သန်း၂၀ လောင်းခြင်း
Vol. 36 Ch. 479
ဟား ...ဟား ... "
" ဝါစဉ်ကြီးအစ်ကိုလင်းကို လေးနှစ်ဆက်တိုက် ရှုံးတယ်ဆိုတိုင်း တစ်သက်လုံး ရှုံးမယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ဘယ်သူပြောနိုင်မှာလဲ။သည်တစ်ခေါက်မှာ ဝါစဉ်ကြီး အစ်ကိုဟောင်က နိုင်ရင် နိုင်မှာပေါ့။ ပြီးတော့ သူတို့နှစ်ယောက်စလုံးက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၂ မှာပဲကို "
လီဖူချန်းက ရယ်ပြီး ပြောလိုက်ပါတယ်။
အစ်ကိုဟောင်ကလည်း အစ်ကိုလင်းလို ဘုရင်အဆင့်အတန်း တပည့်ဖြစ်တဲ့အတွက် အစွမ်းမထက်စရာတော့ အကြောင်းမရှိပါဘူး။ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း တူညီနေပါသေးတယ်။အဲသည်အတွက် သူတို့ နှစ်ယောက်စလုံးဟာ ချီအတွင်းအားကျင့်စဉ် အဆင့်၊ သိုင်းပညာအပေါ် နားလည်ကျွမ်းကျင်မှု နဲ့ နတ်ဘုရားစွမ်းရည်တို့ကိုပဲ ယှဉ်ရမှာပါ။
သည်ပွဲမှာ ဘယ်သူပဲ အနိုင်ရတာဖြစ်ဖြစ် ပွဲအဖြေက အရမ်းသိသာနေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းကတော့ သူတို့နှစ်ယောက်ကြားက ခြားနားမှုကို မြင်နေရပါတယ်။ အဲဒါက ချီအရှိန်အဝါပါပဲ။
သူ့ရဲ့အမြင်မှာတော့ ဝါစဉ်ကြီး အစ်ကိုဟောင်ရဲ့ ချီအရှိန်အဝါက ဝါစဉ်ကြီး အစ်ကိုလင်းရဲ့ မသိမသာလေး သာနေပါတယ်။ အဲသည် ချီအရှိန်အဝါ သာလွန်မှုက တကယ့်ကို မစို့မပို့လေး ဖြစ်နေတဲ့အတွက် လီဖူချန်း ကိုယ်တိုင်တောင်မှ မနည်းအားစိုက်ပြီး ကြည့်မှ မြင်လိုက်ရတာပါ။ဒါကြောင့်လည်း သူက အစ်ကိုဟောင်ဘက်ကနေ လောင်းလိုက်တာ ဖြစ်ပါတယ်။
ပိုင်လိရှန်ကတော့ တကယ့်ကို လောင်းကစား သမားပါပဲ။ သူက နှစ်ဖက်စလုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်းစီ လောင်းချလိုက်ပါတယ်။
ပိုင်လိရှန် အနေနဲ့ အကြောင်းအရင်း မရှိဘဲ လောင်းလိုက်တာတော့ မဟုတ်ပါဘူး။ သူမ အခုလို လောင်းလိုက်ရတာက ပေါက်ကြေးကြောင့်ပါပဲ။
သိုင်းစင်မြင့် အကြီးအကဲက ဝါစဉ်ကြီးအစ်ကို ဟောင်ကျီရဲ့ လျော်ကြေးကို ၁:၂ ပေးထားပြီး ဝါစဉ်ကြီးအစ်ကို လင်းရှန်ဟုရဲ့ လျော်ကြေးကို ၁:၁ ပေးထားတာ မဟုတ်ပါလား။
တကယ်လို့ လင်းရှန်ဟု နိုင်မယ်ဆိုရင် သူမက အရင်းပါပဲ။ ဒါပေမဲ့ ဟောင်ကျီ နိုင်သွားလို့ကတော့ သူမဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်းကို အမြတ်အဖြစ် ပြန်ရမှာပါ။
အဲသည်အတွက် ဘယ်သူပဲ နိုင်နိုင် ပိုင်လိရှန် အတွက်ကတော့ အရှုံး မရှိပါဘူး။
အမှန်တော့ ပိုင်လိရှန်က ဟောင်ကျီဘက်ကနေ လောင်းဖို့ စိတ်ကူး မရှိပါဘူး။ သူမက လင်းရှန်ဟုကိုပဲ အပိုင်ဆိုပြီး လောင်းဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့လည်း လီဖူချန်းက ဟောင်ကျီကို ယုံကြည် စိတ်ချစွာနဲ့ လောင်းနေပါတယ်။
ဒါကြောင့်လည်း သူမက ဟောင်ကျီဘက်ကိုပါ ထည့်လောင်း လိုက်တာပါ။ သူမကို အနိုင်ယူထားတဲ့သူရဲ့ အမြင်ကိုတော့ ပိုင်လိရှန်က အနည်းငယ် လေးစားမှု ရှိပါတယ်။
အထူးသဖြင့် ထိုးထွင်းသိမြင်မှု အပိုင်းမှာပေါ့။ သည်လီဖူချန်းဆိုတဲ့ သူက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရထားတဲ့သူပါ။အဲဒါက သာမန်လူတွေ လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ပိုင်လိရှန်ရဲ့ အမြင်မှာတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာ သည်လိုမျိုး လုပ်ဆောင်နိုင်တာပါ။ အဲသည်အတွက် သူ့ရဲ့ အကြည့်က သူမထက် ပိုသေချာမှာ အမှန်ပါပဲ။
ဟောင်ကျီ နဲ့ လင်းရှန်ဟု တို့ရဲ့ တိုက်ပွဲက စတင်ပါပြီ။
ဝုန်း ...ဝုန်း ... ဝုန်း ...
တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် နှစ်ယောက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်ကြပါတော့တယ်။ ပြီးတော့ နှစ်ယောက်စလုံးဟာလည်း နတ်ဘုရား စွမ်းရည်တွေကို ထုတ်ပြီးသားပါပဲ။
ဟောင်ကျီရဲ့ မြေထု နတ်ဘုရားစွမ်းရည်ကတော့ ခိုင်မာတောင့်တင့်ပြီး သိပ်သည်းပါတယ်။ အဲဒါက အကွာအဝေး အကျယ်ကြီးကိုတောင် လှမ်းတိုက်လို့ရတဲ့ အမျိုးအစားပါပဲ။
လင်းရှန်းဟုရဲ့ သတ္တု နတ်ဘုရား စွမ်းရည်ကတော့ တည့်တိုး ဆန်လွန်းလှပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေကတော့ ရပ်တန့်သွားမယ့်ပုံ မရှိပါဘူး။
နတ်ဘုရားစွမ်းရည် နှစ်ခု အကြိမ်အနည်းငယ် ထိပ်တိုက် တွေ့ပြီးသွားတဲ့ နောက်မှာတော့ နှစ်ယောက်စလုံးဟာ အခြေအနေကို သဘောပေါက်သွားတဲ့ ပုံပါပဲ။ သူတို့ဟာ နတ်ဘုရားစွမ်းရည်တွေကို ထပ်ပြီး မသုံးကြတော့ပါဘူး။
သူတို့ရဲ့ ဆုံးဖြတ်ချက်က မှန်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ သာလွန်ထူးကဲ စွမ်းအားတွေဟာ သူမသာ၊ကိုယ်မသာပါပဲ။တကယ်လို့သာ သူတို့နှစ်ယောက်စလုံးက နတ်ဘုရားစွမ်းရည်တွေကို ဆင်ပြီး သုံးနေဦးမယ် ဆိုရင်တော့ သူတို့ရဲ့ စွမ်းအားတွေသာ ကုန်သွားပါမယ်။ တိုက်ပွဲအဖြေက ထွက်လာမှာ မဟုတ်ပါဘူး။
ပြီးတော့ နှစ်ယောက်စလုံးကလည်း အနာဂတ် ရည်မှန်းချက်တွေ အများကြီး ရှိတဲ့အတွက် သည်သိုင်းစင်မြင့်လေးပေါ်မှာ သူတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို အကုန်အစင် သုံးပစ်ရတဲ့အထိ မမိုက်မဲကြပါဘူး။
" ညီလေးဟောင် ... မင်းက အတော်လေး တိုးတက်လာတာပဲ။ မင်းက ငါ့ရဲ့ သံမဏဆေဘာ နတ်ဘုရားစွမ်းရည်ကိုတောင် ခုခံ နေနိုင်ပြီ "
လင်းရှန်ဟုက ဆေဘာရှည် တစ်လက်ကို ဆွဲထုတ်ရင်းနဲ့ တစ်ဖက်လူကို ချီးကျုးလိုက်ပါတယ်။
ဟောင်ကျီကလည်း နိမ့်ချစွာနဲ့ ပြန်ပြောလိုက်ပါတယ်။
" အစ်ကိုလင်းက ကျွန်တော့်ကို အရမ်း ချီးကျုးလွန်းနေပါပြီဗျာ။ တကယ်လို့သာ သည်အတိုင်း ဆက်တိုက်နေမယ်ဆိုရင် ကျွန်တော့်ရဲ့ မြေဥက္ကာခဲက ခံနိုင်တော့မှာ မဟုတ်ဘူးဗျ "
"ဟား ...ဟား ... ညီလေးလီက တကယ် နိမ့်ချလွန်းတာပဲ။ ထားပါလေ။ အခု အစ်ကို့ရဲ့ ပန်းပွင့်ပျံ ဆေဘာဓားချက်ကို ခုခံကြည့်ပါဦး "
စကားဆုံးတဲ့ နောက်မှာတော့ ပန်းပွင့် ပုံသဏ္ဌာန် ဆေဘာဓားချက်ဟာ လေထုထဲမှာ လှပစွာ ဖြစ်တည်လာခဲ့ပါပြီ။
ဖန်း ...ဖန်း ...ဖန်း ...
တစ်ဆက်တည်းမှာပဲ ပွင့်ချပ်တွေဟာ အရှိန်အဟုန် ပြင်းစွာနဲ့ ဟောင်ကျီဆီကို တိုးဝင်သွားပါတော့တယ်။အဲသည်ပွင့်ချပ်တွေကတော့ ဆေဘာဓားချီတွေပါပဲ။ ဓားချက်နဲ့အတူ ဖြစ်တည်လာတဲ့ ဆေဘာဆန္ဒကလည်း သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံထားပါသေးတယ်။
ပန်းပွင့်ပျံ ဆေဘာဓားသိုင်း ...
သည်ဓားသိုင်းကတော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေဘာဓားသိုင်း ဖြစ်ပါတယ်။ လင်းရှန်ဟုက သည်ဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင်တော့ မတတ်မြောက်သေးပါဘူး။ သူက စုစုပေါင်း ဓားကွက်၅ကွက် ရှိတဲ့အနက် ၃ကွက်ကိုသာ ထုတ်သုံးနိုင်ပါသေးတယ်။
" ပန်းပွင့်ပျံ ဆေဘာဓားသိုင်းက တကယ် အစွမ်းထက်တာပဲ။ အစ်ကိုလင်း ... ကျွန်တော်ကလည်း သည်ခြောက်လအတွင်းမှာ ကျွန်တော့်ရဲ့ ကောင်းကင်လွှမ်းမိုး လက်သီးကို ကောင်းကောင်းကြီး လေ့ကျင့်ထားနိုင်ခဲ့တယ်။ ဘယ်သူ ပိုအစွမ်းထက်လည်း ကြည့်ကြတာပေါ့ "
ဟောင်ကျီက နောက်ဆုတ်မယ့် အရိပ်အယောင် မရှိပါဘူး။ သူက ပန်းပွင့်ပံျ ဓားသိုင်းကို ထိပ်တိုက် ရင်ဆိုင်မယ့် ပုံပါပဲ။
" သွားစမ်း "
ဟောင်ကျီက ညာလက်သီးကို မြှောက်လိုက်ပြီး အားရပါးရ ထိုးထည့်လိုက်ပါတယ်။
ဟူး ...ဟူး ...ဟူး ...
"ဝေါ့ ..."
လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ရတဲ့ လင်းရှန်ဟုကတော့ ဘယ်လိုနေမယ် မသိပါဘူး။ လက်သီးချက်ကနေ ထွက်လာတဲ့ အဟုန်ကြောင့် သိုင်းစင်မြင့် အနားမှာ ရှိနေကြတဲ့ တပည့်တွေကတော့ သွေးအန်ကုန်ကြပါပြီ။
" ကြောက်ဖို့ကောင်းလိုက်တဲ့ ဆေဘာဓားသိုင်း နဲ့ လက်သီးသိုင်း "
လီဖူချန်းက ချီးကျုးလိုက်ပါတယ်။
လီဖူချန်းက သူ့ရဲ့ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက သည်နှစ်ယောက်လောက် မနက်ရှိုင်းသေးဘူး ဆိုတာကိုလည်း ရိပ်စားမိပါတယ်။ အထူးသဖြင့်ကတော့ ဟောင်ကျီရဲ့ ကောင်းကင်လွှမ်းမိုး လက်သီးသိုင်းပါပဲ။ ဟောင်ကျီရဲ့ လက်သီးချက်ထဲမှာဆိုရင် ယင်နဲ့ယန်ဟာ သမစွာ တည်ရှိနေပါတယ်။
ဘန်း ...
ပွင့်ဖတ် တဖြစ်လဲ ဆေဘာဓားချီတွေဟာ တစ်စစီ ဖျက်ဆီးခံလိုက် ရပါပြီ။ ဒါက ထုံးကျောက်ခဲ တစ်တုံးကို ဆယ်ပေါင်တူနဲ့ ထုချလိုက်သလိုပါပဲ။
" ရာသီခွင်မဲ့ ပန်းပွင့်ခြင်း "
လင်းရှန်ဟုကလည်း ခေတဲ့သူတော့ မဟုတ်ပါဘူး။ သူက အခြေအနေ မဟန်ဘူးဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ဓားကွက်ကို ရုတ်သိမ်းလိုက်ပြီး ပန်းပွင့်ပျံဓားသိုင်းရဲ့ တတိယမြောက် ဓားကွက်ကို ပြောင်းလိုက်ပါတယ်။
ရွှီး ...ရွှီး ...ရွှီး ...
ဟူး ...ဟူး ...
ပန်းပွင့် ပွင့်ချပ်တွေဟာ ကောင်းကင်ပေါ်ကနေ အဆက်မပြတ် ထိုးဆင်းလာခဲ့ပါပြီ။ သူတို့ရဲ့ ဦးတည်ရာကတော့ ဟောင်ကျီဆီကိုပါပဲ။
" လာစမ်းပါ "
" ကောင်းကင်တုန်လှုပ် ငလျင်လှိုင်း "
ဟောင်ကျီကလည်း လုံးဝ ရှောင်ထွက်သွားခြင်း မရှိလဲ လက်သီးနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
ဘန်း ...
ပန်းပွင့် ပွင့်ချပ်တွေဟာ လမ်းတစ်ဝက်မှာတင် ပျောက်ကွယ်သွားကြပါပြီ။ လင်းရှန်ဟုရဲ့ ဆေဘာဓားချက်ဟာ ဟောင်ချီရဲ့ လက်သီးချက်ကို မယှဉ်နိုင်ခဲ့ပါဘူး။
" ထွီ "
" ဘယ်လိုမှ မဖြစ်နိုင်ဘူး "
လင်းရှန်ဟုကတော့ သွေးတစ်လုတ်ကို ခပ်ပြင်းပြင်း ထွေးထုတ်ပစ်လိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ မယုံကြည်နိုင်တဲ့ အငွေ့အသက်တွေ အပြည့်ပါပဲ။ သူက ဟောင်ချီရဲ့ လက်သီးချက်ကြောင့် အခုလို ဒဏ်ရာရလိမ့်မယ်လို့ လုံးဝကို မမျှော်လင့်ထား ခဲ့ပါဘူး။
ဟောင်ကျီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ်။
" အစ်ကိုလင်း ... လွန်ခဲ့တဲ့ ခြောက်လတုန်းက ဆိုရင်တော့ ကျွန်တော်က အစ်ကို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ။ သည်ခြောက်လအတွင်းမှာ ကျွန်တော်က ကံကောင်းမှုတွေ အများကြီးနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ သိုင်းပညာအပေါ် နားလည်တတ်ကျွမ်းမှုက အရင်ကထက် အများကြီး နက်ရှိုင်းသွားပြီ။ အဲဒါကြောင့် အစ်ကိုက ကျွန်တော့်ကို မယှဉ်နိုင်တော့တာ "
" နောက်တစ်ခေါက် "
လင်းရှန်ဟုက သူ့ရဲ့ အရှုံးကို လုံးဝ လက်မခံနိုင်တဲ့ ပုံပါပဲ။ သူက ဆေဘာကို နောက်ထပ်တစ်ကြိမ် မြှောက်လိုက်ပြီး ဟောင်ကျီကို တိုက်ခိုက်လိုက်ပြန်ပါတယ်။
" အား ... ခက်တာပဲ "
ဟောင်ကျီက ခေါင်းကိုခါရမ်းလိုက်ပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။
တိုက်ပွဲအဖြေကတော့ ဘာမှ မပြောင်းလဲတော့ပါဘူး။
ဟောင်ကျီက အသာစီး ရသွားခဲ့ပါပြီ။
သိုင်းကွက် ဆယ်ကွက်ကို အရောက်မှာတော့ လင်းရှန်ဟုရဲ့ နှုတ်ခမ်းထောင့်ကနေပြီး သွေးတွေ စတင် စီးကျလာခဲ့ပါတယ်။
သိုင်းကွက်နှစ်ဆယ် အကျော်မှာတော့ သွေးတွေဟာ လင်းရှန်ဟုရဲ့ နှာခေါင်းကနေပါ စီးကျလာပါတော့တယ်။
" အစ်ကိုလင်း ... ပွဲက ပြီးသွားပြီ "
ဟောင်ကျီက လက်သီးချက်က လင်းရှန်ဟုရဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး နံရိုးပေါ်ကို ကျရောက်သွားခဲ့ပါပြီ။
ဂျွတ် ...
အရိုးကျိုးသံနဲ့အတူ လင်းရှန်ဟုဟာ သိုင်းစင်မြင့်ပေါ်ကနေ ပြုတ်ကျသွားပါတော့တယ်။ ကြည့်ရတာတော့ ဟောင်ကျီရဲ့ လက်သီးချက်က လင်းရှန်ဟုရဲ့ နံရိုးသုံးချောင်းလောက်ကို ကျိုးသွားစေတဲ့ ပုံပါပဲ။
" ဝါစဉ်ကြီးအစ်ကိုဟောင်က တကယ်ကြီး နိုင်သွားတာလား။ ဒါက လုံးဝ ယုံချင်စရာ မရှိဘူး "
" ဟူး ... အစ်ကိုဟောင် နဲ့ အစ်ကိုလင်းရဲ့ လက်ရည်က အစကတည်းက သိပ်မှ မကွာတာ။ အစ်ကိုဟောင်က သည်ခြောက်လ အတွင်းမှာ ကံကောင်းမှု တော်တော်များများ နဲ့ ကြုံခဲ့ရတယ် ဆိုမှတော့ အစ်ကိုလင်း အနေနဲ့ ဘာတတ်နိုင်တော့မှာလဲ။ တောက် ... ငါလောင်းထားတာတွေကတော့ ကုန်ပါပြီကွာ "
လင်းရှန်ဟုကို လောင်းထားပုံရတဲ့ လူငယ်အချို့ကတော့ မချိပြုံး ပြုံးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။
"လီဖူချန်း ... နင်က တစ်ခုခုတော့ တစ်ခုခုပဲ။ နင် ခန့်မှန်းထားတာက ကွက်တိကြီး ဖြစ်နေတယ် "
ပိုင်လိရှန်ကတော့ လီဖူချန်းရဲ့ အမြင်စူးရှပုံကို လက်ဖျားခါနေ မိပါတယ်။ သူမရဲ့ အသိစိတ်က လီဖူချန်းဟာ ကံစမ်းလိုက်တာလို့ တစ်ထစ်ချ ယုံကြည်ချင်နေ ပေမယ့်လည်း သူမရဲ့ မသိစိတ်ကတော့ မယုံကြည်ပါဘူး။ လီဖူချန်းက ဟောင်ကိျီ သေချာပေါက် နိုင်မယ်လို့ သိထားတာပဲ ဖြစ်ရပါမယ်။
လီဖူချန်းကတော့ ရယ်ပဲ ရယ်နေပြီး ဘာမှ ပြန်မပြောလိုက်ပါဘူး။
အရိုးသားဆုံး ပြောရမယ် ဆိုရင်တော့ သူကိုယ်တိုင်လည်း ဟောင်ကျီနိုင်မယ်လို့ သေချာပေါက် မသိပါဘူး။
သူက ဟောင်ကျီ နဲ့ လင်းရှန်ဟုတို့ နှစ်ယောက်ကြားက ကွာခြားမှု အနည်းငယ်ကိုသာ သတိပြုမိ လိုက်တာပါ။
သူ့ရဲ့ လက်ထဲကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်း ရောက်လာတဲ့ အချိန်မှာတော့ လီဖူချန်းဟာ အတော်လေး ကျေနပ်မိနေပါတယ်။
သူက သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သန်းကို ရဖို့အတွက် ဘာမှ ကြိုးကြိုးစားစား မလုပ်လိုက်ရပါဘူး။သူက သည်အတိုင်းလေး လောင်းလိုက်ရုံနဲ့တင် အချိန်တို အတွင်းမှာ သည်လောက်များတဲ့ ပမာဏကို ရခဲ့ပါတယ်။ အပြင်လောကမှာ ရှိနေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေတောင်မှ သည်အကြောင်းကိုသိရင် အံ့သြတုန်လှုပ်သွားမှာ အသေအချာပါပဲ။
" ဟင့် ... သည်လိုမှန်းသိရင် အစောကြီးကတည်း ဝါစဉ်ကြီးအစ်ကိုဟောင် အပေါ်မှာပဲ အကုန်ပုံအောပြီး လောင်းပါတယ် "
ပိုင်လိရှန် တစ်ယောက်ကတော့ အနိုင်ရတာကို မကျေမနပ် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်းသာ အနိုင်ရခဲ့လို့ပါပဲ။သူမက အစောပိုင်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သန်း ရှုံးထားတာ မဟုတ်ပါလား။
" လီဖူချန်း ... ငါတို့ နှစ်ယောက်လည်း တိုက်ကြရအောင် "
မုယုံရှန်းရှင်းက ဘယ်ကနေ ဘယ်လို ဘုရင့်နယ်မြေ သိုင်းစင်မြင့်ကို ရောက်လာတယ် မသိပါဘူး။ သူက လီဖူချန်းကို တိုက်ခိုက်ဖို့အတွက် စိမ်ခေါ်နေပါပြီ။
" မင်း ... သေချာရဲ့လား "
လီဖူချန်းက မုယုံရှန်းရှင်းကို မေးလိုက်ပါတယ်။
လီဖူချန်းရဲ့ မေးပုံကတော့ လိုတရ ရတနာအိုးကို တွေ့လိုက်တဲ့အတိုင်းပါပဲ။
သက်တံနီဂိုဏ်းထဲကို မရောက်ခင်တုန်းကတော့ လီဖူချန်းဟာ မုယုံရှန်းရှင်းကို အနိုင်ယူဖို့အတွက် ၇၀ ရာခိုင်နှုန်းလောက်သာ ယုံကြည်မှု ရှိပါတယ်။ ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေက မတူတော့ပါဘူး။ အခုအချိန်မှာတော့ သူဟာ မုယုံရှန်းရှင်းကို အနိုင်ယူဖို့အတွက် ၁၀၀ ရာခိုင်နှုန်း သေချာနေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၂၆ကို ရောက်နေပြီ ဖြစ်သလို မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကိုလည်း ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောင် လေ့ကျင့် ထားနိုင်လို့ပါပဲ။
" သေချာတာပေါ့ "
မုယုံရှန်းရှင်းက သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားပြီး အပေါ်စီးကနေ လီဖူချန်းကို ကြည့်ကာ ပြန်ဖြေလိုက်ပါတယ်။
သူ့ရဲ့ ပုံစံက လီဖူချန်းက မတိုက်ခိုက်ချင်ဘူး ဆိုရင်တောင်မှ အတင်း အဓမ္မ အကြပ်ကိုင်ပြီး တိုက်ခိုက်ခိုင်းမယ့် ပုံပါပဲ။
" ဒါဆိုရင် ခဏစောင့်ဦး "
ီလီဖူချန်းက စင်ပေါ်ကို ချက်ချင်း ခုန်တက် မသွားပါဘူး။ အဲသည်အစား သူက ပိုင်လိရှန်ကို သိုလှောင်အိတ် တစ်အိတ် ပေးပြီး မှာနေပါတယ်။
" ပိုင်လိရှန် ... ငါနိုင်မယ်ဆိုတဲ့ ဘက်ကနေ သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ကို လောင်းပေးစမ်းပါ။ တကယ်လို့ နင် မြိုးမြိုးမြက်မြက် ရချင်ရင်တော့ ငါ့ဘက်ကနေ လောင်းလိုက် "
" သန်း၂၀လား "
ပိုင်လိရှန်က လီဖူချန်းကို ကြောင်ပြီး ကြည့်နေပါတယ်။သူမက လီဖူချန်းဘက်ကနေ ထည့်လောင်းရမလား ဆိုတာကိုတော့ ဒွိဟ ဖြစ်နေဆဲပါပဲ။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ဆိုတဲ့ ပမာဏက ဟာသ မဟုတ်ပါဘူး။ အဲဒါက သာမန်မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့တောင် ယှဉ်လို့ ရနေပါပြီ။
သူမ ကိုယ်တိုင်တောင်မှ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သန်းသာ ပိုင်ဆိုင်တာပါ။ အဲသည် ၅သန်းထဲက ၁သန်းခွဲကလည်း လောင်းကစားလုပ်လို့ ရှုံးနိမ့်သွားခဲ့ပါပြီ။
" ဟုတ်ပြီလေ။ လောင်းဆိုတော့လည်း လောင်းတာပေါ့ "
နောက်ဆုံးမှာတော့ ပိုင်လိရှန်ဟာ လီဖူချန်းရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀အပြင် သူမရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃သန်းခွဲကိုပါ လီဖူချန်းဘက်ကနေပြီး ထည့်လောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
သည်ဆုံးဖြတ်ချက်ကိုတော့ ပိုင်လိရှန်က အံကို တင်းတင်းကျိတ်ပြီး ဆုံးဖြတ်လိုက်ရတာပါ။ ဒါက လီဖူချန်းကို ယုံပြီး ပုံအပ်လိုက်တာလည်း ဖြစ်ပါတယ်။
တကယ်လို့ လီဖူချန်း နိုင်သွားမယ် ဆိုရင်တော့ သူမဟာ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃သန်းခွဲကို ရမှာဖြစ်ပြီး တကယ်လို့ လီဖူချန်း ရှုံးသွားရင်တော့ သူမဟာ ခွက်မဆွဲရရုံတမယ် ဖြစ်သွားမှာပါ။
ဒါပေမဲ့လည်း လီဖူချန်း ကိုယ်တိုင်တောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ လောင်းရဲမှတော့ သူမအနေနဲ့ ဘာမှ လက်တွန့်နေစရာ အကြောင်း မရှိပါဘူး။
***