားကြောင်း ထင်ရှားပေသည်။ သို့သော် သူ၏အော်သံက အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ ထို့နောက် ကျန်လူများလည်း အော်ပြောလိုက်ကြသည်။

“တိရှအရှင်ကို နှုတ်ခွန်းဆက်ပါတယ်၊ အရှင်ယဲ့ရှန်ကို နှုတ်ခွန်းဆက်ပါတယ်”

လူတော်တော်များများသည် ဒုတိယမျက်နှာကို မသိကြပေ။ သို့သော် မိုလင်းချိုး၏ နှုတ်ဆက်သံကို ကြားပြီးနောက် အားလုံးသည် ထိုသူက မည်သူဖြစ်ကြောင်း သိသွားကြပြီး အံ့အားသင့်သွားကြလေသည်။ တိရှအရှင် ဝင်ပါခြင်းကို နားလည်ပေးနိုင်၏။ သို့သော် ယဲ့ရှန်ပင် ဝင်ပါသည်လော။ ယဲ့ရှန်မှာ အထက်ဘုံ ပင်မမိစ္ဆာသတ်ဖြတ်စံအိမ်၏ လက်ထောက်စံအိမ်အရှင်ဖြစ်သည်။ အထက်ဘုံထဲတွင် သူက စတုတ္ထမြောက် စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူ့အဆင့်အတန်းကလည်း အတော်မြင့်သည်။ သူသည် အထက်ဘုံ ပင်မမိစ္ဆာသတ်ဖြတ်စံအိမ်၏ ပြောရေးဆိုခွင့်ရသူလည်းဖြစ်ပေသည်။

“အားလုံးပဲ ထကြပါ။ ကျုပ်တို့က ပွဲကြည့်ဖို့ပဲ ရောက်လာတာပါ”

မိုးမြေဝိညာဉ်အရှိန်အဝါမှ ဖြစ်တည်လာသော တိရှအရှင်၏မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့တစ်ခု ရှိနေ၏။ သူ ဆက်ပြောလိုက်သည်။

“ကျုပ်တို့က သိမ်းငှက်စိမ်းဘုရင်က ဝါနုသူတစ်ယောက်၊ အားနည်သူတစ်ယောက်ကို ဘယ်လိုအနိုင်ကျင့်မလဲဆိုတာ လာကြည့်တာပါ”

ယဲ့ရှန်က အိုမင်းသည့်ပုံ မပေါ်ပေ။ သူ၏ မျက်ခုံးနှစ်ဘက်က အနီရောင်ဖြစ်သည်။ ထိုစဉ် သူ ရုတ်တရက် ပြောလိုက်သည်။

“သိမ်းငှက်စိမ်းဘုရင်... လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျုပ်တို့က ပွဲကြည့်ဖို့ပဲ လာခဲ့တာပါ။ ကျုပ်တို့ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ လူထုရေးရာ မဟာဝန်မင်းတွေ အများကြီးရှိပါတယ်။ ခင်ဗျား တစ်ယောက်ကိုသတ်ရရုံနဲ့ မကျေနပ်သေးဘူးဆိုရင်လည်း ကျုပ် ခင်ဗျားသတ်ဖို့အတွက် ငယ်ရွယ်တဲ့ လူထုရေးရာ မဟာဝန်မင်းတွေကို ထပ်ခေါ်လာပေးပါမယ်”

တိရှအရှင်နဲ့ ယဲ့ရှန်တို့က ပုံမှန်အတိုင်း ပြောနေကြသော်လည်း သူတို့၏စကားများထဲမှ ရွဲ့စောင်းမှုကို အရူးများပင် သိနိုင်ပေသည်။ ယဲ့ရှန်သည် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ လူထုရေးရာ မဟာဝန်မင်းဖြစ်ပြီး လူငယ်တစ်ယောက်လည်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောသွားခဲ့သည်။ မည်သည့်စကားကမှ ယင်းထက်ပို၍ ခနဲ့နိုင်၊ ရွဲ့နိုင်လိမ့်မည် မဟုတ်ချေ။

“ဟွန်း...”

သိမ်းငှက်စိမ်းဘုရင်သည် သူ၏လက်ကို ပြန်ရုတ်၍ မျက်နှာနှစ်ခုကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားတို့တွေ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ ပြောနေစရာ မလိုပါဘူး။ ကျုပ်က အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေတာလို့ ခင်ဗျားတို့ ပြောတယ်မလား။ အဲ့ဒါဆို ကျုပ် ခင်ဗျားတို့နှစ်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင်ရော။ ခင်ဗျားတို့ကို နှစ်ယောက်ပေးတယ်။ သေတာ၊ ရှင်တာကိုတော့ ကျုပ်တို့ရဲ့စွမ်းရည်တွေက အဆုံးအဖြတ်ပေးလိမ့်မယ်။ ခင်ဗျားတို့ တိုက်ရဲလား”

ခက်ထန်ရူးသွပ်၏။

သိမ်းငှက်စိမ်းဘုရင်က အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် စိန်ခေါ်နေသည်လော။ ယဲ့ရှန်က အထက်ဘုံတွင် စတုတ္ထ စွမ်းအားအကြီးဆုံးသူဖြစ်သည်။ တိရှအရှင်တွင် ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခု ရှိရာ သူ၏ တိုက်ခိုက်စွမ်းအားက ယဲ့ရှန်ထက် မနိမ့်ပေ။ သိမ်းငှက်စိမ်းဘုရင်က သူတို့နှင့် နှစ်ယောက် တစ်ယောက် တိုက်ခိုက်မည်လော။ သူက သေလိုနေခြင်းလော။

“ကျုပ် မဝံ့ရဲပါဘူး”

ယဲ့ရှန်က မည်သို့မှ မပြောသော်လည်း တိရှအရှင်က ပြုံး၍ ပြောလိုက်သည်။

“သိမ်းငှက်စိမ်းဘုရင် ကျုပ်တို့က ခင်ဗျားကို မယှဉ်နိုင်ပါဘူး။ ကျုပ်တို့နှစ်ယောက် ပေါင်းတိုက်ရင်တောင် ခင်ဗျားကို နိုင်မှာ မဟုတ်ဘူး။ ကျုပ် အဲ့ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့... ကျန်းရီက မကျေနပ်ဘူးတဲ့။ သူက ဆယ်နှစ်အတွင်း ခင်ဗျားကို ခွေးတစ်ကောင်လို နှိပ်စက်နိုင်လိမ့်မယ်တဲ့။ ခင်ဗျား ဆယ်နှစ် မစောင့်နိုင်ဘူးလား။ ဒါမှမဟုတ်... ခင်ဗျား ကြောက်နေတာလား”

“ဟားဟားဟား... ကျုပ်က ကြောက်ရမှာလား”

သိမ်းငှက်စိမ်းဘုရင် ရယ်လိုက်၏။ သူ၏ကြောက်မက်ဖွယ်အရှိန်အဝါ ပြန်ထွက်လာသည်။ ကျန်းရီ၏ခြေထောက်အောက်မှ ကျောက်ပြင်က ပို၍အက်ကွဲသွား၏။ သိမ်းငှက်စိမ်းဘုရင်သည် အေးစက်စက် မျက်ဝန်းများဖြင့် ဝေ့ဝဲကြည့်လိုက်ပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။

“ခင်ဗျားတို့ အဘိုးကြီးနှစ်ယောက် ဝင်ပါနေပြီဆိုမှတော့ ကျုပ် ခင်ဗျားတို့ရဲ့မျက်နှာကို ထောက်ပြီး ဆယ်နှစ်စောင့်ပေးမယ်။ ဆယ်နှစ်ပြည့်လို့ ကျန်းရီက ကျုပ်ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်မယ်ဆိုရင် ကျုပ်အရှုံးလို့ သတ်မှတ်မယ်။ သူ ရှောင်ယွီနဲ့ ဆက်ပတ်သတ်ချင်တယ်ဆိုရင်လည်း ကျုပ် သူတို့ကို တားတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဆယ်နှစ်အတွင်း ကျန်းရီက ရှောင်ယွီကို ခိုးပြေးမယ်ဆိုရင်တော့ ကျုပ်အဆိုးမဆိုနဲ့”

“ကောင်းပြီ...”

ကျန်းရီ အံကြိတ်၍ ပြောလိုက်သည်။ သူသည် အရှိန်အဝါဖိအားကို တောင့်ခံကာ သိမ်းငှက်စိမ်းဘုရင်ကို ဓားဖြင့် ထပ်မံချိန်ရွယ်လိုက်သည်။

“ကျွန်တော် ပြောခဲ့တဲ့စကားကို ထပ်ပြောမယ်။ ဆယ်နှစ်အတွင်း ကျွန်တော် ခင်ဗျားကို မနှိပ်စက်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်”

All Chapters