← Chapters

မကြောက်ပါနဲ့

Vol. 72 Ch. 992

မကြောက်ပါနဲ့

Vol. 72 Ch. 992

" မင်းက သွေးနားထင်ရောက်နေတာပဲကွ " ထို လူငယ်လေးမှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ သူသည် ထိုသို့အော်ဟစ်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။

ထိုအခါ သူတို့နှစ်ယောက်မှာ အသံအကျယ်ကြီးမြည်အောင် ဝင်တိုက်သွားကြ၏။ ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် ရှေးဟောင်းဂြိုဟ်ကိုးလုံးသာမက တာအိုဂြိုဟ်ကြီးပါ တုန်ရီသွားရ၏။ ထို့နောက် ပုံရိပ်ယောင် မီးပင်လယ်ကြီးတစ်စင်းမှာ သူ့အား လွှမ်းခြုံသွားသည့်ပုံပင်။ ၎င်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ဖြစ်ပေသည်။ ထို လူငယ်လေးမှာ အပြင်းအထန်ဒဏ်ရာရထားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ဆယ်ရာခိုင်နှုန်းခန့်ပင် မကျန်တော့ပါသော်လည်း ထာဝရကြယ်အဆင့်တွင် ရှိနေဆဲပင်။

ထိုသို့ဖြင့် ထာဝရကြယ်ကြီး၏ မီးတောက်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင်သာမက သူ၏ နောက်တွင်ရှိနေသည့် ဂြိုဟ်များနှင့် သူ၏ အပြင်ခန္ဓာကိုယ်ပေါ်တွင်ပါ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်အား မီးလောင်တိုက်သွင်းပစ်ချင်နေသည့် ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာ အပြင်းအထန်တုန်ရီသွားရ၏။ ၎င်းတို့ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် တာအိုဂြိုဟ်၏ ပုံရိပ်ယောင်မှာမူ လင်းလက်နေဆဲဖြစ်ပြီး ထာဝရကြယ်ကြီး၏ မီးတောက်များ၏ အောက်၌ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ကြီး၏ မီးတောက်များအား တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံ ပေါက်လာတော့သည်။

သို့သော်လည်း သူသည် ဤနေရာအထိ ရောက်လာရဲလောက်အောင် သတ္တိကောင်းနေသည်ဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲပင်။ ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ မီးတောက်များကြောင့် ပျက်စီးသွားတော့မည့်ပုံ ပေါက်နေသည့်တိုင်အောင် သူ၏ မျက်ဝန်းများမှာ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် သူ၏ ညာဘက်လက်ညှိုးအား ဆန့်ထုတ်ကာ ရှေ့သို့ ဆက်လက်ထိုးခွင်းသွားလိုက်၏။

မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ လက်ညှိုးထိပ်ရှိ ဓားချီများမှာ ပေါက်ကွဲထွက်ပေါ်လာတော့မည် ဖြစ်သည်။ သို့သော် သူ၏ အပြင်ခန္ဓာကိုယ်မှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ မြင့်မားလှသည့် အပူချိန်ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များထဲ၌ အနက်ရောင် အညစ်အကြေးများ ပေါ်ပေါက်လာ၏။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများ အားလုံးမှာ အပြင်ဘက်သို့ ထိုးထွက်လာတော့မည့်ပုံပင်။ ၎င်းတို့မှာ သူ တောင့်ခံနိုင်စွမ်း မရှိတော့သည် အနေအထားသို့ ရောက်ရှိသွားပြီး သူ၏ အပြင်ခန္ဓာကိုယ်အား ဖျက်ဆီးချေမှုန်းပစ်တော့မည် ဖြစ်သည်...

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ မီးပင်လယ်တစ်စင်း ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် ထို မီးပင်လယ်ကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ သူ့အား လုံးဝ အန္တရာယ်မပြုသည့်အပြင် နွေးထွေးမှုများနှင့် အာဟာရဓာတ်များကိုပင် ပေးစွမ်းလိုက်သေးသည်။

ထို့နောက် ၎င်းမှာ အကာအရံ ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားကာ လူငယ်လေး၏ ထာဝရကြယ်ကြီး၏ မီးတောက်များအား ဝင်တိုက်သွားလိုက်၏။ ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထာဝရကြယ်ကြီး၏ မီးတောက်များမှာ တုန်ရီသွားရသည်။ ၎င်းတို့မှာ ပြန်လည်တုံ့ပြန်နိုင်စွမ်းပင် မရှိတော့ဘဲ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်ဘက်၌ ပေါ်ပေါက်လာသည့် မီးပင်လယ်ကြီး၏ ဝါးမျိုခြင်းအား ခံလိုက်ရ၏။ ထိုအခါ ထို မီးတောက်များမှာ အတူတကွ ပေါင်းစည်းသွားကြပြီး ဝမ်ပေါင်လဲ့၏ မီးပင်လယ်ကြီးမှာလည်း အားအင်များ ပြည့်ဖြိုးလာသည့်ပုံပင်။ ၎င်းမှာ အရွယ်စားပိုမိုကြီးမားလာသဖြင့် အဝေးမှကြည့်လိုက်ပါက ဝမ်ပေါင်လဲ့မှာ မီးနတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။

၎င်းမှာ သူ၏ ဝှက်ဖဲဖြစ်သလို သူတစ်ယောက်တည်း ရှေးဟောင်းဓားကြီးအား တိုက်ခိုက်ရဲရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ထို မီးပင်လယ်ကြီးမှာ မီးတောက်ခေါင်းဆောင်ကြီးကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်၏။

မီးတောက်ခေါင်းဆောင်ကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ ထွက်ခွာသွားခဲ့ပါသော်လည်း သူ ချန်ရစ်ထားခဲ့သည့် မီးတောက်များမှာ ကျန်ရစ်နေခဲ့ဆဲပင်။ ဝမ်ပေါင်လဲ့တစ်ယောက် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ထို မီးတောက်များမှာ သူ၏ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့၏။ ၎င်းတို့မှာ ပျောက်ကွယ်သွားသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိနေဆဲပင်။ ထိုမီးတောက်များမှာ သူ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် အကာအရံတစ်ခုအဖြစ် ပေါ်ပေါက်လာလိမ့်မည်ဟု သူက နားလည်ထား၏။

၎င်းအား သူ၏ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီး၏ ကောင်းချီးပေးမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ထို ကောင်းချီးပေးမှု ရှိနေပါက ထိုလူငယ်လေးမှာ ဒဏ်ရာရထားသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ဒေါင်ဒေါင်မြည် အနေအထားတွင် ရှိနေလျှင်တောင် ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။ သို့သော် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ့အား ထိုကဲ့သို့ ကူညီပေးထားသည့်တိုင်အောင် သူ၏ တပည့်ဖြစ်သူ သူ့အပေါ် အလွန်အကျွန် မှီခိုအားထားနေမည်ကို မလိုလားပေ။ ထိုကြောင့်လည်း ထိုမီးပင်လယ်ကြီးမှာ အကာအရံတစ်ခုဖြစ်သာ စွမ်းဆောင်ပေးနိုင်ပြီး အဖျက်စွမ်းအားများ ပိုင်ဆိုင်ထားခြင်းမရှိပေ။

သို့သော် ဝမ်ပေါင်လဲ့အတွက်မူ လုံလောက်ပေသည်။ ထို မီးပင်လယ်ကြီးထဲမှ မီးတောက်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်နှင့် ထာဝရကြယ်အဆင့် လူငယ်လေးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး ပလ္လင်ပေါ်မှ ဆင်းလာရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ညာဘက်လက်ညှိုးမှာ ထာဝရကြယ်အဆင့်လူငယ်လေးအား ထိသွားပြီး ၎င်းထဲရှိ ဓားချီများမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

၎င်းမှာ သူ၏ ဓားအိမ်လေးဖြင့် အားဖြည့်ထားသည့် ဓားချီများဖြစ်၏။ သို့ဖြစ်ရာ ၎င်းမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ပြီး ဝမ်ပေါင်လဲ့၏ အစွမ်းအထက်ဆုံးသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထို အခိုက်အတန့်တွင် ဓားချီများမှာ တရွှီးရွှီးမြည်ကာ ထိုလူငယ်လေးပေါ်သို့ ကျရောက်သွားတော့မည်ဖြစ်သည်။ ထိုသို့ ကျရောက်သွားပါက သူသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဒဏ်ရာများ ရရှိသွားမည် မဟုတ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်၌ ရှိနေပြီးသားဖြစ်သည့် ဒဏ်ရာများမှာ ပို၍ ဆိုးရွားလာမည်ဖြစ်ရာ သူ နှစ်ပေါင်းများစွာ အချိန်ပေး၍ ကုသထားရခြင်းမှာ အလဟဿ ဖြစ်သွားရမည်ဖြစ်သည်။

ထို လူငယ်လေးမှာ ထိုကဲ့သို့သော အဖြစ်မျိုးကို လက်ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် သူ၏ လျှာထိပ်အားကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ သူ၏နှုတ်မှလည်း စူးရှကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။

" ခေါင်းဆောင်ကြီး "

သူ ထိုသို့အော်လိုက်သည်နှင့် သူ၏ နောက်တွင်ရှိနေသည့် တတိယမြောက် ပလ္လင်ကြီးဆီမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ ထို သက်ပြင်းချသံနှင့်အတူ လေပြင်းတစ်ချက် စတင်တိုက်ခတ်လာ၏။ တစ်အောင့်အကြာတွင် လေပြင်းမုန်တိုင်းတစ်ခုမှာ ထို လူငယ်လေး၏ ရှေ့တွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့၏ ဓားချီများမှာ အစွမ်းထက်ပါသော်လည်း ထို လေပြင်းမုန်တိုင်းကြီးကြောင့် ချက်ချင်းကြေမွပျက်စီးသွားရ၏။ ထို လေပြင်းမုန်တိုင်းကြီးမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ဆီသို့ ဆက်လက်ဦးတည်သွားသည်။

တစ်အောင်ခန့်အကြာတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ မီးပင်လယ်ကြီးအား ဝင်တိုက်သွားတော့သည်။ ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ရီသွား၏။ မီးတောက်များမှာ သူ့အား ကာကွယ်ပေးထားသဖြင့် သူသည် ဒဏ်ရာရသွားခြင်းမရှိပါသော်လည်း လေမုန်တိုင်းကြီး၏ ရိုက်ခတ်မှုဒဏ်ကြောင့် နောက်သို့ လွင့်ထွက်သွားရဆဲပင်။ ထို့ကြောင့် သူသည် မြူခိုးများ၏ အပြင်ဘက်သို့ ချက်ချင်းပြန်ရောက်သွား၏။ ထိုအချိန်တွင် လူရိပ်ကြီး တင်ပျဉ်ခွေထိုင်နေသည့် တတိယမြောက်ပလ္လင်ပေါ်မှ ရှေးဆန်ပြီး ဩဇာညောင်းသည့် စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။

" အသင် တိုင်းတစ်ပါးသား။ သင့်ကို နောက်ထပ်တစ်ကြိမ် ထပ်မမြင်ချင်ဘူး။ ထွက်သွားပါ "

မြူခိုးများ၏ အပြင်ဘက်တွင်မူ ဝမ်ပေါင်လဲ့မှာ နောက်သို့ အဆက်မပြတ် လွင့်ထွက်သွားနေဆဲပင်။ ပေတစ်ထောင်အကွာသို့ ရောက်သွားသောအခါမှသာ သူသည် ပြန်လည် ရပ်တန့်သွား၏။ ထို့ကြောင့် သူသည် အသက်ရှုသံများ မြန်ဆန်လာရပြီး ခေါင်းမော့ကာ မြူခိုးထဲရှိ ဒုတိယမြောက်ပလ္လင်အား လှမ်းကြည့်လိုက်သည်။ ထိုအခါ သူသည် ထာဝရကြယ်အဆင့်လူငယ်လေး စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူသည် သူ၏ မျက်လုံးများကို နာကျင်ကိုက်ခဲဲသွားစေခဲ့သည့် တတိယမြောက်ပလ္လင်အား လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။

သူ၏ ရယ်သံကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာပြီး သူ၏ မျက်ဝန်းများမှာလည်း ပို၍ အေးစက်လာ၏။ သူ၏ နှလုံးသားထဲတွင်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားတော့သည်။

" ကြယ်နယ်မြေအဆင့်မှာ ရှိနေရုံနဲ့ အခုလို ဗိုလ်ကျလို့ရမယ်လို့ ခဗျားက ထင်နေတာလား။ ဒီ နေရာမှာ ဘယ်သူက တိုင်းတစ်ပါးသားလဲ "

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ နောက်တွင် ရှိနေသည့် ရှေးဟောင်းဂြိုဟ်များထဲမှ မီးလျှံတာအိုမှာ ချက်ချင်းအသက်ဝင်လာ၏။ ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးကြောင့် သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာခဲ့သည့် မီးတောက်များမှာ ချက်ချင်း ပြန်လည် စုပ်ယူခံလိုက်ရသည်။ သူသည် ထို မီးတောက်များအား အသုံးပြုကာ ရန်သူများအား ထိခိုက်ဒဏ်ရာရအောင် လုပ်၍မရပါသော်လည်း အဟန့်အတားတစ်ခုအဖြစ် အသုံးပြု၍ ရနေဆဲပင်။

သူ ထို မီးတောက်များအား ပြန်၍ ထုတ်လွှတ်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစေလိုက်သည်နှင့် မီးတောက်ခေါင်းဆောင်ကြီး၏ အငွေ့အသက်များမှာလည်း ထွက်ပေါ်လာ၏။ ထိုအခါ တတိယ ပလ္လင်ပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်၏ အစွမ်းထက်ကျင့်ကြံသူကြီးမှာ ဖြည်းညင်းစွာ ခေါင်းမော့လာသည်။ ထို့နောက် သူ၏ မှုန်ဝါးဝါး မျက်နှာပေါ်ရှိ လျှပ်စီးတန်းကဲ့သို့သော မျက်ဝန်းတစ်စုံမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ ထိုအခါ ထို လူရိပ်ကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

" မီးတောက်ခေါင်းဆောင်ကြီးရဲ့ အငွေ့အသက်တွေပါလား။ သူကိုယ်တိုင် ဒီကိုရောက်လာရင်တောင် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ရှေးဟောင်းဓားကြီးကို ဘာလုပ်နိုင်မှာလဲလို့ မင်း သူ့ကို ပြန်မေးကြည့်လိုက် "

" အခုလောလောဆယ်တော့ မင်း လစ်လိုက်တော့ "'

" ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ရှေးဟောင်းဓားကြီး ဟုတ်လား။ ကျုပ်ရဲ့ဆရာ ဘာလုပ်နိုင်မလဲဆိုတာကို မသိပေမဲ့ ကျုပ် ဘာလုပ်နိုင်လဲဆိုတာကို ပြရတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူကြီး၏ စကားကိုကြားလိုက်ရသည်နှင့် မျက်ခုံးတစ်ဖက် ပင့်မိသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးအား အစွမ်းကုန် လည်ပတ်သွားစေလိုက်၏။ ထို ဓားအိမ်လေး တုန်ရီသွားသည်နှင့် သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်ကြီးထဲမှ ထစ်ချုန်းသံများ စတင်ထွက်ပေါ်လာပြီး ရှေးဟောင်းဓားကြီး တစ်လက်လုံးမှာလည်း စတင်တုန်ရီလာတော့သည်။

ထိုမြင်ကွင်းကြောင့် ကြယ်နယ်မြေအဆင့် အစွမ်းထက် ကျင့်ကြံသူကြီးမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားပြီး တည်ကြည်စွာ မေးလိုက်တော့သည်။

" မင်း ဘာလိုချင်တာလဲ "

" သူ သေသွားတဲ့အထိတော့ ကျုပ် မလိုချင်ပါဘူး။ ဒါပေမဲ့ သူ နေအဖွဲ့အစည်း ပြည်ထောင်စုကြီးကို ပြဿနာရှာခဲ့တဲ့အတွက် အပြစ်ပေးခံရတဲ့ အနေနဲ့ အပြင်းအထန် ဒဏ်ရာရသွားပြီးတော့ အနည်းဆုံး နောက်ထပ် အနှစ်တစ်ထောင်လောက် ထပ်ပြီးတော့ အိပ်စက်သွားရတာမျိုး မြင်ချင်တယ် " ဝမ်ပေါင်လဲ့မှာ အေးစက်စက်လေသံဖြင့် ထာဝရကြယ်အဆင့် လူငယ်လေးအား လက်ညှိုးထိုးကာ ဆိုလိုက်၏။ ထိုအခါ ထို လူငယ်လေးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

" မင်းမှာ အဲဒီလို တောင်းဆိုခွင့် မရှိဘူး။ ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်။ ထွက်သွားလိုက်တော့ " အစွမ်းထက်ကျင့်ကြံသူကြီးမှာမူ အခြေအနေအား သုံးသပ်လိုက်ပြီးနောက် အေးတိအေးစက် လေသံဖြင့်သာ ပြန်ပြောလိုက်သည်။

" တောင်းဆိုခွင့်မရှိဘူး ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ဓားအိမ်လေးအား ထိန်းချုပ်နေရင်း ညာဘက်လက်ကို မြှောက်ကာ လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးအား ထုတ်ယူလိုက်သည်။

" မမလေး။ မမလေးဆိုရင်ရော တောင်းဆိုခွင့်ရှိလား "

ထို မျက်နှာဖုံး ပေါ်ပေါက်လာသည်နှင့် မမလေး၏ လူရိပ်မှာလည်း ရုပ်လုံးပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ဘေး၌ မတ်တတ်ရပ်နေလိုက်၏။ သူမသည် လေသံတိုးတိုးဖြင့် သက်ပြင်းချမိလိုက်သည်။ ထို့နောက် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားစဥ်မှာပင် မမလေးမှာ ဦးညွှတ်အရိုအသေပေးလိုက်သည်။

" မင်္ဂလာပါ ဆရာရှင်းယီ "

တတိယမြောက်ပလ္လင်ပေါ်မှ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာမူ နှုတ်ဆိတ်သွားရပြီ ဖြစ်သည်။

" ဒီလောက်နဲ့မှ မလုံလောက်သေးဘူးဆိုရင်... " ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပို၍ပင် မောက်မာဝင့်ကြွားလာ၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော် သူ့အား ကြောက်ရွံ့သွားအောင် လုပ်ထားရန် လိုအပ်ပေသည်။ ထိုသို့သာ မဟုတ်ပါက သူတို့မှာ နေအဖွဲ့အစည်းထဲ၌ အနှေးနှင့်အမြန် ပြဿနာရှာကြမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ရှေးဟောင်းဓားကြီး၏ အပြင်ဘက် စကြာဝဠာကြီးထဲရှိ အင်္ဂါဂြိုဟ်အား လှမ်း၍ လက်ညှိုးထိုးလိုက်တော့သည်။

" အမှောင်အဆောင်ပစ္စည်း.... ပြန်ရောက်လာစေ "

ဝမ်ပေါင်လဲ့ ထိုသို့ ဆင့်ခေါ်လိုက်သည်နှင့် အဝေးတစ်နေရာတွင် ရှိနေသည့် အင်္ဂါဂြိုဟ်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုးမှာ အင်္ဂါဂြိုဟ်၏ အလယ်ဗဟိုမှနေ၍ ပေါက်ကွဲထွက်ပေါ်လာပြီး စကြဝဠာကြီးထဲသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့၏ ဆင့်ခေါ်သံအား တုံ့ပြန်နေသည့်ပုံ ပေါက်နေသည့် အော်ဟစ်အားပေးသံများမှာလည်း စကြဝဠာကြီး တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေပြီ ဖြစ်သည်။

All Chapters