အနားယူအိပ်စက်ရာ နယ်မြေ
Vol. 72 Ch. 991
သူသည် လမ်းလျှောက်နေသည့်ပုံ ပေါ်ပါသော်လည်း အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ရှေးဟောင်းဓားကြီးမှာ အလွန်အင်မတန်မှ ကြီးမားပါသော်လည်း ဂြိုဟ်အဆင့်သို့ ရောက်နေပြီဖြစ်သည့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ၎င်းမှာ ယခင်တုန်းကနှင့် မတူတော့ပေ။
ထို့ကြောင့်လည်း အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် သူသည် ဓားရိုးပိုင်းမှနေ၍ ရှေးဟောင်းဓားကြီးနှင့် နေမင်းကြီး၏ ကြားရှိ နယ်စပ်ဒေသသို့ ရောက်ရှိသွား၏။ သူသည် ထိုနေရာအား စိုက်ကြည့်နေရင်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက အဆုံးမဲ့မျိုးနွယ်စု ထိုနေရာတွင် ရပ်ထားခဲ့သည့် ဧရာမစစ်သင်္ဘောကြီးအား ပြန်၍သတိရသွားသည်။
ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်သွားလိုက်သည်။ သူ ထိုသို့ ဝင်သွားလိုက်သည်နှင့် ချစ်ချစ်တောက်ပူပြင်းနေသည့် လေပြင်းများမှာ သူ့အား ဖြတ်၍ တိုက်ခတ်သွား၏။ မြေပြင်ကြီးပေါ်တွင်လည်း အပျက်အစီးများဖြင့် ပြည့်နှက်နေသလို အချုပ်အနှောင် မန္တန်အစီအရင်များနှင့် ချော်ရည်ပူများမှာလည်း နေရာအနှံ့တွင် ရှိနေကြသည်။
ယခင်တုန်းကဆိုပါက ထို အရာများမှာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ အန္တရာယ်များနေမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုအရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိနေ၏။ ထို့အပြင် သူ ရှေးဟောင်းဓားကြီး၏ ထိပ်ဖျားပိုင်းမှနေ၍ ဓားကြီးထဲသို့ စမဝင်ခဲ့သည့် အကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။
အကယ်၍ သူသာ ထိုနေရာမှ တိုက်ရိုက် ဝင်ရောက်လာခဲ့မည်ဆိုပါက ပြင်ပကမ္ဘာထဲမှ စွမ်းအားတစ်မျိုး ကျူးကျော်ဝင်ရောက်လာသကဲ့သို့ သတ်မှတ်ခံလိုက်ရမည် ဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် ဓားထိပ်ပိုင်းရှိ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများကို ခံစားလိုက်ရမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ပြိုင်ဘက်မှာ ထိုနေရာ၌ အဆင်သင့်ပြင်ကာ စောင့်ဆိုင်းနေမည်ဆိုပါက သူ့အား တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း ရှိသွားမည်လည်း ဖြစ်သည်။ သို့သော် သူ ဓားရိုးပိုင်းထဲမှတစ်ဆင့် ဝင်ရောက်လာလျှင်မူ ထို အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည် မဟုတ်ပေ။
ထိုကြောင့်လည်း ယခုတွင် ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ရပ်တန့်နေခြင်း မရှိဘဲ လက်ထဲမှ ခေါင်းပြတ်ကြီးအား ကိုင်ကာ ဓားကိုယ်ထည်ပိုင်းအား ဖြတ်သန်းသွားလိုက်၏။ သူသည် မီးပင်လယ်ကြီးထဲရှိ အချုပ်အနှောင်များကို ဂရုစိုက်နေခြင်းမရှိသလို မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည့် မီးတောက်သားရဲကြီးများနှင့် ဝိညာဉ်များကိုပင် လှည့်ကြည့်နေခဲ့ခြင်းမရှိပေ။
ယခင်တုန်းကဆိုလျှင် ၎င်းတို့မှာ သူ့အား အန္တရာယ်ပြုနိုင်ခဲ့၏။ သို့သော် ယခုတွင်မူ ၎င်းတို့မှာ သူ၏ အငွေ့အသက်အား အာရုံခံမိလိုက်သည်နှင့် ကတုန်ကယင် ဖြစ်သွားကြပြီး သူ့အား မတားဆီးရဲတော့ဘဲ ဖြတ်သန်းခွင့် ပေးလိုက်ရသည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် ယခင်တုန်းက သူ အကြီးအကဲ အသိအမှတ်ပြု တံဆိပ်ပြားအား ရယူခဲ့သည့် သွေးပင်လယ်ကြီးဆီသို့ အလျင်အမြန် ရောက်ရှိလာ၏။ ထိုအခါ သူသည် ဧရာမ ရုပ်အလောင်းကြီးနှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ လှုပ်ယမ်းနေသော ဆံပင်များကို ထပ်မြင်လိုက်ရပြန်သည်။
သူသည် လေထဲတွင်ရပ်၍ ထို နေရာတစ်ဝိုက်အား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ ထို ရုပ်အလောင်းကြီးပေါ်ရှိ ဆံပင်များအားလုံးမှာ တုန်ရီသွားကြပြီး ကွေးညွှတ်သွားကြ၏။ သွေးပင်လယ်ကြီးပင်လျှင် လှိုင်းများထလာပြီး ဧရာမ ပုစဉ်းကြီး၏ ဦးခေါင်းအပေါ်ပိုင်းမှာလည်း ရေမျက်နှာပြင်အထက်၌ ဖြည်းညင်းစွာ ပေါ်ပေါက်လာသည်။ ၎င်းမှာ မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များနှင့် သံသယစိတ်များဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့အား သတိကြီးကြီးထား၍ အကဲခတ်ကြည့်ရှုနေသည်။ ၎င်း၏ ခန္ခာကိုယ်ကြီး တဆတ်ဆတ် တုန်ရီနေသည်ကိုကြည့်လျှင် ၎င်း၏ နှလုံးသားထဲ၌ ခံစားနေရသည့် ကြောက်စိတ်များကို ခန့်မှန်းကြည့်နိုင်ပေသည်။
" သူက ဝိညာဉ်ကြားခံနယ်အဆင့်နဲ့ ထာဝရဝိညာဉ်အဆင့်ကြားမှာပဲ ရှိသေးတာပါလား " ဝမ်ပေါင်လဲ့မှာမူ ခေါင်းယမ်းလိုက်ပြီး သူ၏ အကြည့်အား သွေးပင်လယ်ကြီးထဲရှိ သတ္တဝါကြီးဆီမှ ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ရပ်တန့်နေခြင်းမရှိဘဲ ရှေ့သို့ ဆက်၍ လျှောက်လှမ်းသွားလိုက်သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် သူ မြင်ဖူးထားသည့် မြင်ကွင်းပေါင်းမြောက်မြားစွာအား မြင်ခဲ့ရသလို သူ လုံးဝ မရောက်ဖူးသည့် နေရာများကိုလည်း ကျော်ဖြတ်ခဲ့သည်သာ ဖြစ်သည်။ ထို့အပြင် သူသည် အဆုံးမဲ့ပညာရပ်မျက်လုံးကိုလည်း မြင်ခဲ့ရသေးသည်။
ထိုအခါ အတိတ်မှ အမှတ်တရများမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာသဖြင့် ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့ပညာရပ်မျက်လုံး၏ အထက်ရှိ လေထဲ၌ ရပ်တန့်သွား၏။ ထို့နောက် သူသည် မြေပြင်ပေါ်ရှိ မျက်လုံးကြီးနှင့် တူသောနယ်မြေအား ငုံ့ကြည့်လိုက်ပြီး မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားသည်။
ဤ နယ်မြေကြီးမှာ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဖောက်ထွင်းမြင်နိုင်စွမ်းမရှိသည့် တစ်ခုတည်းသောနေရာ ဖြစ်ပေသည်။ သို့သော် သူသည် ထိုကိစ္စအား အသေးစိတ် စုံစမ်းနေရန် အချိန်မရှိကြောင်း သိထားသဖြင့် ထိုနယ်မြေကြီးအား တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် ထွက်ခွာသွား၏။ ထို့နောက် သူသည် သူ ဖောက်ထွင်းမြင်နိုင်စွမ်းမရှိသော နယ်မြေအချို့အား ထပ်၍ ဖြတ်သန်းခဲ့ရသေးသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် သူ၏ရှေ့၌ ရေခဲများနှင့် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည့် ရှည်လျားသော နယ်စပ်ဒေသကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ သူ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သောအခါ ယခင်တုန်းက သူ ရောက်ဖူးခဲ့သည့် ရေခဲများနှင့် ဆီးနှင်းများ ပြည့်နှက်နေသော နယ်မြေကြီးအား မြင်လိုက်ရတော့သည်။
ခပ်လှမ်းလှမ်းတွင် ပေထောင်ပေါင်းများစွာ မြင့်မားနေသည့် နန်းတော်ကြီးသုံးခု ရှိနေ၏။
ထို နန်းတော်သုံးခုထဲတွင် ကျယ်ပြန့်တာအိုနန်းတော်မှ အသက်ကြီးပိုင်းကျင့်ကြံသူများ အိပ်စက်အနားယူနေကြခြင်း ဖြစ်သည်။
ယခင်တုန်းက ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်သုံးခု၏ နောက်သို့ ဆက်မသွားနိုင်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူ၏ မျက်ဝန်းများမှာ ဝင်းလက်စွာ တောက်ပနေ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုဂြိုဟ် လည်ပတ်သွားချိန်တွင် သူ၏ရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးမှာလည်း ပြောင်းလဲသွားတော့သည်။
ထိုနန်းတော်သုံးခု၏ နောက်တွင် မြူခိုးများ ဖုံးလွှမ်းနေသည့် ဟင်းလင်းပြင်တစ်ခု ရှိနေ၏။ ထို မြူခိုးများမှာ လူအများစု၏ အမြင်အာရုံများနှင့် အာရုံခံနိုင်စွမ်းများကို တားဆီးနိုင်စွမ်းရှိပါသော်လည်း တာအိုဂြိုဟ်နှင့် ပေါင်းစည်းထားသည့် ဝမ်ပေါင်လဲ့အပေါ် အကျိုးသက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ထို မြူခိုးများထဲ၌ ပလ္လင်သုံးခု ရှိနေသည်ကို မသဲမကွဲ မြင်လိုက်ရ၏။
ထို ပလ္လင်သုံးခုမှာ တြိဂံပုံစံ ရှိနေ၏။ အနိမ့်ဆုံး ပလ္လင်ပေါ်တွင် လူရိပ်ခုနစ်ခုမှာ တင်ပျဉ်ခွေထိုင်နေကြသည်။ ထို လူခုနစ်ယောက်မှာ ရုပ်အလောင်းများ မဟုတ်ကြဘဲ အသက်ရှိနေကြသေးသည်။ သူတို့၏ အငွေ့အသက်များအရ သူတို့အားလုံးမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည့်ပုံပင်။
သူတို့ ထိုင်နေသည့်နေရာများနှင့် ပုံစံများကို ကြည့်လျှင် ယခင်တုန်းက ဤနေရာ၌ ထို ခုနစ်ယောက်သာ ရှိခဲ့ခြင်းမဟုတ်ကြောင်း သိသာထင်ရှားပေသည်။ ယခင်တုန်းက လူကိုးယောက်မှာ စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့၍ ထိုင်နေခဲ့ကြခြင်းဖြစ်၏။ ယခုတွင် လူနှစ်ယောက် လျော့သွားပြီ ဖြစ်သည်။
ထို နှစ်ယောက်မှာ သဲ့ယွင်ကျစ်နှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးတို့ ဖြစ်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။ သူသည် မြူခိုးများ၏ ရှေ့တွင်ရှိနေသည့် နန်းတော်သုံးခုစလုံးထဲသို့ ဝင်ဖူးထားပြီးသား ဖြစ်သည်။ နောက်ဆုံး နန်းတော်ထဲရှိ ဝိညာဉ်ရေကန်ထဲတွင်လည်း ဒဏ်ရာများကုသနေကြသည့် ကျင့်ကြံသူများ ရှိပေသည်။ ဝမ်ပေါင်လဲ့ မှတ်မိသလောက်ဆိုလျှင် သူတို့မှာ ဂြိုဟ်အဆင့်တွင် ရှိမနေကြပေ။ သူတို့မှာ ယခင်တုန်းက ဂြိုဟ်အဆင့်တွင် ရှိနေခဲ့ကြပါသော်လည်း ဒဏ်ရာများ ရသွားခဲ့ပြီးနောက် ကျင့်ကြံခြင်းအဆင့်များ နိမ့်ကျသွားခဲ့ခြင်း ဖြစ်ပေမည်။
ဒုတိယမြောက် ပလ္လင်ပေါ်တွင်မူ တင်ပျဉ်ခွေထိုင်နေသည့် လူရိပ်တစ်ခုသာ ရှိနေ၏။ ထို ပလ္လင်မှာ မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထို ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကျင့်ကြံသူအား လှမ်းမြင်နေရဆဲပင်။ ထိုကျင့်ကြံသူမှာ သူ၏ ကိုယ်ပွားအား တိုက်ခိုက်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်အစစ် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားခဲ့သည့် လူငယ်လေး ဖြစ်ပေသည်။
ထို လူငယ်လေးမှာ မျက်လုံးများမှိတ်ထားခြင်း မရှိပေ။ သူသည် မျက်လုံးများပွင့်နေပါသော်လည်း စကားတစ်ခွန်းမှမပြောဘဲ မြူခိုးများ၏ အပြင်ဘက်တွင်ရပ်နေသည့် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်တွင် ထိုလူငယ်လေးမှာ ရုတ်တရက်ဆိုသလို စကားပြောလိုက်သည်။
" မင်း အမှားလုပ်ခဲ့တဲ့ ငါ့ရဲ့တပည့်ကို သတ်ပြီးသွားပြီလေ။ ငါ မတိုက်ခိုက်ချင်လို့ တိုက်ပွဲထဲကနေ ရှောင်ထွက်လာတာကို မင်းက ဘာလို့ ဒီနေရာအထိ လိုက်လာရတာလဲ။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဒီနေရာမှာ သောင်းကျန်းနိုင်လောက်တဲ့အထိ ကျယ်ပြန့်တာအိုနန်းတော်က အားနည်းနေလိ့မ်မယ်လို့ မင်းက ထင်နေတာလားကွ " ထို လူငယ်လေးမှာ အောင့်အည်းသည်းခံ၍ စကားပြောနေခြင်း ဖြစ်သည့်တိုင်အောင် သူ၏စကားသံထဲ၌ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်းနေဆဲပင်။ သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့် မြူခိုးများမှာ တလိပ်လိပ်ထလာသလို ပြင်ပလောကထဲရှိ အပူချိန်မှာလည်း သိသိသာသာ လျော့ကျသွား၏။
ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ထိုလူငယ်လေး၏ စကားများကို ကြားလိုက်ရသည်တိုင်အောင် သူ့အား ကျော်၍ သူ၏နောက်တွင် ရှိနေသည့် တတိယမြောက်ပလ္လင်အား လှမ်းကြည့်လိုက်သည်။
ထို ပလ္လင်ကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုပလ္လင်ပေါ်၌ တရားထိုင်နေသည့် လူတစ်ယောက်အား မြင်လိုက်ရသောကြောင့်ပင်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မှုန်ဝါးဝါးဖြစ်နေသောကြောင့် သူသည် ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ တစ်ချိန်ထဲမှာပင် သူ၏ ပတ်ပတ်လည်၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အငွေ့အသက်များ ရစ်ပတ်နေသေးသည်။ ဝမ်ပေါင်လဲ့မှာ သူ့အား တစ်ချက်သာ ကြည့်မိလိုက်ပါသော်လည်း မျက်လုံးများ နာကျင်ကိုက်ခဲလာရ၏။ အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲရှိ တာအိုဂြိုဟ် အလျင်အမြန် လည်ပတ်သွားပြီး ထို နာကျင်မှုများအား လျော့ပါးသွားအောင် လုပ်ပေးခဲ့ခြင်း မရှိပါက သူ၏ အသိစိတ်မှာ ဒဏ်ရာရသွားလောက်ပြီ ဖြစ်သည်။
" ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ... " ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်မိလိုက်၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသည့်အချက်ကြောင့် အံ့အားသင့်နေခြင်းတော့ မရှိပေ။
ထိုလူငယ်လေး ဤနေရာသို့ ထွက်ပြေးဆုတ်ခွာသွားခဲ့ပြီး တင်ပျဉ်ခွေထိုင်၍ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို စောင့်ဆိုင်းကာ ထိုစကားများအား ဆိုခဲ့ခြင်းမှာ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီး၏ အားကိုးဖြင့် ဝမ်ပေါင်လဲ့အား ခြိမ်းခြောက်လိုသောကြောင့် ဖြစ်ရပေမည်။
အကယ်၍ အခြား တစ်ယောက်ယောက်သာ ဆိုပါက ထိတ်လန့်တုန်လှုပ်သွားမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ နာကျင်ကိုက်ခဲနေရသည့်အတွက် အကြည့်လွှဲလိုက်ရသည့်တိုင်အောင် သူ၏ နှလုံးသားထဲမှ အေးစက်စက် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာဆဲပင်။ ထို့ကြောင့် သူသည် မမလေးအတွက် ထည့်သွင်းစဉ်းစားနေခြင်း မရှိတော့ဘဲ ထာဝရကြယ်အဆင့် လူငယ်လေး၏ ရှေ့တွင် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် သူ၏လက်ထဲ၌ အသံကုန်အော်ဟစ်နေသည့် ခေါင်းပြတ်ကြီးအား လျစ်လျူရှုကာ ၎င်းအား အားပါပါ ဖိညှစ်လိုက်တော့သည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်တစ်သံ ထွက်ပေါ်လာပြီး ထို အော်ဟစ်မြည်တမ်းသံများမှာ ရုတ်ခြည်းဆိုသလို ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့၏ လက်ချက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ခေါင်းပြတ်ကြီးအဖြစ်သာ ကျန်ရှိတော့သည့် သဲ့ယွင်ကျစ်၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ဇီဝိန်ချုပ်သွားပြီ ဖြစ်သည်။
" မင်း " ထာဝရကြယ်အဆင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့ သူ၏ရှေ့၌ သူ၏တပည့်အား သတ်ဖြတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သို့သော် သူ စကားဆက်မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး မြူခိုးများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
သူသည် မြန်ဆန်လွန်းနေသောကြောင့် မြူခိုးများအား ချက်ချင်းဆိုသလိုပင် ထိုးခွင်းသွား၏။ သူ၏ နောက်တွင်မူ ရှေးဟောင်းဂြိုဟ်ကိုးလုံးနှင့် တာအိုဂြိုဟ်တစ်လုံး ပေါ်ပေါက်လာသည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာလည်း အစွမ်းကုန်လည်ပတ်နေသလို မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွား၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ တုန်ရီသွားပြီး ဝမ်ပေါင်လဲ့မှာ ထိုဓားအိမ်ထဲမှ ဓားချီအမျှင်အတန်းတစ်ခုအား ဆွဲထုတ်လိုက်သည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားပြီး သူ၏ ညာဘက်လက်ညှိုးဆီသို့ ဦးတည်သွား၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည့် အသွားထက် ဓားတစ်လက်နှင့် ဆင်တူသွားတော့သည်။ ထိုသို့ဖြင့် သူသည် မြူခိုးများအား ထိုးခွင်းသွားပြီး ထာဝရကြယ်အဆင့် လူငယ်လေး၏ ရှေ့၌ ပေါ်ပေါက်လာ၏။
" မင်း... နောက်ထပ် အနှစ်တစ်ထောင်လောက် ထပ်ပြီးတော့ အိပ်နေလိုက်ဦး " ဝမ်ပေါင်လဲ့၏ အေးစက်စက် စကားသံကြီးနှင့်အတူ သူ၏ ညာဘက်လက်မှာ အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ထို လူငယ်လေးမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ပိုင်နက်ထဲ၌ ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ဒဏ်ရာများကို ဂရုစိုက်နေခြင်းမရှိတော့ဘဲ အသံကုန်အော်ဟစ်လိုက်၏။ ထို့နောက် သူသည် သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ် အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထို အခိုက်အတန့်တွင် သူသည် နေမင်းကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းလိုက်သည့် အလားပင်။