လွှမ်းမိုးနိုင်တဲ့ တိုက်ခိုက်နိုင်စွမ်း
Vol. 36 Ch. 485
ရွှမ်း ...ရွှမ်း ...ရွှမ်း ...
ဝုန်း ...ဝုန်း ...
ဘမ်း ...
သစ်သီးတစ်လုံး ခိုးယူခံလိုက်ရတာကို သိပြီးတဲ့ နောက်မှာတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဟာ ဒေါသတကြီး ဖြစ်သွားခဲ့ပုံပါပဲ။ အစောပိုင်းတုန်းက လီဖူချန်းကို တိုက်လိုက်တဲ့ သစ်ကိုင်းတွေဟာ လက်တစ်ချောင်းသာသာ အရွယ်တွေပဲ ရှိတာပါ ။ ဒါပေမဲ့လည်း အခုတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဟာ လီဖူချန်းကို ပိုပြီးတုတ်တဲ့ သစ်ကိုင်းတွေနဲ့ပါ တိုက်ခိုက်နေပါပြီ။
အဲသည်သစ်ကိုင်းတွေထဲက တစ်ကိုင်းဆိုရင် မီတာရာချီ ရှည်ပြီး ခုနစ်မီတာ ဒါမှမဟုတ် ရှစ်မီတာနီးပါး တုတ်ပါတယ်။အဲသည် သစ်ကိုင်းရဲ့ တိုက်ခိုက်မှုက အမျက်ချောင်းချောင်း ထနေတဲ့ နဂါးကြီး တစ်ကောင်လိုပါပဲ။ လီဖူချန်းက အဲသည်သစ်ကိုင်းရဲ့ တိုက်ခိုက်မှု အဟုန်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့် ရှိနေပြီ ဆိုတာကို သတိပြုမိပါတယ်။
လီဖူချန်းအတွက်ကတော့ ရွေးချယ်စရာ မကျန်တော့ပါဘူး။ သူက အားကုန်သုံးပြီး ပြန်တိုက်မှ ရပါတော့မယ်။
ချွမ် ...
လီဖူချန်းက သွေးနီဓားကို သိမ်းလိုက်ပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပါတယ်။
အဲသည်နောက်မှာတော့ ဓားအလင်းတန်းတွေဟာ တစ်စတစ်စည်းတည်း စုစည်းသွားပြီး သစ်ကိုင်ကြီးဆီကို တိုးဝင်သွားခဲ့ပါပြီ။
ရွှီး ...ရွှီး ...ရွှီး ...ရွှီး ...
ဘန်း ...
သည်ထိပ်တိုက်ရင်ဆိုင်မှုမှာတော့ ဘယ်ဘက်ကမှ အသာမရခဲ့ပါဘူး။
သက်တံနီ နတ်ဘုရားမီးတောက်ကျင့်စဉ် အဆင့် ၂၇၊ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်၊ ပြီးတော့ မြေကမ္ဘာအလယ်အလတ်အဆင့် ဘုံခုနစ်ဆင့်ဓား။ အဲသည်အရာတွေဟာ လီဖူချန်းရဲ့ အစွမ်းကို တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နီးပါး ရောက်အောင် ထောက်ပံ့ပေးနေပါတယ်။
ဟူး ... ဖတ်…ဖတ် ...ဖတ် ...
လီဖူချန်းက အနောက်ကို ဆုတ်သွားတဲ့ အခါမှာတော့ နောက်ထပ် ကမ္ဘာဦး မိစ္ဆာသစ်သီး ရှစ်လုံး ပါသွားပြန်ပါပြီ။
ဒါက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အကိုင်းအခက်တိုင်းမှာက ကမ္ဘာဦး မိစ္ဆာသစ်သီးတွေ သီးနေတာပါ။ လီဖူချန်းအတွက်ကတော့ သစ်သီးတွေရဲ့ အညှာကို ဓားချီနဲ့ လှမ်းခုတ်ပြီး ကြွေကျလာအောင် လုပ်ရတာက အလွယ်လေးပါပဲ။
" ဟမ့် ... မင်းကများ "
လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို သိုလှောင်အိတ်ထဲ ထည့်ကာ သိမ်းဆည်းလိုက်ပါတယ်။
အခြားတစ်ဖက်မှာ ရှိနေတဲ့ ကျောင်းရှန်တို့ အဖွဲ့ကတော့ လီဖူချန်းနဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်တို့ တိုက်ခိုက်နေတာကို အခွင့်ကောင်း ယူကာ ကမ္ဘာဦး မိစ္ဆာသစ်သီး တစ်လုံး၊နှစ်လုံးခူးပြီး ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ နယ်နိမိတ်ထဲကနေ နောက်ဆုတ်သွားခဲ့ပါပြီ။
တကယ်လို့ တခြားသူ တစ်ယောက်ဆိုရင်တော့ ကမ္ဘာဦး မိစ္ဆာသစ်သီး သည်လောက်အများကြီး ခူးယူပြီးသွားရင် သေချာပေါက် နောက်ဆုတ်သွားတော့မှာပါ။
ဒါပေမဲ့ လီဖူချန်းကတော့ နောက်ဆုတ်သွားခြင်း မရှိသေးပါဘူး။ သူပုံစံက ကမ္ဘာဦး မိစ္ဆာသစ်သီး သည်လောက်အများကြီး ရထားတာကိုတောင် မကျေနပ်သေးတဲ့ ပုံပါပဲ။
ဟူး ...
လီဖူချန်းက မီးတောက်အသွင် ထပ်ပြောင်းလိုက်ပြီး ကမ္ဘာဦး မိစ္ဆာသစ်ပင်ဆီကို နောက်ထပ်တစ်ကြိမ် တိုးဝင်သွားပြန်ပါပြီ။
ဘုန်း…
ဘန်း ...ဘန်း ...ဘန်း ...
ဝုန်း ... ဝုန်း ...
လူတစ်ယောက် နဲ့ သစ်ပင်တစ်ပင်ဟာ အကျိတ်အနယ် တိုက်ခိုက်နေကြပါတယ်။
ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကတော့ လီဖူချန်းရဲ့ ခူးယူခြင်းကို ခံနေရဆဲပါပဲ။
" ဟိုမှာ လူသားတွေဟေ့။သည်ကောင်တွေက ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို လာခိုးနေကြပြန်ပြီ။ သည်ခွေးသူခိုးတွေကို အရှင်လတ်လတ် စားပစ်ကြ "
နောက်ဆုံးမှာတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို စောင့်ကြပ်နေတဲ့ မိစ္ဆာတွေ ရောက်ရှိလာခဲ့ပါပြီ။ သည်မိစ္ဆာတွေကတော့ အရေအတွက် တစ်သောင်းလောက်ကို ရှိပါတယ်။
" သေကြစမ်း "
သည်အခြေအနေကို ရောက်နေမှတော့ လီဖူချန်းဟာ ဘယ်အရာကိုမှ ဂရုမစိုက်တော့ပါဘူး။ သူက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၂၇ကို အသက်သွင်းလိုက်ပါတော့တယ်။
ဟူး ...
ရှဲ ...ရှဲ ...ရှဲ ...
သက်တံနီ နတ်ဘုရားမီးတောက် စက်ကွင်းဟာ ရုတ်တရက် ထွက်ပေါ်လာပြီး မိုင်အနည်းငယ် ပတ်လည်ကို လွှမ်းခြုံသွားခဲ့ပါပြီ။ဒါက အနီရောင် မီးတောက်တွေ ကြီးစိုးနေတဲ့ ကမ္ဘာကြီး တစ်ခုပါပဲ။
သည်အနီရောင် မီးတောက်ကမ္ဘာထဲကို ရောက်နေတဲ့ အဆင့်၄မိစ္ဆာတွေအကုန်လုံးကတော့ အသံတောင် မထွက်နိုင်ဘဲ လောင်ကျွမ်းပြာကျ ကုန်ပါတယ်။
အဆင့်၅မိစ္ဆာတွေကတော့ လောင်ကျွမ်းပြာကျခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း မီးတောက်တွေရဲ့ အပူရှိန်က သူတို့ရဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ဒုက္ခပေးနေပုံပါပဲ။ သူတို့တွေဟာ အနီရောင် မီးတောက်ကမ္ဘာကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြပါတယ်။
" ဝါစဉ်ကြီး အစ်ကိုလီက အရမ်း အစွမ်းထက်လွန်းတယ်။ သူက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက် ဆိုရင်တောင်မှ သည်လောက်အထိတော့ အစွမ်းမထက်သင့်ဘူး။ ဒါကြီးက နည်းနည်း မလွန်လွန်းဘူးလား "
ယုဝေက လေးစားအားကျစိတ် အပြည့်နဲ့ ရေရွတ်လိုက်ပါတယ်။
" လူသားစုတ် ... ငါ ကြက်သွေးရောင် မဟာမိစ္ဆာက မင်းရဲ့ လှည့်ကွက် အသေးစားလေးကို စမ်းသပ်ကြည့်မယ် "
လီဖူချန်းရဲ့ မီးတောက်ကမ္ဘာက အနီရောင် မိစ္ဆာတစ်ကောင် အပေါ်မှာတော့ သက်ရောက်မှု မရှိတဲ့ ပုံပါပဲ။
အဲသည်မိစ္ဆာက အားကောင်းလွန်းတဲ့ မိစ္ဆာချီတွေကို ထုတ်လိုက်ပြီး လီဖူချန်းရဲ့ မီးတောက်ကမ္ဘာကို ငြိမ်းသတ်လိုက်ပါတယ်။
" သည်မိစ္ဆာက ဘယ်ဆိုးလို့လဲ "
လီဖူချန်းက အနီရောင်မိစ္ဆာကို တစ်ချက် အကဲခတ်လိုက်ပါတယ်။
သည်အဆင့်၅ မိစ္ဆာက ပေရှစ်ဆယ်နီးပါး ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ကြက်သွေးရောင် ကြေးခွံတွေနဲ့ ဖုံးလွှမ်းနေတာပါ။ သူ့ရဲ့ မျက်လုံးတွေကတော့ ကြက်သွေးရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေပြီး အဲသည် အလင်းတန်းတွေက အတော်လေး ကြောက်စရာ ကောင်းမယ့်ပုံ ပေါ်နေပါတယ်။
ဝုန်း ...
ကြက်သွေးရောင် မဟာမိစ္ဆာ လီဖူချန်းကို လက်သီးနဲ့ ထုချပစ်လိုက်ပါပြီ။ အဲသည် လက်သီးထုချက်က ကျောက်ဖျာကြီးတစ်ချပ် ပြုတ်ကျလာသလိုပါပဲ။
ကျောင်းရှန်နဲ့ တခြားသူတွေကတော့ အဲသည်လက်သီးချက်ကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေကို တောင့်မခံနိုင်တဲ့အတွက် အနောက်ကို တရစပ် ဆုတ်သွားကြပါတယ်။
" လာစမ်းပါ "
လီဖူချန်းကတော့ နောက်မဆုတ်သွားပါဘူး။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။
ဘန်း ...
လီဖူချန်းက လွင့်ထွက်သွားခဲ့ပါပြီ။
သူ့ရဲ့ သာမန် အစွမ်းတွေဟာ သည်မိစ္ဆာကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ သူက မီးလျှံနတ်ဘုရားစွမ်းရည်ကို ထုတ်သုံးမှ ရပါတော့မယ်။
" မီးလျှံနှလုံးသား "
မီးလျှံမျိုးစေ့လေး တစ်စေ့ဟာ လီဖူချန်းရဲ့ ရင်ဘတ်ကနေ ထွက်ပေါ်လာခဲ့ပါပြီ။
" သေစမ်း "
အဲသည်နောက်မှာတော့ လီဖူချန်းက ကြက်သွေးရောင် မဟာမိစ္ဆာကို မီးလျှံဓားချီတွေနဲ့ ခုတ်ပိုင်းပစ်လိုက် ပါတော့တယ်။
ဘန်း ...
သည်တစ်ကြိမ်မှာတော့ လီဖူချန်ဟာ အသာရသွားခဲ့ပါပြီ။
ရွှမ်း ...
ဓားကွက် ရှစ်ကွက်မြောက်မှာတော့ လီဖူချန်းဟာ ကြက်သွေးရောင် မဟာမိစ္ဆာရဲ့ လည်ပင်းကို ခုတ်လိုက်နိုင်ပါတယ်။
ဒါပေမဲ့ဘည်း ကြက်သွေးရောင် မဟာမိစ္ဆာရဲ့ ခံနိုင်ရည်က အလွန်အမင်း ကောင်းနေတဲ့အတွက် လီဖူချန်းရဲ့ဓားဟာ လည်ပင်းကို ပြတ်ထွက်သွားအောင် မခုတ်နိုင်ခဲ့ပါဘူး။
" တစ်ချက်နဲ့ မရရင် နှစ်ချက် ခုတ်မယ်ကွ "
လီဖူချန်းရဲ့ ပုံစံက ဘီလူးစီးနေသလိုပါပဲ။ သူက ကြက်သွေးရောင် မဟာမိစ္ဆာကို သွေးအိုင်ထဲမှာ မလဲကျမချင်း ဆက်တိုက် ထိုးခုတ်ပါတော့တယ်။
ကြက်သွေးရောင်မိစ္ဆာကတော့ လီဖူချန်းကို ပြန်တိုက်ဖို့အတွက် တစ်ချက်ကလေးတောင် အခွင့်အရေး မရရှာပါဘူး။ သူက လီဖူချန်းရဲ့ တစ်ဖက်သတ် ထိုးခုတ်နေမှုတွေကိုသာ ခံနေရတာပါ။
" ပြေးမှ "
နောက်ဆုံးမှာတော့ ကြက်သွေးရောင် မဟာမိစ္ဆာဟာ လီဖူချန်း လက်ထဲကနေ လွတ်အောင် သေပြေးရှင်ပြေး ပြေးပါတော့တယ်။ သူက အရူးမဟုတ်ပါဘူး။ တကယ်လို့ သည်အတိုင်း ဆက်သွားနေမယ်ဆိုရင် သူဟာ လီဖူချန်းရဲ့ လက်ချက်နဲ့ သေချာပေါက် သေတော့မှာပါ။ သူက အခုတောင်မှ အတော်လေး ဒဏ်ရာ ရနေပါပြီ။
" ခွေးမသား ...မိစ္ဆာကောင်။ သနားလို့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါလာရင်တော့ အသေပဲလို့ မှတ်လိုက် "
လီဖူချန်းက ဆဲဆို ကြိမ်းမောင်းလိုက်ပါတယ်။သူက ကြက်သွေးရောင် မဟာမိစ္ဆာနောက်ကို လိုက်တော့ လိုက်မသွားပါဘူး။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူက ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို ခူးဖို့ အတွက်သာ အာရုံရှိတာပါ။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဆီကို တိုးဝင်သွားပြီး သစ်သီးတွေ ခူးလိုက်၊ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ တိုက်ခိုက်မှု စက်ကွင်း အစွန်အဖျားနားကို ဆုတ်သွားလိုက်နဲ့ အလုပ်များနေပါတော့တယ်။
၂၀ ... ၃၀ ... ၅၀ ...။
ကမ္ဘာဦး မိစ္ဆာသစ်ပင်ပေါ်မှာတော့ အသီးတွေက ထောင်ပိုင်း မကပါဘူူး။ ဒါပေမဲ့လည်း အများစုက အပေါ်ပိုင်းမှာသာ သီးနေပါတယ်။
" လခွီး ... သည်လိုမှန်းသိရင် စစ်သင်္ဘော တစ်စီးလောက် ငှားလာပါတယ်ကွာ "
လီဖူချန်းက ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အပေါ်ပိုင်းမှာ သီးနေတဲ့ အသီးတွေကို ကြည့်ပြီး မကျေမချမ်း ရေရွတ်လိုက်ပါတယ်။
သည်လို အကောင်ကြီးကြီး ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်တဲ့ နေရာမှာတော့ စစ်သင်္ဘောတွေဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။
သည်ကမ္ဘာဦး မိစ္ဆာသစ်ပင်အတွက် ဆိုရင်တော့ အဆင့်၆ စစ်သင်္ဘောတောင် မလိုပါဘူး။ အဆင့်၅ စစ်သင်္ဘောနဲ့တင် လုံလောက်ပါတယ်။ သူက စစ်သင်္ဘောကို အယောင်ပြထားပြီး ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို အေးအေး ဆေးဆေး ခူးယုံပါပဲ။
ခက်တာက စစ်သင်္ဘောတွေရဲ့ ငှားရမ်းခ ဖြစ်ပါတယ်။ အဆင့်၅ စစ်သင်္ဘောတွေရဲ့ တစ်နေ့ ငှားရမ်းခကတင် ထောက်ပံ့ရေးရမှတ် တစ်ထောင် ရှိနေတာပါ။
ပြီးတော့ စစ်သင်္ဘောပျက်စီးသွားရင်လည်း လျော်ကြေးအနေနဲ့ ထောက်ပံ့ရေးရမှတ် တစ်သန်း ပေးရပါဦးမယ်။
အဆင့်၆ စစ်သင်္ဘောတစ်စီးရဲ့ လျော်ကြေးဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။
လီဖူချန်းအနေနဲ့ အခုမှ စစ်သင်္ဘော မငှားမိခဲ့တဲ့အတွက် နောင်တရနေလို့လည်း ဘာမှ မထူးတော့ပါဘူး။အခုချိန်မှာတော့ သူလုပ်နိုင်တာဆိုလို့ ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို ရနိုင်သလောက် ရအောင် ခူးတာပဲ ရှိပါတယ်။
မိစ္ဆာတွေကိုတော့ လီဖူချန်းက မျက်လုံးထဲမှာတောင် မထည့်ထားတော့ပါဘူး။ သူက သူ့ရဲ့လမ်းမှာ ပိတ်နေတဲ့ မိစ္ဆာမှန်သမျှကို သတ်ပစ်မှာပါ။
ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ လီဖူချန်းကို လုံးဝ သည်းမခံနိုင်တော့တဲ့ ပုံပါပဲ။
သူက ဒါဇင်နဲ့ ချီတဲ့ သစ်သီးတွေထဲက စွမ်းအင်တွေကို ကုန်စင်သွားအောင် စုပ်ယူလိုက်ပြီး သစ်ကိုင်းကြီး တစ်ကိုင်းဆီကို အဲသည်စွမ်းအင်တွေ ပို့ဆောင်လိုက်ပါတယ်။
အဲသည်နောက်မှာတော့ စွမ်းအားတွေ ပို့ဆောင်ခြင်း ခံရတဲ့ သစ်ကိုင်းဟာ အနက်ရောင် နဂါးတစ်ကောင်လို လူးလွန့် လှုပ်ရှားလာပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတော့တယ်။
ဘန်း ...
"ဝေါ့ "
လီဖူချန်းကတော့ သွေးစိမ်းရှင်ရှင် တစ်လုတ်အန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ။
တကယ်လို့ လီဖူချန်းသာ လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို မကျင့်ကြံထားရင်တော့ သည်ရိုက်ချက်ကြောင့် အရိုးတွေတောင် ကြေသွားနိုင်ပါတယ်။
( note - လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်း = ချီအတွင်းအားကျင့်ကြံခြင်း နဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း )
" သွားကြစို့ဟေ့ "
ကမ္ဘာဦး မိစ္ဆာသစ်ပင်က တကယ်ကြီး ဒေါသထွက်နေပြီ ဆိုတာကို ရိပ်မိလိုက်တဲ့အတွက် လီဖူချန်းဟာ အသီးတွေကို ဆက်ပြီး မခူးရဲတော့ပါဘူး။ သည်တစ်ခါ ထပ်ခူးဖို့ ကြံရင်တော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်က သူ့ကို အသေ ရိုက်သတ်တော့မှာပါ။
ပြီးတော့ သူကလည်း ကမ္ဘာဦး မိစ္ဆာသစ်သီး ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ခူးပြီးသွားခဲ့ပြီ မဟုတ်ပါလား။
" ဟုတ် "
ကျောင်းရှန်နဲ့ တခြားသူတွေကတော့ အစောကြီးကတည်းကနေ သွားချင်နေကြတာပါ။ သူတို့က တစ်ယောက်ကို ကမ္ဘာဦး မိစ္ဆာသစ်သီး လေး၊ငါးလုံးလောက် ခူးယူနိုင်ခဲ့ကြပါတယ်။ အဲသည်အရေအတွက်က သူတို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါပြီ။
ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ နယ်နိမိတ်ထဲကနေ ထွက်အပြီးမှာတော့ သူတို့၅ယောက်ဟာ လျိုဖန်ပြောတဲ့ ရေကန်ရှိရာဆီကို ထွက်လာခဲ့ကြပါတယ်။
သုံးရက်အကြာမှာတော့ ...
"ဟိုဘက်မှာဟေ့ "
လီဖူချန်းရဲ့ အသိစိတ်အာရုံက ရေကန်တစ်ခုရဲ့ အလယ်မှာ ပေါက်နေတဲ့ ခုနစ်စင်ကြယ် မြေနတ်ဆိုးဆေးပင်ကို အာရုံခံမိ သွားပါတယ်။
" မင်းတို့လေးယောက် ငါ့နောက် မလိုက်လာနဲ့။ သည်နေရာမှာပဲ ပုန်းပြီး စောင့်နေကြ "
သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မီးတောက်တစ်ခုအသွင်ပြောင်းပြီး ရေကန်ရှိရာဆီကို ပျံသန်းသွားခဲ့ပါပြီ။
" အခွင့်မရှိဘဲ ရေကန်နားကို ကပ်လာတဲ့ကောင် ...သေစမ်း "
ခုနစ်စင်ကြယ် မြေနတ်ဆိုးဆေးပင်ကို စောင့်ကြပ်နေတဲ့ မိစ္ဆာဖြူက လီဖူချန်း အနားကပ်လာတာကို သတိထားမိပုံပါပဲ။သူက လီဖူချန်း ဆီကို လျှပ်ပြက်သလို ခုန်ဝင်လာပြီး ထိုးချလိုက်ပါတယ်။
သည်လက်သီးချက်ဟာ ရှောင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို လီဖူချန်းက ခံစားမိပါတယ်။ အဲသည်အတွက် သူက ရှောင်မနေတော့ဘဲ လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါတယ်။
ရွှမ်း ...
မီးလျှံဓားချီတစ်ခုက လက်သီဆီကို တိုးဝင်သွားခဲ့ပါပြီ။
ဝုန်း ...
လက်သီး နဲ့ ဓားချီ ဆုံအတွေ့မှာ ဖြစ်ပေါ်လာတဲ့ ချီစွမ်းအင်ပေါက်ကွဲမှုက လေထုတစ်ခုလုံးကို တုန်ခါသွားစေသလို မြေပြင်ကိုလည်း ပက်ကြားအက်သွား စေပါတယ်။
ကံဆိုးပြီး အနားမှာ ရှိနေတဲ့ မိစ္ဆာတချို့ကတော့ ချီစွမ်းအင် လှိုင်းတွေကြောင့် တန်းပြီး အသက်ပျောက်ကုန်ပါတယ်။
" မင်းက ငါ့ရဲ့ ရတနာကို ခိုးချင်တယ်ပေါ့လေ။ သေစမ်း "
မိစ္ဆာဖြူက သူ့ရဲ့လက်ကို ဆန့်တန်းလိုက်တဲ့ အချိန်မှာတော့ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်အလင်းတန်းကတော့ အရိုးဖြူ ဓားတစ်လက်ပါပဲ။ အဲသည်နောက်မှာတော့ မိစ္ဆာဖြူက လီဖူချန်းကို အရိုးဖြူဓားနဲ့ ခုတ်ပိုင်းလိုက်ပါတယ်။
လီဖူချန်းကလည်း လက်နှေးမနေပါဘူး။သူကလည်း ပြန်ပြီး တိုက်ခိုက်လိုက်ပါတယ်။
ထန် ...
ဓားနှစ်လက် ထိပ်တိုက်ရင်ဆိုင် မိတဲ့ အခါမှာတော့ လီဖူချန်းကော မိစ္ဆာဖြူပါ အနောက်ကို ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြပါတယ်။ သည်ထိပ်တိုက်ရင်ဆိုင်မှုမှာ ဘယ်သူမှ အသာ မရခဲ့ကြပါဘူး။
" သည်တိုက်ကြီးမှာ ရှိနေတဲ့ မိစ္ဆာတွေက မိစ္ဆာဓာတ်တွေကြောင့် ပိုအစွမ်းထက်နေတာပဲ "
လီဖူချန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိပါတယ်။
တကယ်လို့ အရှေ့ယူနီကွန်းတိုက်မှာ ရှိတဲ့ မိစ္ဆာတွေသာ သည်လိုမျိုး အစွမ်းထက်နေလို့ကတော့ အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးဟာ အစောကြီးကတည်းက မိစ္ဆာတွေ လက်အောက်ကို ကျရောက်နေလောက်ပါပြီ။ သူ့အနေနဲ့ အခုလို ဖြစ်လာမှာတောင် မဟုတ်ပါဘူး။
" သည်ကောင်ကြီးကို အနီးကပ် တိုက်မှပဲ "
အတွေးအဆုံးမှာတော့ လီဖူချန်းဟာ မိစ္ဆာဖြူကို အနီးကပ် တိုက်ဖို့အတွက် ခုန်ဝင်သွားခဲ့ပါပြီ။
***