← Chapters

အဆိပ်နဂါး လက်သီး

Vol. 36 Ch. 486

အဆိပ်နဂါး လက်သီး

Vol. 36 Ch. 486

မိစ္ဆာဖြူက လီဖူချန်းရဲ့ အနီးကပ်တိုက်ခိုက်မှု အစွမ်းကို မသိပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို လွယ်လွယ်ကူကူပဲ အနားကပ်ခံ လိုက်ပါတယ်။

ကျွီ ...

ကျယ်လောင်လှတဲ့ ဆင်တစ်ကောင်ရဲ့ အော်ညစ်မြည်ကြွေးသံနဲ့အတူ မဟာဆင်ဝိညာဉ်ဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။

" သေစမ်း "

အဲသည်နောက်မှာတော့ မီးလျှံနဂါး စွမ်းအားတွေ နဲ့ ဆင်နဂါးစွမ်းအားတွေ ပေါင်းစပ်ပါဝင်နေတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ မိစ္ဆာဖြူကို ခုတ်ပိုင်းလိုက်ပါတော့တယ်။

ဂျွတ် ...

ဘန်း ... ...

သည်ဓားချက်ကိုတော့ မိစ္ဆာဖြူဟာ မခုခံနိုင်ခဲ့ပါဘူး။

အရိုးဖြူဓားဟာ ကျိုးကြေပျက်စီးသွားသလို မိစ္ဆာဖြူ ကိုယ်တိုင်ဟာလည်း လွင့်ထွက်သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ သည်ဓားချက်ဟာ အစောပိုင်းကထက် သိသိသာသာကြီး ပြင်းထန်နေပြီး အနည်းဆုံး ၂၀ရာခိုင်နှုန်း ပိုပြင်းထန်လာခဲ့တာပါ။

လီဖူချန်းကတော့ မိစ္ဆာဖြူ လွင့်ထွက်သွားတာကို အခွင့်ကောင်းယူပြီး ရေကန်အလယ်မှာ ရှိနေတဲ့ ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင်ကို အလျင်အမြန် နုတ်ယူလိုက်ပါတော့တယ်။

ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင် ...

သည်ဆေးပင်က သာမန် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်တွေထက် ဆယ်ဆလောက် ပိုရှားတဲ့ ဆေးပင်ပါ။ သက်တံနီ ဂိုဏ်းတော်ကတော့ သည်ဆေးပင် တစ်ပင်ကို ထောက်ပံ့ရေးရမှတ် ၃၀၀၀ ပေးထားပါတယ်။ အဲဒါက ကမ္ဘာဦးမိစ္ဆာသစ်သီး အလုံး၂၀ နဲ့ တန်ဖိုးချင်း အတူတူပါပဲ။

" ယုတ်ညံ့တဲ့လူသား ... မင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ် "

ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင် နုတ်ယူခံလိုက်တာကို မြင်တွေ့ပြီးတဲ့ နောက်မှာတော့ မိစ္ဆာဖြူဟာ အလွန်အမင်း ဒေါသ ထွက်သွားခဲ့ပါပြီ။ သူက အလင်းတန်းဖြူတွေကို   အရိုးဖြူ ကျာပွတ်ရှည်ကြီး တစ်ခုဖြစ်အောင် ဖန်တီးလိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

ရွှမ်း ...

ကျာပွတ်ရိုက်ချက် ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ လေထုတစ်ခုလုံးဟာ ကျာပွတ်ရိပ်တွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ။ အဲသည် ကျာပွတ်ရိပ် တစ်ခုချင်းစီမှာလည်း မမြင်ရတဲ့ စွမ်းအားတွေ ခိုဝင်ကိန်းအောင်းနေပါသေးတယ်။ လီဖူချန်းကိုယ်တိုင်တောင်မှ သည်ကျာပွတ်ရိုက်ကို ရင်ဆိုင်ဖို့အတွက် အကျပ်အတည်း တွေ့နေခဲ့ပါပြီ။

" မိစ္ဆာစက်ကွင်းတိုက်က တကယ် လျော့တွက်လို့ မရတဲ့ နေရာပဲ။အရှေ့ယူနီကွန်းတိုက်က အဆင့်၅ မိစ္ဆာတွေက သည်နေရာမှာဆိုရင် သာမန် အဆင့်၅ မိစ္ဆာတစ်ကောင်ပဲ ဖြစ်နေမှာ။ သည်မိစ္ဆာဖြူက သည်တိုက်မှာ ရှိနေတဲ့ အစွမ်းအထက်ဆုံး အဆင့်၅ မိစ္ဆာတွေထဲကတစ်ကောင် ဖြစ်လောက်တယ် "

လီဖူချန်းက သည်ကျာပွတ်ရိုက်ချက်ကို မီးလျှံစွမ်းအားတွေ နဲ့ တုံ့ပြန်လို့ ရပေမယ့် သူက မီးလျှံစွမ်းအားတွေကို ဆက်ပြီး မဖြုန်းချင်တော့ပါဘူး။ အဲသည်အတွက် သူက မီးလျှံစွမ်းအားတွေကို ရုတ်သိမ်းလိုက်ပြီး သူ့မှာ ရှိသမျှ ဆင်နဂါး စွမ်းအားတွေကို လည်ပတ်စေလိုက်ပါတယ်။

" ကျားဝိညာဉ် လက်သီး "

အဲသည်နောက်မှာတော့ သူဟာ ကျားဝိညာဉ် လက်သီးနဲ့ မိစ္ဆာဖြူကို အားကုန် ထိုးပစ်လိုက်ပါပြီ။

မဟာဆင်ဝိညာဉ် နဲ့ မဟာကျားဝိညာဉ်တို့ရဲ့ ပေါင်းစည်းမှုက လီဖူချန်းရဲ့ အနီးကပ် တိုက်ခိုက်မှုကို အမြင့်ဆုံး အဆင့်အထိ ရောက်သွားစေပါတယ်။ သည်လက်သီးအား လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှာ ပြိုကွဲသွားစေမလိုပါပဲ။

ဘန်း ...

ဝုန်း ...ဝုန်း ...ဝုန်း ...

ပေါက်ကွဲသံတွေ အဆက်မပြတ် ထွက်လာပြီးတဲ့ နောက်မှာတော့ ကျာပွတ်ရိပ်တွေဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ဆက်တည်း ဆိုသလိုပဲ မိစ္ဆာဖြူဟာလည်း လွင့်ထွက်သွားပါတော့တယ်။

လမ်းစဉ်နှစ်သွယ် ကျင့်ကြံမှုမှာ လီဖူချန်းရဲ့ အစွမ်းအထက်ဆုံး အရာက ခန္ဓာကိုယ် အပြင်အားပါပဲ။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အပြင်အားကို  မီးလျှံနှလုံးသားတောင်မှ မယှဉ်နိုင်သေးပါဘူး။

ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း  ပညာရပ်ဟာ မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ် ဖြစ်ပါတယ်။ သည်နေရာမှာ တစ်ခု သတိပြုရမှာကတော့ မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်တွေဟာ   မြေကမ္ဘာ အထွတ်အထိပ်အဆင့်  ချီအတွင်းအား ကျင့်စဉ်တွေထက် ပိုတန်ဖိုး ရှိတယ် ဆိုတာပါပဲ။

တောင်ပိုင်းတောအုပ်လို သိုင်းတက္ကသိုလ်မှာတောင်မှ မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ကျင့်စဉ်တွေသာ ရှိပြီး မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်တွေ မရှိပါဘူူး။

သက်တံနီဂိုဏ်းကတော့ ဘုရင်အဆင့် ဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် များပြားလှတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာက  မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ် တစ်ခုတောင် မရှိပါဘူး။သူတို့က မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်တွေကိုတောင်မှ အနည်းငယ်သာ ပိုင်ဆိုင်ထားတာပါ။အဲသည်အချက်နဲ့တင်  ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်တွေဟာ ဘယ်လောက် ရှားပါးပြီး ဘယ်လောက် အဖိုးထိုက်တန်သလဲ ဆိုတာကို သိနေနိုင်ပါပြီ။

" ဟင် ... သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက ချီအတွင်းအားထက်တောင် ပိုကောင်းနေတာလား "

ဟိုးအဝေးမှာ ရှိနေတဲ့ ကျောင်းရှန်တို့ အဖွဲ့ကတော့ မျက်လုံးအပြူးသားနဲ့ လီဖူချန်းကို ကြောင်ပြီး ကြည့်နေကြပါတယ်။

" အဲသည် မိစ္ဆာဖြူက အရိုးမိစ္ဆာ မျိုးနွယ်ထဲကပဲ။ အဲသည်မိစ္ဆာတွေက မိစ္ဆာအချင်းချင်းကိုတောင် လွှမ်းမိုးနိုင်တဲ့ မိစ္ဆာတွေ။ ကောလဟာလတွေအရ ဆိုရင်တော့  သွေးသန့် အရိုးမိစ္ဆာ တစ်ကောင်ဟာ  မိစ္ဆာဧကရာဇ် တစ်ပါးတောင် ဖြစ်လာနိုင်တယ်တဲ့။ သည်အရိုးမိစ္ဆာတွေက အဆင့်တူတွေထဲမှာ ဆိုရင် ထိန်းမနိုင်သိမ်းမရ အစွမ်းထက်တဲ့ ကောင်တွေပဲ "

သက်တံနီဂိုဏ်းထဲကို ရောက်လာတာ နှစ်ပေါင်းမနည်းတော့တဲ့  ကျောင်းရှန်ဟာ မိစ္ဆာဖြူရဲ့ ဇစ်မြစ်ကို အချိန်တို အတွင်းမှာပဲ ခန့်မှန်းလိုက်နိုင်ပါတယ်။ဒါပေမဲ့လည်း မိစ္ဆာဖြူရဲ့ ဇစ်မြစ်က သူ့ကို အံ့သြတုန်လှုပ်သွားအောင် မလုပ်နိုင်ပါဘူး။

သူ့ကို တုန်လှုပ်အံ့သြသွားအောင် လုပ်နိုင်တဲ့သူကတော့ လီဖူချန်းပါပဲ။ကျောင်းရှန်ဟာ သက်တံနီဂိုဏ်းတော်ရဲ့ ဘုရင်အဆင့်အတန်း တပည့် တော်တော်များများကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းလို ဘက်ပေါင်းစုံမှာ အစွမ်းထက်နေတဲ့ သူကိုတော့ မမြင်ခဲ့ဖူးပါဘူး။ ကျောင်းရှန်ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ဧကရာဇ်အဆင့်အတန်း တပည့်တောင် ဖြစ်ထိုက်နေပါပြီ။

ဝုန်း ...ဝုန်း ...ဝုန်း ...

ခန္ဓာကိုယ် အပြင်အားကို အစွမ်းကုန် ထုတ်သုံးထားတဲ့ လီဖူချန်းဟာ မိစ္ဆာဖြူကို အထက်စီးကနေ တရစပ် ဖိနှိပ် တိုက်ခိုက်နေပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်မှုက မိစ္ဆာဖြူရဲ့ အရိုးအကာအကွယ်ကို  မကျော်လွန်နိုင်ပါဘူး။ မိစ္ဆာဖြူရဲ့ အရိုးအကာအကွယ်က အင်မတန်  မာကျောပြီး ကြံ့ခိုင်လွန်းနေပါတယ်။ လီဖူချန်းရဲ့ လက်သီးတွေက အရိုးအကာအကွယ်ပေါ် ဆက်တိုက် ကျရောက်နေတာတောင်မှ အက်ရာ သေးသေးလေးတွေ  ဖြစ်ပေါ်စေတာထက်ပိုပြီး ဘာမှ မတတ်နိုင်ပါဘူး။ အရိုးအကာအကွယ်ကို ဖျက်ဆီးဖို့ ဆိုရင်တော့ ပြောကို မပြောပါနဲ့တော့။ အဲဒါက လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။

" ကျားဝိညာဉ်လက်သီးက အဆင့်အရမ်း နိမ့်လွန်းနေတာပဲ "

လီဖူချန်းက ခေါင်းခါရမ်းလိုက် မိပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့ သူလေ့ကျင့်ထားတဲ့ သိုင်းပညာဟာ မျှခြေတစ်ခုမှာ ရှိမနေတော့ပါဘူး။

သူ့ရဲ့ ကျားဝိညာဉ်လက်သီးဟာ မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား လက်သီးသိုင်းသာ ဖြစ်တဲ့အတွက် အတော်လေး အဆင့်နိမ့်နေပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့်  ခန္ဓာကိုယ် အပြင်အား လက်သီးသိုင်းကိုသာ လေ့ကျင့်ထားနိုင်ခဲ့လို့ကတော့ သည်မိစ္ဆာဖြူကို တစ်ချက်တည်းနဲ့ ဒဏ်ရာ အကြီးအကျယ် ရအောင် လုပ်နိုင်မှာ အသေအချာပါပဲ။

'ဂိုဏ်းတော်ကို ပြန်ရောက်ရင်တော့ မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတစ်ခုလောက် သွားရှာကြည့်ဦးမှ '

လီဖူချန်းက စိတ်ထဲကနေ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

သက်တံနီဂိုဏ်းမှာက မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာအချို့ ရှိပါတယ်။ဒါပေမဲ့လည်း အဲသည် သိုင်းပညာတွေရဲ့ သတ်မှတ် တန်ဖိုးက မြင့်လွန်းလှတဲ့အတွက် လီဖူချန်း အနေနဲ့ အခုလောလောဆယ်မှာ တတ်နိုင်စရာ အကြောင်းမရှိပါဘူး။ အဲသည်အတွက် သူက မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတွေကိုသာ သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့  မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတွေရဲ့ တန်ဖိုးကတောင်မှ အတော်လေး မြင့်နေပါပြီ။  မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာ တစ်ခုက ထောက်ပံ့ရေးရမှတ် သောင်းပိုင်းအနည်းငယ် ရှိပါတယ်။

ဘန်း ...

မိစ္ဆာဖြူကို လွင့်ထွက်သွားအောင် ထိုးပစ်ပြီးတဲ့နောက်မှတော့ လီဖူချန်းက အဲသည်ပြန်ကန်အားကို ရယူပြီး ကျောင်းရှန်တို့ဆီကို ဆုတ်သွားခဲ့ပါပြီ။

" ပြေးကြစို့ "

သူက ပါးစပ်ကနေလည်း အော်လိုက်ပါသေးတယ်။

ဟူး ...ဟူး ...ဟူး ...

ကျန်းရှန်နဲ့ တခြားသူတွေကလည်း အစောကြီးကတည်းက ထွက်ပြေးဖို့ ပြင်ဆင်ပြီးသားပါပဲ။ အဲသည်အတွက် သူတို့တွေရဲ့ ပြေးနှုန်းကလည်း လီဖူချန်းနဲ့ မကွာလှပါဘူး။

ဝေါင်း ...

မိစ္ဆာုဖြူ တစ်ချက် ဟိန်းလိုက်တဲ့ အခါမှာတော့  ထောင်နဲ့ချီတဲ့ မိစ္ဆာတွေဟာ ထွက်ပေါ်လာခဲ့ပါတယ်။

" အဲသည် ခွေးသူခိုးတွေနောက်ကို  လိုက်ကြ "

အဲသည်နောက်မှာတော့ မိစ္ဆာဖြူဦးဆောင်တဲ့ မိစ္ဆာ အစုအဖွဲ့ကြီးဟာ လီဖူချန်းတို့နောက်ကို သည်းကြီးမဲကြီး လိုက်သွားကြပါပြီ။ တတိယစက်ကွင်းကနေ စတုတ္ထစက်ကွင်းကို ရောက်တဲ့အထိ မိစ္ဆာဖြူတို့ အဖွဲ့ဟာ  လီဖူချန်းတို့နောက်ကို ဇွဲကောင်းကောင်းနဲ့ လိုက်နေကြတုန်းပါပဲ။ အဲသည်သတင်းကို ကြားတဲ့ မိစ္ဆာတွေကလည်း လီဖူချန်းတို့ကို အရှေ့ဘက်ကနေ ကြိုပြီး ပိတ်ဖမ်းဖို့ ကြိုးစားကြပါတယ်။

ကံကောင်းတယ်လို့ပဲ ဆိုရမလား မသိပါဘူး။  လီဖူချန်းရဲ့ အသိစိတ်အာရုံက သူတို့ကို ဖမ်းဖို့ အရှေ့မှာ ကြိုပြီး စောင့်နေတဲ့  မိစ္ဆာတွေရဲ့ တည်နေရာကို ကောင်းကောင်းကြီး အာရုံခံနိုင်ခဲ့ပါတယ်။

ရက်အနည်းငယ်အကြာ ပြေးလွှားပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ ငါးယောက်ဟာ ပဉ္စမ စက်ကွင်းကို ပြန်ရောက်လာခဲ့ပါပြီ။

အဲသည်နောက်မှာတော့ သူတို့ဟာ အချိန်ဆွဲမနေတော့ဘဲ တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသက်သွင်းပြီး မိစ္ဆာစက်ကွင်း တိုက်ကနေ ထွက်သွားပါတော့တယ်။

- သက်တံနီဂိုဏ်း ရဲ့ တည်နေရာရွှေ့ပြောင်းခန်းမ -

ချွမ် ...

အလင်းတန်းတစ်ခု တောက်ပအပြီးမှာတော့ လီဖူချန်းတို့ ငါးယောက်ဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်တစ်ခုပေါ်မှာ ပေါ်လာခဲ့ပါပြီ။

" အမယ်လေး ... ကံသီပေလို့သာပေါ့ "

ယုဝေက ရင်ဘတ်ကို လက်နဲ့ ဖိလိုက်ပြီး ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။ သူမရဲ့ ပုံစံက အခုထက်ထိ အကြောက်မပြေသေးတဲ့ ပုံပါပဲ။

မိစ္ဆာစက်ကွင်းတိုက်က တကယ့်ကို အန္တရာယ် များလွန်းလှပါတယ်။ပုံမှန်အားဖြင့် ဆိုရင်တော့ မိစ္ဆာစက်ကွင်းတိုက်ရဲ့ တတိယစက်ကွင်း နဲ့ စတုတ္ထစက်ကွင်းဟာ အန္တရာယ် ရှိစရာ အကြောင်းမရှိပါဘူး။ မိစ္ဆာစက်ကွင်းတိုက်ရဲ့ ဒုတိယ စက်ကွင်းကတောင်မှ နည်းနည်းပါးပါးပဲ အန္တရာယ် ရှိတာပါ။ ဒါပေမဲ့ သည်တစ်ခေါက် ခရီးစဉ်မှာတော့ သူတို့ဟာ တတိယစက်ကွင်းမှာတင်ပဲ သေပြေးရှင်ပြေး ပြေးခဲ့ရပါတယ်။သူမကတော့ သည်ခရီးစဉ်ကို တော်တော်နဲ့ မေ့နိုင်တော့မယ် မထင်ပါဘူး။ အထူးသဖြင့် ကမ္ဘာဦးမိစ္ဆာသစ်ပင်မှာ တွေ့ခဲ့ရတဲ့ ကြက်သွေးရောင်မိစ္ဆာနဲ့ ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင်ကို စောင့်ကြပ်နေတဲ့ မိစ္ဆာဖြူတို့ကိုပေါ့။

" ကြွယ်ဝချမ်းသာမှုဆိုတာ အန္တရာယ်နဲ့ အမြဲ ဒွန်တွဲပြီး ရှိနေတတ်တဲ့ အရာပဲ။ သည်တစ်ခေါက် ငါတို့ရဲ့ စွန့်စားမှုက တန်ပါတယ် "

အဲသည်စကားကို ပြောလိုက်သူကတော့ ကောင်းဝမ်ဝူပါပဲ။ သူကတော့ မိစ္ဆာစက်ကွင်းတိုက်ကနေ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တဲ့အတွက်  အတော်လေး ပျော်ရွှင်နေပုံ ရပါတယ်။ မဟုတ်သေးပါဘူး။  ကောင်းဝမ်ဝူက သည်တစ်ခေါက် စွန့်စားခန်း ခရီးကနေ သူရလာတဲ့ အကျိုးအမြတ်တွေကြောင့် ပျော်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ကောင်းဝမ်ဝူက ကမ္ဘာဦး မိစ္ဆာသစ်သီး လေးလုံးကို ခူးယူနိုင်ခဲ့တဲ့အပြင် ခရီးစဉ် တစ်လျှောက်မှာလည်း တာဝန်ပြီးမြောက်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်အချို့ကို နုတ်ယူနိုင်ခဲ့ပါသေးတယ်။ အဲဒါတွေကိုသာ ထောက်ပံ့ရေးရမှတ်နဲ့ လဲလိုက်မယ် ဆိုရင်တော့ သူဟာ ထောက်ပံ့ရေးရမှတ် ၁၂၀၀လောက် ရမှာ အသေအချာပါပဲ။ အဲသည်အမှတ်က သူလိုချင်တဲ့ မြေကမ္ဘာ အဆင့်မြင့် ချီအတွင်းအားကျင့်စဉ်ရဲ့ ပထမ အခန်း၂၇ခန်းကို ရယူဖို့အတွက် လုံလောက်မက လုံလောက်နေခဲ့ပါပြီ။

" အစ်ကိုလီ  ... ညီမက အပြင်စည်းဂိုဏ်းရဲ့ ခြံဝင်းအမှတ် ၃၈၅မှာ နေပါတယ်။ တကယ်လို့ အစ်ကို အားတယ်ဆိုရင် ညီမဆီကို အချိန်မရွေး လာလည်နိုင်ပါတယ် "

ယုဝေက ချစ်စဖွယ် အမူအယာနဲ့  လီဖူချန်းကိုကြည့်ပြီး သူမဆီ လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လီဖူချန်းက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက် ဖြစ်တဲ့အတွက် မူလပင်လယ်နယ်ပယ်ကို ရောက်ဖို့ဆိုတာ သိပ်ပြီး ခက်ခဲမှာ မဟုတ်ပါဘူး။ တကယ်လို့ လီဖူချန်းကသာ သူမနဲ့ တာအိုလက်တွဲဖော် ဖြစ်ခဲ့မယ်ဆိုရင်တော့ သူမရဲ့ ဘဝတစ်လျှောက်လုံးဟာ သာသာယာယာ ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း ယုဝေက လီဖူချန်းကို ဖိတ်ခေါ်လိုက်တာပါ။

" ကဲ ... အားလုံးကို နှုတ်ဆက်ပါတယ် "

လီဖူချန်းကတော့ ဘာမှပြန်မပြောဘဲ အားလုံးကို နှုတ်ဆက်ကာ ဘုရင့်နယ်မြေကို ပျံသန်းထွက်ခွာ သွားခဲ့ပါပြီ။

" ဟင့် ... မာနကြီးလိုက်တာ "

ယုဝေကတော့ နှုတ်ခမ်းကိုက်ရင်းနဲ့ မကျေမချမ်း ရေရွတ်ကာ ကျန်နေခဲ့ပါတော့တယ်။

***

"စုစုပေါင်း ထောက်ပံ့ရေးရမှတ် ၁၅၁၀၀။ သည်လောက်ဆိုရင်တော့ ငါက မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား  သိုင်းပညာတစ်ခုကို အေးအေးဆေးဆေး ယူလို့ရပြီကွ "

မိစ္ဆာစက်ကွင်းတိုက် ခရီးစဉ်မှာ လီဖူချန်းရခဲ့တဲ့ အကျိုးအမြတ်ကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ။သူရခဲ့တဲ့ ကမ္ဘာဦး မိစ္ဆာသစ်သီး၆၇လုံး၊ ခုနစ်စင်ကြယ် မြေနတ်ဆိုးဆေးပင် နဲ့ အခြား ဆေးပင်တွေက သူ့ကို ထောက်ပံ့ရေး ရမှတ် ၁၄၁၀၀ ရစေခဲ့ပါတယ်။သူ့မှာ ကျန်နေသေးတဲ့ ထောက်ပံ့ရေးရမှတ် ၁၀၀၀ပါ ထည့်ပေါင်းလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ထောက်ပံ့ရေးရမှတ် စုစုပေါင်းဟာ ၁၅၁၀၀ ဖြစ်သွားခဲ့ပါပြီ။ အဲဒါက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက်ကို ဂိုဏ်းတော်ကပေးတဲ့ ထောက်ပံ့ရေးရမှတ် တစ်နှစ်ခွဲစာနဲ့ ညီမျှပါတယ်။

ထောက်ပံရေး ရမှတ်တွေ လုံလောက်သွားတဲ့ အခါမှာတော့ လီဖူချန်းဟာ လျှို့ဝှက်ကျမ်းစာဆောင်ကို ဦးတည်ပါတော့တယ်။

- လျှို့ဝှက်ကျမ်းစာဆောင်-

"သွေးနဂါးခြေထောက် ... မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား ခြေသိုင်း။ သည်သိုင်းပညာရဲ့  ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရင် အဲသည်လူက သွေးနဂါးဝိညာဉ်ကို အသက်သွင်းနိုင်မယ်။ ရန်သူကို တိုက်ခိုက်ရင်လည်း အမျက်ချောင်းချောင်းထနေတဲ့ နဂါးတစ်ကောင်လို ကြမ်းတမ်းစွာ တိုက်ခိုက်နိုင်လိမ့်မယ်။ သည်သိုင်းကျမ်းရဲ့ ပထမပိုင်းအတွက် ထောက်ပံ့ရေးရမှတ် ၅၀၀၀  လိုအပ်ပြီး ဒုတိယပိုင်းအတွက် ထောက်ပံ့ရေးရမှတ် ၁၅၀၀၀ လိုအပ်တယ် "

"အင်း ... ဒါက ငါလိုချင်တဲ့သိုင်းမျိုး မဟုတ်ဘူး။ နောက်တစ်အုပ်  ရှာကြည့်ဦးမှ "

"ခရမ်းရောင် သွေးချပ်ဝတ်တန်ဆာ  ... မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ။သည်ပညာကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးသွားရင် အဲသည်လူက ချီစွမ်းအား  ဒါမှမဟုတ် သာလွန်ထူးကဲ စွမ်းအားတွေကို ချပ်ဝတ်တန်ဆာ တစ်ခုအဖြစ် ဖန်တီးနိုင်မယ်။ သည်သိုင်းပညာရဲ့ ပထမပိုင်းအတွက် ထောက်ပံ့ရေး ရမှတ် ၆၀၀၀ လိုအပ်ပြီး ဒုတိယပိုင်းအတွက် ထောက်ပံ့ရေးရမှတ် ၁၈၀၀၀ လိုအပ်တယ် "

"မဟုတ်သေးဘူး။ ဒါကလည်း ငါလိုချင်တဲ့ သိုင်းပညာရပ် မဟုတ်ဘူး "

လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ ဒုတိယထပ်မှာတော့ လီဖူချန်းတစ်ယောက် အတော်လေး အလုပ်များနေပါတယ်။ သူက သိုင်းကျမ်းတော်တော်များများရဲ့ အညွှန်းမာတိကာကို ဖတ်ခဲ့ပြီးပေမယ့်လည်း  အခုထက်ထိ သူစိတ်တိုင်းကျတဲ့ သိုင်းကျမ်းကို မတွေ့သေးပါဘူး။

"အဆိပ်နဂါးလက်သီး ... မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ။ ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့်သွားပြီးပြီဆိုရင် အဲသည်လူက အဆိပ်နဂါးဝိညာဉ်ကို အသက်သွင်းနိုင်မယ်။သည်လက်သီးအားက တစ်ဖက်သားအပေါ် လွှမ်းမိုးနိုင်ပြီး သိပ်သည်းကျစ်လစ်တယ်။ အဲဒါက ဂူထဲကနေ ထွက်လာတဲ့ အဆိပ်နဂါးတစ်ကောင်လိုပဲ။သည်သိုင်းပညာရဲ့ ပထမပိုင်းအတွက် ထောက်ပံ့ရေး ရမှတ် ၈၀၀၀ လိုအပ်ပြီး ဒုတိယပိုင်းအတွက် ထောက်ပံ့ရေးရမှတ် ၂၄၀၀၀ လိုအပ်တယ် "

***

All Chapters