← Chapters

အစီအစဥ်၊ ပြဿနာနှင့် အခက်အခဲများ

Vol. 48 Ch. 659

အစီအစဥ်၊ ပြဿနာနှင့် အခက်အခဲများ

Vol. 48 Ch. 659

ကျောက်အပိုင်းအစများ နံဘေး၌... ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်ကာ လက်ဝါးထက်ရှိ ဟင်းလင်းပြင် လက်စွပ်ကို စစ်ဆေးနေခဲ့၏။ ၎င်းက အနည်းငယ် တုန်ရီနေကာ အတွင်းရှိ နေရာလွတ် ဟင်းလင်းပြင်မှာ လဲပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်က... ဝေ့ဝူယင်မှာ ကျောက်တုံး အပိုင်းအစ တစ်ခုကို ထိုလက်စွပ်အတွင်း ထည့်သွင်းကြည့်ရန် ကြိုးစားခဲ့၏။ ၎င်းတို့ထဲတွင် မည်သည့် ကြမ်းတမ်းသည့် စွမ်းအင်မျိုးကိုမှ မခံစားရသဖြင့် သူက ထည့်သွင်းလို့ ရ၊ မရ စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ကံဆိုးစွာပင်... သတ္တုရိုင်း အတွင်းရှိ မမြင်နိုင်သော စွမ်းအားမှာ လက်စွပ်၏ ဟင်းလင်းပြင် စွမ်းအင်ကို သက်ရောက်စေကာ ဝင်္ကပါများနှင့် ဖွဲ့စည်းပုံ စနစ်ကိုပင် ပျက်ရွင်းသွားစေခဲ့သည်။

“ဒီလျှို့ဝှက် အဆင့် သတ္တုရိုင်းကို ဟင်းလင်းပြင် လက်စွပ်တွေထဲ ထည့်သိမ်းလို့ မရဘူးလား... ဘာလို့လဲ... လက်စွပ်ရဲ့ အဆင့် ကန့်သတ်ချက်ကြောင့်လား.. ဒီသတ္တုရိုင်းရဲ့ သဘာဝကြောင့်လား... ဒါမှမဟုတ် နှစ်ခုလုံးနဲ့ သက်ဆိုင်နေမလား”

ဝေ့ဝူယင်မှာ ရှုထောင့် အမျိုးမျိုးမှ ဆန်းစစ်ကြည့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း... အဖြေအတိအကျကို သူ ရှာတွေ့ခြင်း မရှိပါချေ။

သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေသည့် အရာဝတ္ထုများ အကြောင်းကို သေမျိုး အဆင့်ဖြင့် နားလည်ရန် ကြိုးပမ်းရခြင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးက ထူးခြားသည့် အမြင်စွမ်းရည်ကို သူ့ထံ ပေးအပ်ထားသည့်တိုင် ကိုယ်ပိုင် ကျင့်ကြံခြင်း အခြေခံက ပြန်လည် တားဆီးထားသည်။ ထိုအရာက သူ့ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် သေမျိုးတာအိုကို ကျော်လွန်သော အရာဝတ္ထုများနှင့် ထိတွေ့ဖူးခြင်း ဖြစ်သည်။ ဒြပ်စင် ရတနာသိုက်ထဲတွင်ပင် လျှို့ဝှက် အဆင့် ရင်းမြစ်များ၊ လက်နက်များနှင့် ရတနာများ မရှိချေ။

“လက်စွပ်ထဲကို ထည့်တာက အသုံးမဝင်ဘူး ဆိုတော့ ဟင်းလင်းပြင် ပုံဆောင်ခဲခြင်းက အလုပ်ဖြစ်မလား ကြည့်ရသေးတာပေါ့”

ဝေ့ဝူယင်က တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ ဟင်းလင်းပြင် ပုံဆောင်ခဲခြင်းမှာ အာကာသကို တုန်လှုပ်စေနိုင်သည့် အစွမ်း ရှိသည်။ ထိုအရာက အခြား ကျင့်ကြံသူများကို အ ချက်ပေးသလို ဖြစ်စေမည်လား မသိနိုင်ချေ။ မည်သို့ပင် ဆိုစေ... လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စွမ်းရည်က သူ့ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည် မဟုတ်ပါလား။

သို့သော်လည်း... အစီအစဥ်များကို အသက်သွင်းရန် အတွက် လျှို့ဝှက် အဆင့် သတ္တုရိုင်းအား လုံခြုံစွာ သိမ်းဆည်းနိုင်မည့် နည်းလမ်းကို အရင်ရှာဖွေရလိမ့်မည် ဖြစ်သည်။ အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းရင်း ဝေ့ဝူယင် ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း စွမ်းရည်ကို အသက်သွင်းလိုက်၏။ သွေးမျိုးဆက် စွမ်းအင်နှင့် ဟင်းလင်းပြင် အင်အားတို့ နိုးထလာစဥ်မှာပင် ဝေ့ဝူယင်က လက်များကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်။

ဟူး... လား... လား...

အနီးအနားရှိ ဟင်းလင်းပြင်မှာ တုန်ရီလာကာ လှိုင်းများ ဖြာထွက်သွား၏။ ထိုအရာက အနန္တ ကုန်းမြေတိုက်ကြီးကို လက်ညိုးအရွယ် အထိ ကျုံ့ဝင်သွားစေခဲ့သည့် လှုပ်ရှားမှုနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း... ဤကျောက်တုံး အပိုင်းအစ၏ အရွယ်အစားမှာ အနန္တ ကုန်းမြေတိုက်ကြီး၏ အပုံတစ်သန်းပုံ တစ်ပုံပင် မရှိချေ။

တစ်စက္ကန့်လောက် စမ်းသပ်ပြီးချိန်မှာပင် ဝေ့ဝူယင်၏ အမူအရာက အလျှင်စလို ပြောင်းလဲသွား၏။ သူက ချက်ချင်းပင် စမ်းသပ်မှုကို ရပ်ဆိုင်းကာ ပိုင်လင်၏ သားမွေးများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

“ပိုင်လင်... အောက်ကို...”

ပိုင်လင်မှာ အနည်းငယ် အံ့သြသွားသည့်တိုင် အလျှင်မြန်ဆုံး တုန့်ပြန်လိုက်၏။ သူမက ခန္ဓာကိုယ်ကို ဖျပ်ခနဲ လှည့်ကာ တစ်စက္ကန့်မျှပင် တုန့်ဆိုင်းခြင်း မရှိပါပဲ အောက်သို့ ထိုးစိုက်ဆင်းသွားခဲ့သည်။ သူမက နိဗာန မီးတောက်များကို ထုတ်ဖော်ခြင်း မရှိပဲ ထို့အစား အတောင်ပံများကိုသာ လွှဲကာ သဘာဝ ပျံသန်းနည်းကို အသုံးပြုထား၏။

တစ်ချိန်တည်း၌ ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း တစ်ခုကို ထုတ်ဖော်လိုက်ရင်း ဝိညာဥ်အင်အားဖြင့် ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ချက်ချင်းပင်... ဖုံးကွယ်ခြင်း အစီအရင်မှာ ဖြာကျလာကာ သူတို့၏ အော်ရာနှင့် စွမ်းအင် အားလုံးကို ဖုံးအုပ်သွား၏။ ဆက်တိုက်ဆိုသလိုပင် မြေကြီးဒြပ်စင် အင်အားက သူတို့ ခန္ဓာကိုယ်များကို ဝန်းရံသွားကာ ဟင်းလင်းပြင်ထဲတွင် မြောလွင့်နေသည့် အသက်မဲ့ ကျောက်တုံး တစ်ခု အသွင် ပြောင်းလဲလိုက်သည်။

ဝှစ်... ဝှစ်...

မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် ပုံရိပ် ငါးခုမှာ ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ အပြာရောင် ဆင်တူ သုံးယောက်မှ လွဲ၍ အခြား နှစ်ယောက်မှာ မတူကွဲပြားသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည်။ ခေါင်းဆောင် နေရာယူထားသည့် ပုဂ္ဂိုလ်မှာ မျက်တွင်းချိုင့်ချိုင့်၊ ပိန်လှီလှီ အသက်လတ် ယောက်ျား တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... သူ၏ အော်ရာကတော့ အလွန် အစွမ်းထက်ပုံပင်။

ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးများကို အသုံးပြုကာ သူတို့ကို မိုင်အနည်းငယ်ခန့် အကွာအဝေးမှ စောင့်ကြည့် နေခဲ့၏။

“အချိန်သခင် လေးယောက်... ကြယ်တာရာ သခင် တစ်ယောက်... မတူညီတဲ့ အင်အားစု သုံးခု...”

ဝေ့ဝူယင်၏ နှလုံးသားမှာ လေးပင်သွား၏။ ကင်းထောက်အဖွဲ့တွင်ပင် ကြယ်တာရာသခင် တစ်ယောက် ပါဝင်နေခြင်းကို ထောက်ချင့်ရပါက ပင်မ အင်အားစုတွင် လျှို့ဝှက် အာဏာရှင် အဆင့် ပါဝင်နေမှာ သေချာသည်။ အတိအကျ အတည်မပြုနိုင်သေးသည့်တိုင် ဤပုံရိပ်ငါးခုမှာ ခေါင်းဆောင်များထက် လက်အောက် ငယ်သားများနှင့်သာ ပိုမို၍ တူပေသည်။

အကယ်၍ သူသာ ခေါင်းဆောင် ဆိုပါက ဘယ်တော့မှ လက်အောက်ငယ်သားများနှင့် အတူ ထွက်၍ ကင်းထောက်လိမ့်မည် မဟုတ်ချေ။ နေရာတကာကို ကိုယ်တိုင် ဝင်ပါနေရမည် ဆိုလျှင်... အဘယ်ကြောင့် လက်အောက် ငယ်သားများ ထားနေတော့မည်နည်း။

သူတို့မှာ ဝိညာဥ် အာရုံကို အသုံးပြုကာ အချင်းချင်း ဆက်သွယ် ပြောဆိုနေကြ၏။ ဝေ့ဝူယင်တို့ ရှာဖွေ တွေ့ရှိထားသည့် ကျောက်တုံးကို ကြည့်ရင်း သူတို့ မျက်နှာထက်၌ အံ့သြမှု အငွေ့အသက် အချို့က နေရာယူ နေခဲ့သည်။

သူတို့ ငါးယောက်မှာ တစ်စုံတစ်ယောက်ကို အကြိတ်အနယ် ဆွေးနွေး နေကြဟန် ရကာ အဆုံးသတ်၌ ခေါင်းဆောင် ဖြစ်ဟန်တူသူက နက်မှောင်သော အမူအရာဖြင့် ခေါင်းခါလိုက်၏။ ထို့နောက်... သူက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ကျောက်တုံးကို ကြယ်တာရာ အ်ငအားဖြင့် ရစ်ပတ်ကာ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို ဝိညာဥ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်။

ဝေ့ဝူယင်မှာ တုတ်တုတ်မျှ မလှုပ်ပဲ အသက်အောင့် ထားလိုက်၏။ ထိုကျင့်ကြံသူများကို သူ မကြောက်သည့်တိုင် နောက်ကွယ်ရှိ ခေါင်းဆောင်များကိုတော့ ဂရုစိုက်ရပေလိမ့်မည်။ အကယ်၍ သူ ရှိနေကြောင်း ရှာဖွေ တွေ့ရှိသွားပါက အပ်နှင့် ထွင်းရမည့် အနာကို ပုဆိန်နှင့် ထွင်းရလိမ့်မည် ဖြစ်သည်။

ပိန်လှီလှီလူ၏ ဝိညာဥ်အာရုံက ဝေ့ဝူယင်တို့ကို အသက်မဲ့ ကျောက်တုံး တစ်ခု သဖွယ် မှတ်ယူကာ ကျော်ဖြတ် သွား၏။ မိနစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့က ပြန်လည် ထွက်ခွာ သွားခဲ့ကြသည်။

ဝေ့ဝူယင်မှာ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ လျှို့ဝှက်အဆင့် သတ္တုရိုင်းများ ပါဝင်နေသည့် ကျောက်တုံးကြီး ဆုံးရှုံးသွားသည့် အပေါ် သူက မည်သည့် ဒေါသ အရိပ်အငွေ့မှ မပြပါချေ။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက တိတ်တဆိတ်ပင် ကျင့်ကြံသူများ၏ အော်ရာကို ခြေရာခံကာ မကြာခင်မှာပင် လေလွင့်ကောင်းကင် ဂြိုဟ်တစ်ခု၏ အနား၌ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။

၎င်းမှာ နတ္ထိ ဟင်းလင်းပြင် အတွင်း၌ လွင့်မြောနေသည့် တစ်ခုတည်းသော လေလွင့်ကောင်းကင် မဟုတ်ပါချေ။ သို့သော်လည်း ၎င်းတို့ အားလုံးမှာ အသက်ဓာတ် ကင်းမဲ့ကာ လှုပ်ရှားမှု ကင်းမဲ့နေ၏။

“အဲဒီနေရာလား...”

ထိုဂြိုဟ်၏ အနီးတစ်ဝိုက်တွင် ဖုံးကွယ်ခြင်း ဝင်္ကပါ အချို့ ရှိနေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်သည်။ သို့သော်လည်း ဓာတ်ငွေ့ ထူထပ်သော မျက်နှာပြင်မှ လွဲ၍ ဂြိုဟ်ပေါ်၌ မည်သည့် ထူးခြားချက် တစ်စုံတစ်ရာကိုမှ သူ ရှာမတွေ့ခဲ့ချေ။

“သူတို့က ကျွန်တော့် အစာကို ယူသွားမယ်...”

ပိုင်လင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။ လျှို့ဝှက်အဆင့် သတ္တုရိုင်းများမှာ သူမ အတွက် အလွန် အရသာ ရှိပေသည်။ ထိုအရသာမျိုးကို သူမ အများကြီး စားသောက်ချင်သည်။

သို့သော်လည်း... ထိုခွေးသူခိုးများက သူမ ဥစ္စာကို လာရောက် ခိုးယူသွားကြသည်။ အားလုံးကို လောင်ကြွမ်း ပစ်လိုသည့် ဆန္ဒ တစ်ခုက သူမ၏ ရွှေရောင် မျက်လုံးများထဲတွင် ရောင်ပြန်ဟပ် လာခဲ့၏။

“မင်း သူတို့ကို အာရုံခံနိုင်တာလား...”

ဝေ့ဝူယင်က အံ့သြသွားကာ မေးလိုက်၏။ လက်ရှိ၌ သူတို့မှာ မြေကြီး အင်အား၏ ဝန်းရံမှု အလယ်တွင် ရှိနေခြင်း ဖြစ်ကာ ဝိညာဥ်အင်အားက ထပ်ဆင့် ကာရံထားပေသေးသည်။ ထိုကဲ့သို့ အခြေအနေတွင် ပိုင်လင် သူတို့ကို အာရုံခံနိုင်ခြင်းက အံ့သြဖွယ်ရာပင် ဖြစ်သည်။

“သူတို့က အရမ်း ထင်ရှားနေတာကိုး...”

ပိုင်လင်က အမှတ်တမဲ့ပင် အဖြေပေးလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပိုမို၍ပင် တောက်ပလာသည်။

“မင်းက အသက်အော်ရာတွေကို မြင်နိုင်တာလား...”

ပိုင်လင်မှာ တွေးတောဟန်ဖြင့် ငြိမ်သက်သွား၏။ ထို့နောက်... သူမက လည်တိုင်ရှည်ကြီးဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

“အဲဒီလို ဖြစ်မယ် ထင်တယ်... နိဗာန အသွင်ပြောင်းခြင်း အောင်မြင်ပြီးတည်းက သခင်နဲ့ ထန်ဂူက လွဲလို့ တခြား ဘယ်သက်ရှိကိုမှ မတွေ့ခဲ့ရတာလေ... အဲဒါကြောင့် ဒီစွမ်းရည်ကို သတိမထားမိတာ”

ဝေ့ဝူယင်က နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်၏။ ကျင့်ကြံခြင်းမှာ ကိုယ်တိုင် ရှာဖွေ ဖော်ထုတ်ခြင်းနှင့် တွေ့ရှိခြင်း အကြောင်းပင် ဖြစ်သည်။ သူ့ကိုယ်၌တွင်ပင်... မစမ်းသပ်ရသေးသည့် စွမ်းရည် များစွာ ရှိနေသေးဆဲ ဖြစ်သည်။

“ငါ့အသက်အော်ရာကို မင်း မြင်နိုင်လား...”

ဝေ့ဝူယင်က မေးလိုက်၏။ ပိုင်လင်က ခေါင်းကို ခါယမ်းပြလိုက်သည်။

“ကျွန်တော် ရိုးရိုးပဲ မြင်ရတယ်”

ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားကာ သဘောပေါက် သွား၏။ ကြည့်ရသည်က သူ၏ ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်မှာ သူ၏ အသက်အော်ရာကို ထွန်းလင်း မလာအောင် ပိတ်ဆို့ထား၍ ဖြစ်ပုံ ပေါ်သည်။ ထို့ကြောင့်ပင် ပိုင်လင်မှာ သူ အသစ်တွေ့ရှိထားသည့် စွမ်းအင်ကို ယခုမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မင်း အဲဒီဂြိုဟ်ကို မြင်ရလား... အဲဒီနေရာမှာ အသက်အော်ရာတွေ ရှိလား”

ဝေ့ဝူယင်က မေးလိုက်၏။ သူက သူတို့ နှစ်ယောက်စလုံး အပေါ် ဝိညာဥ်အာရုံဖြင့် ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်သည်။ စုံစမ်း စစ်ဆေးနေစဥ် အချိန်အတွင်း အရိပ်အမြွက် တစ်စုံတစ်ရာ ထွက်ပေါ်မည်ကိုမှ သူ မလိုလားချေ။

ပိုင်လင်က ဝေ့ဝူယင် ညွှန်ပြသည့် နေရာကို လှမ်းကြည့်လိုက်သည်။ သူမ၏ ရွှေရောင် မျက်လုံးများ အတွင်းတွင် နိဗာန မီးတောက် အချို့မှာ ဖျပ်ခနဲ တောက်ပသွားသည်။

“တွေ့တယ်... အများကြီးပဲ... အတော်များတယ်...”

ပိုင်လင်၏ အသံက အံ့အားသင့်မှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ မည်မျှ မိုက်လိုက်သည့် စွမ်းအင်နည်း။ သူမက ထိုမျှ အံ့အားသင့်စရာ ကောင်းသည်လား။

ဝေ့ဝူယင်က ပိုင်လင်၏ မျက်လုံးများကို ကြည့်ကာ လတ်တလောတွင် ကောင်းကင်ဘုံ နတ်မျက်လုံးထက်ပင် ပိုမို အစွမ်းထက်နေကြောင်း သဘောပေါက် လိုက်၏။ သူမက သူပင် မမြင်နိင်သည့် သေမျိုး အကန့်အသတ် အလွန် အစွမ်းထက် အစီအရင်များကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

ပိုင်လင်နှင့် အတန်ကြာ အပြန်အလှန် ဆက်သွယ်ပြီးနောက်၌ ဂြိုဟ်မျက်နှာပြင်ထက်တွင် အကြမ်းဖျဥ်းအားဖြင့် ကျင့်ကြံသူ ၁၂၀၀၀ ခန့် ရှိနေကြောင်း ဝေ့ဝူယင် နားလည်လိုက်သည်။ ပိုင်လင်၏ အဆိုအရဆိုလျှင်... သူတို့ထဲမှ အချို့မှာ ငြိမ်သက်နေကာ အချို့ကတော့ တက်ကြွစွာ လှုပ်ရှား နေကြသည်။ ဂြိုဟ်မှာ အကြမ်းဖျဥ်းအားဖြင့် အနန္တ ဧကရာဇ်ဂြိုဟ်လောက်ပင် အရွယ်အစား ရှိရာ ၎င်းက အလွန်အမင်း အဖိုးတန်မှာ သေချာပေသည်။

စောစောပိုင်းက လျှို့ဝှက် အဆင့် သတ္တုရိုင်း ပါဝင်နေသည့် ကျောက်တုံး အပိုင်းအစ တစ်ခုကို သူ ဟင်းလင်းပြင် ပုံဆောင်ခဲရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ အောင်မြင်ခဲ့သည့်တိုင် ခန့်မှန်းခြေ အရဆိုလျှင်... ဂြိုဟ်တစ်ခုလုံးကို ပုံဆောင်ခဲရန် အတွက် အနန္တ ကုန်းမြေတိုက်ကြီးထက် ပိုမို၍ စွမ်းအင် အလွန်အမင်း ကုန်ဆုံးမှာ သေချာသည်။ နောက်ဆုံး၌ စွမ်းအင် ပြတ်လတ်သွားမည်လားပင် မပြောတတ်ချေ။

အင်အားစု သုံးခု၊ ဂြိုဟ်တစ်ခု အရွယ် ရှိသည့် မိုင်းတွင်း၊ ဖြစ်နိုင်ချေ ရှိသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ...

ဝေ့ဝူယင်မှာ ခါးသီးစွာ ပြုံးလိုက်မိ၏။ ကမ္မတန်ဖိုးများစွာကို သည်အတိုင်း ဆုံးရှုံးခံလိုက်ရတော့မည်လော။

အစီအစဥ် ၁၊ ၂၊ ၃ တို့ကို သူ စွန့်လွှတ်လိုက်ရပြီ ဖြစ်လေသည်။ သူ့တွင် သူတို့ကို ရင်ဆိုင်နိုင်သည့် ခွန်အားာ မရှိသလို ဂြိုဟ်တစ်ခုလုံးကို ကျုံ့ပစ်နိုင်သည့် စွမ်းအားလည်း မရှိပါချေ

“နေဦး...”

ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ တစ်စုံတစ်ရာကို သတိရဟန်ဖြင့် တဖျပ်ဖျပ် တောက်ပသွား၏။ သူက လျှို့ဝှက် အဆင့် သတ္တုရိုင်း ပါဝင်နေခြင်း မရှိသည့် သာမန် ရိုးရိုး ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်သည်။

ပိုင်လင်မှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ရင်း အနည်းငယ် တုန်ရီသွား၏။ ထိုအမူအရာကို သူမ အလွန် ရင်းနှီးနေသည် မဟုတ်ပါလား။

“သူ အသုံးဝင်ဖို့ပဲ မျှော်လင့်ရတော့တာပေါ့...”

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့ကို ဝန်းရံနေသည့် မြေကြီး အကာအရံမှာ ကျိုးပဲ့သွား၏။ ထို့နောက် သူက လျှင်မြန်စွာပင် ကြယ်တာရာ ဖြည့်တင်းဆေး အချို့ကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

မကြာခင်မှာပင် လူတစ်ယောက်နှင့် ကြိုးကြာငှက် တစ်ကောင်မှာ လေလွင့်ကောင်းကင် ဂြိုဟ်ဆီသို့ စတင် ရွေ့လျား လိုက်ကြတော့သည်။

All Chapters