← Chapters

အဆိပ်နဂါး ဆန္ဒ

Vol. 37 Ch. 490

အဆိပ်နဂါး ဆန္ဒ

Vol. 37 Ch. 490

" စစ်ကူ သွားခေါ်တာလား "

လီဖူချန်းက မျက်မှောင်ကြုတ်လိုက် မိပါတယ်။

သူက မိစ္ဆာဗိုလ်ချုပ် သုံးယောက်လောက်ကိုတော့ မျက်လုံးထဲမှာတောင် မထည့်ပါဘူး။ ဒါပေမဲ့ တကယ်လို့ မိစ္ဆာဗိုလ်ချုပ် ၅ယောက်၊ ၆ယောက်လောက်ဆိုရင်တော့ ဂရုစိုက်မှ ရပါတော့မယ်။ သူက အဲလောက်များတဲ့ မိစ္ဆာဗိုလ်ချုပ်တွေကိုတော့ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် သူ့ရဲ့ ပြေးနှုန်းပါပဲ။ သူက လုံလောက်တဲ့ အမြန်နှုန်းတစ်ခုအထိ မပြေးနိုင်ပါဘူး။ အဲသည်အတွက် တကယ့် သေရေးရှင်ရေးတွေမှာ ဆိုရင် အဲဒါက စကားပြော လာပါလိမ့်မယ်။

"ထားလိုက်ပါတော့ကွာ။ သည်ကောင်တွေကို အခုတစ်ကြိမ်တော့ လွှတ်ထားပေးလိုက်ဦးမယ်။ အခုလောလောဆယ်မှာ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်းကို ပြန်ယူတာ အကောင်းဆုံးပဲ "

အဲသည်နောက်မှာတော့ လီဖူချန်းက နတ်ဘုရားမီးတောက် အသွင်ပြောင်းခြင်းကို အသုံးပြုပြီး မီးတောက်တစ်ခု အသွင်ပြောင်းကာ ပျံသန်း ထွက်ခွာသွားခဲ့ပါပြီ ။

" မင်းက သည်နေရာကို လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ ရမယ် ထင်နေတာလား "

သွေးမိစ္ဆာက လီဖူချန်းကို သည်အတိုင်း ထွက်ခွာခွင့် မပြုပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို ထိပ်ကနေ ဆီးပြီး ပိတ်ထားလိုက်ပါတယ်။

" သွားစမ်း "

ဘန်း ...

လီဖူချန်းရဲ့ သွားလမ်းကို ပိတ်ထားတဲ့ အတွက် သွေးမိစ္ဆာ ရလိုက်တာကတော့ လက်သီးတစ်လုံးပါပဲ။ အဲသည်လက်သီးက သွေးမိစ္ဆာကို သွေးပွက်ပွက် အန်သွားစေခဲ့ပါတယ်။

" နေနေစမ်း"

စွမ်းအားမိစ္ဆာကလည်း လီဖူချန်းရဲ့ သွားလမ်းကို သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ ပိတ်ထားပြန်ပါတယ်။

လီဖူချန်းက သူ့ရဲ့ သွားနှုန်းကို မလျော့ချပါဘူး။ သူက လက်သီးနဲ့ သူ့ရဲ့ရှေ့မှာ ပိတ်ထားတဲ့ စွမ်းအားမိစ္ဆာကို ထိုးထည့်ပစ်လိုက်ပါတယ်။

ဝုန်း ...

လက်သီးရာကြီး တစ်ခုက စွမ်းအားမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ်မှာ အထင်းသား ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း စွမ်းအားမိစ္ဆာတွေ ဆိုတာက ခန္ဓာကိုယ် ကြံ့ခိုင်၊ မာကျောမှု အရှိဆုံး မိစ္ဆာမျိုးနွယ်တွေထဲမှာ အပါအဝင် ဖြစ်တဲ့အတွက် သည်လက်သီးချက်က သူ့ကို ဒဏ်ရာအကြီးအကျယ် ရသွားအောင်တော့ မစွမ်းဆောင် နိုင်ခဲ့ပါဘူး။ အဲသည်အတွက် သူက လီဖူချန်းရဲ့ လမ်းကြောင်းကို ဆက်ပြီး ပိတ်ထားနိုင်ဆဲပါပဲ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ဘန်း ... ဘန်း ...

တစ်ယောက်တည်း ပျံသန်း နေရတာနဲ့ အတားအဆီးတွေကို ရှောင်လွှဲပြီး ပျံသန်းနေရတာက မတူညီပါဘူး။ ပုံမှန်ဆိုရင်တော့ လီဖူချန်းအနေနဲ့ မိစ္ဆာစက်ကွင်းတိုက်ရဲ့ ဒုတိယ စက်ကွင်းကနေ ပဉ္စမစက်ကွင်းကို ရောက်ဖို့အတွက်ဆိုရင် အချိန် ဆယ်ရက်လောက်သာ ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း  အခုတော့ သူဟာ မိစ္ဆာစက်ကွင်းတိုက်ရဲ့ စတုတ္ထ စက်ကွင်းကို ရောက်ဖို့တောင် အချိန် ဆယ်ရက် ယူနေရပါပြီ။

အဲဒါကတော့ စွမ်းအားမိစ္ဆာနဲ့ သွေးမိစ္ဆာတို့ရဲ့ ဇွဲနပဲ ကြီးစွာနဲ့ လိုက်လံ တားဆီးနေမှုကြောင့်ပါပဲ။

"သူ့ကို မလွတ်စေနဲ့"

အသံနဲ့အတူ တောင်ပံမိစ္ဆာဟာ တခြား မိစ္ဆာလေးကောင်နဲ့အတူ ရောက်ရှိလာခဲ့ပါပြီ။ သူခေါ်လာတဲ့ မိစ္ဆာတွေကလည်း မိစ္ဆာဗိုလ်ချုပ်တွေက လွဲလို့ တခြားဖြစ်စရာ အကြောင်းမရှိပါဘူး။

" ဟား … ဟား ...  လူသား အစုတ်ပလုတ် ...  သည်နေ့က မင်းရဲ့ သေနေ့ပဲ "

စစ်ကူတွေ ရောက်လာတာကို မြင်လိုက်ရတဲ့ သွေးမိစ္ဆာက ပြုံးဖြဲဖြဲနဲ့ လီဖူချန်းကို လှမ်းပြီး ပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ စကားကို အဖက် မလုပ်ပါဘူး။

ဘန်း ...

လီဖူချန်းက စွမ်းအားမိစ္ဆာကို လက်သီးနဲ့ လွင့်ထွက်သွားအောင် ထိုးပြီး ဆက်ပြေးသွားပါတယ်။

" မင်း ပြေးလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့အသက်ကိုတော့ သည်မှာ ထားခဲ့ရမယ် "

တောင်ပံမိစ္ဆာနဲ့ အသစ်ရောက်လာတဲ့ မိစ္ဆာဗိုလ်ချုပ် လေးပါးကပါ လီဖူချန်းကို ဝိုင်းထားလိုက်ကြပါပြီ။ အခုဆိုရင် လီဖူချန်းဟာ မိစ္ဆာဗိုလ်ချုပ် ခုနစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ မျက်နှာပေါ်မှာတော့ ကြောက်ရွံ့နေတဲ့ အရိပ်အယောင် တစ်စက်ကလေးမှ မရှိပါဘူး။

" သွားစမ်း "

ဟူး ... ဟူး ... ဟူး ...

အနက်ရောင် နဂါးဝိညာဉ် ခိုဝင်ကိန်းအောင်းနေတဲ့ လက်သီးတစ်လုံးက အရှိန်အဟုန် ကောင်းကောင်းနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ အဲသည်လက်သီးချက်က လေဟာနယ်ကိုတောင် စုတ်ပြဲ သွားစေမလိုပါပဲ။

ဘန်း ... ဘန်း ... ဘန်း ...

မိစ္ဆာဗိုလ်ချုပ်တွေထဲက သုံးပါးကတော့ အနောက်ကို လွင့်ထွက်သွားပြီး လီဖူချန်း ကိုယ်တိုင်ကတော့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရပါတယ်။

ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေကို ကြောက်စရာ ကောင်းလွန်းတယ်လို့ ပြောကျတာကလည်း သည်လို အချက်တွေကြောင့်ပါပဲ။ သူတို့ရဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်းက လုံးဝ တရားသေ သတ်မှတ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့တွေက စွမ်းအင် တန်ပြန် ရိုက်ခတ်လာမှု ဒဏ်ကိုလည်း အေးအေးဆေးဆေးပဲ တောင့်ခံနိုင်ကြပါတယ်။

"အားလုံး စုပေါင်းပြီး တိုက်ခိုက်ကြ။ သူက ငါတို့အားလုံးရဲ့ စုပေါင်းတိုက်ခိုက်မှုကို တောင့်ခံနိုင်မယ်လို့ ငါမယုံဘူး "

သွေးမိစ္ဆာက အကြံပြုလိုက်ပြီး ရှေ့ဆုံးကနေ လီဖူချန်းဆီကို ပြေးဝင်သွားပါတော့တယ်။

" အေး "

" ဟုတ်ပြီ "

" အားလုံး အတူတူ တိုက်ကြ "

ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကလည်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပါပြီ။

" လာစမ်းပါ "

လီဖူချန်းကလည်း ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေက လုံးဝ တွန့်ဆုတ်နေခြင်း မရှိပါဘူး။

ဝုန်း ... ဝုန်း ... ဝုန်း ...

ဘန်း ...  ဘန်း ...

"မိစ္ဆာစုတ် ...  ငါမသေခင် မင်းအရင် သေရမယ်"

မိစ္ဆာဗိုလ်ချုပ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံပြီးတဲ့ အချိန်မှာတော့ လီဖူချန်းက ရုတ်တရက် သွေးမိစ္ဆာဆီကို ခုန်ဝင်သွားပြီး လက်သီးနဲ့ ထိုးပစ်လိုက်ပါတော့တယ်။

ခရက် ...

လီဖူချန်းရဲ့ လက်သီးချက်က သွေးမိစ္ဆာရဲ့ ဦးခေါင်းခွံကိုတောင် မြည်သံယဲ့ယဲ့ ထွက်ပေါ်လာစေပါတယ်။

"အား"

သွေးမိစ္ဆာက အသံနက်ကြီးနဲ့ အော်ဟစ်ပြီး အနောက်ကို သွေးရူးသွေးတန်း ဆုတ်သွားခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ အနားကိုလည်း ထပ်ပြီး မကပ်ရဲတော့ပါဘူး။

ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကလည်း လီဖူချန်းကို မျက်လုံး အပြူးသားနဲ့ ကြောင်ပြီး ရပ်ကြည့် နေမိကြပါတယ်။ သူတို့က အစောပိုင်းတုန်းက တိုက်ခိုက်မှုကို အားကုန်သုံးပြီး တိုက်ခိုက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အဲသည်တိုက်ခိုက်မှုတွေက လီဖူချန်းကို သွေးတစ်လုတ် အန်အောင်တောင် မစွမ်းဆောင် နိုင်ခဲ့ကြပါဘူး။

ပြီးတော့ သူတို့က တူညီတဲ့ အတွေးတစ်ခုကိုလည်း တွေးနေမိကြပါတယ်။

'ဒါက ဘယ်လိုတောင် မာကျောကြံ့ခိုင်တဲ့ ခန္ဓာကိုယ်မျိုးပါလိမ့်။ မိစ္ဆာစက်ကွင်းတိုက်ရဲ့ ထိပ်တန်းဗိုလ်ချုပ် ဆယ်ပါးတောင်မှ သည်လို ကြောက်စရာကောင်းတဲ့ ခံနိုင်ရည်မျိုးကို ပိုင်ဆိုင်နိုင်ပါ့မလား' ဆိုပြီးတော့ပေါ့။

ဒါပေမဲ့ သူတို့ မသိတာကတော့ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ် အခန်း၅ရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကိုတောင် ရောက်လုနီးနေပြီ ဆိုတာပါပဲ။

မြေကမ္ဘာ အလယ်အလတ်အဆင့် ငွေကြေးခွံ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့အပြင် ဆင်နဂါး စွမ်းအားတွေရဲ့ အကာအကွယ် ပေးခြင်းကို ခံထားရတဲ့ လီဖူချန်းကိုတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်အောက်က ဘယ်သူကမှ ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းတစ်ယောက် မိစ္ဆာစက်ကွင်းတိုက်ကို အခုလို ရူးရူးမိုက်မိုက် ဝင်လာတယ် ဆိုတာကလည်း သူ့ရဲ့ ကောင်းမွန်လှတဲ့ ခံနိုင်ရည်ကို ယုံကြည်လို့ပါပဲ။

ဟူး ... ဟူး ... ဟူး ...

လီဖူချန်းကတော့ မိစ္ဆာဗိုလ်ချုပ်တွေ အကြောင်သား ဖြစ်နေတဲ့ တဒင်္ဂ အခိုက်အတန့်ကို အခွင့်အရေး ရယူပြီး သူ့ရဲ့ ပြေးနှုန်းကို မြှင့်လိုက်ပါတော့တယ်။ သူ့ရဲ့ ပြေးနှုန်းက နှေးနေဆဲ ဖြစ်ပေမဲ့လည်း  မိစ္ဆာစက်ကွင်းတိုက်ရဲ့ ပဉ္စမစက်ကွင်းနဲ့ တဖြည်းဖြည်း နီးကပ်လာတာကိုတော့ ငြင်းမရပါဘူး။

"မဖြစ်ဘူး။ သည်အတိုင်းဆိုရင်တော့ သူက လွတ်သွားတော့မယ်။ ဘယ်လို လုပ်ကြမလဲ။ ထိပ်တန်း မိစ္ဆာဗိုလ်ချုပ် ဆယ်ပါးကို သွားခေါ်ကြမလား"

သွေးမိစ္ဆာကတော့ အတော်လေး သွေးပျက်နေခဲ့ပါပြီ။

လူတွေက မိစ္ဆာတွေဟာ ကြောက်စရာ ကောင်းလောက်အောင် မာကျောကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားကြတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့လည်း သွေးမိစ္ဆာရဲ့ အမြင်မှာတော့ အဲသည်စကားဟာ လုံးဝ အမှားကြီးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှေ့မှာ ပြေးနေတဲ့ လူသားက မိစ္ဆာတွေထက်ကို ပိုပြီ မာကျောကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ မဟုတ်ပါလား။

" အား ... ဒုက္ခပဲ။ ငါ့ရဲ့ ဆင်နဂါး စွမ်းအားတွေက ကုန်ခန်းစ ပြုလာပြီ "

လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်မိပါတယ်။

သူက တိုက်ပွဲစကတည်းကနေ အခုချိန်အထိ ဆင်နဂါးစွမ်းအားတွေကိုသာ တောက်လျှောက် သုံးစွဲနေခဲ့တာပါ။ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ခုခံတာပဲ ဖြစ်ဖြစ်၊ သူက ဆင်နဂါးစွမ်းအားရဲ့ အထောက်အပံ့ကို လိုကို လိုပါတယ်။  အဲသည်အတွက် သူ့ရဲ့ ဆင်နဂါးစွမ်းအားတွေဟာ အတော်လေး ကုန်ခန်းနေခဲ့ပါပြီ။

အဆိုးထဲက အကောင်းလို့ ဆိုရမလားတော့ မသိပါဘူး။ လီဖူချန်းက သူ့ရဲ့ ဆင်နဂါးစွမ်းအားတွေဟာ ကုန်ခန်းလာလေလေ ပိုပြီး သန့်စင်လာလေလေ ဆိုတာကို သတိပြုမိ လိုက်ပါတယ်။ အဲဒါက ဓားတစ်လက်ရဲ့ အပေါ်မှာ ရှိနေတဲ့ သံချေးတွေကို ခွာပစ်လိုက်သလိုပါပဲ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ ပဉ္စမစက်ကွင်းထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။ မိစ္ဆာဗိုလ်ချုပ် ခုနစ်ပါးကတော့ သူ့ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပါဘူး။

လီဖူချန်းတစ်ယောက် တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ် ရောက်နေတာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သွေးမိစ္ဆာက အော်ဟစ်ပြီး ကြိမ်းဝါးလိုက်ပါတယ်။

" လူသားစုတ် ...  နောက်တစ်ခေါက် သည်မိစ္ဆာ စက်ကွင်းတိုက်ကို ပြန်လာရင် အသေပဲလို့ မှတ်လိုက် "

" ဟမ့်  ...  မင်းကများ ပြောရတယ် ရှိသေး "

ချွမ် ...

လီဖူချန်းကတော့ နှာခေါင်းတစ်ချက်ရှုံ့ပြီး မိစ္ဆာ စက်ကွင်းတိုက်ကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

***

" စုစုပေါင်း ကမ္ဘာဦး မိစ္ဆာသစ်သီး ၁၈၀ ဆိုတော့ ထောက်ပံ့ရေးရမှတ် ၂၇၀၀၀ ရမယ် "

သက်တံနီဂိုဏ်းကို ပြန်အရောက်မှာ လီဖူချန်း ပထမဦးဆုံး လုပ်တာကတော့  ထောက်ပံ့ရေးခန်းမကို သွားပြီး အမှတ်တွေ လဲယူတာပါပဲ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက အချိန်ဆွဲမနေတော့ဘဲ လျှို့ဝှက်ကျမ်းစာဆောင်ကို တက်သုတ်ရိုက် ပါတော့တယ်။

ထောက်ပံ့ရေး ဒင်္ဂါး ၂၄၀၀၀ ပေးအပြီးမှာတော့ လီဖူချန်းဟာ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်း မူပွားကို ရလာခဲ့ပါပြီ။

***

ဟူး ... ဟူး ... ဟူး ...

ဝှစ် ... ဝှစ် ...

မျောလွင့်ဖုန်မှုန့် တောင်ထိပ်မှာတော့ လူငယ်တစ်ယောက်ဟာ လက်သီးသိုင်း တစ်ခုကို ကစားနေပါတယ်။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ။

အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်းကလည်း ပထမပိုင်းလိုပဲ သိုင်းကွက်တစ်ကွက်သာ ရှိတာပါ။ အဲသည်သိုင်းကွက်ကိုတော့ "အဆိပ်နဂါးရဲ့ သြဇာအာဏာ" လို့ ခေါ်ပါတယ်။

ပထမသိုင်းကွက်နဲ့ မတူတာကတော့ သည်သိုင်းကွက်ဟာ သိုင်းဟန်၃မျိုးနဲ့ သိုင်းကွက် အလှည့်အပြောင်း ၈၁မျိုးသာ ရှိတာပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သည်သိုင်းဟန် ၃မျိုးနဲ့ သိုင်းကွက် အလှည့်အပြောင်း ၈၁မျိုးဟာ ပထမသိုင်းကွက်ရဲ့ သိုင်းဟန်၉မျိုးနဲ့ သိုင်းကွက်အလှည့်အပြောင်း ၇၃၆မျိုးထက် ပိုနက်နဲ ရှုပ်ထွေးတယ်ဆိုတာကို သတိပြုမိ လိုက်ပါတယ်။

လီဖူချန်းက အဆိပ်နဂါး လက်သီးသိုင်းရဲ့ ပထမပိုင်းနဲ့တင် အလုံးစုံ တတ်သိနားလည်ခြင်း အဆင့် ရောက်လုနီးပါးဖြစ်အောင် လေ့ကျင့်ထားနိုင်ခဲ့သူပါ။ အဲသည်အတွက် သူဟာ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်းကို နည်းနည်းပါးပါး လေ့ကျင့်လိုက်တာနဲ့ သေချာပေါက် အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်မှာ အသေအချာပါပဲ။

ဂါး … ဂရား ...

လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် နဂါးနက်ဝိညာဉ်ဟာ မာန်ဟုန်အပြည့်နဲ့ ဟိန်းပြီး ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်ဟိန်းသံက မျောလွင့်ဖုန်မှုန့် တောင်တစ်ခုလုံးကို တောင်မှ သိမ့်သိမ့်တုန်သွား စေပါတယ်။ အကာအကွယ် ပေးထားတဲ့ ဝင်္ကပါ အစီအရင်သာ မရှိလို့ကတော့ သည်တောင်ထိပ်ဟာ ဘာဖြစ်သွားမလဲ မသိပါဘူး။

" မဆိုးဘူး။ သည်လက်သီးသိုင်းက ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ၃၀ရာခိုင်နှုန်း တိုးလာစေတာပဲ"

အဆိပ်နဂါး လက်သီးသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားတွေဟာ ၃၀ရာခိုင်နှုန်း မြှင့်တက်လာခဲ့ပါတယ်။

ရုတ်တရက် ဆိုရင်တော့ ၃၀ရာခိုင်နှုန်းဆိုတာက သိပ်မများသလိုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့ ဆိုရင်တော့ ၃၀ရာခိုင်နှုန်း မပြောနဲ့။ ၅ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ရာခိုင်နှုန်း ဆိုရင်တောင်မှပဲ အတော်များနေပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ လီဖူချန်းဟာ သွေးမိစ္ဆာကို ပထမ လက်သီးချက်မှာ ဒဏ်ရာ အပြင်းအထန် ရစေပြီး ဒုတိယ လက်သီးချက်မှာ အသက် ဆန့်တငင်ငင် ဖြစ်သွားအောင် လုပ်နိုင်မယ်လို့ ယုံကြည်မှု ရှိနေပါပြီ။

သွေးမိစ္ဆာက အသက်ပြင်းလွန်းလှတဲ့ အတွက် သူ့အနေနဲ့ အသေသတ်နိုင်ဖို့တော့ ယုံကြည်ချက် မရှိပါဘူး။ အဲသည်သွေးမိစ္ဆာက ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဖြစ်သွားရင်တောင်မှ ဆက်ပြီး အသက်ရှင်နေဦးမယ့် ပုံပါပဲ။

လီဖူချန်း ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ် ခြောက်ပါးထဲမှာ ဆိုရင်လည်း စွမ်းအားမိစ္ဆာက လွဲပြီး ကျန်တဲ့မိစ္ဆာတွေကို လက်သီးချက် အနည်းငယ်နဲ့  သတ်ပစ်နိုင်ဖို့အတွက် ယုံကြည်မှု ရှိပါတယ်။

အဆိပ်နဂါး လက်သီးသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်အပြီးမှာတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကလည်း အရင်ကထက်ပိုပြီး အားကောင်းလာခဲ့ပါပြီ။ သူက သည်အတိုင်း ရပ်နေရင်တောင်မှ သူ့ရဲ့ ခန္ဓာကိုယ်ကနေပြီး ကြောက်စရာကောင်းတဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ် နေပါသေးတယ်။ အဲဒါ မိစ္ဆာနတ်ဆိုး တစ်ပါးရဲ့ ချီအရှိန်အဝါတွေလိုပါပဲ။

"မိစ္ဆာစက်ကွင်းတိုက်ကို ပြန်သွားဖို့အတွက် ငါလောလို့ မဖြစ်သေးဘူး။ မိစ္ဆာစက်ကွင်းတိုက်က ငါထင်ထားတာထက် ပိုအန္တရာယ် ရှိနိုင်တယ်။ ငါ့ရဲ့ အဆိပ်နဂါး လက်သီးသိုင်း တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်းအဆင့် ရောက်မှာပဲ အဲသည် မိစ္ဆာစက်ကွင်းတိုက်ကို  နောက်တစ်ခေါက် ပြန်သွားတော့မယ် "

လီဖူချန်းက မိစ္ဆာစက်ကွင်းတိုက်ကို အခုထိ မမေ့နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်မှာ ကမ္ဘာဦး မိစ္ဆာသစ်ပင် ရှိနေသေးလို့ပါပဲ။ သူက အနည်းဆုံး ကမ္ဘာဦး မိစ္ဆာသစ်သီး ထောင်ပိုင်းလောက်ကို ခူးယူနိုင်မှသာ အာသာပြေမှာပါ။ မဟုတ်ရင်တော့ သူက သည်ကိစ္စကို အမြဲတွေးနေမိပြီး နောင်တ ရနေရပါလိမ့်မယ်။

လီဖူချန်းဟာ အဆိပ်နဂါး လက်သီးသိုင်းအပြင် သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုနဲ့ ဓားသိုင်းကိုလည်း တိုးတက်လာအောင် လုပ်ရမယ် ဆိုတာကို မမေ့ပါဘူး။

နောက်ထပ် သက်တံနီဆေးရည် တစ်ပုလင်းကို သောက်သုံးအပြီးမှာတော့ သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၅ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါပြီ။

သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုနှုန်းကတော့ တကယ့်ကို ကြောက်ခမန်း လိလိပါပဲ။ သူက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၅ကို ချိုးဖောက်ဝင်ရောက် ထားခဲ့တာ မဟုတ်ပါလား။

ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းဟာ ဘာမှ မဟုတ်တော့ပါဘူး။

လီဖူချန်းရဲ့ လက်ရှိ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း အဆင့်ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၉ နဲ့တောင် ယှဉ်လို့ ရနေပါပြီ။ အဲဒါက သူ့ရဲ့ ချီအတွင်းအား ကျင်ကြံခြင်းထက်ကို အပြတ်အသတ် သာနေခဲ့တာပါ။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အဆင့်ကို မြှင့်ဖို့အတွက် မလောပါဘူး။ သူက သူ့ရဲ့ အခြေအနေကို ကောင်းကောင်းကြီး နားလည်ပါတယ်။

သူလေ့ကျင့်နေတဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ ဟာသ မဟုတ်ပါဘူး။ အဲဒါက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်ထက် အများကြီး သာလွန်ပါတယ်။

ချီဆိုတာက ချီအဆီအနှစ်ကနေ ဖြစ်တည်လာတာ ဖြစ်ပြီး ချီအဆီအနှစ်ကတော့ သဘာဝ တရားရဲ့ ဥပဒေသကနေ ဖြစ်တည်လာတာပါ။

တကယ်လို့ လူတစ်ယောက်အနေနဲ့ ချီအတွင်းအား ကျင့်ကြံမှုမှာ အဆင့်တက်ချင်ရင်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘောသဘာဝကို အရင်ဆုံး နားလည်ရပါမယ်။ အဲသည်လိုမှပဲ အဲသည်လူဟာ ချီအတွင်းအားတွေနဲ့ ချီအဆီအနှစ်တွေကို ကောင်းကောင်းကိုင်တွယ် သန့်စင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာကို ရနိုင်မှာ ဖြစ်ပါတယ်။

သည်လမ်းစဉ် နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်က ပိုပြီး ကြမ်းတမ်းပြီး တဲ့တိုး ဆန်ပါတယ်။

ကျင့်ကြံသူက သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မာကျောမှုနဲ့ ခန္ဓာကိုယ် အပြင်အားကို ရောက်သွားသရွေ့ကတော့ အဆင့်တက်သွားတာပါပဲ။

ဒါပေမဲ့လည်း ခန္ဓာကိုယ်အတွင်းက မသန့်စင်မှုတွေကိုတော့ နည်းနည်း သတိထားရတာပေါ့။ ခန္ဓာကိုယ် အတွင်းမှာ မသန့်စင်မှုတွေ အရမ်း များလာရင်တော့ ခန္ဓာကိုယ် အပြင်အားကို ကျင့်ကြံသူဟာ အဆင့်တက်တာ နှေးသွားနိုင်ပါတယ်။

တစ်ခါတစ်ရံမှာဆိုရင် ခန္ဓာကိုယ် တစ်ခုလုံးတောင် ပေါက်ကွဲသွားနိုင် ပါသေးတယ်။

သည်လိုနဲ့ပဲ အချိန်လဝက် ကြာလွန်သွားခဲ့ပါပြီ။

လီဖူချန်း ကျင့်ကြံမှုမှာ ပထမဆုံး အဆင့်တက်တာကတော့ အဆိပ်နဂါး လက်သီးသိုင်း မဟုတ်ဘဲ ချီအတွင်းအား ကျင့်ကြံမှု ဖြစ်ခဲ့ပါတယ်။

သက်တံနီ နတ်ဘုရားမီးတောက် အဆင့်၂၇၊ ကြယ်၆ပွင့် မီးလျှံအရိုး တည်ဆောက်ပုံနဲ့ သက်တံနီ ဆေးရည်တို့ရဲ့ ပေါင်းစည်းမှုကြောင့် လီဖူချန်းဟာ အဆင့်တက်ဖို့အတွက် ဘာအခက်အခဲမှ မတွေ့ခဲ့ရပါဘူး။

အချိုပေါ် သကာဆင့် ဆိုသလိုပါပဲ။ လီဖူချန်းတစ်ယောက် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ကို ရောက်သွားခဲ့အတွက် သူ့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အသိစိတ် အာရုံတို့ကလည်း မသိမသာလေး တိုးတက်လာခဲ့ ပါသေးတယ်။

လူတစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အသိစိတ် အာရုံ ဆိုတာက သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုနဲ့ တိုက်ရိုက် အချိုးကျနေတာ မဟုတ်ပါလား။

နောက်ထပ်လဝက် ထပ်အကြာမှာတော့ လီဖူချန်းရဲ့ အဆိပ်နဂါး လက်သီးသိုင်းဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိသွားပါတော့တယ်။

အဲသည်အတွက် သူ့ရဲ့ နဂါးနက် ဝိညာဉ်ထဲမှာ ဆိုရင်လည်း အဆိပ်နဂါး ဆန္ဒ ပါဝင်လာခဲ့ပါပြီ။ အခုဆိုရင် သူ့ရဲ့ လက်သီးချက်ဟာ လေဟာနယ် ဟင်းလင်းပြင်ထဲမှာ အသေးစား ပေါက်ကွဲမှုလေးတွေ ဖြစ်ပေါ်စေတာကိုလည်း လီဖူချန်းရဲ့ အသိစိတ်အာရုံက ခံစားမိနေပါတယ်။ အဲဒါကတော့ သူ့ရဲ့ လက်သီးဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသကိုတောင် သက်ရောက်စေနိုင်စွမ်း ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲသည်ပေါက်ကွဲမှုတွေက တကယ့်ကို မသိသာတဲ့ အသေးစားလေး ပေါက်ကွဲမှုလေးတွေ ဖြစ်နေရင်တောင်မှပေါ့။

***

All Chapters