မိစ္ဆာကပ်ဘေး
Vol. 36 Ch. 483
" အဲဒါက ငါတို့ သက်တံနီဂိုဏ်းရဲ့ ထိပ်တန်းဓားသိုင်း ငါးခုထဲက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်း မဟုတ်ဘူးလား"
တခြားအပြင်စည်းတပည့် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ လုကျင်းဟွာကတော့ လီဖူချန်း သုံးသွားတဲ့ ဓားသိုင်းကို ကောင်းကောင်းကြီး မှတ်မိနေပါတယ်။
သက်တံနီဂိုဏ်းရဲ့ ထိပ်တန်းဓားသိုင်း ၅ခုဟာ သူမ အမြဲတမ်း လိုချင်တောင့်တနေတဲ့ ဓားသိုင်းတွေပါပဲ။ဒါပေမဲ့လည်း အဲသည်ဓားသိုင်းတွေရဲ့ ပထမပိုင်းကတောင်မှ ထောက်ပံ့ရေးရမှတ် တစ်သောင်းနီးပါး ရှိတဲ့အတွက် သူမအနေနဲ့ အခုအချိန်မှာ မတတ်နိုင်သေးပါဘူး။
ပြီးတော့ သူမဟာ သူမ လက်ရှိလေ့ကျင့်နေတဲ့ မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းဖြစ်တဲ့ နွယ်ရိုင်းဓားသိုင်းကိုတောင်မှ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်ဖို့ လိုအပ်နေဆဲပါပဲ။ အဲသည်အတွက် လုကျင်းဟွာဟာ လီဖူချန်းကို လေးစားအားကျ နေရုံပဲ တတ်နိုင်ပါတယ်။
ကျောင်းရှန်နဲ့ တခြားအပြင်စည်းတပည့် တစ်ယောက်ဖြစ်တဲ့ ကောင်းဝမ်ဝူတို့ကလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါပြီ။
မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းက သူတို့ ထင်ထားတာထက် အများကြီး အစွမ်းထက်နေပါတယ်။ ဓားသိုင်းရဲ့ နက်နဲသိမ်မွေ့မှုကလည်း မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းတွေထက်ကို အဆပေါင်းများစွာ သာလွန်နေတာပါ။
တကယ်လို့ မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းနဲ့ မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းကြားမှာ သုံးဆလောက် ကွာနေတယ် ဆိုရင် မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းနဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းကြားမှာက ငါးဆလောက် ကွာပါတယ်။
ဒဏ္ဍာရီတွေထဲက ကောင်းကင်အဆင့်နိမ့် ဓားသိုင်းတွေ ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းနဲ့ အနည်းဆုံး ဆယ်ဆလောက် ကွာမှာ အသေအချာပါပဲ။ ဒါက ကျိုးကြောင်းဆီလျော်ပါတယ်။
သည်လိုနဲ့ပဲ သူတို့ငါးယောက်ဟာ မိစ္ဆာစက်ကွင်းတိုက်ရဲ့ စတုတ္ထ စက်ကွင်းထဲကို ရောက်လာမှန်းမသိ ရောက်လာခဲ့ကြပါပြီ။
သူတို့ သိထားခဲ့သလိုပါပဲ။ ပဉ္စမစက်ကွင်းနဲ့ ယှဉ်ရင်တော့ စတုတ္ထစက်ကွင်းမှာက ပိုပြီးတော့ မိစ္ဆာဓာတ်တွေ သိပ်သည်းပါတယ်။
သည်သိပ်သည်းနေတဲ့ မိစ္ဆာဓာတ်တွေက ပတ်ဝန်းကျင် အခြေအနေကို ပိုပြီး စိတ်ချောက်ချားစရာ ကောင်းအောင် ထောက်ပံ့ ပေးနေပါတယ်။
သည်နေရာမှာရှိတဲ့ ကောင်းကင်ဟာ မှုန်မှိုင်းနေပြီး နေရောင်ခြည်ကလည်း လုံးဝ မရှိပါဘူး။ မြေဆီလွှာကင်းမဲ့နေတဲ့ မြေပြင်ပေါ်မှာ ပေါက်နေတဲ့ မြက်ရိုင်းပင်တွေကလည်း လူတစ်ရပ်ကျော်လောက်တော့ အသာလေးပါပဲ။ ပြီးတော့ ဘာမှန်းမသိနိုင်တဲ့ ပေပေါင်းရာကျော် မြင့်တဲ့ သစ်ပင်ကြီးတွေလည်း ရှိနေပါတယ်။ သည်ပေပေါင်းရာကျော် မြင့်တဲ့ သစ်ပင်ကြီးတွေရဲ့ အရိပ်ဟာ မရှိမဲ့၊ရှိမဲ့ အလင်းရောင်လေးတွေကို ပိတ်ဆို့ထားပါသေးတယ်။
" အဲဒါက နတ်ဆိုးတစ္ဆေကြွက် ဆေးပင်ပဲ "
ကျောင်းရှန်ကတော့ ကောင်းကင်ယံပေါ်မှာ ပျံသန်းနေရင်းနဲ့ လွှသွားပုံသဏ္ဌာန် ချုံပုတ်တစ်ခုကို အာရုံခံမိ လိုက်ပါတယ်။
အဲသည် လွှသွားပုံသဏ္ဌာန် ချုံပုတ်အောက်မှာ ရှိနေတာကတော့ ဒူးခေါင်းလောက် အမြင့်ရှိတဲ့ ကြွက်ပုံသဏ္ဌာန် အပင်တစ်ပင်ပါပဲ။
နတ်ဆိုးတစ္ဆေကြွက် ဆေးပင် ...
သည်ဆေးပင်ကတော့ မြေကမ္ဘာ အဆင့်မြင့် ဆေးပင်ဖြစ်ပြီး တာဝန်ထဲမှာ ပါတဲ့ ဆေးပင် ဖြစ်ပါတယ်။ သည်ဆေးပင်က ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတောင်မှ မျိုးတုံးပျောက်ကွယ်စ ပြုနေပြီဖြစ်တဲ့ ဆေးပင် ဆိုရင်လည်း မမှားပါဘူး။ ဂိုဏ်းတော်ကတော့ သည်ဆေးပက် တစ်ပင်ကို ထောက်ပံ့ရေးရမှတ် တစ်ရာ ပေးထားပါတယ်။
ရွှီး ...ရွှီး ...ရွှီး ...
နဂိုက မလှုပ်မရှား တည်ငြိမ်နေတဲ့ လွှသွားပုံသဏ္ဌာန် ချုံပုတ်ဟာ ကျောင်းရှန်တစ်ယောက် နတ်ဆိုးတစ္ဆေကြွက် ဆေးပင်ကို နုတ်ယူဖို့ အနားကပ်သွားတဲ့ အချိန်မှာတော့ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ အဲသည်ချုံပုတ်က ဆူးတွေနဲ့ ကျောင်းရှန်ကို အလစ်အငိုက်ဖမ်း တိုက်ခိုက်လိုက်ပါတယ်။
ဘန်း ...
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉မှာ ရောက်နေပြီဖြစ်တဲ့ ကျောင်းရှန်ကလည်း မခေပါဘူး။ သူက ချီအတွင်းအားတွေကို စုစည်းလိုက်ပြီး ဆူးချွန်တွေကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။
ဝှီး ...
သူ့ရဲ့ လက်ဝါးရိုက်ချက်ဟာ လွှသွားပုံသဏ္ဌာန် ချုံပုတ်တစ်ခုလုံးကိုတောင် လေထဲ မြှောက်တက်သွားစေပါသေးတယ်။ အနှောင့်အယှက် မရှိတော့တဲ့ နောက်မှာတော့ နတ်ဆိုးတစ္ဆေကြွက် ဆေးပင်ကို နုတ်ယူဖို့က ကျောင်းရှန်အတွက် မခက်ခဲတော့ပါဘူး။
" ဂုဏ်ယူပါတယ် ... အစ်ကိုကျောင်း။ အစ်ကိုက ပထမဆုံး ကံထူးသူပဲ "
ယုဝေ နဲ့ လုကျင်းဟွာတို့က ကျောင်းရှန်ကို ဂုဏ်ပြုလိုက်ကြပါတယ်။
ထောက်ပံ့ရေး ရမှတ် တစ်ရာဆိုတာက နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် တာဝန်တစ်ခု ပြီးမြောက်ရင်တောင်မှ သူတို့ဟာ ထောက်ပံ့ရေးရမှတ် ရာပိုင်းအနည်းငယ်သာ ရတာပါ။
သည်မိစ္ဆာစက်ကွင်းတိုက်ကတော့ အန္တရာယ်တွေ ပြည့်နှက်နေပေမယ့်လည်း စွန့်စားနိုင်ရင် စွန့်စားနိုင်သလောက် ပိုပြီး ထောက်ပံ့ရေး ရမှတ်တွေ ရနိုင်ပါတယ်။အခု ကျောင်းရှန် ကံကောင်းသလိုမျိုးသာ မကြာခဏ ကံကောင်းမယ် ဆိုရင်တော့ သူတို့ဟာလည်း ထောက်ပံ့ရေး ရမှတ် တစ်ထောင်လောက်တောင် ရသွားနိုင်ပါတယ်။
်" ဟားဟား ... ကံလေး မဆိုစလောက် ကောင်းသွားတာပါ ညီမတို့ရာ "
ကျောင်းရှန်ကတော့ အပျော်ကြီး ပျော်နေပုံပါပဲ။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးကလည်း တော်တော်နဲ့ကို မပျောက်တော့ပါဘူး။
သူတို့က သည်တိုက်ကို မလာခင်မှာ သဘောတူညီမှု တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကိုယ်ရ ကိုယ်ယူဆိုတဲ့ သဘောတူညီမှုပါပဲ။ ဒါပေမဲ့ လူအားလုံးက တစ်ပြိုင်နက်တည်း တွေ့ရင်တော့ အညီအမျှ ခွဲဝေယူရမှာပါ။
အဲသည်သဘောတူညီမှုကြောင့် ကျောင်းရှန်ဟာ သည်နတ်ဆိုးတစ္ဆေကြွက် ဆေးပင်ကို ဘယ်သူနဲ့မှ ခွဲဝေစရာ မလိုပါဘူး။ အဲဒါက သူဟာ ထောက်ပံ့ရေးရမှတ် တစ်ရာ ရသွားပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ။
" ဟေ့ဟေ့ ... အားလုံးပဲ ကြည့်ကြဦး။ ဟိုး ... အရှေ့မှာ ဘာဖြစ်နေတာလဲ မသိဘူး "
ယုဝေက မိုးကုပ်စက်ဝိုင်းဘက်ကနေ သည်ဘက်ကို ပဟေဠိဆန်စွာ ဦးတည်လာနေတဲ့ တိမ်မည်းတစ်အုပ်ကို လက်ညှိုးထိုးပြ လိုက်ပါတယ်။
တိမ်မည်းတစ်အုပ်ကို မြင်ပြီးတဲ့အခါမှာတော့ ကျောင်းရှန်ရဲ့ မျက်နှာ အမူအယာတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ကို ကြည့်ရတာ တစ်စုံတစ်ခုကို သတိရသွားတဲ့ ပုံပါပဲ။
" ပြေး ...ပြေးကြ။ သည်နေရာကနေ မြန်မြန် ပြေးကြ "
ကျောင်းရှန်က အားလုံးကို အလောတကြီးနဲ့ ဆော်သြလိုက်ပါတယ်။
" အဲဒါက မိစ္ဆာတွေပဲ "
လီဖူချန်းကတော့ သူ့ဝသီအတိုင်း မတုန်မလှုပ် ရှိနေဆဲပါပဲ။
" မိ ...မိစ္ဆာတွေလား "
ယုဝေနဲ့ တခြားလူငယ်တွေကလည်း မျက်လုံးပြူး၊မျက်ဆံပြူး ဖြစ်ကုန် ကြပါပြီ။
မိစ္ဆာတွေက ဘယ်လောက်တောင် များနေလို့ သည်လို တိမ်မည်းတစ်အုပ်ကို ဖြစ်စေတာလဲ။ တစ်ထောင်လား ... ဒါမှမဟုတ် တစ်သောင်းများလား။
ကျောင်းရှန်က အားလုံးကို အလျင်အမြန် ရှင်းပြလိုက်ပါတယ်။
" အဲဒါကို မိစ္ဆာကပ်ဘေးလို့ ခေါ်တယ်။ မိစ္ဆာကပ်ဘေး ဆိုတာက မိစ္ဆာစက်ကွင်းတိုက်မှာ ကြောက်စရာ အကောင်းဆုံးနဲ့ အန္တရာယ် အများဆုံးပဲ။ သာမန်မိစ္ဆာကပ်ဘေးတွေမှာ ဆိုရင်တော့ အဆင့်၅မိစ္ဆာ ဆယ်ဂဏန်း နဲ့ အဆင့်၄မိစ္ဆာ တစ်ထောင်လောက်ပဲ ပါတယ်။ မိစ္ဆာကပ်ဘေး အကြီးစားတွေမှာ ဆိုရင်တော့ အဆင့်၅ မိစ္ဆာ တစ်ရာ နဲ့ အဆင့်၄မိစ္ဆာ ထောင်ကြီးပိုင်း ပါတယ်။ သူတို့က သူတို့ လိုချင်တဲ့ အရာကို မရမချင်း လုံးဝ ရပ်လေ့ မရှိဘူး "
" သည်လို ဆိုရင်လည်း ဘာလုပ်နေတာလဲ။ မြန်မြန် ဆုတ်ကြရအောင်လေ "
ကောင်းဝမ်ဝူကတော့ အတော်လေး စိတ်လှုပ်ရှားနေပုံပါပဲ။
" ငါတို့ ဆုတ်လို့ မရတော့ဘူး။ ငါတို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်ခြမ်းမှာလည်း မိစ္ဆာတွေ ရောက်နေပြီ "
လီဖူချန်းက ကောင်းကင်ကို မော့ကြည့်နေရင်းနဲ့ ပြောလိုက်ပါတယ်။
လီဖူချန်း ပြောတာက မမှားပါဘူး။ သူတို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်ခြမ်း ကောင်းကင်ယံမှာလည်း တိမ်မည်းအုပ်တွေ ဖြစ်တည်နေခဲ့ပါပြီ။
ကျောင်းရှန်က မျက်နှာပျက်ပျက်နဲ့ ပြောလိုက်ပါတယ်။
" ကြည့်ရတာတော့ ငါတို့က မိစ္ဘာစက်ကွင်းတိုက်မှာရှိတဲ့ မိစ္ဆာတွေကို မျက်စိစပါးမွေး စူးစေမိပြီနဲ့ တူတယ်။ သည်ကောင်တွေက ငါတို့ကို အပိုင်ပိတ်ပြီး ဖမ်းတာပဲ "
" အစ်ကိုလီ ... ညီမတို့ မြောက်ဘက်ခြမ်းကနေ ပြေးလို့ရတာပဲလေ "
လုကျင်းဟွာက အကြံပေးလိုက်ပါတယ်။
" မြောက်ဘက်ခြမ်းကနေလည်း ပြေးလို့ရမှာ မဟုတ်ဘူး "
လီဖူချန်းက ခေါင်းခါလိုက်ပါတယ်။
" ဘာလို့လဲ။ မြောက်ဘက်အခြမ်းမှာက ဘာတိမ်မည်းအုပ်မှ မရှိဘူးလေ "
သည်စကားကို ပြောလိုက်သူကတော့ ကောင်းဝမ်ဝူပါပဲ။ ဒါပေမဲ့လည်း သူက သိပ်မကြာခင်မှာပဲ လီဖူချန်း ဘာဖြစ်လို့ ခေါင်းခါသလဲ ဆိုတာကို သိသွားပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့စကားဆုံးတာနဲ့ မရှေးမနှောင်းမှာပဲ မြောက်ဘက်အရပ်ကနေပြီး တိမ်မည်းတစ်အုပ် ပေါ်လာလို့ပါပဲ။
" ဘာ ...ဘာတွေ ဖြစ်နေတာလဲကွာ။ ပုံမှန်အတိုင်းဆိုရင် စတုတ္တစက်ကွင်းက သည်လောက် အန္တရာယ် မများဘူးလေ "
ကျောင်းရှန်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းညူလိုက်ပါတယ်။ သူက ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို တကယ် နားမလည်တော့ပါဘူး။
သူ့ရဲ့ အသိစိတ်အာရုံကို မိုင်၈၀၀ကျော်အထိ ဖြန့်ကြက်လိုက်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို အရိပ်အမြွက် သိသွားခဲ့ပါပြီ။ သူက အားလုံးကို အားပေးနှစ်သိမ့် လိုက်ပါတယ်။
" အားလုံးပဲ ... အရမ်း ကြောက်မနေကြနဲ့ဦး။ငါတို့က မိစ္ဆာကပ်ဘေးထဲ ညှပ်ပါနေကြတာ။ သည်မိစ္ဆာတွေက တမင်သက်သက် ရည်ရွယ်ပြီး ငါတို့ဆီကို လာနေတာ မဟုတ်ဘူး။ တောင်ဘက်ခြမ်းက မိစ္ဆာတွေနဲ့ အရှေ့ဘက်ခြမ်းက မိစ္ဆာတွေက ကျင့်ကြံသူတစ်စုနောက်ကို လိုက်နေကြတာ "
" အဲဒါက တိုင်းတစ်ပါးတိုက်တွေက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေလား။ ဘာထူးမှာလဲ ... အကုန်လုံး သေကြရမှာပဲ "
ကျောင်းရှန်က မချိပြုံး ပြုံးပြီး ပြောလိုက်ပါတယ်။
မိစ္ဆာစက်ကွင်းတိုက်ကို တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေနဲ့ ဆက်သွယ်ချိတ်ဆက် ထားတာက ရောင်စဉ်ခုနစ်ဖြာတိုက်ကြီး တစ်ခုပဲ မဟုတ်ပါဘူး။ အခြား တိုက်ကြီးတွေကလည်း တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေနဲ့ ဆက်သွယ် ချိတ်ဆက်ထားတာပါပဲ။
မိစ္ဆာတိမ်အုပ်တွေ တဖြည်းဖြည်း နီးကပ်လာတဲ့ အခါမှတော့ သေပြေးရှင်ပြေး ပြေးနေကြတဲ့ ကျင့်ကြံသူ အုပ်စုရဲ့ ရုပ်လုံးဟာ ထင်ထင်ရှားရှား ပေါ်လာခဲ့ပါပြီ။
" အဲသည်အုပ်စုက ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းနဲ့ ဟွမ်ဖုန်းတောင်ကြားက အပြင်စည်း တပည့်တွေပဲ "
လုကျင်းဟွာက ရေရွတ်လိုက်ပါတယ်။
( note - ဟွမ်ဖုန်း = အဝါရောင်လေ )
ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်း ဆိုတာကတော့ ခရမ်းရောင်မြေစေးတိုက်က ဘုရင်အဆင့် အင်အားစု တစ်ခုဖြစ်ပြီး ဟွမ်ဖုန်းတောင်ကြားကတော့ မြေစေးဝါတိုက်က ဘုရင်အဆင့် အင်အားစု တစ်ခု ဖြစ်ပါတယ်။
အဲသည်အဓိပါ္ပယ်ကတော့ အခု သေပြေးရှင်ပြေး ပြေးနေကြတဲ့ အုပ်စုဟာ တိုင်းတစ်ပါးတိုက်က ကျင့်ကြံသူတွေ မဟုတ်ဘူး ဆိုတာပါပဲ။ သူတို့တွေကလည်း ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကပဲ ဖြစ်ပါတယ်။
ရောင်စဉ်ခုနစ်ဖြာတိုက်ကြီး ဆိုတာက အနီ၊လိမ္မော်၊ အဝါ၊အစိမ်း၊ အပြာ၊ မဲနယ်၊ခရမ်း အစရှိတဲ့ အရောင်တွေကို ကိုယ်စားပြုတဲ့ တိုက်ငယ် ခုနစ်တိုက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါလား။
ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းနဲ့ ဟွမ်ဖုန်းတောင်ကြားက အပြင်စည်း တပည့်တွေကတော့ အတော်လေး အခြေအနေ ဆိုးနေကြပါပြီ။ သူတို့က မိစ္ဆာတွေဟာ သူတို့ကို လေးဘက်လေးတန်က ပိတ်ပြီး ဖမ်းဖို့ ပြင်ဆင်ထားကြပြီ ဆိုတာကို သိနေကြပါတယ်။ ဒါပေမဲ့လည်း သူတို့ဆီမှာ ရွေးစရာလမ်း မရှိတော့ပါဘူး။ သူတို့က သုတို့ရွေးချယ်ထားတဲ့ ဦးတည်ချက်အတိုင်းသာ ပြေးနေရုံပဲ တတ်နိုင်ပါတော့တယ်။
" အရှေ့မှာ သက်တံနီဂိုဏ်းက အပြင်စည်းတပည့်တွေ ရှိတယ်ဟေ့။ မြန်မြန်လာကြ ... သူတို့နဲ့ သွားပေါင်းရအောင် "
ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်း အပြင်စည်းတပည့်တွေရဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဆံပင်အဝါရောင် လူငယ်က လီဖူချန်းတို့ အဖွဲ့ကို သတိပြုမိသွားပုံပါပဲ။ သူက သူ့အဖွဲ့ကို ဦးဆောင်ပြီး လီဖူချန်းဆီတို့ ရှိရာဆီကို ပြေးပါတော့တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက် အလင်းရောင်တွေ တောက်ပနေခဲ့ပါပြီ။
ရောင်စဉ်ခုနစ်ဖြာတိုက်ကြီးမှာ ရှိတဲ့ ဘုရင်အဆင့် အဖွဲ့အစည်းတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်။ အဲသည်အတွက် သက်တံနီဂိုဏ်းက အပြင်စည်း တပည့်တွေက သူတို့နဲ့ ပူးပေါင်းပြီး မိစ္ဆာတွေကို တိုက်ခိုက်ကြမှာ အသေအချာပါပဲ။
" တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားကြတော့ဟေ့ "
ကျောင်းရှန်က အသက်ကို တစ်ဝကြီး ရှိုက်သွင်းလိုက်ပြီး အော်ပြောလိုက်ပါတယ်။ အခြေအနေတွေက သည်လိုဖြစ်လာမှတော့ ရှောင်လွှဲလို့ ရတော့မှာလည်း မဟုတ်ပါဘူး။ သူတို့က မကူညီချင်ရင်လည်း ကူညီရတော့မှာပါပဲ။ သူတို့အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲတိုက်ခိုက်မှသာ သည်မိစ္ဆာကပ်ဘေးကနေ ကျော်လွှားနိုင်မှာပါ။
မိုင်တစ်ရာကျော် အကွာအဝေးဆိုတာက သိပ်ပြီးတော့လည်း မဝေးလှပါဘူး။ မျကိစိတစ်မှိတ် အတွင်းမှာပဲ အရှေ့ဘက်မှာ ရှိနေတဲ့ မိစ္ဆာတွေဟာ လီဖူချန်းတို့ရဲ့ အရှေ့ကို ရောက်လာကြပါပြီ။
"တစ်နေရာကနေ တစ်နေရာကို မြန်မြန်ပြောင်းပြီး တိုက်ခိုက်ကြ။ မိစ္ဆာအုပ်ထဲမှာ အပိတ် မခံမိစေနဲ့ "
အားလုံးကို သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မိစ္ဆာတိမ်အုပ်ထဲကို ပျံသန်းဝင်ရောက် သွားပါတော့တယ်။ လီဖူချန်းကိုကြည့်ရတာက လုံးဝ အကြောက်အလန့် ရှိပုံ မပေါ်ပါဘူး။ သူက တကယ့် စစ်နတ်ဘုရားတစ်ပါး လိုပါပဲ။
ရွှီး ...ရွှီး ...ရွှီး ...
ဘန်း ...ဘန်း ...
များပြားလှတဲ့ ဓားအလင်းတန်းတွေ နဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ အပြီးမှာတော့ မိစ္ဆာ တော်တော်များများဟာ သေဆုံးကုန်ကြပါတယ်။
" သွားကြစို့ "
လီဖူချန်းက မိစ္ဆာအုပ်ကြီးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားတဲ့အတွက် ကျောင်းရှန်နဲ့ တခြားလူတွေအဖို့တော့ သိပ်ပြီး ခက်ခဲစရာ အကြောင်း မရှိတော့ပါဘူး။ အဲသည်အတွက် သူတို့တွေဟာ နောက်မတွန့်ဘဲ မိစ္ဆာတိမ်အုပ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ပျံသန်း ဝင်ရောက် သွားကြပါတယ်။
သူတို့တွေက အရှေ့အရပ်က မိစ္ဆာတွေကို သတ်ဖြတ်နေစဉ်မှာပဲ အခြားအရပ်မျက်နှာ သုံးခုက မိစ္ဆာတွေဟာ ရောက်ရှိလာခဲ့ပါတယ်။
မိစ္ဆာအင်အားစု လေးစု ပေါင်းလိုက်တဲ့ အချိန်မှာတော့ စုစုပေါင်း မိစ္ဆာအရေအတွက်ဟာ တစ်သောင်းကျော်လောက် ရှိသွားခဲ့ပါပြီ။ လီဖူချန်းတို့ ဘက်မှာက ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်း၊ ဟွမ်ဖုန်းတောင်ကြား နဲ့ သူတို့ပဲ ရှိပါတယ်။ ဒါက ဘယ်လိုမှ မမျှတတဲ့ တိုက်ပွဲကြီးပါပဲ။
" တိမ်တိုက်လောင်ကျွမ်းခြင်း "
လီဖူချန်းရဲ့ ဓားချက်တစ်ချက် ထွက်ပေါ်လာတိုင်းမှာ အနည်းဆုံး မိစ္ဆာတစ်ရာ အသက်ပျောက် ကုန်ပါတယ်။ဒါပေမဲ့လည်း အဲဒါက သိပ်ပြီးတော့လည်း အကြောင်း မထူးလှပါဘူး။ မိစ္ဆာတွေကတော့ နေရာတိုင်းမှာ ပြည့်နှက်နေဆဲပါပဲ။
" သေလိုက်စမ်း လူသား "
ဓားသွားတွေလို လက်မောင်းအစုံကို ပိုင်ဆိုင်ထားတဲ့မိစ္ဆာ တစ်ကောင်ဟာ လီဖူချန်းကို တိုက်ခိုက်လာခဲ့ပါတယ်။
" ဟမ့် ... ဒါမျိုး ရမလား "
လီဖူချန်းကလည်း လှလှပပ ရှောင်ထွက်သွားပါတယ်။ သည်လို တိုက်ခိုက်မှုမျိုးကတော့ သူ့အတွက် စာမဖွဲ့လှပါဘူး။
အံ့သြစရာတစ်ခုကတော့ သည်ဓားသွားမိစ္ဆာဟာ အဆင့်၅မိစ္ဆာသာ ဖြစ်ပေမယ့် သွေးနတ်ဆိုး ဘုရင်ထက် အဆပေါင်းများစွာ အစွမ်းထက်နေတာပါပဲ။ တကယ်လို့သာ သူ့နေရာမှာ ကျောင်းရှန် ဒါမှမဟုတ် တခြားသူတွေ ဆိုရင်တော့ ဓားသွားမိစ္ဆာရဲ့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့တင် သေနေလောက်ပါပြီ။
" သေကြစမ်း "
ရွှမ်း ...
လီဖူချန်းရဲ့ ဓားချက်နဲ့အတူ ထွက်ပေါ်လာတဲ့ မီးတိမ်တိုက် တစ်ခုဟာ ဓားသွားမိစ္ဆာ အပါအဝင် မိစ္ဆာတစ်ရာကျော်ကို ဝါးမျိုသွားပါတယ်။ လီဖူချန်းရဲ့ ပတ်ပတ်လည်မှာလည်း ဓားအလင်းတန်းတွေချည်းပါပဲ။
ဓားအလင်းတန်းတွေ ပြန်လည်ပျောက်ကွယ် သွားတဲ့အခါမှာတော့ ဓားသွားမိစ္ဆာအပါအဝင် မိစ္ဆာတစ်ရာကျော်ဟာ ပြာအဖြစ် ဘဝပြောင်းနေခဲ့ပါပြီ။
***