မိစ္ဆာစက်ကွင်းတိုက်
Vol. 36 Ch. 482
"ခရမ်းနုရောင် စိတ်ဝိညာဉ်က ငါ့ရဲ့ ထိုးထွင်းသိမြင်မှုကို ဘယ်လောက်အထိ အားကောင်းစေလဲ ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အချိန်တို အတွင်းမှာ ငါ့အနေနဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၂၈ကို ကျင့်နိုင်ဦးမှာ မဟုတ်ဘူး။ ပြီးတော့ ဓားကွက်နှစ်ကွက်တည်းနဲ့လည်း မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်မှာ မဟုတ်ဘူး။ အင်း ...ထောက်ပံ့ရေး ရမှတ်တွေ သွားရှာရမယ့် အချိန်ရောက်ပြီ ထင်ပါရဲ့ "
မျောလွင့်ဖုန်မှုန့် တောင်ထိပ်မှာ ရပ်နေတဲ့ လီဖူချန်းဟာ အဝေးကို ငေးကြည့်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
သူများနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ထိုးထွင်းသိမြင်မှု ရှိနေရင်လည်း ကျင့်ကြံစရာ မရှိရင်တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး။
သာမာန်အားဖြင့် ဆိုရင်တော့ ဘုရင်အဆင့်အတန်း အပြင်စည်းတပည့်တွေဟာ တံခါးပိတ် ကျင့်ကြံမှုကို တစ်နှစ်ကျော် နှစ်နှစ်နီးပါး လုပ်လေ့ ရှိကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၁ကို ရောက်မှပဲ အပြင်ထွက်ပြီး တာဝန်တွေကို ပြီးဆုံးအောင် ထမ်းဆောင်ကြတာပါ။
ဒါပေမဲ့လည်း လီဖူချန်းကတော့ မတူပါဘူး။ သူက ကျင့်ကြံစရာရှိတဲ့ ပညာရပ်တွေ အကုန်လုံးကို ကျင့်ကြံပြီးသွားပါပြီ။ အဲသည်အတွက် သူက ရှေ့ဆက်ပြီးကျင့်ကြံဖို့ လိုပါတယ်။ ရှေ့ဆက်ပြီး ကျင့်ကြံရမယ့် ပညာရပ်တွေကို လဲလှယ်ဖို့အတွက်ကတော့ ထောက်ပံ့ရေး ရမှတ်တွေ လိုပါတယ်။ ထောက်ပံ့ရေး ရမှတ်တွေ ရမှသာ သူက အလိုရှိတဲ့ ပညာရပ်တွေကို လဲလှယ်ယူလို့ ရမှာပါ။
" အင်း ... သိပ်ပြီးတော့လည်း လောလို့ မဖြစ်သေးဘူး။ အရင်ဆုံး ငါ့ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ကျင့်စဉ်ကို အခြေခိုင်အောင် လုပ်ဦးမှ။ ပြီးမှပဲ ထောက်ပံ့ရေးရမှတ် ရှာတော့မယ် "
သက်တံနီ ဆေးရည် လေးပုလင်း နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် လေးပုလင်း ရှိနေသေးတဲ့ လီဖူချန်းဟာ ရင်းမြစ်၊ အထောက်အပံ့ ပိုင်းမှာတော့ သိပ်ပြီး စိတ်ပူစရာ မလိုသေးပါဘူး။
သက်တံနီ ဆေးရည် တစ်ပုလင်းကို သောက်သုံးပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ချီအတွင်းအားဟာ ပိုမိုသန့်စင်သွားပြီး သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ဟာလည်း အဆင့်၂၇မှာ အခြေကျသွားခဲ့ပါပြီ။
ထိုးထွင်းသိမြင်မှု တာအိုဆေးရည်ကိုတော့ လီဖူချန်းက မသောက်သေးဘဲ သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ ဆုံးဖြတ်မှုက မမှားပါဘူး။ သူက အခုမှ သက်တံနီ မီးတောက်နတ်ဘုရား ကျင့်စဉ်ရဲ့ အဆင့်၂၇ကို ချိုးဖောက် ဝင်ရောက်လာခဲ့တာပါ။ အဲသည်အတွက် သူက ထိုးထွင်းသိမြင်မှု တာအိုဆေးရည်ကို သောက်လည်း အဆင့်ထပ်တက်စရာ မရှိသေးပါဘူး။ အဲဒါက ဖြုန်းတီးတာနဲ့ အတူတူပါပဲ။
" သည်လောက်ဆို တာဝန်ခန်းမကို သွားလို့ရပြီ "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဘုရင့်နယ်မြေထဲကနေ အပြင်စည်းဂိုဏ်းဆီကို ယုံကြည်မှု အပြည့်နဲ့ ထွက်သွားပါတော့တယ်။
- တာဝန်ခန်းမ -
အပြင်စည်းဂိုဏ်းရဲ့ တာဝန်ခန်းမမှာတော့ အပြင်စည်း ဂိုဏ်းသားတွေနဲ့ အပြည့်ပါပဲ။
အပြင်စည်း ဂိုဏ်းသားတွေနဲ့ ဘုရင်အဆင့်အတန်း တပည့်တွေရဲ့ ကြားထဲက အခြေအနေဟာ ကွာခြားလွန်းလှပါတယ်။ အပြင်စည်းဂိုဏ်းသားတွေက ထောက်ပံ့ရေး ရမှတ်တွေကို မရကြပါဘူး။ အဲသည်အတွက် သူတို့ဟာ လိုချင်တဲ့ ပညာရပ် တစ်ခုခုကို ရယူဖို့အတွက် တာဝန်တွေကို ပြီးဆုံးအောင် ထမ်းဆောင်ကြရပါတယ်။
" အဲဒါက ဘုရင်အဆင့်အတန်း တပည့် တစ်ယောက်ပဲ "
တာဝန်ခန်းမကို လီဖူချန်း ရောက်လာတာက အပြင်စည်း ဂိုဏ်းသားတွေကို ဆူညံသွားစေခဲ့ပါပြီ။ တချို့အပြင်စည်း ဂိုဏ်းသားတွေကတော့ လီဖူချန်းကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်နေကြပါတယ်။
ဘုရင်အဆင့်အတန်း တပည့်တစ်ယောက်နဲ့ တာဝန်အတူတူ ထမ်းဆောင်ရတာက အလွယ်ဆုံး အလုပ်ပါပဲ။ ဘုရင်အဆင့်အတန်း တပည့်တိုင်းဟာ တူညီတဲ့ နယ်ပယ်မှာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားကြသူတွေပါ။ မတော်တဆ ဖြစ်ရပ်မျိုးနဲ့ မမျှော်လင့်ထားတဲ့ ပြသနာမျိုးကို မတွေ့ကြုံရသရွေ့တော့ တာဝန် မပြီးမြောက်မှာကို ပူစရာ မလိုပါဘူး။ ပြီးတော့ တာဝန်ပြီးမြောက်ချိန်ကလည်း လုံးဝ တိုတောင်းနေမှာ အသေအချာပါပဲ။
" ဝါစဉ်ကြီး အစ်ကိုက တာဝန်တစ်ခု ထမ်းဆောင်ဖို့ သည်နေရာကို ရောက်လာတာလား။ ကျွန်တော်တို့နဲ့ အတူတူ ကြက်သွေးရောင် ကမ်းခြေကို သွားရအောင်လေ။ အဲသည်မှာက ကြက်သွေးရောင် ခရုတွေ ရှိတယ်။ ကြက်သွေးရောင် ခရုခွံတစ်ခုကို ဂိုဏ်းတော်က ထောက်ပံ့ရေးရမှတ် ၁၀မှတ်တောင် ပေးထားတာဗျ။ အစ်ကိုပါလာရင်တော့ အနည်းဆုံး ထောက်ပံ့ရေးရမှတ် ၁၀၀၀နဲ့ အထက်ပဲ "
" ကြက်သွေးရောင် ခရုတွေကို ကောက်ဖို့ဆိုတာက ဘယ်လိုလုပ်ပြီး အဲလောက် လွယ်မှာလဲ။ မင်းက ဝါစဉ်ကြီးအစ်ကိုကို မလိမ့်တပတ်လုပ်ဖို့ ကြိုးစားနေတာလား။အစ်ကိုကြီး ... ကျွန်တော်တို့နဲ့အတူ လေနက်ချောက်ကမ်းပါးကို သွားရအောင်လေ။ အဲသည်ချောက်ကမ်းပါးထဲမှာ ပျံတတ်တဲ့ လေနက်ငါးပျံတွေ ရှိတယ်ဗျ။ အဲသည်ငါးပျံတစ်ကောင်ကို ဂိုဏ်းတော်က ထောက်ပံ့ရေးရမှတ် ၅၀ ပေးထားတာဗျ။ ဘယ်လိုလဲ အစ်ကိုကြီး ... စိတ်မဝင်စားဘူးလား "
အပြင်စည်း တပည့်တွေကတော့ သူတို့နဲ့အတူ တာဝန်ထမ်းဆောင်ဖို့ လီဖူချန်းကို တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်နေကြပါတယ်။
" ခဏလေး ... ငါခဏလောက် စဉ်းစားဦးမယ် "
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းကလည်း ဘယ်တာဝန်ကို ထမ်းဆောင်လို့ ထမ်းဆောင်ရမယ် မသိသေးပါဘူး။ သူက အခုမှ တာဝန်ခန်းမကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်ပါလား။
သူက ပထမဆုံးအကြိမ်မှာ ထောက်ပံ့ရေးရမှတ် များများလိုချင်သလို သက်တံနီဂိုဏ်းက ပေးတဲ့ တာဝန်တွေရဲ့ ခက်ခဲမှု အဆင့်ကိုလည်း သေသေချာချာ နားလည်ချင်ပါသေးတယ်။ဒါကြောင့် သူက ဖိတ်ခေါ်မှုတွေကို ယတိပြတ် မငြင်းခဲ့တာပါ။
"ဝါစဉ်ကြီးအစ်ကို ... ကျွန်တော်တို့က မိစ္ဆာစက်ကွင်းတိုက်ကို သွားဖို့ ပြင်ဆင်နေကြတာ။ ကျွန်တော်တို့နဲ့အတူ လာပူးပေါင်းပါလား "
အဲသည်အချိန်မှာပဲ လူငယ်တစ်ယောက်ဟာ လီဖူချန်းကို လေးနက်တည်ကြည်စွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။
" မိစ္ဆာစက်ကွင်းတိုက်လား "
လီဖူချန်းကို ဝန်းရံနေကြတဲ့ အပြင်စည်း တပည့်တွေရဲ့ အမူအယာတွေကတော့ ပြောင်းကုန်ကြပါပြီ။
တိုင်းတစ်ပါးတိုက်ကို သွားတဲ့ တာဝန်တွေ မှန်သမျှဟာ အလွန်အမင်း အန္တရာယ်များတဲ့ တာဝန်တွေပါပဲ။ အဲသည်ထက် ပိုဆိုးတာက မိစ္ဆာစက်ကွင်းတိုက်က တခြား တိုင်းတစ်ပါးတိုက်တွေထက် ပိုအန္တရာယ် များပါတယ်။ အဲသည်တိုက်မှာက လူသားမျိုးနွယ်တွေ မရှိဘဲ မိစ္ဆာတွေနဲ့သာ ပြည့်နှက်နေတာပါ။ အဲသည်တိုက်မှာက အဆင့်၆ မိစ္ဆာတွေ နေထိုင်လို့မရဘဲ အဆင့်၅ မိစ္ဆာတွေသာ နေထိုင်လို့ ရတာကတော့ ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။
" တိုင်းတစ်ပါးက တိုက်တစ်ခုလား။ ငါစိတ်ဝင်စားတယ် '
လီဖူချန်းက လူငယ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။
" ကျေးဇူးပါ ...ဝါစဉ်ကြီးအစ်ကို။ ဒါဆိုရင် နောက်ထပ် သုံးရက်ကြာရင် တည်နေရာရွှေ့ပြောင်း ခန်းမမှာ တွေ့ကြရအောင် "
" အင်း … အဆင်ပြေတယ် "
လီဖူချန်းဆီက သဘောတူညီမှုကို ရပြီးတဲ့ နောက်မှာတော့ လူငယ်ဟာ လှည့်ထွက်သွားခဲ့ပါပြီ။
***
နောက်ထပ်သုံးရက်အကြာ ...
- အပြင်စည်းဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခန်းမ -
သည်ခန်းမထဲမှာတော့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ အများကြီးပါပဲ။ သည်တည်နေရာရွှေ့ပြောင်း စင်မြင့်တွေဟာ နိုင်ငံတော်ခုနစ်ခုက နန်းမြို့တော်တွေဆီကို ပို့ပေးနိုင်သလို တိုင်းတစ်ပါး တိုက်ကြီးတွေဆီကိုလည်း ပို့ပေးနိုင်ပါတယ်။
ဒါပေမဲ့လည်း တိုင်းတစ်ပါး တိုက်ကြီးတွေကို ပို့ဆောင်ပေးဖို့အတွက် ပေးရတဲ့ အဖိုးအခကတော့ မနည်းလှပါဘူး။ လူတစ်ယောက်အတွက် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျသင့်ပါတယ်။ တကယ်လို့ တည်နေရာ ရွှေ့ပြောင်းပေးရမယ့် တိုက်က အရမ်းဝေးနေရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်းနဲ့ ၁သန်းကြား ကျသင့်မှာပါ။
ဒါက အတော်လေး ဈေးကြီးတယ်လို့တောင် ဆိုနိုင်ပါတယ်။ တစ်ကြိမ်လောက်သာ တည်နေရာရွှေ့ပြောင်းမယ် ဆိုရင်တော့ ကျသင့်တန်ဖိုးက သိပ်မသိသာပေမယ့် နှစ်ကြိမ်၊သုံးကြိမ်လောက် ဆက်တိုက် တည်နေရာ ရွှေ့ပြောင်းမယ် ဆိုရင်တော့ ဘုရင်အဆင့်အတန်း တပည့်တွေတောင်မှ တတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ကံကောင်းတာ တစ်ခုကတော့ ဘုရင်အဆင့်အတန်း တပည့်တွေက တည်နေရာ ရွှေ့ပြောင်းခ ပေးစရာ မလိုတာပါပဲ။ သူတို့က သူတို့သွားချင်တဲ့နေရာကို စိတ်ကြိုက် တည်နေရာ ရွှေ့ပြောင်းလို့ ရပါတယ်။
" မင်္ဂလာပါ ဝါစဉ်ကြီးအစ်ကို "
တည်နေရာရွှေ့ပြောင်း ခန်းမကို လီဖူချန်း ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းကို ဖိတ်ခေါ်ခဲ့တဲ့ အပြင်စည်းတပည့် လူငယ်နဲ့ သူ့ရဲ့အဖွဲ့ဟာ ရောက်နှင့်နေကြပါပြီ။သူတို့ကတော့ လေးယောက်ရှိပြီး လီဖူချန်းကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ငါးယောက် ဖြစ်ပါတယ်။
သည်လူအုပ်ထဲမှာတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုက အဆင့် အနိမ့်ဆုံးပါပဲ။ ကျန်တဲ့သူတွေအားလုံးကတော့ အနိမ့်ဆုံး ပြန်လည်ဝင်စားခြင်နယ်ပယ် အဆင့်၈မှာ ရှိနေပြီး တစ်ယောက်ဆိုရင် ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉ကိုတောင် ရောက်နေပါပြီ။ ပြီးတော့ မိန်းမပျိုလေး နှစ်ယောက်လည်း ပါပါသေးတယ်။
" မိစ္ဆာစက်ကွင်းတိုက်ကို တည်နေရာ ရွှေ့ပြောင်းဖို့ အတွက်ဆိုရင် တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ ပေးရမယ် "
အပြင်စည်းအကြီးအကဲ တစ်ယောက်က လီဖူချန်းတို့ ရှိရာဆီကို လျှောက်လာပြီး ကျသင့်တန်ဖိုးကို ပြောလာပါတယ်။
" ဟုတ်ကဲ့ပါ အကြီးအကဲ "
လီဖူချန်းကို ဖိတ်ခေါ်ခဲ့တဲ့ လူငယ်က သည်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပုံပါပဲ။ သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆သိန်းပါတဲ့ သိုလှောင်အိတ်ကို အပြင်စည်းအကြီးအကဲထံ ပေးအပ်လိုက်ပါတယ်။ သူက အစောကြီးကတည်းကနေ တည်နေရာ ပြောင်းရွှေ့ခကို ကျန်တဲ့ လူငယ်သုံးယောက်စီက ကောက်ထားပုံ ရပါတယ်။
လီဖူချန်းကတော့ ဘုရင်အဆင့်အတန်းတပည့် ဖြစ်တဲ့အတွက် တည်နေရာ ပြောင်းရွှေ့ခ ပေးစရာ မလိုပါဘူး။
အဲသည်နောက်မှာတော့ သူတို့ငါးယောက်ဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်ကို တက်လိုက်ပြီး သက်တံနီဂိုဏ်းကနေ ပျောက်ကွယ်သွားပါတော့တယ်။
သူတို့ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ မှောင်မည်းနေတဲ့ နေရာတစ်ခုကို ရောက်နေခဲ့ပါပြီ။
" သည်တော့ ဒါက မိစ္ဆာစက်ကွင်းတိုက် ဆိုတာပေါ့ "
လီဖူချန်းက သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးနဲ့ မတူတာကို ခံစားလိုက်ရပါတယ်။ သည်နေရာမှာ ရှိနေတဲ့ ချီစွမ်းအင်တွေက မိစ္ဆာဓာတ်တွေ အပြည့်ပါပဲ။
ကျင့်ကြံသူတွေ အနေနဲ့ မိစ္ဆာဓာတ်တွေကို သန့်စင်လို့ ရတယ် ဆိုပေမယ့်လည်း ရလဒ်ကတော့ သိပ်ပြီး ကောင်းလှမှာ မဟုတ်ပါဘူူး။
လီဖူချန်းကို ဖိတ်ခေါ်ခဲ့တဲ့ လူငယ်ရဲ့ နာမည်ကတော့ ကျောင်းရှန် ဖြစ်ပါတယ်။
ကျောင်းရှန်က လီဖူချန်းကို မိစ္ဆာစက်ကွင်းတိုက်နဲ့ ပက်သက်ပြီး သိသင့် သိထိုက်တာတွေကို ရှင်းပြလိုက်ပါတယ်။
" အစ်ကိုလီ ... သည်မိစ္ဆာစက်ကွင်းတိုက်မှာက စုစုပေါင်း စက်ကွင်း၅ခု ရှိတယ်။ ပထမ စက်ကွင်းထဲမှာက မိစ္ဆာဓာတ်တွေ အားအကောင်းဆုံးပဲ။ အဲသည်မှာက အားအကောင်းဆုံး အဆင့်၅ မိစ္ဆာတွေပဲ နေကြတာ။ အဲသည်မိစ္ဆာတွေက သာမန် အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကိုတောင်မှ ယှဉ်နိုင်တယ်။ ကျွန်တော်တို့ အခု ရောက်နေတာကတော့ ပဉ္စမ စက်ကွင်းပဲ။ အဲသည်တော့ လုံခြုံတယ်လို့ ပြောလို့ရတယ်။သည်နေရာမှာ ရှိတဲ့ မိစ္ဆာတွေက သိပ်ပြီး အစွမ်းမထက်ကြဘူး။ ကျွန်တော်တို့ကတော့ တတိယစက်ကွင်းနဲ့ စတုတ္ထစက်ကွင်းထဲကို ဝင်ပြီး ဆေးပင်တွေ ရှာဖို့ စဉ်းစားထားတယ်။ ဒုတိယ စက်ကွင်းကတော့ အခြေအနေအရပေါ့။ ကျွန်တော်တို့အနေနဲ့ ပထမ စက်ကွင်းထဲကိုတော့ လုံးဝ ဝင်လို့ မဖြစ်ဘူး "
" အင်း "
တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ဆင်းလိုက်တဲ့အခါမှာတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်ထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ မိစ္ဆာဓာတ်တွေဟာ သူထင်ထားတာထက် ပိုများနေတာကို လီဖူချန်း သိလိုက်ရပါတယ်။
တည်နေရာရွှေ့ပြောင်း စင်မြင့်တွေက လစ်လပ် လေဟာနယ် စွမ်းအားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ပြင်ပက ဖိအားတွေကို ထိုက်သင့်သလောက် အကာအကွယ် ပေးပါတယ်။ ဒါကြောင့်လည်း သူက တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှာ ရှိနေတုန်းက မိစ္ဆာဓာတ်တွေကို သိပ်ပြီး မခံစားမိတာ နေပါမယ်။
" သည်တိုက်က မိစ္ဆာတွေအတွက် တကယ် သင့်တော်တဲ့ နေရာပဲ "
လီဖူချန်းက သည်တိုက်မှာ ရှိတဲ့ မိစ္ဆာတွေဟာ ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာကိုတောင် အကြမ်းဖျင်း ခန့်မှန်းမိနေပါပြီ။ အရှေ့ယူနီကွန်းတိုက်က အစွမ်းအထက်ဆုံး အဆင့်၅ မိစ္ဆာတွေတောင်မှ သည်တိုက်ရဲ့ ပဉ္စမြောက်စက်ကွင်းကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။
ပဉ္စမမြောက် စက်ကွင်းကတော့ မိစ္ဆာစက်ကွင်းတိုက်ရဲ့ အပြင်ဘက် အကျဆုံး နယ်မြေ ဖြစ်ပါတယ်။
" လူသားတွေ ရောက်လာပြီ။ စားပစ်ကြဟေ့ "
မိစ္ဆာစက်ကွင်းတိုက်ကို လီဖူချန်းတို့ ရောက်လာပြီး သိပ်မကြာခင်မှာပဲ မိစ္ဆာတစ်သိုက်ဟာ သူတို့ကို သတိပြုမိ သွားခဲ့ပါပြီ။
အဆင့်၅ မိစ္ဆာတွေ ပါဝင်တဲ့ မိစ္ဆာအုပ်ကြီး တစ်အုပ်ဟာ လီဖူချန်းတို့ကို အမဲဖျက်ဖို့အတွက် တစ်ဟုန်ထိုး ပြေးလာနေကြပါတယ်။ အဲသည်အုပ်စုထဲမှာတော့ ဦးချိုမိစ္ဆာတွေ၊ ကြေးခွံမိစ္ဆာတွေ၊ တောင်ပံပါ မိစ္ဆာတွေနဲ့ စုံလို့ပါပဲ။
" အားလုံး သတိထားကြ "
ကျောင်းရှန်က သည်မိစ္ဆာအုပ်ကြီးကို ပေါ့ပေါ့တန်တန် သဘော မထားရဲပါဘူူး။ သူတို့အနေနဲ့ အဆင့်၅ မိစ္ဆာတစ်ကောင်တည်း ဆိုရင်တော့ ဂရုစိုက်စရာ မလိုပေမယ့် အဆင့်၅ မိစ္ဆာ အုပ်လိုက်ကြီးကိုတော့ ဂရုစိုက်ရပါမယ်။တကယ်လို့ သူတို့သာ တစ်ချက်လေး သတိလက်လွှတ် ဖြစ်သွားမယ် ဆိုရင်တော့ တစ်ဖွဲ့လုံးတောင် သေဆုံးသွားနိုင်ပါတယ်။
" တောင်ဖြိုလက်သီး "
" ရွှေရောင်ဆေဘာ "
" ငှက်မွှေးဓားသိုင်း "
" နွယ်ရိုင်း ဓားသိုင်း "
လူငယ်လေးယောက်ဟာ သူတို့ရဲ့ အကျွမ်းကျင်ဆုံး သိုင်းပညာတွေကို ထုတ်သုံးလိုက်ကြပါပြီ။
ဘန်း ... ဝုန်း ...ဝုန်း ...
လူသား လေးယောက်နဲ့ မိစ္ဆာအုပ်ကြီးရဲ့ ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘယ်သူမှ အသာ မရခဲ့ကြပါဘူး။ ဒါက သရေပါပဲ။
လူသားလေးယောက်က တစ်ဦးချင်း အစွမ်းအရာမှာ သာလွန်ပေမယ့် မိစ္ဆာတွေက အရည်အတွက်ပိုင်းမှာ သာလွန်ပါတယ်။
" တိမ်တိုက် လောင်ကျွမ်းခြင်း "
လီဖူချန်းကလည်း သူ့ရဲ့ အစွမ်းကို လျှိုထားဖို့ စိတ်ကူးမရှိပါဘူူး။ သူက သွေးနီဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲထဲ ဝင်လာခဲ့ပါတယ်။
ရှဲ ...
မီးတိမ်တိုက်တစ်ခုဟာ လေထုထဲမှာ ရုတ်ချည်း ဖြစ်ပေါ်လာပြီး အဆင့်၅မိစ္ဆာ သုံးဆယ်ကျော်ကို လောင်ကျွမ်းသွားစေ ခဲ့ပါပြီ။
" ကြောက်စရာ ကောင်းလိုက်တဲ့ ဓားသိုင်း။ ဒါကြောင့်လည်းသူက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက် ဖြစ်နေတာကိုး "
ယုဝေလို့ခေါ်တဲ့ အပြင်စည်းတပည့် မိန်းမပျိုလေးကတော့ မျက်လုံးအပြူးသားနဲ့ ရေရွတ်လိုက်ပါတယ်။
သူမအတွက်ကတော့ ဓားချက်တစ်ချက်တည်းနဲ့ အဆင့်၅မိစ္ဆာ သုံးဆယ်ကျော်ကို သတ်ပစ်နိုင်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် ထည့်မတွေးဘူးတဲ့ အရာပါပဲ။
***