← Chapters

ကမ္ဘာဦး မိစ္ဆာသစ်ပင်

Vol. 36 Ch. 484

ကမ္ဘာဦး မိစ္ဆာသစ်ပင်

Vol. 36 Ch. 484

မိစ္ဆာတွေက များလွန်းလှပါတယ်။ သည်မိစ္ဆာတွေက ဘယ်လောက်သတ်သတ် သတ်လို့ကုန်မှာ မဟုတ်ဘူးလို့တောင်  ထင်မြင်ချင်စရာပါပဲ။ ဒါကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။  အစွမ်းထက်လှပါပြီဆိုတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးတောင်မှ သည်မိစ္ဆာတစ်သောင်းကို သတ်ဖို့ဆိုရင် အချိန်တော်တော် ယူရမှာ ဖြစ်ပါတယ်။

လီဖူချန်းတို့အတွက် ကံကောင်းတာ တစ်ခုကတော့ သည်မိစ္ဆာအုပ်ကြီးထဲမှာ အဆင့်၅မိစ္ဆာတွေ ရာပိုင်းအနည်းငယ်သာ ပါရှိနေတာပါပဲ။ တကယ်လို့သာ သည်မိစ္ဆာတစ်သောင်းလုံးက အဆင့်၅ မိစ္ဆာတွေ ဆိုရင်တော့ သူတို့ဟာ သေချာပေါက် သေပါပြီ။ သူတို့လို ပြန်လည်ဝင်စားခြင်းနယ်ပယ်က ပညာရှင်တွေကို အသာထားပါဦး။ တိုက်ပွဲဝိညာဉ်နယ်ပယ်က ဆရာသခင်တွေတောင်မှ အဆင့်၅မိစ္ဆာ တစ်သောင်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

" ခရမ်းရောင် တိမ်လက်ဝါး "

ကြီးမားလှတဲ့ ခရမ်းရောင်လက်ဝါးကြီး တစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာပြီး မိစ္ဆာ သုံးဆယ်လောက်ကို ရိုက်သတ်ပစ်လိုက်ပါတယ်။

အဲသည်လက်ဝါးရိုက်ချက်ရဲ့ ပိုင်ရှင်ကတော့ ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းက အပြင်စည်းတပည့်တွေကို ဦးဆောင်နေတဲ့ ဆံပင်အဝါရောင် လူငယ်ပါပဲ။

ခရမ်းရောင် တိမ်လက်ဝါး  ...

သည်လက်ဝါးသိုင်းကတော့ ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းရဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းရဲ့ အမှတ်အသားဖြစ်တဲ့ သိုင်းပညာ ဆိုရင်လည်း မမှားပါဘူး။ အဲသည်သိုင်းပညာက သင်ယူရတာ ရိုးရှင်းပြီး နားလည်သဘောပေါက်ရ လွယ်တယ်လို့လည်း နာမည်ကြီးပါတယ်။ သည်ဆံပင်အဝါရောင် လူငယ်က ခရမ်းရောင် တိမ်လက်ဝါးကို အသုံးပြုနိုင်မှတော့ သူ့ရဲ့ အစွမ်းက သာမန် အပြင်စည်း တပည့်တွေထက် သာမှာ အသေအချာပါပဲ။

" လေဝါ ဆေဘာဓား "

ဟွမ်ဖုန်း တောင်ကြားက အပြင်စည်းတပည့်တွေကို ဦးဆောင်လာတဲ့ လူငယ်ကလည်း သူ့ရဲ့ ဓားစွမ်းကို ထုတ်ပြလာခဲ့ပါပြီ။ သူကတော့ ဓားမကြီး အမျိုးအစားထဲမှာ ပါတဲ့ ဆေဘာကို လက်စွဲတော် လက်နက်အဖြစ် ကိုင်ဆောင်ထားသူပါ။ သူ့ရဲ့ ဓားချက်ကလည်း ဒါဇင်နဲ့ချီတဲ့ မိစ္ဆာတွေကို သတ်ဖြတ်ပစ်နိုင်ပါတယ်။

စိတ်မကောင်းစရာ တစ်ခုကတော့ သူတို့နှစ်ယောက် ဘယ်လောက်ပဲ သတ်သတ် မိစ္ဆာတွေက မကုန်တာပါပဲ။သူတို့နှစ်ယောက်က သည်လောက်များတဲ့ မိစ္ဆာတွေကို ဘယ်လိုမှ ကုန်အောင် သတ်နိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့ရဲ့ ချီအတွင်းအားတွေ ကုန်ခမ်းစ ပြုလာရင်တော့ မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုက သူတို့အပေါ်ကို တစ်ချက်မဟုတ် တစ်ချက်တော့ ထိမှာပါပဲ။ကံများ ဆိုးသွားခဲ့ရင် ဒဏ်ရာအကြီးအကျယ်တောင် ရသွားနိုင်ပါသေးတယ်။ သည်နှုန်းအတိုင်း ဆက်ပြီး တိုက်ခိုက်နေရမယ် ဆိုရင်တော့ သူတို့ရဲ့ အတွင်းအားတွေက အလွန်ဆုံး ၁၅မိနစ်ထက် ပိုပြီး ခံနိုင်စရာ အကြောင်း မရှိတော့ပါဘူး။

" ငါ့ရဲ့ ချီအတွင်းအား ကုန်ခမ်းမှု နှုန်းက စပြီး မြန်လာပြီ "

အဲသည်အချိန်မှာတော့ လီဖူချန်းက မိစ္ဆာ တစ်ထောင်လောက်ကို သတ်ပြီးနေပါပြီ။

အစောပိုင်းတုန်းကတော့ သူဟာ သူ့ရဲ့ သူမတူတဲ့ အသိစိတ်အာရုံနဲ့ ခံနိုင်ရည်ကို အားကိုးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ချီအတွင်းအားတွေ သိပ်မကုန်ခဲ့ပါဘူး။

ဒါပေမဲ့လည်း တိုက်ပွဲအချိန် ရှည်ကြာလာတာနဲ့အမျှ သူ့ရဲ့ ချီအတွင်းအားတွေဟာ သိသိသာသာကြီး ကုန်ခမ်းလာပါတော့တယ်။ဝိညာဉ်ကျောက်တုံးတွေက ချီအတွင်းအားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တာ မှန်ပေမယ့် အဲသည်ဝိညာဉ်ကျောက်တုံး ချီစွမ်းအင်တွေကို သန့်စင်ဖို့အတွက် အချိန်ပေးရပါသေးတယ်။ အဲဒါတွေက ချီအတွင်းအားတွေကို တန်းပြီး ပြန်လည်ဖြည့်တင်း ပေးတာမျိုး မဟုတ်ပါဘူး။ ပြီးတော့ သူ့အနေနဲ့ တိုက်ပွဲအလယ်မှာ ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုဖို့ အချိန်လည်း မရှိပါဘူး။

" မူလဘူတဓား ကို သုံးရင် ကောင်းမလား  ...။ မထူးပါဘူးကွာ  ... အခုအချိန်မှာ မသေဖို့က ပိုအရေးကြီးတယ် "

" မူလဘူတ ဓား "

အနည်းငယ် တွေဝေ စဉ်းစားနေပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆုံးဖြတ်ချက် တစ်ခုကို ရဲရဲကြီး ချလိုက်ပါတော့တယ်။အဲဒါကတော့လ မူလဘူတဓား နဲ့ ကြေးဝါဓား အဆီအနှစ်ကို ရောနှောပြီး အသုံးပြုဖို့ပါပဲ။

ရွှီး ...ရွှီး ...ရွှီး ...ရွှီး ...

မူလဘူတ ကြေးဝါဓား တစ်သောင်းကတော့ လေထုထဲမှာ ဖြစ်တည်လာခဲ့ ပါပြီ။

" သတ် "

အဲသည်နောက်မှာတော့ မူလဘူတ ကြေးဝါဓား တစ်သောင်းဟာ လီဖူချန်းကို ဗဟိုပြုပြီး အရပ်မျက်နှာ ဆယ်မျက်နှာစလုံးမှာ ရှိတဲ့ မိစ္ဆာတွေကို စတင် သတ်ဖြတ်ပါတော့တယ်။

ရွှမ်း ...ရွှမ်း ...ရွှမ်း ...

ရွှပ် ... ရွှပ် ...

ရွှီး ...

အသက်ရှုချိန် အနည်းငယ်လေး အတွင်းမှာပဲ မိစ္ဆာ အရေအတွက် ထောင်ပိုင်းအနည်းငယ်ဟာ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွား ခဲ့ကြပါပြီ။

သတ်ဖြတ်နှုန်းက မြန်လွန်းလှတဲ့အတွက် ကျောင်းရှန်နဲ့ တခြားလူတွေကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြပါတယ်။

"သည်လို  ကြောက်ဖို့ကောင်းတဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ရှိသေးတာလား "

ဆံပင်အဝါနဲ့ လူငယ်က တီးတိုး ရေရွတ်လိုက်ပါတယ်။

လောကပေါ်မှာက ကြယ်၆ပွင့် လ့ဝှက်နည်းစနစ် အမျိုးမျိုး ရှိမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့လည်း သူက လီဖူချန်း အခုထုတ်သုံးလိုက်တဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်လို ကြောက်စရာကောင်းတဲ့ လျှို့ဝှက်နည်းစနစ်ကို မမြင်ဖူးပါဘူး။ လီဖူချန်းရဲ့ လျှို့ဝှက်နည်းစနစ်က အုပ်စုလိုက်ကို တိုက်ခိုက်နိုင်တဲ့ ကြယ်၆ပွင့် အဆင့် လျှို့ဝှက်နည်းစနစ်တွေ ထဲမှာတောင် အကောင်းဆုံး ဖြစ်ရင် ဖြစ်နေလောက်ပါတယ်။

ဒါပေမဲ့ သူမသိတာကတော့ လီဖူချန်းရဲ့ မူလဘူတဓားဟာ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာပါပဲ။ မူလဘူတဓားတွေက ကြေးဝါဓားအဆီအနှစ်နဲ့ ရောနှောထားလို့သာ အခုလို အစွမ်းထက်နေတာပါ။

ဒါတောင်မှ လီဖူချန်းက အစွမ်းကုန် ထုတ်မသုံးထား သေးပါဘူး။တကယ်လို့သာ လီဖူချန်းက မူလဘူတ ကြေးဝါဓား တစ်သိန်းလုံးကို ထုတ်သုံးလိုက်မယ် ဆိုရင် သည်မိစ္ဆာတစ်အုပ်လုံးဟာ အသက်တစ်ခေါက် ရှုချိန်အတွင်းမှာပဲ ပြုတ်ပြုတ်ပြုန်းသွား နိုင်ပါတယ်။

" ကျန်တဲ့ကောင်တွေကိုတော့ အေးအေးဆေးဆေးပဲ သတ်တော့မယ် "

လီဖူချန်းက မူလဘူတ ကြေးဝါဓားတွေရဲ့ သတ်ဖြတ်မှုနှုန်းကို လျော့ချလိုက်ပါတယ်။ သူ့ရဲ့ မူလဘူတ ကြေးဝါဓားတွေက အဆင့်၄ မိစ္ဆာတွေကို  အုပ်လိုက်ကြီး အသာအယာ သတ်ဖြတ်နိုင်ပေမယ့်လည်း အဆင့်၅ မိစ္ဆာတွေကိုတော့ အုပ်လိုက်ကြီး သတ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဆင့်၅ မိစ္ဆာတွေကို အုပ်လိုက်ကြီး သတ်ဖြတ်ချင်ရင်တော့ လီဖူချန်းအနေနဲ့  မူလဘူတ ကြေးဝါဓား သောင်းပိုင်းအနည်းငယ်ကို ထုတ်သုံးရပါလိမ့်မယ်။

မူလဘူတ ကြေးဝါဓား တစ်သောင်း ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ မိစ္ဆာအုပ်ကြီးဟာ တစ်ဝက်လောက်ပဲ ကျန်ပါတော့တယ်။

လီဖူချန်းက နောက်ထပ် မူလဘူတ ကြေးဝါဓားတွေကို ထုတ်ပြီး မိစ္ဆာတွေကို သတ်လို့ ရသေးပေမယ့်လည်း ထုတ်မသုံးတော့ပါဘူး။ တကယ်လို့သာ သူက မူလဘူတ ကြေးဝါဓားတွေကို နောက်ထပ်တစ်ကြိမ် ထုတ်သုံးလိုက်မယ်ဆိုရင် လူတွေအားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်သွားမှာ အသေအချာပါပဲ။

အဲသည်အတွက် လီဖူချန်းက မိစ္ဆာတွေကို သူကိုယ်တိုင်ပဲ ဝင်သတ်ပါတော့တယ်။

" အခြေအနေ မဟန်ဘူး။ ပြေးကြဟေ့။ သည်လူသားတွေက အစွမ်းထက်လွန်းတယ် "

နောက်ဆုံးမှာတော့ မိစ္ဆာတွေက အသက်ဘေးကို ကြောက်ရွံ့ပြီး ထွက်ပြေးသွားကြပါပြီ။

" အစ်ကိုကြီး  ... ကျွန်တော်က ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်းက အပြင်စည်းတပည့် ရန်ကျင်းခုန်ပါ "

" အစ်ကိုကြီး ... ကျွန်တော်က ဟွမ်ဖုန်းတောင်ကြားက အပြင်စည်းတပည့် လျိုဖန်ပါ "

" ကျွန်တော်တို့ကို အခုလို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ "

ခရမ်းရောင်တိမ်တိုက် ဘုရားကျောင်း နဲ့ ဟွမ်ဖုန်းတောင်ကြားက အပြင်စည်းတပည့်တွေကို ခေါင်းဆောင်လာတဲ့ လူငယ်နှစ်ယောက်က လီဖူချန်းကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ကြပါတယ်။

လီဖူချန်းက လက်ခါပြလိုက်ပြီး

" ရတယ်  ... ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ငါက သည်အတိုင်း လမ်းကြုံလို့ ကူညီလိုက်တာ "

အခြားလူတွေအတွက်ကတော့ မိစ္ဆာကပ်ဘေးက အသက်အန္တရာယ် များရင် များပါမယ်။ ဒါပေမဲ့ လီဖူချန်းအတွက်ကတော့ အဲဒါက သည်အတိုင်း ပြသနာလေး တစ်ခုပါပဲ။

သူ့ရဲ့ လက်ရှိအစွမ်းအရ ဆိုရင်တော့ တစ်ဖက်မိစ္ဆာအုပ်ထဲမှာ အဆင့်၆မိစ္ဆာတွေ မပါလာသေးသရွေ့ ကြောက်စရာ မလိုပါဘူး။

" အစ်ကိုကြီး ... ကျွန်တော်တို့က တတိယ စက်ကွင်းထဲကနေ ထွက်ပြေးလာကြတာ။ အဲသည်မှာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဆိုတာ ရှိတယ်။ အဲသည်သစ်ပင်ပေါ်က မိစ္ဆာသစ်သီးတွေကလည်း မှည့်နေကြပြီ။ ကျွန်တော်တို့က အဲသည် သစ်သီးတွေကို သွားပြီးခူးလို့ မိစ္ဆာအုပ်ကြီး လိုက်တာကို ခံရတာ။ အစ်ကိုကြီးတို့နဲ့ တွေ့လို့ တော်သေးတယ်။ မဟုတ်လို့ကတော့ ကျွန်တော်တို့အားလုံး အသတ်ခံရတော့မှာ "

ွှရန်ကျင်းခုန်က  တုန်တုန်ယင်ယင်နဲ့ လီဖူချန်းကို သူတို့ရဲ့ အဖြစ်အပျက်အကြောင်း ပြောပြလိုက်ပါတယ်။ သူ့ကိုကြည့်ရတာက အခုထက်ထိ အကြောက်မပြေသေးတဲ့ ပုံပါပဲ။

" ကမ္ဘာဦး မိစ္ဆာသစ်ပင်လား "

ကျောင်းရှန်က အံ့အားသင့်သွားခဲ့ပါတယ်။

ကမ္ဘာဦးမိစ္ဆာသစ်ပင်ဆိုတာမျိုးက  မိစ္ဆာစက်ကွင်းတိုက်မှာပဲ သီးသန့်ပေါက်တဲ့ အပင်ပါ။ အဲသည် ကမ္ဘာဦး မိစ္ဆာသစ်ပင်က မြေကမ္ဘာအဆင့်မြင့် သစ်သီးတွေ သီးလေ့ရှိပြီး ဂိုဏ်းတော်ကတော့ အဲသည်သစ်သီး တစ်လုံးကို ထောက်ပံ့ရေးရမှတ် ၁၅၀ သတ်မှတ်ပေးထားပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို ခူးယူဖို့က ထင်သလောက် မလွယ်ပါဘူး။  ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို မိစ္ဆာအများအပြားက စောင့်ကြည့်ပြီး အကာအကွယ် ပေးထားတဲ့အပြင် အဲသည် ကမ္ဘာဦးမိစ္ဆာသစ်ပင် ကိုယ်တိုင်ကိုက တိုက်ခိုက်နိုင်စွမ်း ရှိပါသေးတယ်။  ကြီးမားလှတဲ့ အရွယ်အစားအပြင် မရေမတွက်နိုင်အောင် များပြားလှတဲ့ အကိုင်း၊ အခက်အလက်တွေကြောင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်တောင်မှ ကမ္ဘာဦးမိစ္ဆာသစ်ပင် နဲ့ ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။

ပြီးတော့ အဲသည် ကမ္ဘာဦးမိစ္ဆာသစ်ပင်က ဟိုဟိုသည်သည် ရွေ့လျားနိုင်စွမ်းလည်း ရှိပါသေးတယ်။ သူ့ကို သည်နေရာမှာ သည်တစ်ကြိမ် တွေ့ထားတယ် ဆိုကြပါစို့။ နောက်တစ်ကြိမ် သွားကြည့်ရင်တော့ သူဟာ နဂို တွေ့ထားတဲ့ နေရာမှာ ရှိချင်မှ ရှိနေတော့မှာပါ။  ရှင်းရှင်း ပြောရမယ် ဆိုရင်တော့  ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို တွေ့ဖို့အတွက် ကံအလွန်အမင်း ကောင်းနေဖို့ လိုပါတယ်။

" ကမ္ဘာဦးမိစ္ဆာသစ်ပင် ဟုတ်လား။ အခုလို ပြောပြတဲ့အတွက် ကျေးဇူးပဲ "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင် တောက်ပလာခဲ့ပါပြီ။သူက  ထောက်ပံ့ရေး ရမှတ် ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက်ကို စိတ်ဝင်စားလို့ သည်ခရီးကို လိုက်လာခဲ့တာ မဟုတ်ပါဘူး။ သူက အခုလို ထောက်ပံ့ရေးရမှတ် အချီကြီးရမယ့် အခွင့်အရေးမျိုးကို လိုချင်လို့ သည်ခရီးကို လိုက်လာခဲ့တာ မဟုတ်ပါလား။

" အစ်ကိုကြီး  ... ကျွန်တော့်မှာလည်း ပြောစရာ ရှိသေးတယ်။ ကျွန်တော်တို့ကလည်း တတိယစက်ကွင်းထဲကနေ ထွက်ပြေးလာတာပါ။ကျွန်တော်တို့က   မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်တစ်ပင် ပေါက်နေတဲ့ ရေကန်တစ်ခုကို တွေ့ခဲ့တယ်။ အဲသည်ဆေးပင်က ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင်ပဲ။  ကျွန်တော် မှတ်မိသလောက်ဆိုရင်တော့ အဲဆေးပင်က  နောက်ထပ် ရက်အနည်းငယ်လောက်ဆို နုတ်ယူလို့ ရပြီ။ ဒါပေမဲ့ အဲသည် ရေကန်မှာ မိစ္ဆာတစ်အုပ် စောင့်ကြပ်နေတယ်။ အဲသည်မိစ္ဆာအုပ်ထဲက မိစ္ဆာဖြူ တစ်ကောင်က တော်တော်လေး အစွမ်းထက်တယ်ဗျ။အဲသည် မိစ္ဆာဖြူက လက်သီးတစ်ချက်တည်းနဲ့ ကျွန်တော့်ရဲ့ ဂိုဏ်းတူညီလေး သုံးယောက်ကို သတ်ပစ်လိုက်တာ။ ကျွန်တော်တို့သာ အပြေးမမြန်ရင် အဲသည် မိစ္ဆာဖြူ လက်ချက်နဲ့ သေနေလောက်ပြီ "

လျိုဖန်ကလည်း  သူတို့ တွေ့လာခဲ့တဲ့ ဆေးပင်အကြောင်းကို ပြောပြလာပါတယ်။

" ဒါနဲ့ မင်းတို့နှစ်ယောက်က ငါတို့နဲ့ လိုက်ခဲ့မှာလား ဒါမှမဟုတ် သည်နေရာကနေ ပြန်တော့မှာလား "

ရန်ကျင်းခုန် နဲ့ လျိုဖန်ဆီကနေ တည်နေရာတွေကို သိရပြီးတဲ့နောက်မှာတော့ လီဖူချန်းက မေးလိုက်ပါတယ်။

ရန်ကျင်းခုန်က ခေါင်းခါလိုက်ပြီး

" မလိုက်တော့ဘူး အစ်ကိုကြီး။ ကျွန်တော်တို့ရဲ့ သည်တစ်ခေါက် ဆုံးရှုံးမှုက အရမ်း များနေပြီ။ ကျွန်တော်တို့က သည်မိစ္ဆာစက်ကွင်းတိုက်ကနေ ပြန်ထွက်တော့မယ် "

" ကျွန်တော်လည်း မလိုက်တော့ဘူး "

လျိုဖန်ကလည်း ငြင်းပါတယ်။

" ဟုတ်ပြီလေ  ... ဒါဆိုလည်း ဖြောင့်ဖြူးတဲ့ အပြန်ခရီး ဖြစ်ပါစေကွာ "

လီဖူချန်းကလည်း မတားပါဘူး။

" သွားပြီ အစ်ကိုကြီးရေ  ... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ "

အဲသည်နောက်မှာတော့ လျိုဖန် နဲ့ ရန်ကျင်းခုန် ဦးဆောင်တဲ့ အပြက်စည်း တပည့်တွေဟာ လီဖူချန်းကို နှုတ်ဆက်ပြီး ထွက်သွားကြပါပြီ။

" အစ်ကိုလီ  ... အစ်ကိုက  သူတို့နှစ်ယောက် ပြောပြသွားတဲ့ နေရာ နှစ်ခုစလုံးကို တကယ် သွားမလို့လား "

ကောင်းဝမ်ဝူက မရေရာတဲ့ အသံနဲ့ မေးလိုက်ပါတယ်။ သူက အတော်လေး ဒွိဟ ဖြစ်နေပုံပါပဲ။

အဲသည်နေရာ နှစ်ခုစလုံးက အန္တရာယ် များလွန်းလှသလို တစ်ချက်လေး သတိမမူ မိလိုက်တာနဲ့ တစ်ခုတည်းတန်းပြီး သေသွားနိုင်တာ မဟုတ်ပါလား။

" ငါကတော့ အဲသည်နေရာ နှစ်ခုစလုံးကို သေချာပေါက် သွားမှာ။ မင်းတို့ကကော "

လီဖူချန်းက ပြန်မေးလိုက်ပါတယ်။

ကျောင်းရှန်က

"ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အစွန်အဖျားနားမှာပဲ နေမယ်ဆိုရင်  အဲလောက် အန္တရာယ်များမှာ မဟုတ်ဘူူး။  ကျွန်တော်ကတော့ အခြေအနေ တစ်ချက်လောက် သွားကြည့်ချင်တယ် "

" အစ်ကိုကျောင်းပြောတာ မှန်တယ်။ ညီမတို့လည်း လိုက်ကြည့်ချင်တယ် "

ယုဝေ နဲ့ လုကျင်းဟွာတို့ကလည်း လိုက်မယ့်ပုံပါပဲ။

ကမ္ဘာဦးမိစ္ဆာသစ်ပင်က ကြောက်စရာ ကောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာဦးမိစ္ဆာ သစ်သီးတစ်လုံးရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး။ အဲသည်သစ်သီး တစ်လုံးက ထောက်ပံ့ရေးရမှတ် ၁၅၀တောင် ရမှာပါ။သူတို့အနေနဲ့ ကမ္ဘာဦးမိစ္ဆာ သစ်သီး အနည်းငယ် ခူးမိရင်တောင်မှ မနည်းလှတဲ့ ထောက်ပံ့ရေးရမှတ်တွေကို ရနိုင်ပါတယ်။

ကျောင်းရှန်တို့ သုံးယောက်စလုံး သဘောတူနေမှတော့ ကောင်းဝမ်ဝူက ဘာမှ မပြောတော့ပါဘူး။ သူကလည်း လိုက်လာရုံပဲ ရှိပါတယ်။  အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူကလည်း ကမ္ဘာဦးမိစ္ဆာသစ်သီးကို နည်းနည်းတော့ စိတ်ဝင်စားတာပါပဲ။

ရန်ကျင်းခုန် ပြောတဲ့ နေရာတစ်ဝိုက်မှာ သုံးရက်တိတိ ရှာပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ဟာ ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။

ကမ္ဘာဦးမိစ္ဆာသစ်ပင်က မီတာတစ်ထောင်နီးပါး မြင့်ပြီး မြေပြင်ကိုတောင် အလင်းပြောက် မကျအောင် အုပ်မိုးထားပါတယ်။ မိစ္ဆာစက်ကွင်းတိုက်က တခြား သစ်ပင်တွေနဲ့ မတူညီတာကတော့ ကမ္ဘာဦးမိစ္ဆာသစ်ပင်ဟာ အနက်ရောင် အခိုးအငွေ့တွေကို ထုတ်လွှတ်နေခြင်း မရှိတာပါပဲ။ ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ အကိုင်း၊အခက်တွေကြားထဲမှာတော့ မဟူရာရောင် တောက်ပြောင်နေတဲ့  သစ်သီးတွေ ရှိနေပါသေးတယ်။

ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ မီတာတစ်ထောင် ပတ်လည်အတွင်းကို ဝင်မိတဲ့ အခါမှာတော့ ကမ္ဘာဦးမိစ္ဆာသစ်ပင်ဟာ စတင်ပြီး သက်ဝင်လှုပ်ရှား လာခဲ့ပါပြီ။

ရွှမ်း ...ရွှမ်း ...ရွှမ်း ...

ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ ရုတ်တရက် ရှည်ထွက်လာပြီး လီဖူချန်းတို့ ငါးယောက်ကို  ကျာပွတ်တွေသဖွယ် ရိုက်ချလာခဲ့ပါတယ်။

ဘန်း ...

ကျောင်းရှန်နဲ့ တခြားသူတွေကတော့ အကိုင်းအခက်တွေရဲ့ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားခဲ့ပါပြီ။

" တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေတောင်မှ ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို ထိပ်တိုက် ရင်မဆိုင်နိုင်ဘူးဆိုတဲ့ စကားက တကယ် မှန်တာပဲ။ သစ်ကိုင်းတစ်ကိုင်းရဲ့ ရိုက်ခတ်မှု အဟုန်က အဆင့်၅ မိစ္ဆာတစ်ကောင်ရဲ့ တိုက်ခိုက်မှုနဲ့တောင် ညီမျှနေပြီ။ တကယ်လို့ အတွင်းထဲကို ဆက်တိုးဝင်သွားမယ်ဆိုရင် သစ်ကိုင်း တစ်ထောင်၊တစ်သောင်းလောက်နဲ့တောင် တွေ့နိုင်လောက်တယ် "

ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့အတွက် လီဖူချန်းဟာ နတ်ဘုရားမီးတောက်အသွင် ပြောင်းလဲလိုက်ပါတယ်။အဲသည်နောက်မှာတော့ သူဟာ ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ အတွင်းပိုင်း နယ်နိမိတ်ထဲကို တိုးဝင်သွားခဲ့ပါပြီ။

ကမ္ဘာဦးမိစ္ဆာသစ်ပင်က အကိုင်းအခက်တွေနဲ့ တရစပ် လိုက်လံ တိုက်ခိုက်ပေမယ့်လည်း လီဖူချန်းကိုတော့ မထိခဲ့ပါဘူး။ အဲသည်အတွက် ကမ္ဘာဦးမိစ္ဆာသစ်ပင်ဟာ ကျောင်းရှန်တို့ကို တိုက်ခိုက်နေတဲ့ သစ်ကိုင်းတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ပိုက်ကွန်တစ်ခု အသွင် ပြောင်းလိုက်ကာ လီဖူချန်းကို ဖမ်းဆီးလိုက်ပါတယ်။

" တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်း"

လီဖူချန်းကလည်း အခြေအနေကို သဘောပေါက်ပါတယ်။သူက သည်ပိုက်ကွန်ကနေ ရှောင်ထွက်လို့ မရတော့ပါဘူး။

အဲသည်အတွက် သူက သွေးနီဓားကို ဆွဲထုတ်ပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတော့တယ်။

ရွှီး ...ရွှီး ...ရွှီး ...

လီဖူချန်းရဲ့ ဓားကနေ ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းတွေက သစ်ကိုင်း၊သစ်ခက် ပိုက်ကွန်ကို ဖောက်ထွက်သွားခဲ့ပါပြီ။

ဖတ်  ...

တစ်ဆက်တည်းမှာပဲ မဟူရာရောင် တောက်ပနေတဲ့ လူဦးခေါင်းအရွယ် သစ်သီးတစ်လုံးဟာ လီဖူချန်းရဲ့ လက်ထဲကို ပြုတ်ကျလာခဲ့ပါတယ်။

***

All Chapters