နဂါးရေကန်
Vol. 36 Ch. 488
"ပြန်လည်ဝင်စားခြင်း နယ်ပယ်လား။ နဂါးရေကန်ထဲမှာ တစ်ရက်တာ အတွက် ထောက်ပံ့ရေးရမှတ် ၅၀၀ ပေးရမယ်။ တကယ်လို့ မင်းဆီမှာ ထောက်ပံ့ရေးရမှတ် အလုံအလောက် ရှိရင်တော့ သုံးရက်စာ ကြိုပေးသွားလို့ရတယ် "
နဂါးရေကန်ရဲ့ အပြင်ဘက်မှာတော့ အပြင်စည်း အကြီးအကဲတစ်ယောက် စောင့်ကြပ်နေပါတယ်။
" ဟုတ်ကဲ့ပါ ...အကြီးအကဲ "
လီဖူချန်းက ထောက်ပံ့ရေးဒင်္ဂါး ၁၅၀၀ကို ထုတ်ပေးလိုက်ပါတယ်။
နဂါးရေကန်က အလကား အသုံးပြုလို့ မရပါဘူး။ ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာ ရှိနေတဲ့ ဘုရင်အဆင့်အတန်း တပည့်တွေက တစ်ရက်ကို ထောက်ပံ့ရေးရမှတ် ၅၀၀ ပေးရမှာဖြစ်ပြီး တိုက်ပွဲဝိညာဉ်နယ်ပယ်မှာ ရှိတဲ့ ဘုရင် အဆင့်အတန်း တပည့်တွေကတော့ တစ်ရက်ကို ထောက်ပံ့ရေးရမှတ် ၂၀၀၀ ပေးရမှာ ဖြစ်ပါတယ်။
အတွင်းစည်းနယ်မြေ ထဲမှာတော့ ကျားရေကန်ဆိုတာ ရှိသေးပြီး အဲသည်ရေကန်က နဂါးရေကန်လောက် အစွမ်းမထက်ပါဘူး။ အဲသည်ရေကန်ကိုတော့ အတွင်းစည်းတပည့်တွေ နဲ့ အပြင်စည်း တပည့်တွေပဲ သုံးကြပါတယ်။ ကျားရေကန်ကို အသုံးပြုချင်တဲ့ အပြင်စည်း တပည့်တွေကတော့ တစ်ရက်ကို ထောက်ပံ့ရေးရမှတ် ၁၀၀ ပေးရမှာဖြစ်ပြီး အတွင်းစည်းတပည့်တွေကတော့ တစ်ရက်ကို ထောက်ပံ့ရေးရမှတ် ၅၀၀ ပေးရမှာပါ။
နဂါးရေကန်ကတော့ ကျောက်တုံးနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦး တစ်ခုထဲမှာ ရှိပြီး အချင်းဝက် မီတာ သုံးဆယ်နီးပါး ရှိပါတယ်။ ဂိုဏ်းတော်က သည်ရေကန်ကို အထူးပြုလုပ်ထားတဲ့ လိုက်ကာကို အသုံးပြုပြီး သီးသန့်နေရာငယ်လေး သုံးဆယ် ဖြစ်အောင် လုပ်ထားပေးပါသေးတယ်။
နဂါးရေကန်ရဲ့ ရေမျက်နှာပြင် အထက်မှာတော့ ရေခိုးရေငွေ့တွေနဲ့ ပြည့်နှက်နေပြီး ကန့်သတ်မှု ဝင်္ကပါ အစီအရင်ကြောင့် အဲသည် ရေခိုးရေငွေ့တွေဟာ ပျက်ပြယ်သွားခြင်း မရှိပါဘူး။
နဂါးရေကန်ကို ရောက်တဲ့ အချိန်မှာတော့ လီဖူချန်းဟာ ရေခိုးရေငွေ့တွေကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်ပါတယ်။
အံ့သြစရာပါပဲ။
အသက်တစ်ခါ ရှိုက်သွင်းရုံနဲ့တင် သူရဲ့ချီတွေနဲ့ သွေးတွေဟာ ပွက်ပွက်ဆူလာတာကို လီဖူချန်းတစ်ယောက် ခံစားလိုက်ရပါတယ်။
ဒါက သာမန် ရေခိုးရေငွေ့သက်သက် မဟုတ်ပါဘူး။ အဲဒါက အင်မတန် သိပ်သည်းတဲ့ ချီအဆီအနှစ်ပါပဲ။
" ဘုရင်အဆင့် ဂိုဏ်းတွေက တကယ် အံ့သြစရာ ကောင်းတာပဲ။ သူတို့က သည်လောက်များတဲ့ ရင်းနှီးမြုပ်နှံမှုကိုတောင် လုပ်ထားနိုင်တယ်။အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးမှာ ရှိတဲ့ ရင်းမြစ်ပစ္စည်းတွေကို စုလိုက်ရင်တောင်မှ သည်လို ရေကန်မျိုး လုပ်ဖို့ မဖြစ်နိုင်လောက်ဘူး "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ရင်းနဲ့ နဂါးရေကန် တစ်ခုလုံးကို တစ်ချက် အကဲခတ်ကြည့် လိုက်ပါတယ်။
နဂါးရေကန်ထဲမှာက လူသိပ်မရှိပါဘူး။
ဒါက လက်ခံနိုင်စရာပါပဲ။ ခန္ဓာကိုယ် အပြင်အား အရိုးတည်ဆောက်ပုံ ပိုင်ရှင်အချို့ နဲ့ လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို ကျင့်ကြံတဲ့ လူအချို့ကပဲ သည်ရေကန်ကို လာကြတာ မဟုတ်ပါလား။
လိုက်ကာစပေါ်မှာ ပိုင်ရှင်ရှိကြောင်း အမှတ်အသား ပြုလုပ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဝတ်အစားတွေ အကုန်ချွတ်ပြီး နဂါးရေကန်ထဲ ဆင်းစိမ် လိုက်ပါတော့တယ်။
နဂါးရေကန်ထဲမှာ စစချင်း စိမ်တုန်းကတော့ သက်တောင့်သက်သာ ရှိသလိုပါပဲ။ ဒါပေမဲ့ ခဏအကြာမှာတော့ စူးရှတဲ့ နာကျင်မှုတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။ အဲဒါက အသွေးအသားတွေကို အပ် ထောင်ပေါင်းများစွာ နဲ့ ထိုးဆွ နေသလိုပါပဲ။
"ဟင်း ... "
အဲသည်နာကျင်မှုတွေကို လီဖူချန်းက တောင့်ခံနိုင်ပေမယ့်လည်း သက်ပြင်းရှည်ကြီး တစ်ချက်ကိုတော့ မချမဖြစ် ချလိုက်ရပါတယ်။
နောက်ထပ် အချိန်အနည်းငယ် ထပ်အကြာမှာတော့ လီဖူချန်းဟာ နာကျင်မှုတွေနဲ့ အသားကျသွား ခဲ့ပါပြီ။ အဲသည်အတွက် သူက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို အသက်သွင်းလိုက်ပြီး သူ့ရဲ့ ချီ၊သွေး နဲ့ ဆင်နဂါး စွမ်းအားတွေကို လည်ပတ်စေလိုက် ပါတော့တယ်။
ရှူး ...
ရှဲ ... ...
အသက်ရှူသွင်းခြင်းနဲ့ ထုတ်ခြင်းကို လုပ်လိုက်တိုင်းမှာ မြွေပုံသဏ္ဌာန် ရေငွေ့လေး နှစ်ခုဟာ လီဖူချန်းရဲ့ နှာခေါင်းထဲကို ဝင်လိုက်၊ထွက်လိုက် လုပ်နေပါတယ်။
ရှူတယ် ...
ထုတ်တယ် ...
ရှူတယ် ...
ထုတ်တယ် ...
လီဖူချန်း ရဲ့ ဝင်သက် နဲ့ ထွက်သက် မျှတလာတဲ့ အချိန်မှာတော့ သူ့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဆင်အသေးစားလေးဟာ သက်ဝင် လှုပ်ရှား လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ရွှေအိုရောင်အလင်းတန်းတွေရဲ့ လွှမ်းခြုံခြင်းကို ခံလိုက်ရပါတော့တယ်။
အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ ချီစွမ်းအားတွေ နဲ့ ဆင်နဂါး စွမ်းအားတွေဟာ သိသိသာသာကြီး တိုးမြှင့်လာခဲ့ပါပြီ။
အဆုံးမှာတော့ စပါးအုံးမြွေသဏ္ဌာန် ရှိတဲ့ ရေခိုးရေငွေ့တစ်ခုဟာ လီဖူချန်းဆီကို ချည်းကပ်လာပါတော့တယ်။ အဲသည် ရေခိုးရေငွေ့ကို ကြည့်ရတာက လီဖူချန်းရဲ့ ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့တဲ့ ပုံပါပဲ။
တစ်ရက် ... နှစ်ရက် ... ...
သုံးရက်မြောက်နေ့ အပြီးမှာတော့ လီဖူချန်းရဲ့ နှလုံးသား ထဲမှာ ရှိနေတဲ့ ဆင်အသေးစားလေးဟာ နောက်ထပ်အရွယ်အစား တစ်ခုအထိ ကြီးလာခဲ့ပါတယ်။ သူ့ရဲ့ ရွှေအိုရောင် အရေပြားတွေကလည်း ရွှေရောင်အဖြစ်ကို ကူးပြောင်းသွားခဲ့ပါပြီ။
" နဂါးရေကန်ရဲ့ အကျိုးသက်ရောက်မှုက ငါထင်ထားတာထက် ပိုကောင်းနေတာပဲ။ သည်ရေကန်ထဲမှာ နောက်ထပ် ရက်နည်းနည်းလောက် နေလိုက်ဦးမယ် "
ထောက်ပံ့ရေးရမှတ်တွေ လုံလုံလောက်လောက် ရှိနေတဲ့အတွက်လီဖူချန်းဟာ သုံးရက်ပြည့်နေ ပေမယ့်လည်း နဂါးရေကန်ထဲက ထွက်မသွားသေးပါဘူး။သူ့ဆီမှာ ရှိနေတဲ့ ထောက်ပံ့ရေး အမှတ်က နှစ်ပတ်စာလောက်အထိ လုံလောက်နေတာ မဟုတ်ပါလား။
လေးရက်မြောက်တဲ့ နေ့မှာတော့ လူငယ်တစ်ယောက်ဟာ နဂါးရေကန်ကို ရောက်လာခဲ့ပါတယ်။
သူရောက်လာပြီး သိပ်မကြာခင်မှာဘဲ လီဖူချန်းဘက်က ချီအဆီအနှစ် ရေခိုးရေငွေ့ တော်တော်များများ ဟာ အဲသည်လူငယ်ဘက်ကို ရောက်သွားပါတော့တယ်။
လီဖူချန်းကလည်း အဲသည်အဖြစ်အပျက်ကို သတိမထားမိဘဲ မနေပါဘူး။
" တိုက်ပွဲဝိညာဉ်နယ်ပယ်က ဆရာသခင် တစ်ယောက်လား "
လီဖူချန်းက မျက်မှောင်ကြုတ်လိုက် မိပါတယ်။
နဂါးရေကန်ထဲမှာ ရှိနေတဲ့ ရေခိုးရေငွေ့ ချီအဆီအနှစ် တော်တော်များများအပြင် သူ့ဘက်က ရေခိုးရေငွေ့ ချီအဆီအနှစ်တွေပါ တခြားဘက်ကို ရောက်သွားမှတော့ ဘာမှ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။ အဲသည်လူငယ်က သေချာပေါက် တိုက်ပွဲဝိညာဉ်နယ်ပယ်က ဆရာသခင် တစ်ယောက်ပဲ ဖြစ်ရပါမယ်။
လီဖူချန်းရဲ့ ညာဘက်က ခုနစ်ခုမြောက် လိုက်ကာအခန်းငယ်လေး အတွင်းမှာတော့ ရွှေရောင် ရောင်ခြည်စက်ကွင်းတွေကို ထုတ်လွှတ်နေတဲ့ လူငယ်တစ်ယောက် ရှိနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အရှိန်အဝါတွေ နဲ့ သွေးလွှမ်းနေတဲ့ အငွေ့အသက်တွေက သူဟာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်တောင် ယှဉ်ချနိုင်တယ်လို့ ပြောနေသလိုပါပဲ။
" အားပါးပါး ... ကြောက်ဖို့ကောင်းလိုက်တဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း အဆင့်ပဲ "
လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်မိပါတယ်။ သည်လူငယ် ရောက်လာတဲ့အတွက် သူ့ဘက်က ရေခိုးရေငွေ့ ချီအဆီအနှစ်တွေဟာ အစောပိုင်း နေ့တွေကလို မသိပ်သည်းတော့ပါဘူး။ သူ့ဘက်မှာက ရေခိုးရေငွေ့ ချီအဆီအနှစ်တွေ ၆၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းလောက်သာ ကျန်ပါတော့တယ်။
ကံကောင်းတာ တစ်ခုကတော့ ဟိုဘက်ခြမ်းက လူငယ်ဟာ ရေခိုးရေငွေ့ ချီအဆီအနှစ်တွေကို အကုန်အစင် မဆွဲဆောင်သွားတာပါပဲ။ အဲသည်အတွက် သူ့ဘက်မှာ ကျန်နေသေးတဲ့ ရေခိုးရေငွေ့ ချီအဆီအနှစ်တွေဟာ ကျင့်ကြံဖို့အတွက်လုံလောက်နေပါသေးတယ်။
" ဟိုဘက်အခန်းမှာ ရှိနေတာ ဂိုဏ်းတူညီမလေးလု လား "
အသံပိုင်ရှင်ကတော့ အခုမှ ရောက်လာတဲ့ လူငယ်ပါပဲ။
" အင်း ... ဟုတ်တယ်။ ညီမပါ "
အားမာန် အပြည့်နဲ့ သူရဲကောင်း ဆန်လှတဲ့ မိန်းကလေး အသံတစ်ခုက ဖြေလာခဲ့ပါတယ်။ သူမရဲ့ အသံက ဆန့်ကျင်ဘက် လိင်တွေကို တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေတာကိုတော့ ငြင်းမရပါဘူး။
" ကြည့်ရတာ ညီမရဲ့ ကျောက်စိမ်းဇာမဏီ ပညာရပ်က အခန်း၆ရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပုံပဲ။ အစ်ကိုကတော့ ညီမကို ဘယ်လို မျက်နှာပြရမလဲတောင် မသိတော့ပါဘူးကွာ "
လူငယ်က ပြန်ပြောလိုက်ပါတယ်။
"ဂိုဏ်းတူအစ်ကိုရဲ့ သွေးဝံပုလွေ ကောင်းကင်ခြေလှမ်းကလည်း အခန်း၆ရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ညီမကို မျက်နှာ မပြရဲရတာလဲ "
မိန်းမပျိုရဲ့ အသံက ထွက်ပေါ်လာပြန်ပါတယ်။
" သွေးဝံပုလွေ ကောင်းကင်ခြေလှမ်းနဲ့ ကျောက်စိမ်းဇာမဏီ ပညာရပ်လား "
လီဖူချန်းက မျက်လုံးပြူးနေခဲ့ပါပြီ။
သူက သည်ပညာရပ်နှစ်ခုကို ကောင်းကောင်းကြီး သိပါတယ်။
အဲသည်ပညာရပ် နှစ်ခုက လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ ဒုတိယထပ်မှာ ရှိတဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေပါ။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း ကျင့်စဉ်တွေလို့ ပြောရင်လည်း မမှားပါဘူး။
ကျောက်စိမ်းဇာမဏီ ပညာရပ်ကတော့ သက်တံနီဂိုဏ်းရဲ့ နံပါတ်၁ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ဆိုပြီး နာမည်ကျော်ပါတယ်။သည်ပညာရပ်ကို အမြင့်ဆုံး အဆင့်အထိ ကျင့်နိုင်တဲ့လူဟာ ခန္ဓာကိုယ်အပြင်အား ဘုရင်တစ်ပါး ဖြစ်လာမှာပါ။
သည်ပညာရပ်ရဲ့ အထူးအားသာချက်ကတော့ အဆိပ်ပြီးတဲ့ ရေခဲ အသွေးအသားနဲ့ ကျောက်စိမ်း အရိုးကို ပိုင်ဆိုင်နိုင်တာပါပဲ။ပြီးတော့ ကျောက်စိမ်းဇာမဏီ စွမ်းအားဟာ သမားရိုးကျမဟုတ်တဲ့ ကျောက်စိမ်းအသွင်ပြောင်းခြင်းကို လုပ်နိုင်ပါတယ်။ အဲသည်စွမ်းအားက ဘယ်လောက်ပြင်းထန်တဲ့ ဒဏ်ရာကိုပဲဖြစ်ဖြစ် အလျင်အမြန် ပြန်ကောင်းစေတဲ့အပြင် အဲသည်စွမ်းအားနဲ့ တိုက်ခိုက်ခံရသူကိုလည်း ကျောက်စိမ်းအဖြစ် ပြောင်းသွားစေပါတယ်။ ကျောက်စိမ်းရုပ်အဖြစ် အပြည့်အဝ ပြောင်းသွားရင်တော့ မသေမျိုး အမတတွေတောင်မှ ကယ်နိုင်မှာ မဟုတ်ပါဘူး။
သွေးဝံပုလွေ ကောင်းကင်ခြေလှမ်းကတော့ အလွန်အမင်း ရန်လိုပြီး ဖိနှိပ်တတ်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။သည်ကျင့်စဉ်ကို ကျင့်ကြံတဲ့ သူကတော့ များပြားလှတဲ့ မိစ္ဆာဝံပုလွေ အမြုတေတွေကို စားသုံးရမှာပါ။ သည်ကျင့်စဉ်ကို တော်တော် ခရီးရောက်သွားတဲ့ သူတွေဟာ သွေးဝံပုလွေစွမ်းအားကို အသုံးပြုပြီး သမန်းဝံပုလွေတွေအဖြစ် ပြောင်းနိုင်ပါတယ်။ သမန်းဝံပုလွေ အဖြစ် ပြောင်းနိုင်တဲ့ ကျင့်ကြံသူတွေဟာ မိစ္ဆာတွေထက်တောင် ပိုကြောက်စရာကောင်းတယ်လို့လည်း ပြောကြပါတယ်။
" သည်နှစ်ယောက်က ဂိုဏ်းတူအစ်ကို လုဝမ် နဲ့ ဂိုဏ်းတူအစ်မ ဝူရှန်းလန်ပဲ ဖြစ်ရမယ် "
သက်တံနီဂိုဏ်းမှာက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ ဘုရင်အဆင့်အတန်း တပည့်တွေက သိပ်မများလှပါဘူး။ အဲသည်အတွက် လီဖူချန်းက လူငယ်နဲ့ မိန်းမပျိုတို့ကို ခန့်မှန်းလိုက်နိုင်ပါတယ်။
လုဝမ်က ကြယ်၇ပွင့် မဟူရာ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ပြီး ဝူရှန်းလန်ကတော့ ကြယ်၇ပွင့် သံကျောက်တုံး အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပြောစကားအရ ဆိုရင်တော့ သူတို့နှစ်ယောက်စလုံးဟာ သူတို့လေ့ကျင့်နေတဲ့ သက်ဆိုင်ရာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေရဲ့ အခန်း၆ကို အကြိုပြီးပြည့်စုံခြင်း အဆင့်အထိရောက်အောင် လေ့ကျင့်ထားပြီး ကြပါပြီ။ ပြီးတော့ သူတို့နှစ်ယောက်စလုံးဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် အလယ်အလတ် အဆင့်က သူတွေပါ။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အလယ်အလတ် အဆင့်မှာ အစွမ်းအထက်ဆုံး သူတွေတောင် ဖြစ်လောက်ပါတယ်။
ဆယ်ရက်မြောက်တဲ့ နေ့မှာတော့ လီဖူချန်းရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဆင်အသေးလေးဟာ နောက်ထပ် အရွယ်အစားကြီးလာပြီး အရွယ်ရောက်စ ပြုနေတဲ့ ဆင်တစ်ကောင်လို ဖြစ်သွားခဲ့ပါတယ်။ ဆင်အသေးစားလေးကနေ အရွယ်ရောက်စပြုနေတဲ့ ဆင်တစ်ကောင်လို ဖြစ်လာတယ် ဆိုတာက လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း အခန်းငါးဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်တော့မယ် အဓိပါ္ပယ်ပါပဲ။ အခုဆိုရင်တော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ရှိနေတဲ့ သူတိုင်းကို ခန္ဓာကိုယ် အပြင်အား သက်သက်နဲ့တင် ဖိနှိပ်လို့ ရနေပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာဖြစ်တဲ့ အဆိပ်နဂါး လက်သီးကိုပါ တွဲသုံးလိုက်မယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဆရာသခင်တွေကိုပါ ဂရုစိုက်စရာ လိုတော့မှာ မဟုတ်ပါဘူး။
ဆယ့်တစ်ရက်မြောက်နေ့ ... ဆယ့်နှစ်ရက်မြောက်နေ့ ... ဆယ့်လေးရက်မြောက်နေ့ ... ...။
ကံမကောင်းစွာနဲ့ပဲ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ် အခန်းငါးရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်အောင် မလေ့ကျင့်နိုင် ခဲ့ပါဘူး။ အဲဒါက နဂါးရေကန်ထဲမှာ ရေခိုးရေငွေ့ ချီအဆီအနှစ်တွေ မလုံလောက်လို့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကိုက အကန့်အသတ် တစ်ခုထဲကို ရောက်သွားခဲ့တာပါ။
ရေခိုးရေငွေ့ ချီအဆီအနှစ်တွေကို အဆက်မပြတ် စုပ်ယူခြင်းက ချီစွမ်းအင်တွေ နဲ့ သွေးတွေကို ထိခိုက်စေတာ မှန်ပေမယ့်လည်း အဲဒါက အသေးအဖွဲ ပြသနာလေး တစ်ခုသာ ဖြစ်ပါတယ်။တကယ့်ပြသနာကတော့ သူ့ရဲ့ ချီစွမ်းအင်တွေနဲ့ သွေးတွေဟာ ဆူပွက်လွန်ပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေတာပါပဲ။ လီဖူချန်းက အဲသည်အရာကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။
" နဂါးရေကန်က တကယ် အံ့သြဖို့ ကောင်းလွန်းတယ်။ တကယ်လို့သာ ငါ့အနေနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည်တွေကိုပဲ အားကိုးနေမယ်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အဆင့်က သည်လောက်အထိ ရောက်လာမှာ မဟုတ်ဘူး "
လီဖူချန်းက တီးတိုး ရေရွတ်လိုက်ပြီး ရေကန်ထဲကနေ ထလိုက်ပါတယ်။ သူ့အနေနဲ့ သည်ရေကန်ထဲကနေ ထွက်ဖို့ အချိန်တန်ပါပြီ။ မထလို့လည်း မရတော့ပါဘူး။ သူ့မှာရှိတဲ့ ထောက်ပံ့ရေးရမှတ်တွေက နှစ်ပတ်စာသာ ရှိတာ မဟုတ်ပါလား။
နဂါးရေကန်ထဲမှာက များပြားလှတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးပစ္စည်းတွေ ရှိနေရုံ မကဘဲ ထူးဆန်းပြီး အံ့သြဖို့ကောင်းတဲ့ ဝင်္ကပါအစီအရင်တစ်ခု ရှိနေသေးပုံပါပဲ။ အဲသည်ဝင်္ကပါ အစီအရင်က မတူညီတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးပစ္စည်းတွေရဲ့ အဆီအနှစ်တွေကို ပိုပြီးကောင်းမွန်တဲ့ ချီအဆီအနှစ် တစ်ခု ဖြစ်သွား စေပါတယ်။ လီဖူချန်းကတော့ အဲသည်ချီအဆီအနှစ်ကို နဂါးချီလို့ နာမည်ပေးထားလိုက်ပါတယ်။
ရေကန်ထဲကနေ ထလိုက်တဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အထက်ပိုင်းကတော့ အဆီပိုမရှိ ကျစ်လစ်တောင့်တင်းနေပြီး ပန်းပဲဆရာ တစ်ယောက်က သံတုံးတစ်ခုကို စိတ်တိုင်းကျ ပုံသွင်းထားသလိုပါပဲ။သူ့ကို ကြည့်ရတာက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နေနတ်သားနဲ့တောင် တူနေပါသေးတယ်။
အဝတ်အစားတွေကို ဝတ်ဆင်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ နဂါးရေကန်ရဲ့ ထွက်ပေါက်ကို ဦးတည်ပါတော့တယ်။
" စုစုပေါင်း ထောက်ပံ့ရေးရမှတ် ၇၀၀၀ ကျတယ်။ မင်းအနေနဲ့ နောက်ထပ် ထောက်ပံ့ရေးရမှတ် ၅၅၀၀ ပေးရင် ရပြီ "
နဂါးရေကန်မှာ တာဝန်ကျတဲ့ အပြင်စည်းအကြီးအကဲက လီဖူချန်း ပေးရမယ့် ထောက်ပံ့ရေး ရမှတ်တွေကို တွက်ထားပြီးသားပါပဲ။
" သည်မှာပါ အကြီးအကဲ "
နောက်ထပ် သူပေးရမယ့် ထောက်ပံ့ရေးရမှတ် ၅၅၀၀ ကို ပေးပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ထွက်ခွာသွားခဲ့ပါပြီ။
***