← Chapters

ပြေးသူ လိုက်သူ

Vol. 48 Ch. 660

ပြေးသူ လိုက်သူ

Vol. 48 Ch. 660

“တကယ် စိတ်ပျက်စရာ ကောင်းလိုက်တာကွာ...”

ရောင်စုံ အင်ပါယာ ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမော ခန့်ညားသော သက်လတ်ပိုင်း တစ်ယောက်မှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တရကြမ်း ပျံသန်းနေ၏။ ဓားရှည် ကဲ့သို့ ဖြောင့်တန်းသည့် သူ၏ မျက်ခုံးမွေးများက ရှေ့သို့ အနည်းငယ် စိုက်နေကာ မျက်လုံးများမှာ စူးရဲ တောက်လောင်သည့် အလင်းရောင်တို့ဖြင် ပြည့်နှက်နေသည်။

“တကယ့်ကို စိတ်ပျက်စရာပါကွာ...”

ဝူယူက နောက်တစ်ကြိမ် ထပ်မံ ရေရွတ်လိုက်၏။ လျှို့ဝှက် ဝိညာဥ်အဆင့် အထွတ်အထိပ် တစ်ယောက် အနေဖြင့် သူ၏ အရှိန်က သာမန် မျက်စိဖြင့် မမှီနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ သိပ်မကြာခင်မှာပင် ဝူယုမှာ အလယ်အလတ် အရွယ်ရှိသည့် လတစ်ခု အနားသို့ ချည်းကပ်လာခဲ့သည်။

တည်နေရာကို အတည်ပြုပြီးနောက်တွင် ၎င်းက တော်ဝင် ကလန် ရှစ်ခု အနက် တစ်ခု ဖြစ်သည့် ဟယ်ကလန်ပိုင်၊ အဏ္ဏဝါ နယ်မြေ အတွင်းတွင် တည်ရှိကြောင်း ဝူယု သဘောပေါက် လိုက်သည်။ ဆုံးဖြတ်ချက် ချဟန်နှင့် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် ဝူယုက အရှိန်ကို ထပ်မံတင်ကာ လဆီသို့ ပျံသန်း လိုက်တော့၏။

“ရပ်လိုက်စမ်း...”

နောက်နားဆီမှ ဝိညာဥ်အသံ တစ်ခု ထွက်ပေါ်လာကာ အာကာသ ဟင်းလင်းပြင်ကိုပင် တုန်ရီသွားစေခဲ့၏။

“ဒါပေါ့ ရပ်မှာပေါ့... ငါ့ကို စဥ်းစားဖို့ အချိန် နည်းနည်း ပေးပါဦး”

ဝူယုက ဝိညာဥ်အသံကို ပြန်လည် ထုတ်လွှတ်လိုက်၏။ သို့သော်လည်း... သူ၏ ခန္ဓာကိုယ်ကတော့ ရှေ့သို့ ဆက်လက် ရွေ့လျားနေဆဲ ဖြစ်ကာ လေထုအလွှာအတွင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

နောက်မှ ဒေါသတကြီး နှာခေါင်းရှုံ့သံ တစ်ခု ပေါ်ထွက်လာ၏။ သူတို့က အရေအတွက်အားဖြင့် စုစုပေါင်း လေးယောက် ဖြစ်ကာ ခန္ဓာကိုယ်များကို သာမန် သေမျိုးများ မမြင်နိုင်သည့် အစီအရင်များဖြင့် ဖုံးကွယ် ထားသည်။

သူတို့ အားလုံးမှာ ရေခဲ အပြာရောင် သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားကာ တူညီသည့် ရေခဲ အော်ရာများကို ပိုင်ဆိုင်ထား၏။ ဝတ်စုံ၏ ရင်ဘတ်ရှေ့ တည့်တည့်တွင်တော့ “ပင်း” ဆိုသည့် စကားလုံးကို လျှို့ဝှက် သင်္ကေတများဖြင့် ရေးထိုးထားသည်။

သူတို့ကား တော်ဝင် မျိုးနွယ် ရှစ်ခု အနက် တစ်ခု ဖြစ်သည့် ပင်းကလန်မှ လူများပင် ဖြစ်လေသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ရက်စက် ကြမ်းကြုတ်သည့် အော်ရာကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။ အကယ်၍ မျက်နှာကိုသာ ဖုံးကွယ် မထားပါက ထိုမိန်းကလေးမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် ပင်းထန်း ဖြစ်ကြောင်း အလွယ်တကူ မှတ်မိနိုင်လိမ့်မည် ဖြစ်သည်။ ပင်းမျိုးနွယ်၏ ထိုထိပ်သီး ကျင့်ကြံသူမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က အာရုဏ်ဦး နေမီးတောက် ဆေးလုံး ရွှေလေလံပွဲတွင် ပါဝင် ယှဥ်ပြိုင်ခဲ့ဖူးသည်။

ဝူယုမှာ နောက်သို့ လှည့်မကြည့်ရဲချေ။ သူက မဟာ အသွင်ပြောင်းခြင်း ဒုတိယ အဆင့်ကို ထုတ်ဖော်ထားကာ အင်ပါယာ ကောင်းကင် အော်ရာကို အမြင့်ဆုံးထိ မြှင့်တင်ထား၏။

မဟာ ဧကရာဇ် ကျင့်စဥ်တွင်... ပထမ အသွင်ပြောင်းခြင်းကို အောင်မြင်သည်နှင့် ကျင့်ကြံသူမှာ လောကဖိအားကို ပြိုင်စံရှား အင်ပါယာ ဖိအား အဖြစ် ပြောင်းလဲလာနိုင်ကာ ပြိုင်ဘက်များကို ဖိနှိပ်၍ အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိလာသည်။

ဒုတိယ အသွင်ပြောင်းခြင်း၏ စွမ်းရည်ကတော့ အင်ပါယာ ကောင်းကင် အော်ရာကို အသုံးပြုကာ ကြယ်တာရာ အမြုတေ သို့မဟုတ် လျှို့ဝှက် အမြုတေ အတွင်းရှိ အမတေ စွမ်းရည်များ၏ အရည်အသွေးကို မြှင့်တင်နိုင်ခြင်း ဖြစ်သည်။

အကယ်၍ ထိုပြိုင်စံရှား စွမ်းအား ကြောင့်သာ မဟုတ်ပါက သေမျိုးတစ်ပိုင်း အရှင်အဆင့် တစ်ယောက်၏ လက်၌ သူ အဖမ်းခံရသည်မှာ ကြာလှပြီ ဖြစ်သည်။

တတိယ အသွင်ပြောင်းခြင်းကတော့ ကောင်းကင် ဧကရာဇ် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို အမြင့်ဆုံးထိ ရောက်အောင် မြှင့်တင် ပေးနိုင်စွမ်း ရှိသည်။

ဝူယုမှာ တတိယ အသွင်ပြောင်းခြင်းကို မသုံးရဲသေးချေ။ သေမျိုးတစ်ပိုင်းအရှင် အဆင့်ကို မရောက်ခင် ရုပ်ခန္ဓာကို အကန့်အသတ်ထိ သုံးပါက စက္ကန့်ပိုင်း အတွင်း ပေါက်ကွဲကာ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။ လက်စွပ်ထဲတွင် ဝိညာဥ်အဖြစ် နောက်တစ်ကြိမ် ပြန်နေရန်ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။

“လျှို့ဝှက် ဝိညာဥ်အဆင့် တစ်ယောက်က ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ...”

ပင်းထန်း၏ နောက်ရှိ သံချပ်ကာဝတ် လူများထဲမှ တစ်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ အဆင့်တူ လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်လက်မှ ဆက်တိုက် လွတ်မြောက်နေရအောင်... ထိုပုဂ္ဂိုလ်က မည်သူနည်း။

“သူ ဘယ်သူလဲ ဆိုတာ ငါတို့ ဖော်ထုတ်ကြတာပေါ့...”

ပင်းထန်း၏ ရေခဲကဲ့သို့ အေးစက်သော အသံက အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပျံ့နှံ့လာ၏။ သူမက လျှို့ဝှက် အမြုတေ အတွင်းရှိ စွမ်းအားများကို ထပ်မံ တိုးမြှင့်လိုက်ကာ အခြား သုံးယောက်ကိုပါ ဆက်သွယ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့၏ အရှိန်က မူလကထက် အဆများစွာ ပိုမို တိုးမြင့် သွားတော့၏။

ဝူယု၏ ခေါင်းတစ်ခုလုံးကား အရေးပေါ် အချက်ပေးသံများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆိုပါက မိနစ်ပိုင်း အတွင်းမှာပင် သူ အဖမ်းခံရလျှင် ခံရ၊ ထိုထက် ပိုဆိုးလျှင် အသတ်ခံရတာမျိုးပင် ဖြစ်သွားနိုင်ချေ ရှိသည်။

“အဲဒါ အားလုံးက သူ့ အမှားပဲ...”

ဝူယုက အံကို တင်းတင်းကြိတ်ရင်း အရှိန်ကို တိုးမြှင့်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် လက်နားဆီမှ ထူးဆန်းသော အသံတစ်ခုကို သူ ကြားလိုက်ရသည်။ ထိုအရာက ဝေ့ဝူယင် ပေးအပ်ထားသည့် လက်စွပ်ဆီမှ အချက်ပြမှု တစ်ခု ဖြစ်ကြောင်း ဝူယု ချက်ချင်း သဘောပေါက် လိုက်၏။

“နောက်ထပ် ဝိညာဥ်စာ တစ်စောင်လား...”

ဝူယုက အံ့အားသင့်သွားကာ လက်စွပ် အတွင်း ဝိညာဥ်အာရုံကို ပို့လွှတ်လိုက်၏။ ထို့နောက်... ထူးဆန်းသော အလင်းနှင့် အပြန်အလှန် ဆက်သွယ်လိုက်သည်။ ဤသည်က အချိန်ကောင်း မဟုတ်သည့်တိုင် ဝေ့ဝူယင်၏ ကောက်ခါငင်ကာ ဆက်သွယ်မှုကို လျစ်လျူရန် သူ့တွင် ဆန္ဒ မရှိချေ။

ဝှစ်... ဝှစ်...

တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်က ဂြိုဟ်ရံလ အနီးသို့ ရောက်ရှိကာ ယင်းကို ဒိုင်းကာ သဖွယ် အသုံးပြု၍ တန်ပြန် တိုက်ခိုက်မှု တစ်ခု ဖော်ထုတ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အလွန် တိုတောင်းသည့် ထိုအခိုက်အတန့် ကလေး တစ်ခုတွင်ပင် သူ့ မျက်လုံးများမှာ ထူးဆန်းသော အလင်းများဖြင့် ပြည့်နှက် သွား၏။

“ဒါက ဘာလဲ...”

အခြားတစ်ဖက်၌ ပင်းကလန်မှ လူများမှာ အမှောင် ဟင်းလင်းပြင်ထဲတွင် မူမမှန်မှု တစ်ခု ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်၏။ သူတို့က မျက်မှောင်ကြုတ်ကာ ဝူယုနောက်သို့ ဆက်မလိုက်တော့ပဲ ရပ်တန့် လိုက်ကြသည်။

ဝှစ်... ဝှစ်...

ထို့နောက်... စက္ကန့်ဝက်မျှ အတွင်းမှာပင် ထိုဂြိုဟ်ရံလ အနီး၌ အနက်ရောင် အစက် တစ်ခု ဖြစ်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရ၏။ ထိုအစက်က အနားစွန်းများတွင် ရောင်စုံ အလင်းများဖြင့် တောက်ပနေကာ ဟင်းလင်းပြင် စွမ်းအင်များကို ထုတ်လွှတ်နေသည်။

ဟင်းလင်းပြင် ဝင်ပေါက် တစ်ခု...

ဝူယု၏ မျက်လုံးများမှာ မိုင်ထောင်ဂဏန်းခန့် အကွာရှိ အနက်ရောင် အစက်ကို ကြည့်ကာ အံ့သြမှုများနှင့် ပြည့်နှက်သွား၏။ သို့သော်လည်း... စဥ်းစားရန် အချိန် မရှိကြောင်း သူ သိပေသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက မူလ နေရာမှ ပျောက်ကွယ်သွားကာ ထိုနေရာသို့ ရောက်ရှိသွား၏။

“ပြန်တွေ့ကြတာပေါ့...”

ဝူယုက နောက်သို့ လှည့်ကြည့်လိုက်ရင်း ပင်းထန်းနှင့် နောက်လိုက် သုံးယောက်ကို ပြုံးပြလိုက်သည်။ ထို့နောက်... သူက လက်ဝှေ့ယမ်းပြလိုက်ကာ ထပ်မံ တုန့်ဆိုင်းခြင်း မပြုတော့ပဲ အနက်ရောင် ဟင်းလင်းပြင် ဝင်ပေါက်ထဲကို လှမ်းဝင် လိုက်တော့သည်။

ထို့နောက်... တစ်စက္ကန့်၏ တစ်ပုံ တစ်ရာပုံ တစ်ပုံမျှ အတွင်းမှာပင် ဝူယုမှာ အနက်ရောင် အစက်အပျောက်နှင့် အတူ ပျောက်ကွယ် သွားခဲ့တော့၏။

“ ... “

ပင်းထန်းတို့ သုံးယောက်မှာ မိုင်သောင်းပေါင်းများစွာ အကွာအဝေးမှ နေ၍ ထိုမြင်ကွင်းကို ကြည့်နေခဲ့မိ၏။ မည်သည့် အရာများ ဖြစ်သွားသနည်း။

“ပင်းမျိုးနွယ်တွေက ဘာလို့ ဟယ်မျိုးနွယ်ရဲ့ ပိုင်နက်ထဲကို ရောက်လာရတာလဲ...”

ထိုအခိုက်တွင်ပင်... အလွန် ကျယ်လောင်သည့် မိုးခြိမ်းသံကြီး တစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်ကာ ပျံ့လွင့်လာခဲ့၏။

ထိုအသံကို ကြားလိုက်ရသည်နှင့် ပင်းထန်း၏ မျက်လုံးများက ထိတ်လန့် ချောက်ချားမှုများနှင့် ပြည့်နှက်ကာ တုန်ရီသွားခဲ့တော့သည်။

“ဟယ်မျိုးနွယ်ရဲ့ မြေကြီး ရှန့်ထို...”

All Chapters