ခရမ်းနုရောင် စိတ်ဝိညာဉ်
Vol. 36 Ch. 481
"ဟား ... ဟား ... ဒါမှ ညီလေးလီကွ။ ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရခဲ့တာ အလကား မဟုတ်ဘူးဟ။ ညီလေး မုယုံကတော့ အတော်လေး လိုသေးတယ် "
လီဖူချန်းဘက်ကနေ လောင်းထားတဲ့ပုံရတဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် တစ်ယောက်ကတော့ လီဖူချန်းကို ချီးကျူးလိုက်ပါတယ်။
" တိုက်ပွဲလေး တစ်ပွဲမှာ နိုင်တာက အရာအားလုံးကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူးကွာ။ မင်း လောင်းရဲလား။ အနာဂတ်မှာ ညီလေးမုယုံက လီဖူချန်းထက် ပိုပြီး သာလွန်လိမ့်မယ် "
" မင်းပြောတာကို ငါလည်း ထောက်ခံတယ်။ ညီလေးမုယုံက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကိုတောင် ရောက်နေပြီ။ သိပ်မကြာခင်မှာပဲ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်တော့မှာ။ဒါပေမဲ့ ညီလေးလီကတော့ အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅ပဲ ရှိသေးတယ်။သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက် ကြာလိမ့်ဦးမယ် "
မုယုံရှန်းရှင်း ဘက်ကနေ လောင်းထားတဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် နှစ်ယောက်ကလည်း မကျေမချမ်းနဲ့ ပြန်လည် ချေပနေကြပါတယ်။ ပြောမယ့်သာ ပြောရတာပါ။ သူတို့ရဲ့ မျက်နှာတွေကတော့ သိပ်ပြီး မကောင်းလှပါဘူး။ သူတို့က အချီကြီး ရှုံးသွားတာပဲ ဖြစ်ရပါမယ်။
လီဖူချန်းက မုယုံရှန်းရှင်းကို အနိုင်ယူလိုက်တဲ့ အတွက် ဝမ်းသာကျေနပ်နေသူတွေ ရှိသလို မကျေမချမ်း ဖြစ်နေသူတွေလည်း ရှိမှာပါပဲ။ ဒါက လောင်းကစားရဲ့ သဘော၊ သဘာဝပင် မဟုတ်ပါလား။
"ခိခိ ... ငါတော့ ပွပြီဟေ့ "
ပိုင်လိရှန်ကတော့ ဝမ်းသာကျေနပ်နေသူတွေထဲမှာ ပါပါတယ်။ထပ်ပြီး ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ နိုင်ပွဲအပေါ်မှာ သူ့လောက် ဝမ်းသာကျေနပ်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။
သူမက လီဖူချန်း အနိုင်ရမယ့် ဘက်ကနေပြီး အဆင့်နိမ့်ကျောက်တုံး ၃.၅သန်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို လောင်းထားတာပါ။ အခု လီဖူချန်း နိုင်သွားပြီ ဆိုတော့ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ နဂိုကထက် သိသိသာသာကြီး ပိုများသွားပြီ မဟုတ်ပါလား။
ဒါပေမဲ့လည်း လီဖူချန်း အနိုင်ရမယ့် လောင်းကြေးနဲ့ ယှဉ်ရင်တော့ သူမ အနိုင်ရတဲ့ လောင်းကြေးဟာ ဘာမှ မပြောပလောက်တော့ပါဘူး။
လီဖူချန်းက သူအနိုင်ရမယ့် ဘက်ကနေပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်း၂၀၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၊ သက်တံနီဆေးရည် ၂ပုလင်းနဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် ၂ပုလင်းတို့ကို လောင်းထားခဲ့တာပါ။
" ငါ ... ငါ ... ရှုံးသွားတာလား "
သိုင်းစင်မြင့်အောက်ကို ရောက်နေပြီ ဖြစ်တဲ့ မုယုံရှန်းရှင်းကတော့ အခုထက်ထိ သူရှုံးသွားတယ် ဆိုတာကို မယုံနိုင်သေးတဲ့ ပုံပါပဲ။
သူက ကြယ်၇ပွင့် ကြယ်တာရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်သလို သူ့ဘဝ တစ်လျှောက်လုံးမှာလည်း တစ်ခုမှ မရှုံးဖူးသေးပါဘူး။ ဒါပေမဲ့လည်း သည်နေ့မှာတော့ သူဟာ လီဖူချန်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲသည်အတွက် သူက အရှုံးဆိုတဲ့ အရာကို လုံးဝ မခံစားနိုင် ဖြစ်နေတာပါ။
အတန်ကြာမှာတော့ သူက ပြန်လည် တည်ငြိမ်သွားခဲ့ပါတယ်။
" ဒါက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရထားတဲ့ လူတစ်ယောက်ရဲ့ စွမ်းဆောင်မှုပေါ့လေ။ လီဖူချန်း ... တစ်နေ့မှာ ငါမင်းကို ပြန်ပြီး အနိုင်ယူမယ် "
စကားဆုံးတဲ့နောက်မှာတော့ မုယုံရှန်းရှင်းက လှည့်ထွက်သွားခဲ့ပါပြီ ။
သည်နေ့တိုက်ပွဲဟာ မုယုံရှန်းရှင်းရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို ယိုယွင်းပျက်စီး စေပါတယ်။ ဒါပေမဲ့လည်း ဒါက အစပဲ ရှိသေးတာပါ။ သည်နေ့မှာ ရှုံးခဲ့တာက တစ်သက်လုံး ရှုံးတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကြယ်၇ပွင့် ကြယ်တာရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့သူဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဖြစ်တဲ့ ဧကရာဇ် အဆင့်အတန်းက တပည့်တွေကလွဲလို့ တခြားသူတွေကို မယှဉ်နိုင်စရာ အကြောင်းမရှိဘူးလို့ မုယုံရှန်းရှင်း ယုံကြည်ပါတယ်။
"ညီလေးလီ ... အစ်ကိုက တုကန်းလို့ခေါ်တယ်။ အစ်ကိုကလည်း မင်းလိုပဲ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကနေ လာခဲ့တာ။ ပြီးတော့ အစ်ကိုက ကျောင်းအုပ်မန်ချင်းဟန်ရဲ့ သီးသန့်ကျောင်းသားလေ။ ဒါပေမဲ့ အစ်ကိုက သက်တံနီဂိုဏ်းကို ဝင်လာခဲ့တာ ၁၅နှစ် ရှိပြီဆိုတော့ ညီလေးအနေနဲ့ အစ်ကို့ကို သိမှ သိပါ့မလားပဲ "
စာသင်သား တစ်ယောက်လို ဝတ်ဆင်ထားတဲ့ လူရွယ်တစ်ယောက်ဟာ လီဖူချန်းဆီကို လှမ်းလာပြီး နှုတ်ဆက်လိုက်ပါတယ်။
" အိုး ... ဝါစဉ်ကြီးအစ်ကိုတုလား။ ဆရာကတော့ အစ်ကို့အကြောင်းကို ပြောပြဖူးပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုတု "
တစ်ဖက်လူက သူ့ရဲ့ ဆရာတူအစ်ကို တုကန်းဆိုတာ သိလိုက်ရတဲ့အတွက် လီဖူချန်းက ရင်းရင်းနှီးနှီးပဲ ပြန်နှုတ်ဆက်လိုက်ပါတယ်။
တုကန်း ဆိုတာက သူနဲ့ဝမ်ဟိုင်လုံ မတိုင်မီမှာ ကျောင်းအုပ် မန်ချင်းဟန် လက်ခံထားတဲ့ သီးသန့်ကျောင်းသားပါပဲ။ သူက ကြယ်၇ပွင့် လေပြင်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
တုကန်းရဲ့ ချီအရှိန်အဝါအရ ဆိုရင်တော့ သူဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၃ကို ရောက်နေပါပြီ။ သူ့ရဲ့ အသက်ကတော့ အနည်းဆုံး လေးဆယ်ကျော်ပါပဲ။ ဒါပေမဲ့လည်း လူ့သက်တမ်း နှစ်၅၀၀ရှိတဲ့ တိုက်ပွဲဝိညာဉ်ဆရာသခင်တစ်ယောက် အဖို့ကတော့ အသက်လေးဆယ်ကျော် ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။သူ့ဆီမှာက နောက်ထပ် သက်တမ်း နှစ်၄၀၀ကျော်တောင် ကျန်နေပါသေးတယ်။
တုကန်းက ရယ်လိုက်ပြီး
"ညီလေးလီ ... မင်းကတော့ အခုချိန်ကစပြီး ကျော်ကြားတော့မှာပဲ။ သက်တံနီဂိုဏ်းကို ရောက်တဲ့အချိန် တစ်လကျော်လေး အတွင်းမှာ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်တယ် ဆိုတာက လွယ်တာ မဟုတ်ဘူးကွ။ မင်းလိုမျိုး လုပ်ပြနိုင်တဲ့ သူတွေက ဧကရာဇ် အဆင့်အတန်း တပည့်တွေပဲ ရှိတာ "
လီဖူချန်းက သွားအဖြဲသား ပြုံးပြလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
"အစ်ကိုတုကတော့ ကျွန်တော့်ကို အရမ်း မြှောက်လွန်း နေပါပြီဗျာ "
"ညီလေးလီ ...မင်းရဲ့ သတင်းတွေကို ကြားပဲ ကြားခဲ့ရတာ။နောက်ဆုံးတော့ မင်းကို တွေ့ရပြီပေါ့။ တကယ်လို့ နောင်တစ်ချိန်မှာ အခွင့်အရေး ရရင် တစ်ခွက်၊တစ်ဖလားလောက် သောက်ကြရအောင် "
"ညီလေးလီ ... အစ်ကို့နာမည်က ဝမ်ကန်းလို့ ခေါ်တယ်။ နောက်ပိုင်း လမ်းမှတွေ့ရင်လည်း ခေါ်လို့ ရတယ်နော်။ အခက်အခဲ တစ်ခုခု ရှိရင်လည်း အစ်ကို့ဆီလာခဲ့ "
ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေကတော့ တစ်ယောက်ပြီးတစ်ယောက် လီဖူချန်းကို လာရောက် နှုတ်ဆက်နေကြပါတယ်။
အရိုးသားဆုံး ပြောရမယ် ဆိုရင်တော့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေဟာ မာနကြီးတဲ့ သူတွေပါ။ ပုံမှန်အားဖြင့်တော့ သူတို့ဟာ ဂိုဏ်းထဲကို ဝင်လာတာ နှစ်လတောင် မရှိသေးတဲ့ ဂိုဏ်းတူညီလေး တစ်ယောက်ကို အောက်ကျနောက်ကျခံပြီး နှုတ်ဆက်လေ့ မရှိပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းကတော့ ကွဲပြားခြားနားပါတယ်။ သူက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရခဲ့တဲ့သူပါ။ အဲသည်အတွက် လီဖူချန်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် မဟုတ်ပေမယ့်လည်း သူတို့က လီဖူချန်းကို လေးစားပါတယ်။ ပြီးတော့ လီဖူချန်းနဲ့ ခင်မင်ရင်းနှီးထားလို့လည်း သူ့တို့အတွက် ဘာမှ နစ်နာသွားစရာ မရှိပါဘူး။
သူတို့က မူလပင်လယ်နယ်ပယ်ကို လီဖူချန်းထက် စောပြီး ချိူးဖောက်ဝင်ရောက်နိုင်ရင် ဝင်ရောက်နိုင်ပါမယ်။ ဒါပေမဲ့လည်း လီဖူချန်းလို ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရထားတဲ့သူကလည်း တစ်နေ့ကျရင် မူလပင်လယ်နယ်ပယ်ကို ကျိန်းသေပေါက် ရောက်လာဦးမှာပါပဲ။ အဲသည်အချိန်ကျရင် လီဖူချန်းက အစွမ်းအထက်ဆုံး မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်လာနိုင်ပါတယ်။
မူလပင်လယ်နယ်ပယ်မှာ အစွမ်းအထက်ဆုံး ဘုရင်တစ်ပါး ဖြစ်လာဖို့ အလားအလာရှိတဲ့ လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးထားတာက ဘာမှ မှားစရာ မရှိပါဘူး။ အဲဒါကြောင့်လည်း သူတို့က လီဖူချန်းကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတာပါ။
တချို့ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေဆိုရင် လီဖူချန်း အပြင်လောကကို ထွက်ပြီး တာဝန်ထမ်းဆောင်ရင် လိုက်ကူပေးဖို့တောင် စဉ်းစားနေကြပါတယ်။
" ဂိုဏ်းတူအစ်ကိုတွေ အားလုံးကို သည်က ညီငယ် လီဖူချန်းက ဂါဝရ ပြုပါတယ် ခင်ဗျာ "
လီဖူချန်းကလည်း တုံးအနေတဲ့သူ မဟုတ်ပါဘူး။ သူက ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေ အားလုံးကို ဂိုဏ်းတူအစ်ကိုဆိုတဲ့ နာမ်စားသုံးပြီး ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်။ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေနဲ့ ခင်မင်ရင်းနှီးထားတယ်ဆိုတာက ကောင်းတဲ့အရာတစ်ခု မဟုတ်ပါလား။
" ဟား ...ဟား ... ငါတို့ရဲ့ ဂိုဏ်းတူညီလေးက အတော်လေး ယဉ်ကျေးသိမ်မွေ့တာပါလား။ သူက အကြီးတွေကိုတောင် သိတတ်နေပြီပဲ "
တစ်ခဏ အတွင်းမှာပဲ လီဖူချန်းနဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေဟာ ပွဲကျသွားခဲ့ပါပြီ။
ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့်တွေနဲ့ ပွဲကျနေတဲ့ လီဖူချန်းကို ကြည့်ပြီး သိုင်းစင်မြင့်ရဲ့ အကြီးအကဲကတော့ စိတ်ထဲကနေ တွေးနေမိပါတယ်။
'သည်ကလေးက လျှော့တွက်လို့တော့ မရဘူး။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက တခြားတပည့်တွေထက်ကို သိသိသာသာကြီး ချွန်ထွက်နေပြီ။ တစ်နေ့ကျရင် သူက ဂိုဏ်းတော်ရဲ့ အဓိက ထောက်တိုင်တစ်ခုတောင် ဖြစ်လာမယ့်ပုံပဲ။ ငါလည်း သူနဲ့ ခင်မင်ရင်းနှီးအောင် လုပ်ထားရင် ကောင်းမလား '
သက်တံနီဂိုဏ်းက ဘုရင်အဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး မြေစေးနီတိုက်ကို အစိုးရကောင်း ရပါမယ်။ ဒါပေမဲ့လည်း သူတို့ဟာ ရောင်စဉ်ခုနစ်ဖြာတိုက်ကြီးကိုတော့ အစိုးမရ နိုင်သေးပါဘူး။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာက အခြား ဘုရင်အဆင့် ဂိုဏ်း၆ဂိုဏ်း ရှိနေပါသေးတယ်။ ပြီးတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့ အပြင်ဘက်မှာလည်း ပိုပြီး အားကောင်းတဲ့ တိုက်ကြီးတွေ ရှိနေဆဲပါပဲ။
လက်ရွေးစင် ထွတ်ခေါင်ပါရမီရှင်တွေအတွက် ဆိုရင်တော့ သက်တံနီဂိုဏ်းဟာ ဘာပဲဖြစ်ဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ သက်တံနီဂိုဏ်းဟာ ဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ဖို့ကို မစောင့်နိုင်တော့ပါဘူး။
သက်တံနီဂိုဏ်းအနေနဲ့ ဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ချင်တယ်ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တစ်ပါးနဲ့ မူလပင်လယ်နယ်ပယ် ဘုရင်အများအပြား လိုအပ်ပါတယ်။ ဒါကြောင့်လည်း သက်တံနီဂိုဏ်းက ထွတ်ခေါင် ပါရမီရှင်တွေကို အတတ်နိုင်ဆုံး ထောက်ပံ့နေတာပါ။
ယုံမှားသံသယ ဝင်နေစရာ မရှိပါဘူး။ လီဖူချန်းကလည်း နောင်အနာဂတ်မှာ လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်လာမှာ အသေအချာပါပဲ။
" သည်လိုအခွင့်အရေးကတော့ နောက်ပိုင်းမှာတောင် ရဖို့ခက်တယ် "
သူနိုင်တဲ့ လောင်းကြေးတွေကို ရပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ အတော်လေး ကျေနပ်နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူက သည်လို အခွင့်အရေး မျိူးဟာ နောက်ထပ် ထပ်လာတော့မှာ မဟုတ်တော့ဘူး ဆိုတာကိုလည်း ရိပ်စားမိလိုက်ပါတယ်။ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို မရောက်မချင်း ဘယ်သူမှ သူ့ကိုလာပြီး စိမ်ခေါ်တော့မှာ မဟုတ်ပါဘူး။
" သည်လောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆိုရင်တော့ အေးအေးဆေးဆေး ကျင့်ကြံလို့ ရပြီပေါ့ "
လီဖူချန်းက ပြုံးလိုက်မိပါတယ်။
သုအလျော် ရလာတဲ့ ပစ္စည်းတွေဟာ မနည်းလှပါဘူး။ ဒါက တံခါးပိတ် ကျင့်ကြံဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ်။
***
မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းတစ်ယောက် မုယုံရှန်းရှင်းကို အနိုင်ယူသွားခဲ့တာက နှစ်ပတ် ကြာမြင့်သွားခဲ့ပါပြီ။
သည်နှစ်ပတ် အတွင်းမှာ ဆိုရင် လီဖူချန်းက မီးလျှံအရိုးတည်ဆောက်ပုံ အဆစ် ၃.၆ဆစ်မှာ ရှိနေတဲ့ အင်းကွက်တွေကို နားလည်သဘောပေါက်ခဲ့ပါတယ်။ သူက လေးဆစ်မြောက် အဆစ် အမှတ်အသားကို ရောက်ဖို့အတွက် သိပ်မလိုတော့ပါဘူး။
တစ်နေ့ လီဖူချန်းတစ်ယောက် မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို သုံးသပ် ဆင်ခြင်နေတဲ့အခါမှာတော့ ထူးဆန်းတဲ့ အချင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
အဲဒါကတော့ သူဓားသိုင်းလေ့ကျင့်နေတဲ့ အချိန်မှာ သူ့ရဲ့ စိတ်နယ်ပယ်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာကို ကြုံလိုက်ရတာပါပဲ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ စိတ်နယ်ပယ်ထဲကို အလျင်အမြန် စစ်ဆေးလိုက်ပါတယ်။
စိတ်နယ်ပယ်ထဲမှာတော့ အပြာရောင် စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင် စိတ်ဝိညာဉ်ဘက်ကို လုံးလုံးလျားလျားကြီး ကူးပြောင်းသွားခဲ့ပါပြီ။ အပြာရောင် စိတ်ဝိညာဉ်ရဲ့ အစအနတွေကလည်း လုံးဝ ရှိမနေတော့ပါဘူး။
ခရမ်းနုရောင် စိတ်ဝိညာဉ်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာတော့ လျှပ်စီးတွေ တဖျပ်ဖျပ် လက်နေပါတယ်။
အဲသည်လျှပ်စီးတွေ တစ်ချက်လက်လိုက်တိုင်းမှာ သူ့ရဲ့ တွေးတောနိုင်စွမ်းတွေဟာ ပိုပိုပြီး ကောင်းလာသလိုပါပဲ။
" တိမ်တိုက် လောင်ကျွမ်းခြင်း "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ စိတ်နယ်ပယ်ထဲကနေ ပြန်ထွက်လာခဲ့ပြီး သူ့ရဲ့ ဓားကို လှုပ်ရှားလိုက်ပါတော့တယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
လီဖူချန်းရဲ့ ဓားချက်နဲ့ ခန္ဓာကိုယ်ဟာ စည်းချက်ကျကျ လှုပ်ရှားနေကြပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ လုံးဝ အထစ်အငေါ့ မရှိပါဘူး။သူ့ရဲ့ဓား တစ်ချက်ဝှေ့ယမ်းလိုက်တိုင်းမှာ ထွက်ပေါ်လာတဲ့ မီးတိမ်တိုက်တွေကလည်း နေရာအနှံ့မှာပါပဲ။ အဲသည်မီးတိမ်တိုက်တွေကို သေသေချာချာ အနီးကပ် လေ့လာကြည့်လိုက်မယ် ဆိုရင်တော့ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းလေးတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရမှာပါ။ အဲသည်ဓားအလင်းတန်း တစ်ခုစီကလည်း အရာရာကို ဖျက်ဆီးမယ့်အသွင် ဆောင်နေပါတယ်။
" တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်း "
လီဖူချန်းရဲ့ လှုပ်ရှားမှုတွေက ရပ်တန့် မသွားသေးပါဘူး။ ပထမဓားကွက် ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဒုတိယ ဓားကွက်က ရေအလျင်လို ထွက်ပေါ်လာပြန်ပါတယ်။
သည်တစ်ကြိမ် ထွက်ပေါ်လာတဲ့ မီးတိမ်တိုက်တွေကတော့ ပထမ အကြိမ်ကထက် ပိုသိပ်သည်းသလို ပိုပြီးတော့လည်း ပြင်းထန်မယ့် ပုံပါပဲ။အလွှာအထပ်ထပ် ဖြစ်နေတဲ့ မီးတိမ်တိုက်တွေဟာ ပတ်ဝန်းကျင် လေထု တစ်ခုလုံးကိုတောင် လှိုင်းအတွန့်တွန့် ဖြစ်သွားစေပါတယ်။ ဓားအလင်းတန်းတွေကလည်း ပိုသိပ်သည်းလာပြီး ပိုရက်စက်မယ့် သဘောကို ဆောင်နေပါတယ်။
" ခရမ်းနုရောင် စိတ်ဝိညာဉ်က တကယ် အစွမ်းထက်တာပဲ "
လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပါပြီ။
မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားကွက်ဟာ ဓားကွက်လေးကွက် ရှိပါတယ်။
ပုံမှန်အတိုင်း ဆိုရင်တော့ လီဖူချန်း အနေနဲ့ တတိယမြောက် ဓားကွက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီးမှပဲ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်မှာပါ။
ဒါပေမဲ့လည်း အခုတော့ လီဖူချန်းဟာ ခရမ်းနုရောင် စိတ်ဝိညာဉ် အားကိုးနဲ့ ပထမ ဓားကွက် နှစ်ကွက်မှာတင် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ။ ဒါက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင် တတ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အရင် ထိုးထွင်းသိမြင်မှုကတောင်မှ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ကြားမှာ ထိပ်တန်းကနေ ရပ်တည်နေနိုင်တာပါ။ အခုဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်အဆင့်အထိ ရောက်သွားမယ် မသိပါဘူး။
မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ပထမ နှစ်ကွက်ကို ကောင်းကောင်း နားလည် သဘောပေါက် သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ အချိန်ဆွဲမနေတော့ဘဲ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို တံခါးပိတ် ကျင့်ကြံပါတော့တယ်။
ဒါပေမဲ့လည်း သူက သိပ်အချိန်ကြာကြာတော့ တံခါးပိတ် မကျင့်ကြံလိုက်ပါဘူး။ သုံးရက်အကြာမှာပဲ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံနေရာကနေ ပြန်ထွက်လာခဲ့ပါတယ်။
အကြောင်းအရင်းကတော့ သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ အဆင့်၂၇ကို ရောက်သွားလို့ပါပဲ။
***