ဝူယု
Vol. 48 Ch. 661
ရင်းမြစ် ပြည်ထောင် ကြယ်တာရာ နယ်မြေနှင့် ရတနာအလင်း ကြယ်တာရာ နယ်မြေတို့ အကြား... နတ္ထိ ဟင်းလင်းပြင် တစ်ခု၌...
ကြယ်တာရာ အမြုတေ အဆင့်နှစ် ‘လျှို့ဝှက် ဝိညာဥ် အဆင့်’ သုံးယောက်မှာ နောက်လိုက်နောက်ပါများနှင့် အတူ လေလွင့်ကောင်းကင်ဂြိုဟ် တစ်ခု၏ လေထုအလွှာ အစပ်၌ ရှိနေခဲ့၏။ သူတို့၏ မျက်လုံးများက လောဘ အလင်းများဖြင့် တလက်လက် တောက်ပနေကာ အကန့်အသတ်မဲ့သည့် အနာဂတ်ကို တွေးတောကာ စိတ်ကူးယဥ် နေဟန် ရသည်။
ခုတ်ပိုင်းခြင်းဓား ပူးပေါင်း ဝင်ရောက်လာသည့် နေ့မှ စ၍ ရေတွက်လျှင် အချိန် သုံးပတ် တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရိတ်သိမ်းခြင်းဓား အဖွဲ့မှ ကျွမ်းကျင် လုပ်သားများ၏ ပါဝင် အားဖြည့်မှုဖြင့် သူတို့၏ လုပ်ငန်းစဥ်က အဆများစွာ ပိုမို တိုးတက်လာခဲ့ကာ သုံးပတ် အတွင်းမှာပင် မိုင်းတွင်း ဗဟိုကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
ယနေ့၌ တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်မှာ ဟင်းလင်းပြင် သင်္ဘောများထက်တွင် နောက်တစ်ကြိမ် ပြန်လည် စုစည်းမိကြပြီ ဖြစ်လေသည်။ သူတို့က အခြား ဟင်းလင်းပြင် မုဆိုးများကို စွဲဆောင်မိစေနိုင်သည့် ရုန်းရင်းဆန်ခတ် ဖြစ်စဥ်မျိုး ဖြစ်ပေါ် မလာစေပဲ တာရာ သတ္တုရိုင်းများကို အလျှင်မြန်ဆုံး တူးဖော်နိုင်ရေး အစီအစဥ်များ ရေးဆွဲ ချမှတ်နေကြခြင်း ဖြစ်သည်။
ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ တိမ်ပြာ၏ ရှေ့တွင်ပင် သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
“ခင်ဗျားတို့ အားလုံးက ဒီဂြိုဟ်ရဲ့ တန်ဖိုးကို တကယ် လျှော့တွက်ထားကြတာပဲဗျ... အစောကြီးတည်းက အပျော်တမ်း သမားတွေနဲ့ မဟုတ်ပဲ ကျွမ်းကျင် လုပ်သားတွေနဲ့ စသင့်တာ”
ခါတိုင်း အခြေအနေမျိုးတွင် ခုတ်ပိုင်းခြင်းဓား၏ ပြစ်တင်ဝေဖန်မှုကို ခံရပါက တိမ်ပြာမှာ ကျိန်းသေ ပေါက်ကွဲလိမ့်မည် ဖြစ်သော်လည်း... ယခုတွင်တော့ သူ့မျက်နှာ တစ်ခုလုံးမှာ အပြုံးပန်းများဖြည့် ပြည့်ဝေ နေဆဲ ဖြစ်သည်။ ဂြိုဟ်၏ တန်ဖိုးမှာ သူတို့ ခန့်မှန်းထားသည်ထက် ပိုများသည်လား။
“စုစုပေါင်း တန်ဖိုးက ဘယ်လောက်လဲ...”
ခွန်ရီမင်က အနည်းငယ် သုန်မှုန်သည့် လေသံဖြင့် မေးလိုက်၏။ ခုတ်ပိုင်းခြင်းဓားမှာ အလွန်ပင် စိတ်လှုပ်ရှားနေလေရာ စကား မမှားအောင်ပင် သတိထားနေရသည်။
“ဗဟိုချက်တစ်နေရာတည်းမှာတင် တာရာ လျှို့ဝှက် သတ္တုရိုင်းတွေက မိုင်းတွင်းတစ်ခုလုံးရဲ့ လေးဆယ် ရာခိုင်နှုန်းလောက် စုစည်းနေတာ... တကယ်လို့ ငါတို့သာ ဂြိုဟ်တစ်ခုလုံးကို တူးဖော်နိုင်မယ် ဆိုရင် လျှို့ဝှက် ကျောက်တုံး ၁၇၀၀၀ လောက် တန်ဖိုးရှိမှာ သေချာတယ်”
“...“
ခွန်ရီမင်နှင့် တိမ်ပြာတို့ နှစ်ယောက်စလုံးမှာ ဆွံ့အသွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။
“တစ်... တစ်သောင်း... ခု... ခုနစ်ထောင်တောင်...”
“ဟုတ်တယ်... ၁၇၀၀၀ အတိအကျပဲ...”
ခုတ်ပိုင်းခြင်းဓားက အားရပါးရ ရယ်မောရင်း ခေါင်းညိတ် ပြလိုက်၏။ တိမ်ပြာ၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ ခွန်ရီမင်မှာလည်း ထိုင်ခုံ လက်တန်းများကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်မိသည်။
“အဲ့တာက...”
တိမ်ပြာမှာ စကားလုံးများပင် ပျောက်ရှနေခဲ့၏။ ဂြိုဟ်၏ တန်ဖိုးက မူလ ခန့်မှန်းချက်ထက် အဆပေါင်း များစွာ သာလွန်နေလေရာ သူ မည်ကဲ့သို့ အံ့အား မသင့်ပဲ နေနိုင်ပါမည်နည်း။
သူ့ ကိုယ်ပိုင် အတွေ့အကြုံနှင့် ဗဟုသုတများ အရဆိုလျှင် ထိုမိုင်းတွင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် တတိယမြောက် အကြီးဆုံး တာရာလျှို့ဝှက် သတ္တုရိုင်း မိုင်းတွင်း ဖြစ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ ထိုအကြောင်းသာ ပျံ့နှံ့သွားပါက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ စစ်တလင်း အဖြစ်ပင် ပြောင်းလဲသွားပေလိမ့်မည်။
လေထု၏ အခြေအနေက အနည်းငယ် တင်းကြပ်သွားကြောင်း ခုတ်ပိုင်းခြင်းဓား သဘောပေါက် လိုက်၏။ အခြားလူ နှစ်ယောက်၏ မျက်နှာကို ကြည့်ရင်း သူ၏ အမူအရာက တည်ငြိမ်သွားသည်။
“ကျုပ်တို့ကြားမှာ ဒီကိစ္စကို တိုးတိုးတိတ်တိတ် ဖြေရှင်းလို့ရပါတယ်... ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ယုံကြည်ချက် ရှိဖို့တော့ လိုတယ်...”
“ငါတို့အတွက် လျှို့ဝှက် ကျိန်စာ လိုတယ်...”
ခွန်ရီမင်က ပြောလိုက်၏။ တိမ်ပြာကလည်း ခေါင်းညိတ်လိုက်သည်။ တိမ်ပြာမှာ ထိုလျှို့ဝှက် ဝိညာဥ် အဆင့် နှစ်ယောက်ကို ကြည့်ကာ လျှို့ဝှက် ကျိန်စာက မပြင်းထန်လွန်းဘူးလားဟု စိတ်ထဲမှ မေးခွန်းထုတ် လိုက်မိသည်။ သို့သော်လည်း... မဟာမိတ် နှစ်ယောက်၏ မျက်လုံးများထဲရှိ အလွန် လေးနက်သော အလင်းကို တွေ့မြင်ပြီး နောက်တွင်တော့ သူက ခေါင်းညိတ် သဘောတူရန်သာ ဆုံးဖြတ်လိုက်၏။ မည်သို့ပင် ဆိုစေ... သတင်း ပေါက်ကြားခြင်း၏ ရှုပ်ထွေ ပွေလီလှသော နောက်ဆက်တွဲ ပြဿနာများကို နားလည်ရန် သူက အခြားနှစ်ယောက်ထက် ငယ်ရွယ်လွန်း နေသေးသည် မဟုတ်ပါလား။
လျှို့ဝှက် ကျိန်စာ အပါအဝင် အနာဂတ် အစီအစဥ်များ အကြောင်းကို သူတို့ သုံးဦးသား ဆက်လက်၍ ခေါင်းချင်းဆိုင် ဆွေးနွေး နေကြချိန်တွင်ပင်... အမှောင် ဟင်းလင်းပြင်ထဲ၌ အာကာသ လှိုင်း တစ်ချို့ ဖြာထွက်လာသလို သူတို့ ခံစားလိုက်ကြရ၏။
ဝှစ်... ဝှစ်...
ချက်ချင်းပင် သူတို့ သုံးယောက် စလုံး၏ ခန္ဓာကိုယ်များက ပျောက်ကွယ်သွားကာ အာကာသ တစ်နေရာတွင် ပြန်ပေါ်လာသည်။
သူတို့၏ အရှေ့ မိုင်ပေါင်း ရာဂဏန်းခန့် အကွာအဝေးတွင်တော့ ရောင်စုံ အလင်းများ ဝန်းရံနေသည့် အနက်ရောင် အစက်အအပျောက်မှာ လျှင်မြန်စွာပင် ပေါ်လာနေခဲ့၏။
“...”
လျှို့ဝှက် ဝိညာဥ်အဆင့် သုံးယောက် စလုံး၏ အကြည့်များက မခန့်မှန်းနိုင်သည် အထိ သုန်မှုန်သွားသည်။ ထိုအရာက မည်ကဲ့သို့ ဟင်းလင်းပြင် ဖြစ်စဥ်မျိုးနည်း။
“ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုလား...”
သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုကဲ့သို့ သဘာဝ နည်းလမ်းဖြင့် ဂိတ်တံခါး တစ်ခု ဖြစ်ပေါ်လာသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
“အာကာသ ဝေဟင်ဂိုဏ်း...”
တိုင်ပင် မထားရပါပဲ တူညီသည့် နာမည်တစ်ခုက သူတို့ သုံးယောက်စလုံး၏ စိတ်ထဲတွင် မိုးခြိမ်းသလို မြည်ဟီး သွားသည်။
ဝှစ်...
သူတို့ ကြည့်နေစဥ်မှာပင် ရောင်စုံ အင်ပါယာ ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ ဟင်းလင်းပြင် ဝင်ပေါက်ထဲမှ ထွက်လာခဲ့၏။ ထို့နောက် သူ၏ နောက်ရှိ အနက်ရောင် အစက်အပျောက်မှာ တစ်ခါမှ မရှိဖူးသလို ပျောက်ကွယ်သွားသည်။
ပုံရိပ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနီးအနားတွင် ဂြိုဟ်တစ်ခု ရှိနေသည်ကို သတိထားမိလိုက်၏။ ထိုမှ တစ်ပါး ၎င်းက အမှောင်ထု အတိပြီးသည့် နတ္ထိ ဟင်းလင်းပြင်ဖြစ်ကာ နေကြယ် အလင်းတစ်စပင် မရှိပါချေ။
“ဟမ်...”
ဝူယုမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ ဝေ့ဝူယင်က ဘယ်မှာနည်း။ မဟာ ဧကရာဇ်၏ အတွေး မဆုံးမသတ်ရသေးခင်မှာပင် အလွန် ပြင်းထန်သည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများမှာ သူ့အပေါ် ပုံကျ လာခဲ့တော့သည်။
"ဘာတုန်းဟ...”
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ခံလိုက်ရရာ ဝူယုမှာ ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။ သို့သော်လည်း... သတ်ဖြတ်ခြင်း အော်ရာ ပိုင်ရှင် သုံးယောက်လုံးမှာ သူနှင့် အဆင့်တူများ ဖြစ်ကြောင်း သိရသော အခိုက်၌ ဝူယုမှာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
သို့သော်လည်း... ဝူယုမှာ အထင်သေးရဲခြင်း မရှိပါချေ။ သူက ဝိညာဥ်အာရုံကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လေ့လာလိုက်၏။ တစ်ခဏ အတွင်းမှာပင်... ဖုံးကွယ်ခြင်း ဝင်္ကပါများဖြင့် ကာရံထားသည့် ဟင်းလင်းပြင် သင်္ဘော သုံးစင်း အပါအဝင် ကျင့်ကြံသူများမှာ သူ့အာရုံအတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က ဤလေလွင့်ကောင်းကင် ဂြိုဟ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေဟန် ရသည်။ လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်မှာ ထိုလျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အတွက် သူ့ကို သတ်လိုနေခြင်း ဖြစ်ပေလိမ့်မည်။
ဝူယုက ပုံရိပ် သုံးခုကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ ထိုပုဂ္ဂိုလ်များက အဘယ်ကြောင့် ချက်ချင်း မလှုပ်ရှားကြသေးကြောင်း သူ နားမလည်ချေ။
“မဟုတ်မှ လွဲရော သူတို့က ငါ့ကို ထွက်ပြေးဖို့ အခွင့်အရေး ပေးနေကြတာလား...”
သို့သော်လည်း... အဆင့်တူများ ကျင့်ကြံသူများထံမှ အကြည့်တစ်ချက်ဖြင့် ထွက်ပြေးရလောက်အောင် သူက လူကြောက် တစ်ယောက် မဟုတ်ပါချေ။ ထို့အပြင် ဝေ့ဝူယင်က သူ့ကို ထွက်ပြေးဖို့ သက်သက် ခေါ်ခဲ့ခြင်း မဖြစ်နိုင်ချေ။
ဝေ့ဝူယင်မှာ အခြေအနေကို မည်ကဲ့သို့ အကဲဖြတ်ရမှန်း မသိအောင် ဖြစ်နေခဲ့၏။ ဝေ့ဝူယင်က ဘယ်မှာနည်း။ သူက ထိုကျင့်ကြံသူများ၏ ဖမ်းဆီးခံရထားသည်လော။
အကယ်၍ ဝေ့ဝူယင် ဖမ်းဆီးခံရထားသည်ဆိုလျှင် သည်အတိုင်း လှည့်ထွက်သွားဖို့ သာ၍ပင် မဖြစ်နိုင်သေးသည်။ အထူးသဖြင့်... အဆုံးမဲ့ ကောင်းကင်လို ပိုမို အဆင့်မြင့်သည့် ကျင့်ကြံခြင်း နယ်မြေတစ်ခုထံ ရောက်ရှိလာပြီးနောက်တွင် အဆင့်ကိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ အခန်းကဏ္ဍက မည်မျှ အရေးပါကြောင်း သာ၍ပင် သူ နားလည်လာခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့်က ထာဝရ ဧကရာဇ်၏ ပံ့ပိုးမှုကို ဆုံးရှုံးပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်း လမ်းစဥ်မှာ ရပ်တန့် သွားခဲ့ရကာ တတိယ အဆင့်ကို တက်လှမ်းရာ၌ ကျဆုံးခဲ့သည်။ ကပ်ဘေးအတွင်း သူ၏ ခန္ဓာကိုယ်မှာ ပျက်စီးခဲ့ရကာ အသက်ပင် ဆုံးရှုံးလုနီးပါး အထိ ဖြစ်ခဲ့သည်။ ထာဝရ ဧကရာဇ်နှင့် အတု ပါသွားသည့် ဟယ်ယန်းလဲ့ ဆိုသည့် ကောင်လေး ပင်လျှင် မြေကြီးရှန့်ထို တစ်ယောက် ဖြစ်လာခဲ့ကြောင်း သိရှိရပြီး နောက်တွင် သူ ပို၍ပင် ခါးသီးမှုကို ခံစားခဲ့ရသည်။
ဝေ့ဝူယင်မှာ သူ့ဘဝ အတွက် ဒုတိယမြောက် အခွင့်အရေး ဖြစ်သည်။ မည်သည့် အကြောင်းရင်းနှင့်မှ သူ လက်မလွှတ်နိုင်ချေ။
အရှေ့ရှိ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယေက်ကို ကြည့်ရင်း ဝူယု အခြေအနေကို အကျဥ်းချုပ် ဆန်းစစ်ရန် ကြိုးပမ်းလိုက်၏။
“ဟင်းလင်းပြင် ဝင်ပေါက်ကတော့ ဝေ့ဝူယင် ပိုင်တဲ့ဟာ ဆိုတာ သေချာတယ်... အနန္တ ဧကရာဇ် ဂြိုဟ်ပေါ်မှာတုန်းက သူက အဲဒီ စွမ်းအားကို သုံးပြီး အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်ကို သယ်လာခဲ့ဖူးတယ်... အခု ငါ့ကိုတောင် နေရာ ရွှေ့ပြောင်းပေးနိုင်ပုံ ထောက်ရင် သူ့ရဲ့ ကျင့်ကြံခြင်းက အချိန်တို အတွင်း အတော် တိုးတက်လာတဲ့ပုံပဲ... သူက တကယ်ကြီးကို အာကာသ ဝေဟင်ဂိုဏ်းနဲ့ တစ်ခုခု ပတ်သက်နေတာလား... နောက်ပြီး သူ့လည်ပင်းမှာ ဝတ်ထားတဲ့ ကောင်းကင်ကျောက်စိမ်းသော့ကလည်း...”