← Chapters

သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်

Vol. 36 Ch. 480

သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်

Vol. 36 Ch. 480

" ခဏ ... ခဏနေဦး။ ငါ့ကို သည်အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ရယ်၊ သက်တံနီဆေရည်း နှစ်ပုလင်းရယ်နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် နှစ်ပုလင်းပါ ထည့်လောင်းပေးဦး "

လီဖူချန်းကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ လောင်းထားတာကိုတောင်မှ ကျေနပ်သေးပုံ မရပါဘူး။ သူက ပိုင်လိရှန်ကို နောက်ထပ် သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်ပါသေးတယ်။

လီဖူချန်းဘက်ကနေ ကြည့်ရင်တော့  ဒါဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါပဲ။ ဒါက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အနည်းဆုံး နှစ်ဆ ဖြစ်သွားစေနိုင်ပါတယ်။ အဲသည်အတွက် သူက သည်အခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ သူက မုယုံရှန်းရှင်းကို အနိုင်ရဖို့အတွက်ဆိုရင်  ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ကြေးဝါ ဓားအဆီအနှစ်ကိုလည်း ထုတ်သုံးတော့မှာပါ။ သူက ဘယ်လိုပဲဖြစ်ဖြစ် မုယုံရှန်းရှင်းကို အနိုင်ယူရပါမယ်။

ပိုင်လိရှန်ကတော့ လီဖူချန်းဟာ ရှိသမျှအရာ အားလုံးကို ထုတ်လေလာင်းလိုက်ပြီ ဆိုတာ သိတဲ့အတွက် ဘာမှ မပြောတော့ပါဘူး။ သူမက လီဖူချန်းကို မတားတဲ့အပြင် သူမ ကိုယ်တိုင်တောင်မှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အချို့ကိုပါ  ထည့်လောင်းလိုက်ပါသေးတယ်။

့ရှိသမျှ အရာအားလုံးကို လောင်းပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားခဲ့ပါပြီ။

ဟူး ...ဟူး ...ဟူး ...

သိုင်းစင်မြင့်ပေါ်မှာတော့ လီဖူချန်း နဲ့ မုယုံရှန်းရှင်းတို့ဟာ မီတာတစ်ရာ ခြားပြီး ရပ်နေကြပါတယ်။ သူတို့ ထုတ်ဖော်ထားတဲ့ ချီအရှိန်အဝါတွေအရ ဆိုရင်တော့ မုယုံရှန်းရှင်းက သာနေတာ အသိသာကြီးပါပဲ။

ဒါကတော့ သိပ်ပြီးတော့လည်း မထူးဆန်းလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မုယုံရှန်းရှင်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကို ရောက်နေပြီ မဟုတ်ပါလား။ မုယုံရှန်းရှင်းနဲ့ လီဖူချန်းက အဆင့်၃ဆင့်တောင် ကွာခြားနေပါတယ်။

ဒါပေမဲ့ လီဖူချန်းကလည်း ယုံကြည်မှု အပြည့်ရှိနေတဲ့ ပုံပါပဲ။ လီဖူချန်းရဲ့ အမူအယာတွေကို ကြည့်ရတာ မုယုံရှန်းရှင်းကို သေချာပေါက် အနိုင်ယူနိုင်မယ့်ပုံ ပေါက်နေပါတယ်။ လီဖူချန်းရဲ့ အဲသည် ယုံကြည်မှု အပြည့်ရှိတဲ့ အမူအယာကပဲ  တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာကို ဝေခွဲမရ ဖြစ်စေနေတာလည်း ဖြစ်ပါတယ်။

တကယ်လို့ အခုချိန်မှာသာ နောက်ထပ် လီဖူချန်းတစ်ယောက် သိုင်းစင့်မြင့်အောက်မှာ ရှိနေရင်လည်း အဲသည် လီဖူချန်းက သည်တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာကို တပ်အပ် ပြောနိုင်မှာ မဟုတ်ပါဘူး။ဒါမျိုးက မူလပင်လယ်နယ်ပယ် ဘုရင်တွေသာ တပ်အပ် ပြောနိုင်တာပါ။

သိုင်းစင်မြင့်မှာ တာဝန်ကျတဲ့ အကြီးအကဲကတော့ နှစ်ယောက်စလုံးရဲ့ အချက်အလက်တွေကို သေချာစီစစ်ပြီး ၁:၁ အဖြစ် ပေါက်ကြေး ဖွင့်ပေးလိုက်ပါတယ်။

မုယုံရှန်းရှင်းက ကျင့်ကြံခြင်း အဆင့်မြင့်တာ မှန်ပေမယ့် ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရထားတဲ့ လီဖူချန်းကိုလည်း လျော့တွက်လို့ မရပါဘူး။

တကယ်လို့သူက လီဖူချန်းရဲ့ ပေါက်ကြေးကို ၁:၂ အဖြစ် ဖွင့်ပေးလိုက်ပြီးမှ လီဖူချန်း နိုင်သွားရင် သူ့အနေနဲ့ ဒုက္ခများပါပြီ။

" ညီလေးမုယုံက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့ ငါကြားတယ်။ အဲသည်တော့ ငါက ညီလေးမုယုံဘက်ကို ထောက်ပံ့ရေးဒင်္ဂါး ၃၀၀၀  ထည့်မယ်ဟေ့ "

" ညီလေးလီက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့်ရထားတာကွ။ အဲသည်လို စွမ်းဆောင်နိုင်တာက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပဲ ရှိတယ်။ အဲသည်တော့ ငါက ညီလေးလီ ဘက်ကနေ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် နှစ်ပုလင်း နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင် လောင်းမယ် "

" ဟီး ...ဟီး …။ ငါကတော့ သူများနဲ့မတူအောင် လောင်းမယ်ကွာ။ ငါက ညီလေးလီ ဘက်ကနေ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀လောင်းပြီး ညီလေးမုယုံ ဘက်ကနေ ထောက်ပံ့ရေးရမှတ် ၂၀၀၀ လောင်းမယ်။ ဘယ်ဘက်ကနိုင်နိုင် ငါ့အတွက် သိပ်အရှုံးရှိမှာ မဟုတ်ဘူး "

ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေကတော့ ကြွယ်ဝချမ်းသာသူတွေ ဖြစ်ကြတဲ့အတွက် လောင်းကြေးကြီးကြီးတွေ ထည့်ပြီး လောင်းနေကြပါတယ်။

" လီဖူချန်း ... ငါ့လက်သီးကို မြည်းကြည့်စမ်း "

မုယုံရှန်းရှင်းကတော့ အချိန် ဆွဲမနေတော့ပါဘူး။ သူက လီဖူချန်းကို စတင်ပြီး တိုက်ခိုက်လိုက်ပါတော့တယ်။

အားကောင်းပြီး သိပ်သည်းတဲ့ လက်သီးဆန္ဒတစ်ခုဟာ သိုင်းစင်မြင့်ပေါ်ကို ကြယ်ပျံတစ်စင်းလို ဆင်းသက်လာခဲ့ပါပြီ။သိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ လေထုနဲ့စွမ်းအင်တွေဟာ လေဟာနယ် ဟင်းလင်းပြင်ထဲကို စုပ်ယူ ခံလိုက်ရသလိုပါပဲ။

သည်လက်သီးသိုင်းကတော့ မုယုံရှန်းရှင်း လေ့ကျင့်ထားတဲ့  မြေကမ္ဘာအဆင်မြင့်  ကစဉ့်ကလျား ကြယ်လက်သီးသိုင်း ဖြစ်ပါတယ်။

" ကစဉ့်ကလျား ကြယ်လက်သီးသိုင်းက ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ အစွမ်းအထက်ဆုံး လက်သီးသိုင်းပဲ။ လက်သီးချက် တစ်ချက်က လက်သီးစက်ကွင်းအဖြစ် ပြောင်းပြီး အရာအားလုံးကို စုပ်ယူနိုင်တယ်။ အဲဒါက ရန်သူရဲ့ ချီအတွင်းအားကို ပြန်အသုံးချ နိုင်သလို ရန်သူရဲ့ သိုင်းစက်ကွင်းကိုလည်း အားလျော့သွားစေနိုင်တယ် "

အဲသည်စကားကို ပြောလိုက်တဲ့ သူကတော့ ကြယ်တာရာ သိုင်းတက္ကသိုလ်ကနေ လာတဲ့  ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် တစ်ယောက်ပါပဲ။ သူက မုယုံရှန်းရှင်းရဲ့ လက်သီးချက်ကို မြင်အပြီးမှာတော့  မပြုံးဘဲ မနေနိုင်တော့ပါဘူး။

ကျန်တဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေကလည်း မုယုံရှန်းရှင်းရဲ့ လက်သီးချက် ကြောက်စရာ ကောင်းပုံကို မြင်နိုင်ကြပါတယ်။ လီဖူချန်းဘက်ကနေ လောင်းထားတဲ့ ကျောင်းသားအချို့ကတော့ မျက်မှောင်ကြုတ်နေ ကြပါပြီ။ သူတို့က လီဖူချန်းကို မရှုံးစေချင် ကြပါဘူး။

" သည်ကောင့်ရဲ့ သာမန် အစွမ်းက ပိုင်လိရှန်ထက် အစွမ်းထက်ရုံ မကဘဲ အရင်တုန်းက ငါ့ထက်တောင်မှ အစွမ်းထက်နေတာပဲ "

လီဖူချန်းက အရင်တုန်းက သူ့ရဲ့ သာမန်အစွမ်းဟာ ပိုင်လိရှန်ထက် နိမ့်ကျနေတယ် ဆိုတာကို ရိပ်စားလိုက်မိပါတယ်။

ပိုင်လိရှန်ရဲ့ ကျင့်ကြံမှု အဆင့်သာမက ချီအတွင်းအားကျင့်စဉ်နဲ့ သိုင်းပညာအပေါ် နားလည်တတ်ကျွမ်းမှုကလည်း သူ့ထက်ကို သာနေတာ အသိသာကြီးပါပဲ။

ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေဟာ ကွာခြားသွားခဲ့ပါပြီ။ သူက အရင်တုန်းက လီဖူချန်း မဟုတ်တော့ပါဘူး။

အခုဆိုရင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ တစ်ဆင့်တက်လာခဲ့ပြီ ဖြစ်သလို သူ့ရဲ့ ချီအတွင်းအားကျင့်စဉ်ကလည်း သက်တံနီ နတ်ဘုရားမီးတောက် ဖြစ်နေပါပြီ။ သူက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်အပြင် မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကိုလည်း လေ့ကျင့်ထားခဲ့ ပါသေးတယ်။

အဲသည်အတွက် သာမန် အစွမ်းချင်း ယှဉ်မယ်ဆိုရင်တော့ သူ့အနေနဲ့ မုယုံရှန်းရှင်းကို ကြောက်နေစရာ အကြောင်း မရှိပါဘူး။

" တိမ်တိုက် လောင်ကျွမ်းခြင်း "

သည်ဓားကွက်ကတော့ မီးတိုက်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ပထမအကွက်ပါပဲ။ဒုတိယဓားကွက်ဖြစ်တဲ့ တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်းကို ဆရာတစ်ဆူသဖွယ် ကျွမ်းကျင်ပြီးသွားတဲ့ နောက်မှာတော့ ပထမ ဓားကွက်ရဲ့ အစွမ်းဟာလည်း တိုးလာခဲ့ပါတယ်။

အဲသည်အတွက် လီဖူချန်းရဲ့ တိမ်တိုက် လောင်ကျွမ်းခြင်း ဓားကွက်ရဲ့ အစွမ်းဟာ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို သာလွန်နေခဲ့ပါပြီ။

ရွှမ်း ...

လီဖူချန်းရဲ့ ဓားကွက်ကနေ ထွက်လာတဲ့ ဓားအလင်းတန်းတွေကတာ့ လောင်ကျွမ်းနေတဲ့ တိမ်တိုက်တွေလိုပါပဲ။

ဝုန်း ...ဝုန်း ...

လက်သီးအားနဲ့ ဓားအား  ထိပ်တိုက်တွေ့တဲ့ အခါမှာတော့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

" သည်ကောင်လေးက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့်ရထားတာ အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ။ သူက သက်တံနီ နတ်ဘုရားမီးတောက်ကျင့်စဉ်ရဲ့ အဆင့်၂၆ကိုတောင် ရောက်နေပြီ။ ပြီးတော့ သူ့ရဲ့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကလည်း မဆိုးဘူး "

လီဖူချန်း မလှုပ်ရှားသေးတုန်းကတော့ သိုင်းစင်မြင့်ရဲ့ အကြီးအကဲဟာ လီဖူချန်းနဲ့ ပက်သက်ပြီး ဘာမှ မမြင်နိုင်သေးပါဘူး။ ဒါပေမဲ့ လီဖူချန်း ဓားကွက် ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူဟာ လီဖူချန်းရဲ့ အခြေခံကို တန်းပြီး သိမြင်သွားပါတော့တယ်။

" မယုံနိုင်စရာပဲဟေ့။ ညီလေးလီက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ သူက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းကို တကယ်ကြီး လေ့ကျင့်ထားတယ်။ သည်ဓားသိုင်းက သက်တံနီဂိုဏ်းရဲ့ ထိပ်တန်းဓားသိုင်း ၅ခုထဲက တစ်ခုဖြစ်ပြီး အရမ်း ပြင်းထန်တယ်။ ဒါက လူတိုင်း ကျင့်နိုင်တဲ့ ဓားသိုင်းမျိုး မဟုတ်ဘူး "

ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် အချို့ကတော့ လီဖူချန်း ရဲ့  ထူးချွန်လှတဲ့ ထိုးထွင်းသိမြင်မှုနဲ့ ပက်သက်ပြီး မျက်ခုံး လှုပ်နေကြပါပြီ။

မုယုံရှန်းရှင်းရဲ့ မျက်နှာကလည်း မကောင်းတော့ပါဘူး။ ဒါပေမဲ့လည်း သူက အရှုံးမပေးသေးဘဲ ကစဉ့်ကလျား ကြယ်လက်သီးသိုင်းရဲ့   ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလိုက်ပါတယ်။

" ကစဉ့်ကလျားကြယ်ရဲ့ ပျက်ကွက်မှု "

ဘုန်း ... ဘုန်း ...ဘုန်း ...

လက်သီးအား တစ်ခုက ကြယ်တစ်စင်း ကြွေကျလာသလို အရှိန်အဟုန်နဲ့ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။ အဲသည်လက်သီးအားက လမ်းတစ်ဝက်မှာပဲ လက်သီးစက်ကွင်းနဲ့ ပေါင်းစပ်ပြီး နောက်ထပ် အားတစ်မျိုးအဖြစ် ပြောင်းလဲသွားပြန်ပါတယ်။

သာမန်လူတစ်ယောက် ဆိုရင်တော့ သည်လက်သီးချက်ကနေ ထွက်ပေါ်နေတဲ့ ဖိအားနဲ့တင် အစိတ်စိတ်၊အမွှာမွှာ ဖြစ်သွားမှာ အသေအချာပါပဲ။

" တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်း "

မူယုံရှန်းရှင်းရဲ့ အားအကောင်းဆုံး လက်သီးချက်နဲ့ ရင်ဆိုင်အတွေ့မှာတော့ လီဖူချန်းကလည်း ပညာ လျှိုမထားတော့ပါဘူး။

သူက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယမြောက် ဓားကွက်ကို ထုတ်သုံးပြီး ခုခံလိုက်ပါတယ်။

ရှဲ ...ရှဲ ...ရဲ ...

ဓားအလင်းတန်းတွေနဲ့အတူ ပေါ်ထွက်လာတဲ့ မီးတိမ်တိုက်တွေဟာ  ကောင်းကင်ကိုတောင် နီရဲ သွားစေခဲ့ပါပြီ။

ဝုန်း ...

သည်တစ်ကြိမ်ပေါက်ကွဲသံက ပထမ အကြိမ်ကထက် ပိုအသံ ကျယ်သလို ပိုပြီးတော့လည်း ပြင်းထန်ပါတယ်။ဒါပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ။

မုယုံရှန်းရှင်းရဲ့ လက်သီးဟာ လီဖူချန်းကို ဒုက္ခ မပေးနိုင်ခဲ့ပါဘူး။

" ကြယ်တာရာ နှလုံးသား "

အခြေအနေကို မဟန်တော့တာကို ရိပ်စားမိလိုက်တဲ့ မုယုံရှန်းရှင်းကတော့ သူ့ရဲ့ ချီအတွင်းအားတွေကို ရုတ်သိမ်းလိုက်ပြီး ကြယ်တာရာ စွမ်းအားတွေကို ထုတ်ဖော်လိုက်ပါတယ်။

တကယ်လို့ အစောပိုင်းက မုယုံရှန်းရှင်းရဲ့ လက်သီးသိုင်းကို ကြယ်တစ်စင်းအဖြစ် သတ်မှတ်မယ် ဆိုရင် လက်ရှိ သူ့ကို ကြယ်တာရာ အစုအဝေးကြီးအဖြစ် သတ်မှတ်ရမှာပါ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်နေတဲ့ ကြယ်တာရာ စွမ်းအားတွေဟာ လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှ ဖိချေပစ်တော့မလိုပါပဲ။

" မီးလျှံနှလုံးသား "

လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပါဘူး။သူကလည်း သူ့ရဲ့ မီးလျှံ့စွမ်းအားတွေကို အလျင်အမြန် ထုတ်သုံးလိုက်ပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးတွေနဲ့ လောင်မြိုက်နေပြီး အပူရှိန်တွေကလည်း အရပ်မျက်နှာ တစ်ဆယ့်ရှစ်မျက်နှာလုံးကို ဖြာထွက်နေပါပြီ။ သူ့ကို ကြည့်ရတာက မီးလျှံနတ်ဘုရား တစ်ပါးလိုပါပဲ။

" ဟိတ် "

လူငယ်နှစ်ယောက်လုံးက မာန်သွင်းလိုက်ပြီး အရှိန်ကို မြှင့်လိုက်တာ ထိပ်တိုက် ရင်ဆိုင်ကြပြန်ပါတယ်။

ဝုန်း  ...

သိုင်းစင်မြင့် တစ်ခုလုံးဟာ တုန်ခါသွားပြီး လူငယ်နှစ်ယောက်လုံးဟာ အနောက်ကို ဆုတ်လိုက်ကြရပါတယ်။ သည်တစ်ကြိမ် တိုက်ခိုက်မှုမှာတော့ ဘယ်သူ့ဘယ်သူမှ အသာစီး မရခဲ့ကြပါဘူး။

" လီဖူချန်း ... တကယ်လို့ မင်းရဲ့ အစွမ်းက သည်လောက်ပဲ ဆိုရင်တော့ အရှုံးပေးဖို့ ပြင်ထားလိုက်တော့ "

ချွမ် ...

မုယုံရှန်းရှင်းရဲ့  နောက်ဘက်မှာတော့ ကြယ်တာရာ တံလျှပ်တွေ ဖြစ်တည်လာခဲ့ပါပြီ။ ဒါကတော့ သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရား စွမ်းရည်ပါပဲ။ လူတစ်ယောက်ဟာ သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို လုံလောက်တဲ့ အတိုင်းအတာ တစ်ခုအထိ နားလည် သဘောပေါက် သွားပြီဆိုရင် သည်လို သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးနိုင်ပါတယ်။

" သူက တကယ်ကြီး သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်ကိုတောင် ထုတ်သုံးနိုင်တာလား "

ပိုင်လိရှန်က မျက်မှောင် ကြုတ်လိုက်မိပါတယ်။

ဒါကတော့ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံနဲ့ အထူးအရိုး တည်ဆောက်ပုံကြားမှာ ရှိနေတဲ့ ကွာဟမှုပါပဲ။

ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်ကို အလွယ်တကူပဲ နားလည် အသုံးပြု နိုင်ပါတယ်။

ဒါပေမဲ့ အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေအတွက်တော့ သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည်တွေကို နားလည် အသုံးပြုဖို့ရာ မလွယ်လှပါဘူး။  သူတို့က အသည်းအသန် ကျားကုတ်ကျားခဲ ကြိုးစားမှသာ ရမှာပါ။

ဘန်း ...

သည်တစ်ကြိမ် လက်သီးနဲ့ ဓားတို့ ထိပ်တိုက်အတွေ့မှာတော့ အခြေအနေတွေဟာ မတူတော့ပါဘူး။ လီဖူချန်းက စင်အောက်ကို ပြုတ်ကျလုနီးပါး အထိကို လွင့်ထွက်သွားခဲ့ပါတယ်။

" ဟမ့်  ...သမားရိုးကျ မဟုတ်တဲ့ နတ်ဘုရားစွမ်းရည် ဟုတ်လား "

သိုင်းစင်မြင့်ရဲ့ ထောင့်စွန်းတစ်နေရာကို ခြေကုပ် ရယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းကလည်း သူ့ရဲ့ အစွမ်းကို ထုတ်ပြလိုက်ပါတော့တယ်။

ရှဲ ...ရှဲ ...ရှဲ ...

မျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့ မီးလျှံမျိုးစေ့လေးတစ်ခုဟာ သူ့ရဲ့ ရင်ဘတ်ကနေပြီး တိုးထွက်လာခဲ့ပါပြီ။

" အိုး ... အဲဒါက သမားရိုးကျ မဟုတ်တဲ့ မီးလျှံနတ်ဘုရား စွမ်းရည် မဟုတ်ဘူးလား "

ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တစ်ယောက်ဆီကနေပြီး   အာမေဍိတ်သံ တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေထဲမှာ ဆိုရင် ကြယ်၇ပွင့် မီးလျှံအရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူအချို့ ရှိပါတယ်။ အခု အာမေဍိတ်သံ ပြုလိုက်တဲ့ တပည့်ကလည်း အဲသည်သူတွေထဲက တစ်ယောက်ပါပဲ။

သူကလည်း သမားရိုးကျ မဟုတ်တဲ့ မီးလျှံ နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးနိုင်တဲ့သူ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အခြေအနေကို ကောင်းကောင်းကြီး သိမြင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ရင်ဘတ်မှာလည်း လီဖူချန်းလို မီးလျှံမျိုးစေ့လေးတစ်ခု ရှိနေလို့ပါပဲ။

မီးလျှံမျိုးစေ့လေး ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မီးလျှံစွမ်းအားတွေဟာ ပိုအားကောင်းလာရုံသာမက ပိုပြီးတော့လည်း သိပ်သည်းလာခဲ့ပါပြီ။ အဲဒါက ဆင်နဂါး စွမ်းအားတွေကို ပိုအားကောင်းလာအောင် ထောက်ပံ့ပေးတဲ့ ဆင်အသေးစားလေးလိုပါပဲ။

သည်တစ်ကြိမ် မုယုံရှန်းရှင်းရဲ့ လက်သီးနဲ့ အတွေ့မှာတော့ လီဖူချန်းရဲ့ ဓားဟာ လုံးဝ အားလျော့နေခြင်း မရှိပါဘူး။ မီးလျှံဓားချီတွေဟာ သွေးတွေလို နီရဲနေပြီး ကြောက်စရာ ကောင်းလွန်းတဲ့ အရှိန်အဝါတစ်ခုကို ပေးစွမ်းနေပါတယ်။

ဘန်း ...ဘန်း ...ဘန်း ...

ဝုန်း ...ဝုန်း ...

ပေါက်ကွဲမှုတွေ အဆက်မပြတ် ဖြစ်ပေါ်လာအပြီးမှာတော့ မုယုံရှန်းရှင်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ နှုတ်ခမ်းထောင့်မှာတော့ သွေးတွေ စီးကျလျက်သားပါပဲ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ အနောက်ကို ခြေတစ်လှမ်းတောင် ဆုတ်မသွားခဲ့သလို ဒဏ်ရာရပုံလည်း မပေါ်ပါဘူး။

" ဘယ်လိုလုပ်ပြီး သူ့ရဲ့ ခံနိုင်ရည်က သည်လောက်အထိ အားကောင်းနေရတာလဲ "

မုယုံရှန်းရှင်းကတော့ သူ့ရဲ့ မျက်လုံးကိုတောင် သူမယုံနိုင်တော့သလိုပါပဲ။

လီဖူချန်းလို ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅က  သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သတဲ့လား။ သူ့အနေနဲ့ ဒါကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

" မုယုံရှန်းရှင်း  ... ငါ့ရဲ့ ဓားချက်ကိုလည်း မြည်းကြည့်ပါဦး "

အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်။

ဟူး ...

စကားသံ အဆုံးမှာတော့ လီဖူချန်းဟာ သူ့ဆီကို ခုန်ဝင်လာခဲ့ပါပြီ။ကြည့်ရတာတော့ လီဖူချန်းက အနီးကပ် တိုက်ခိုက်ဖို့ စဉ်းစားထားပုံပါပဲ။

" အရှုံးပေးစမ်း "

ရွှမ်း ...

လီဖူချန်းက မုယုံရှန်းရှင်းကို ဓားနဲ့ အားကုန် ခုတ်ပစ်လိုက်ပါတယ်။သည်ဓားချက်ထဲမှာတော့ မီးလျှံစွမ်းအားတွေသာမက ဆင်နဂါး စွမ်းအားတွေပါ ပါဝင်နေပါသေးတယ်။

ဘန်း ...

စွမ်းအားနှစ်မျိုး ရောနှောပါဝင်နေတဲ့  လီဖူချန်းရဲ့ သည်ဓားချက်ကိုတော့ မုယုံရှန်းရှင်းဟာ ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။သူက လီဖူချန်းရဲ့ ဓားချက်ကြောင့် သိုင်းစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားပါတော့တယ်။

" အနိုင်ရသူ လီဖူချန်း "

သိုင်းစင်မြင့်ရဲ့ ဒိုင်လုပ်သူ အကြီးအကဲကလည်း ရလဒ်ကို အလျင်အမြန်ပဲ ကြေညာပေးလိုက်ပါတယ်။

***

All Chapters