အခန်းပို (၂)
Vol. 8 Ch. bonus 2
“အရိုး.... အရိုးခေါင်းကောင်ကြီး။”
မင်းလွင်တစ်ယောက် သူ့ရဲ့ရှေ့မှာရှိနေတဲ့ အရိုးတွေငေါထွက်နေတဲ့ သတ္တဝါကြီးကိုကြည့်ရင်း လက်ထဲမှာကိုင်ထားတဲ့ အိတ်ကိုပစ်ချမိလိုက်တယ်။ အိတ်က ကြမ်းပြင်ပေါ်ကျသွားပြီး သူဝယ်လာတဲ့ ဆော့ပုလင်း၊ ဝက်သားသုံးထပ်သားထုပ်နဲ့တခြားပစ္စည်းတွေ အိတ်ထဲကနေ ထွက်လာတယ်။
အကောင်ဆိုးကြီးရဲ့ရန်ကနေ လွတ်ဖို့အတွက် နောက်ကို
ဖြည်းဖြည်းချင်းဆုတ်လိုက်ပေမဲ့ မမီတော့ဘူး။ အဲဒီအရာက သူ့ကိုမြင်သွားပြီ။ အကောင်ကြီးက ခွေးတစ်ကောင်ကို သတ်စားနေရာကနေ သူ့ကိုလှည့်ကြည့်လိုက်တယ်။ လမ်းပေါ်မှာ သူတို့နှစ်ယောက်ပဲရှိနေတာပါ။
“သေစမ်း၊ သူငါ့ကို မြင်သွားပြီ။” ငယ်ငယ်က အမေပေးခဲ့တဲ့ ကံကောင်းစေတဲ့ သလင်းကျောက်လည်ဆွဲလေးကို သူဆုပ်ကိုင်ရင်း နောက်ကိုလှည့်ပြေးတယ်။ ဒါပေမဲ့ အဲဒီသတ္တဝါက တစ်နာရီကို မိုင်ငါးဆယ်နှုန်းနဲ့ ပြေးနိုင်တဲ့အရာမလို့ မင်းလွင်ပြေးနိုင်တဲ့နှုန်းထက် အများကြီး ကျော်လွန်ပါပေတယ်။
ဖောက်....
အသားထဲကို တစ်စုံတစ်ခုထိုးဖောက်သွားတဲ့အသံကို ကြားလိုက်ရလို့ သူ့ကိုယ်သူငုံကြည့်လိုက်တော့ အရိုးခေါင်းသတ္တဝါရဲ့လက်ဖြူဖြူကြီးက သူ့ဝမ်းဗိုက်ကနေ ဖောက်ထွက်နေပြီးပြီ။ ခန္ဓာကိုယ်ထဲက အားအင်တွေ ယုတ်လျော့သွားသလိုခံစားရပြီး သူမေ့လဲလုနီးနီးမှာပဲ သေနတ်သံတချို့ကို ကြားလိုက်ရတယ်။
ဒိုင်း.... ဒိုင်း... ဒိုင်း....
အရိုးခေါင်းသတ္တဝါက မင်းလွင်ရဲ့ဗိုက်ကိုနှုတ်ထားတဲ့လက်ကို ပြန်ဆွဲနှုတ်လိုက်ပြီး သူ့ကိုသေနတ်နဲ့ပစ်တဲ့သူတွေဘက်ကို လှည့်ကြည့်ကာ မာန်ဖီအော်ဟစ်လိုက်ပါပြီ။ မင်းလွင်ကတော့ ဒူးထောက်ကျသွားပြီး အသက်မရှုနိုင်တော့ဘူး။
“ငါသေတော့မှာလား၊ ငါသေတော့မှာလား၊ ငါသေတော့မှာလား။”
“ငါမသေချင်သေးဘူး၊ ငါမသေချင်သေးဘူး၊ သေမသေချင်သေးဘူး။”
သူ့စိတ်ထဲမှာ ဆုတောင်းနေရင်းနဲ့ လည်ဆွဲကိုဖြုတ်လိုက်ပြီး လက်ထဲမှာဆုပ်ကိုင်ထားမိတယ်။ ထင်မှတ်မထားဘဲ သလင်းကျောက်ပေါ်ကို သူ့သွေးစတချို့ စင်သွားပြီးတဲ့နောက်တော့ ငွေရောင်အလင်းတန်းတွေက စတင်တောက်ပလာပါတော့တယ်။
“ဟမ်.... တစ်ခုခုဖြစ်သွားတာလား။”
နောက်တော့ သူ့ရှေ့မှာ အံ့မခန်းလှပတဲ့ အဝတ်မဲ့မိန်းမလေးတစ်ယောက် ပေါ်လာတာကို သူမြင်လိုက်ရတယ်။ အဲဒီမိန်းမလှလေးမှာ ငွေရောင်မျက်လုံးတွေနဲ့ငွေရောင်ဆံပင်တွေရှိနေပြီး လေထုထဲကနေ ရုတ်တရက်ပေါ်လာပြီး သူ့ပေါ်ကို
ပြုတ်ကျလာတာ။ ပြီးတော့ ပိုပြီးထူးဆန်းတာတစ်ခုက
အဲဒီကောင်မလေးရဲ့မြင်ကွင်းကနေတစ်ဆင့် ဒဏ်ရာရနေတဲ့ သူ့ကိုယ်သူ တတိယလူတစ်ယောက်ရဲ့အမြင်ကနေ မြင်နေရတာပါပဲ။
“ဘာတွေဖြစ်နေတာလဲဟ။” သေလုသေခင်မလို့ ထင်ယောင်ထင်မှားဖြစ်နေတာ ဖြစ်နိုင်ပေမဲ့ မကြာခင်မှာပဲ အဲဒီကောင်မလေးက သူ့အပေါ်ပြုတ်ကျလာပြီး နှုတ်ခမ်းချင်းတေ့နမ်းမိသွားတယ်။
ပြွတ်....
နောက်တော့ ငွေရောင်အလင်းတန်းတွေက သူတို့နှစ်ယောက်လုံးကို ဖုံးလွှမ်းသွားပြီး မင်းလွင်ကိုယ်က ဒဏ်ရာတွေ ပြန်ကောင်းလာတာကို ကောင်မလေးရဲ့မျက်လုံးကနေတစ်ဆင့် မြင်နေရတယ်။ ပြီးတော့ သူ့ဆံပင်တွေလည်း ငွေရောင်ဖြစ်သွားပြီ။
“ငါတကယ်ပဲ ဘယ်လိုဖြစ်သွားတာလဲဟင်။”
“ငါတကယ်ပဲ ဘယ်လိုဖြစ်သွားတာလဲဟင်။” ကောင်မလေးတစ်ယောက်ရဲ့အသံနဲ့ ကောင်လေးတစ်ယောက်ရဲ့အသံက တစ်ပြိုင်နက်တည်းထွက်လာလို့ မင်းလွင်အံ့ဩသွားတယ်။ သူ့လက်ကိုမြှောက်လိုက်တော့ ကောင်မလေးကလည်း လက်ကိုမြှောက်လိုက်တယ်။ ကောင်မလေးရဲ့ပါးကို သူလှမ်းကိုင်တော့ ကောင်မလေးကလည်း တူညီစွာပဲ လက်ကိုဆန့်ထုတ်ပြီး သူ့ပါးကိုပြန်ကိုင်တယ်။ အခုဖြစ်နေတဲ့အခြေအနေကို မင်းလွင်ကိုယ်တိုင် ဘယ်လိုရှင်းပြရမှန်းမသိဘူး။
ဂါး....
သူတို့ရှင်းပြဖို့ခက်တဲ့ အခြေအနေဖြစ်နေတုန်း သတ္တဝါဆိုးကြီးရဲ့ဦးခေါင်း ကြေမွသွားပြီး ကျန်အရိုးကိုယ်ထည်ကြီးက ပြိုလဲကျသွားတယ်။ အရိုးခေါင်းနှိမ်နင်းရေးတပ်ရဲ့ခေါင်းဆောင် မိန်းကလေးက ပြေးလာပြီး မင်းလွင်ရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးလိုက်တယ်။
“နေပါဦး၊ ခုနက ရှင့်ဗိုက်မှာ ဒဏ်ရာရှိနေတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်ကောင်းသွားတာလဲ။”
မင်းလွင်လည်း ပြန်ဖြေစရာစကားမရှိတဲ့အတွက် ခေါင်းကုတ်ပြီး ပြောလိုက်ပါတယ်။ “ဘယ်သိပါ့မလဲနော်။”
သူ့ရှေ့က ငွေရောင်နတ်သမီးလေးကလည်း ခေါင်းကုတ်လိုက်ပြီး “ဘယ်သိပါ့မလဲနော်”လို့ ပြန်ဖြေလိုက်လေရဲ့။
“မှန်မှန်ပြောစမ်း၊ နင်က ကောင်မလေးတစ်ယောက်ကို အဝတ်မဝတ်ဘဲ လမ်းပေါ်ထွက်ခိုင်းတဲ့ အောက်တန်းစား
နှာဘူးကောင်တော့ မဟုတ်ပါဘူးနော်။ နင်ငါ့နဲ့ စခန်းလိုက်ခဲ့ရမယ်၊ ဒါပဲ။”
“.....”
....
“ဒီတော့ နင်တို့အမြွှာနှစ်ယောက်က ငါတို့ Skull Crusher Forcesထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးသွားပြီပေါ့။”
အရာရှိလင်ဒါက ကိုယ်ရေးအကျဥ်းစာနှစ်စောင်ကိုဖတ်ရင်းနဲ့ သူ့ရှေ့မှာရှိနေတဲ့ ရင်းနှီးနေတဲ့ အမြွှာနှစ်ကောင်ကို
ကြည့်လိုက်တယ်။ နှစ်ယောက်လုံးက ငွေရောင်ဆံပင်၊ ငွေရောင်မျက်လုံးတွေနဲ့ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တကယ့်ကိုချွတ်စွပ်ပါပဲ။
“အင်း၊ ကျွန်မတို့နှစ်ယောက်လုံးက စိတ်ရောကိုယ်ရော အကြိုက်ရောတူကြတဲ့ အမြွှာတွေမဟုတ်လား။ ရှင်တို့ကလည်း Titansတွေမောင်းဖို့အတွက် လူလိုနေတာဆိုတော့ သင်တန်းတက်ပြီး ကံစမ်းကြည့်မလားလို့ပါ။”
ငွေရောင်ဆံပင်နဲ့ကောင်မလေးက ပြန်ဖြေလိုက်တယ်။ လင်ဒါကတော့ မျက်မှောင်ကုတ်လိုက်ပြီး လျှောက်လွှာစာရွက်ကို ပြန်ငုံကြည့်တယ်။ “ဒီဘက်က ကောင်လေးက မင်းလွင်နော်၊ နင်ကတော့ မက်ဒါနာမလား။”
“ဟုတ်ပါတယ်။” နှစ်ယောက်လုံးက ရှေ့တိုးခေါင်းညိတ်ပြလိုက်တယ်။ လင်ဒါကတော့ ပုံစံတူအမြွှာနှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းချလိုက်လေရဲ့။
“မင်းလွင်ကတော့ ထားပါတော့၊ မွေးစာရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံးရှိတယ်။ အဖေက ဒေါက်တာဆီရီဇာဝါ၊ အမေက သီတာမလား။ ဒါပေမဲ့ မွေးစားရင်းမှာ အမြွှာလည်းမွေးတယ်မပါပါဘူး။ နင့်အမြွှာညီမဆိုတာက ဘယ်ကရောက်လာတာလဲဟေ။”
“အားဟားဟား၊ အဖေက ကျွန်မကို လျှို့ဝှက်ပြီးမွေးထားတာလေ။ ကျွန်မအစ်ကိုတောင် ကျွန်မရှိမှန်း လွန်ခဲ့တဲ့ တစ်ပတ်ကမှသိတာ။ ရှင်သူ့ကို လာကယ်တုန်းကမှ လူချင်းတွေ့ဖူးတာလေ။ မယုံရင် DNA စစ်ကြည့်ပါလား။ ကျွန်မတို့က မောင်နှမမှ မောင်နှမအစစ်။”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” လင်ဒါလည်း သက်ပြင်းရှည်ကြီးချပြီး သီးခြားလေ့လာလက်ခံရန်ဆိုတဲ့ တံဆိပ်တုံးကို အမြွှာနှစ်ယောက်ရဲ့ဖောင်ပေါ်ထုချလိုက်ပါတော့တယ်။
....
အမြွှာနှစ်ယောက်အိမ်ပြန်ရောက်တော့ မင်းလွင်က သက်ပြင်းရှည်ကြီးချပြီး မက်ဒါနာကို ကွန်တိန်နာ အဆောင်က အိပ်ရာပေါ်လှဲအိပ်ခိုင်းပြီး သက်ပြင်းချလိုက်တယ်။
“အောင်မလေး၊ ခန္ဓာကိုယ်နှစ်ခုကို တစ်ယောက်တည်းထိန်းရတာ တကယ်မလွယ်ဘူးပဲ။ တော်တော်အားကုန်တာ။” မင်းလွင်က ပြောပြောဆိုဆိုနဲ့ ဖုန်းဖွင့်လိုက်တယ်။
မက်ဆေ့ဂျာမှာတော့ သူ့သူငယ်ချင်းတင်မီ စာပို့ထားတာတွေ့လို့ ဖွင့်ကြည့်လိုက်တော့ တင်မီက သူ့ရဲ့သိပ်မထူးခြားလှတဲ့ ရည်းစားနဲ့ဒိတ်နေတဲ့ ပုံတွေကို သူ့ဆီကြွားတဲ့အနေနဲ့ ပို့ထားတာပါ။
“ငါ့ကောင်ရေ ငါတို့ပထမဆုံးဒိတ်ဖြစ်တာကွ။ လက်တော့ မကိုင်ရသေးပေမဲ့ ငါတို့လက်ထပ်ဖြစ်သွားရင် မင်းကျန်ရစ်ဖြစ်မှာနော်။ မင်းတစ်ယောက်ပဲ ကျန်တော့တာကွ။”
ခါတိုင်းလည်း စော်မရှိလို့အနှိမ်ခံနေကျပေမဲ့ မင်းလွင်က အိပ်ရာပေါ်မှာအိပ်နေတဲ့ မက်ဒါနာကိုကြည့်လိုက်ပြီး
နားရွက်တက်ချိတ်လုနီးပါး ပြုံးလိုက်လေရဲ့။ “နေပါဦး၊ ဒီကောင်မလေးကို ငါထိန်းချုပ်လို့ရတယ်ဆိုတော့ လုပ်ချင်သလို လုပ်လို့ရတယ်မလား။”
အဲဒီနောက်တော့ မင်းလွင်က မက်ဒါနာကိုနှိုးပြီး စုံတွံပုံတွေ စရိုက်တော့တာပဲ။ နှစ်ယောက် လက်ကလေးကိုင်ထားတဲ့ပုံတို့၊ တစ်ယောက်ကိုယ်တစ်ယောက် မုန့်ခွံကျွေးနေတဲ့ပုံတို့ပုံ။ နမ်းနေတဲ့ပုံပါ ပို့ချင်ပေမဲ့ နမ်းခါနီး ကိုယ့်မျက်နှာကြီးကို မက်ဒါနာရဲ့မျက်လုံးကနေ မြင်နေလို့ ရွံလာပြီး မနမ်းဖြစ်ဘဲ ရပ်လိုက်ရတယ်။
“လခွမ်း၊ ကိုယ့်ကိုယ်ကိုယ်နမ်းတာ ဒီလောက်ခက်လိမ့်မယ်လို့ ထင်မထားဘူး။”
ဒါပေမဲ့ သူရိုက်ထားပြီးတဲ့ ပုံတွေကိုတော့ ဟိုကောင်တင်မီဆီ ပို့ဖြစ်အောင်ပို့လိုက်နိုင်သား။ တင်မီတစ်ယောက် သူတို့ပုံတွေကို မြင်ပြီးတဲ့နောက်တော့ မက်ဆေ့ဂျာမှာ ဗုံးကျဲတော့တာပဲ။
“မဖြစ်နိုင်တာ၊ မင်းဘယ်တုန်းက စော်ရသွားတာလဲ။ မလိမ်နဲ့၊ အဲဒီကောင်မလေးရုပ်က မင်းနဲ့တအားရုပ်ဆင်နေတာ။ မင်းညီမဝမ်းကွဲကို မင်းကောင်မလေးလို့လိမ်ပြောပြီး ဓာတ်ပုံအရိုက်ခံခိုင်းထားတာမဟုတ်လား။”
“ထင်ချင်သလိုထင် မင်းမှာတောင် အခုလိုညီမလှလှလေးရှိလို့လား။”
“.....” နောက်တော့ တင်မီဆီကနေ ဘာစာမှတက်မလာတော့ဘူး။ မကြာခင်မှာပဲ မင်းလွင်ရဲ့အကောင့်ကို တင်မီဘလော့သွားတယ်။ အဲဒီတော့မှ သူအကျယ်ကြီးအော်ရယ်မိတော့တာပဲ။
“ဟိုကောင်ဂျေဝင်သွားပြီကွ။”
“ဟိုကောင်ဂျေဝင်သွားပြီကွ။”
“အားဟားဟား...”
“အားဟားဟား...”
နှစ်ယောက်လုံး တစ်ပြိုင်နက်တည်းရယ်ပြီးတဲ့နောက် မင်းလွင်မျက်လုံးက မက်ဒါနာရဲ့ရင်ဘတ်ပေါ်က ပန်းသီးလေးကို ကြည့်လိုက်မိပြီး ကလိချင်သွားတယ်။ သူ့လက်ကိုလှမ်းလို့ ကိုင်ခါနီးအချိန်မှာပဲ တံခါးပွင့်သွားပြီး အန်တီလေးအိုလီဗာရဲ့အသံကျယ်ကြီးက အခန်းထဲဟိန်းထွက်သွားတယ်။
“မင်းလွင်၊ ငါဟိုဖက်ခန်းမှာအိပ်နေတယ်.....” ဒါပေမဲ့တီတီလေးက စကားမဆုံးခင်မှာပဲ ပါးစပ်ကိုလက်ဝါးနဲ့အုပ်လိုက်ပြီး မင်းလွင်နဲ့မက်ဒါနာကို တစ်ချက်စီကြည့်လိုက်တယ်။ နောက်တော့ အံ့ဩနေတဲ့လေသံနဲ့ ခုလိုပြောလိုက်ပါပြီ။
“မဟုတ်မှလွဲရော၊ နင် နင့်ညီမနင် ခိုးပြေးလာတာတော့မဟုတ်ပါဘူးနော်။”
“မဟုတ်ရပါဘူးဗျာ....”
“ဘာမဟုတ်ရမှာလဲ။ နင့်ညီမကို ဟိုလိုလုပ်မလို့လုပ်နေတာ ငါမြင်လိုက်ရတယ်။ အောင်မလေး၊ နင်က နှမကြိုက် နှာဘူးကောင်ကြီးဆိုတာကို အခုမှသိရတယ်လို့ အသိနောက်ကျလိုက်တာ။”
“.....”
“နောက်တစ်ခါ ငါ့အခန်းဘက်ကူးလာပြီး ညစာအချောင်စားလို့ရမယ်မထင်နဲ့။ ဆန်ကုန်မြေလေးကောင်။”
“.......”
....
“၁၉၁၈ ခုနစ်။
လူသားတွေရဲ့ပထမဆုံးနဲ့အကြီးမားဆုံးသော နိုင်ငံပေါင်းစုံပါဝင်တဲ့ ကုန်းမြေတိုက်တိုင်းလိုလိုမှာဖြစ်ပွားခဲ့တဲ့ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ စစ်ပြီးကာလ
စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်နေတဲ့ စစ်သားတွေဟာ ထူးဆန်းတဲ့ သတ္တဝါတချို့ကို သတိထားမိခဲ့ကြပါတယ်။
အရိုးနဲ့ကြွက်သားတချို့ကိုသာ အသုံးပြုဖွဲ့စည်းထားတဲ့
ကြွက်အရွယ်သတ္တဝါတချို့ စစ်မြေပြင်မှာ သေဆုံးနေတဲ့ လူသေတွေကို စားသောက်နေတာကို မြင်တွေ့ခဲ့ရတာပါ။ ထိုစဥ်ကတော့ လူတွေသိပ်မစိုးရိမ်ကြသေးပေမဲ့ အဲဒီသတ္တဝါတွေဟာ ယနေ့ခေတ် Skull မျိုးစိတ်တွေရဲ့ပထမဆုံးဘိုးဘေး Skull Mice ဖြစ်တယ်လို့ လက်ရှိသိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။
၁၉၄၇ခုနစ်၊ ဂျပန်နိုင်ငံပေါ်ကို နျူကလီးယားဗုံး နှစ်လုံး
ပစ်ချပြီးချိန်မှာတော့ တစ်ကမ္ဘာလုံးအနှံကို နောက်ထပ် သတ္တဝါမျိုးစိတ်တစ်မျိုး ထပ်နှံပြန့်နှံလာခဲ့ပြန်ပါတယ်။ ခွေးပုံစံရှိတဲ့ အရိုးနဲ့ကြွက်သားသာပါဝင်ဖွဲ့စည်းထားတဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပြီး သမင်နဲ့ခွေးလို သတ္တဝါအလတ်တွေကို အမဲလိုက်စားသောက်ပါတယ်။ ရှားပါးပေမဲ့ နာဂါဆာကီအပျက်အစီးမြေပြင်ပေါ်မှာ ဆက်လက်နေထိုင်နေတဲ့ စစ်ဘေးသင့်ပြည်သူတွေထဲက ကလေးတွေကို အုပ်စုဖွဲ့ဆွဲယူစားသောက်ခဲ့တဲ့ ဖြစ်စဥ်တချို့ကိုလည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ယနေ့ခေတ်ပညာရှင်တွေကတော့ အဲဒီလိုသတ္တဝါမျိုးကို Skull hound လို့ အမည်တပ်ပေးထားပါတယ်။
၁၉၆၂၊ စစ်အေးကာလ ကျူးဘားဒုံးကျည်အရေးအခင်းဖြစ်တော့ တတိယမြောက် Skull မျိုးစိတ်ဝင်ပေါ်ထွက်လာခဲ့ပါတယ်။ ရှေ့က မျိုးစိတ်တွေလိုမျိုးပဲ ဘယ်လိုဘယ်ပုံမျိုးနဲ့ ဆင့်ကဲပြောင်းလဲသလဲ ဖြစ်တည်လာလဲ မသိရဘဲ ပေါ်ထွက်လာတာပါ။ Skull Sapien လို့ခေါ်ပြီး လူလိုပဲ ခြေနှစ်ချောင်းနဲ့လမ်းလျှောက် လက်နှစ်ဖက်ရှိပြီး လူထပ်နည်းနည်းအရပ်ရှည် လက်သည်းတွေရှိရုံပဲ ကွာခြားပါတယ်။ အရင်မျိုးစိတ်နှစ်ခုနဲ့မတူတာက ဒီမျိုးစိတ်ရဲ့အစာအရင်းအမြစ်က လူသားတွေပါပဲ။ ပထမဆုံးစတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာတင် လူဦးရေသုံးသိန်းခွဲလောက် ဒီသတ္တဝါတွေကြောင့် သေဆုံးခဲ့ရပြီး စူပါပါဝါနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ဆိုဗီယက်တို့ဟာ မတူညီမှုတွေကို ဘေးဖယ်ထားရင်း Skull Crusher Forces ကိုဖွဲ့စည်းလို့ အရိုးခေါင်းသတ္တဝါပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား ရင်းမြစ်ကို ရှာမတွေ့ခဲ့ပါဘူး။ တတိယကမ္ဘာစစ်ရိပ်တွေသန်းလာတဲ့ ၂၀၂၃ ခုနစ်မှာတော့ အရိုးခေါင်းသတ္တဝါတွေက နောက်တစ်ဆင့်တက်လာပြီး မီတာသုံးရာမြင့်တဲ့ သတ္တဝါကြီးတွေ သမုဒ္ဒရာအနက်ပိုင်းကနေ ထွက်ပေါ်လာပါတော့တယ်။ Skull Giants လို့အမည်ပေးထားတဲ့ ဒီသက်ရှိကြီးတွေဟာ ကမ်းခြေအနီးအနားမှာရှိနေတဲ့ မြို့ကြီးတွေကို ဖျက်ဆီးခဲ့ပြီး SCF တပ်ဖွဲ့ဝင်တွေဟာ ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။
၂၀၂၅ ခုနစ်မှာတော့ SCF သမိုင်းတစ်လျှောက် အထူးချွန်ဆုံးလို့ပြောရမယ့် ဒေါက်တာဆီရီဇာဝါဟာ သီအိုရီတစ်ခုကို အဆိုပြုနိုင်ခဲ့ပါတယ်။ “လူသားတွေရဲ့အဖျက်လက်နက်တွေ တိုးတက်လာလေလေ Skullတွေက ပိုပြီးအင်အားကြီးလာလေ။” ဆိုတာပါပဲ။ Skull သတ္တဝါတိုင်းလိုလိုက သမုဒ္ဒရာအနက်ပိုင်းကနေ လာတယ်ဆိုတာကိုလည်း သူပဲရှာဖွေဖော်ထုတ်ခဲ့ပါတယ်။
ပလာဒင်လုပ်ငန်းစုနဲ့တွဲပြီး Skull Giantsတွေရန်ကနေ ကာကွယ်ဖို့ Titansတွေကို ဖန်တီးဖို့ကြိုးစားခဲ့ပေမဲ့ အိမ်အပြန်လမ်းမှာ Skullတစ်ကောင်ကြောင့် ဒေါက်တာနဲ့ဇနီးဖြစ်သူပါ သေဆုံးခဲ့ရပါတယ်။
ဒါပေမဲ့ ကျွနုပ်တို့ SCFတပ်ဖွဲ့နဲ့ပလာဒင်လုပ်ငန်းစုဟာ ဒေါက်တာဆီရီဇာဝါရဲ့စိတ်ဝိညာဥ်ဖြစ်တဲ့ Titansတွေကို ဆက်လက်ဖန်တီးခဲ့ပြီး ဒေါက်တာစမစ်ရဲ့အကူအညီနဲ့ နည်းပညာကို အပြီးသတ်နိုင်ခဲ့ပါတယ်။
သင်တန်းသားတို့၊ Titansတွေကို မောင်းနှင်နိုင်ဖို့က တစ်ဦးတစ်ယောက်တည်း ထူးချွန်ရုံနဲ့ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူး။ မင်းတို့ရဲ့တွဲဖက်နဲ့ စိတ်ဝိညာဥ်ချင်းမျှဝေနိုင်မှ ပြုလုပ်နိုင်မယ့်အရာဖြစ်တယ်။ မင်းတို့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ပြီး တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်အောင် ကြိုးစားမှသာ လူသားမျိုးနွယ်ကို ကာကွယ်ပေးနိုင်မယ့် Absolute Duo တွေဖြစ်လာကြမှာဖြစ်တယ်။”
မင်းလွင်နဲ့မက်ဒါနာက Titan စက်ရုပ်သင်တန်းကဖွင့်ပြတဲ့ သင်တန်းဗီဒီယိုကိုကြည့်ရင်း မျက်ခုံးပင့်လိုက်မိကြတယ်။ သူတို့နှစ်ယောက်လုံးက ဝိညာဥ်တစ်ခုတည်းကို မျှသုံးနေတာလေ။ အဲဒီလိုလုပ်ဖို့လိုသေးလို့လား။
....
နှစ်နှစ်ကြာပြီးနောက်။
ဌာနချုပ်မှာ အရေးပေါ်မီးလုံးတွေ ပွင့်လာတယ်။
“အရေးပေါ်ကြေညာချက်ဖြစ်ပါတယ်။ လေ့ကျင့်နေတာမဟုတ်ပါ။ Titan မောင်းနှင်နိုင်တဲ့ အဖွဲ့ဝင်မက်ဒါနာနဲ့ မင်းလွင်တို့နှစ်ယောက် Titan Knight ဆိုပြီး ငါးမိနစ်အတွင်း အရောက်လာခဲ့ပေးပါ။ နယူးယောက်မြို့နဲ့မိုင်သုံးဆယ်အကွာမှာ Skull Axer တစ်ကောင်ရောက်နေပါတယ်။”
မင်းလွင်နဲ့မက်ဒါနာတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ပြီး ဧရာမစက်ရုပ်ကြီးထဲဝင်လိုက်တယ်။ စက်ရုပ်ကြီးထဲရောက်တာနဲ့ နှစ်ယောက်လုံးက နည်းပညာခေါင်းစွပ်ကိုဝတ်လိုက်ပြီး စနစ်ကိုစစ်ဆေးလိုက်တယ်။
မက်ဒါနာက စိတ်နဲ့စနစ်ကိုဝင်ဖတ်လိုက်ပြီး ပြောလိုက်တယ်။ “စနစ်ရဲ့ကွန်ပျူတာစနစ် ပုံမှန်လည်ပတ်တယ်။ နယူးကလီးယားဖူးရှင်းဒြပ်ပေါင်းဖိုကို ဆက်စစ်ဆေးမယ်။”
မင်းလွင်ကလည်း ခေါင်းညိတ်လိုက်ပြီး။ “ဖူးရှင်းစနစ်အလုပ်လုပ်တယ်။ လက်နက်စနစ်ကိုစစ်ဆေးပါ။”
“Mega Saberနဲ့ Anti-skull missiles အားလုံးအလုပ်လုပ်တယ်။ ထွက်ခွာဖို့အသင့်ပြင်။ ပေါင်းမိုးကို ဆယ်စက္ကန့်အတွင်းဖွင့်မယ်။”
ဆယ်... ကိုး... ရှစ်... ခုနစ်... ခြောက်... ငါး... လေး... သုံး... နှစ်... တစ်...
ကျွီ.....
သူတို့စက်ရုပ်ကြီးရဲ့အထပ်မှာရှိနေတဲ့ ပေါင်းမိုးကြီးပွင့်သွားပြီး စက်ရုပ်အောက်မှာရှိနေတဲ့ ဟိုက်ဒရောလစ် ကြမ်းပြင်က မြောက်တက်လာတယ်။ မကြာခင်မှာပဲ မီတာသုံးရာကျော်မြင့်တဲ့ ငွေရောင်စက်ရုပ်ကြီးက မြေပေါ်မှာပေါ်လာတယ်။ သူတို့ဌာနချုပ်က မြေအောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။
“သွားကြစို့။” မက်ဒါနာနဲ့မင်းလွင်က တစ်ပြိုင်နက်တည်းပြောလိုက်ပြီး ဧရာမငွေရောင်ဓားကြီးကိုထမ်းကာ နယူးယောက်ကမ်းခြေကနေတစ်ဆင့် ပင်လယ်ရေထဲကို ဆင်းသွားလိုက်တယ်။ အဝေးမှာတော့ ပုဆိန်ကြီးကိုင်ထားတဲ့ အရိုးခေါင်းသတ္တဝါကြီးကို သူတို့မြင်နေရပါပြီ။
ဒါက သူတို့ရဲ့တိုက်ပွဲပါ။
[ပြီးပါပြီ။]
[စာရေးဆရာ၏မှတ်စု: ပြီးတော့ Volume 8 အတွက်လည်း Plotစဆွဲနေပါပြီ။ ဒီဇင်ဘာပထမအပတ်ကျရင် စတင်ပါမယ်။]