ဝူယု (၂)
Vol. 48 Ch. 662
အခြားတစ်ဖက်၌ လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်မှာလည်း ဝူယုကို မျက်ခြေမပြတ် အကဲခတ် နေကြ၏။ လုံလောက်သည့် အချိန်အတွင်း ဝူယု ထွက်ခွာမသွားသည်ကို မြင်ရသော အခိုက်၌ သူတို့၏ အမူအရာများက ပိုမို၍ နက်မှောင်လာသည်။
“သူဆက်ပြီး နေနေဦးမယ် ဆိုရင် တာရာ လျှို့ဝှက် မိုင်းတွင်းကို သတိထားမိဖို့ အခွင့်အရေး ပိုများသွားလိမ့်မယ်”
တိမ်ပြာက ပြောလိုက်၏။
“ငါတို့ သူ့ကို သတ်လိုက်သင့်တယ်... သေတဲ့လူကပဲ လျှို့ဝှက်ချက်ကို ထိန်းနိုင်မှာ... တကယ်လို့ သူသာ ရတနာအလင်း ကြယ်တာရာ နယ်မြေကဆိုရင် သတင်းပျံ့သွားတာနဲ့ သေမျိုးတစ်ပိုင်း အရှင်အဆင့်တွေပါ ရောက်လာနိုင်တယ်...”
ခုတ်ပိုင်းခြင်းဓားကလည်း ဆိုလိုက်၏။
“...”
ခွန်ရီမင်ကတော့ ငြိမ်သက်နေဆဲ ဖြစ်သည်။ သူမက ကောင်းသည်၊ ဆိုးသည် ဘာမှ ဝင်ရောက် ပြောဆိုခြင်း မရှိချေ။
“ဒါမှမဟုတ်လည်း ငါတို့ သူ့ကို ဝေစုတစ်ခုပေးပြီး ဝင်ပါခိုင်းလို့ ရတာပဲလေ... ငါတို့ သုံးယောက် ပေါင်းရင်တောင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို သတ်ဖို့က အရမ်း ခက်တယ်... တကယ်လို့ သူ လွတ်သွားရင် ကြုံလာရမယ့် နောက်ဆက်တွဲ ပြဿနာတွေက အရမ်းကို များတယ်... ဘယ်လိုပဲ ဖြစ်ဖြစ် သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ အာကာသ ဝေဟင်ဂိုဏ်းက ဖြစ်နေနိုင်တယ်လေ”
တိမ်ပြာက ဆက်လက် ပြောလိုက်လေသည်။ သို့သော်လည်း ခုတ်ပိုင်းခြင်းဓားက ပြတ်ပြတ်သားသားပင် ခေါင်းခါလိုက်၏။
“ဝေစုခွဲပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး... သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ် ဆိုပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ... အနည်းဆုံး သူ့ကို ငါတို့ ဝိုင်းဖမ်းလို့ ရတာပဲ... ငါတို့မှာ ဟင်းလင်းပြင် စစ်သင်္ဘော သုံးစင်း အပြင် လျှို့ဝှက် ကြယ်တာရာ အဆင့် လက်အောက်ငယ်သားတွေလည်း ရှိတာပဲ... တကယ်လို့ သေချာ ဝိုင်းပြီး ဖမ်းမယ်ဆိုရင် သူ ဘယ်ကို ပြေးလို့ လွတ်မှာလဲ...”
ခွန်ရီမင်က တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ကို တစ်လှည့်စီ ကြည့်လိုက်၏။ တစ်ယောက်က ငြိမ်းချမ်းရေးနှင့် ခွဲဝေမှုကို ရွေးချယ်ခဲ့စဥ်တွင် အခြား တစ်ယောက်က အကြမ်းဖက်မှုကို လိုလားခဲ့သည်။ သူတို့ နှစ်ယောက်စလုံးက ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် မှန်ကန်ပေသည်။ သို့သော်လည်း... သတင်းသာ ပျံ့နှံ့သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ခွန်ရီမင် သိပေသည်။
"ငါတို့ လှုပ်ရှားမယ့် လမ်းကိုပဲ ရွေးကြတာပေါ့”
နောက်ဆုံး၌ ခွန်ရီမင်က ဆုံးဖြတ်ချက် ချလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... စမိသည့် အလုပ်ကို သူမတို့ ဆုံးအောင် လုပ်ရလိမ့်မည် ဖြစ်သည်။ မည်သည့် အကြောင်းရင်းနှင့်မျှ လုပ်ငန်းစဥ်ကို အနှောင့်နှေး၊ အပျက်ရွင်း မခံနိုင်ချေ။
တိမ်ပြာက တစ်ခဏမျှ တွေးတောလိုက်၏။ သူ၏ မျက်လုံးများက လေးနက်သော အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ ငြိမ်းချမ်းရေးကို အဆိုပြုခဲ့သည့်တိုင် သတင်းပေါက်ကြားခြင်း၏ အကျိုးဆက်များကို သူ နားလည်ပေသည်။ ခုတ်ပိုင်းခြင်းဓားနှင့် သူ့အကြားတွင် ပြဿနာ အချို့ ရှိသည့်တိုင် ဤသည်က ကန့်လန့်တိုက်ရမည့် အချိန် မဟုတ်ပါချေ။
နောက်ဆုံး၌ သူက ခေါင်းတစ်ချက် ညိတ်ကာ သဘောတူလိုက်၏။ ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အလင်းတန်းများဖြင့် တောက်ပလာကာ ဓားအော်ရာမှာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံလာသည်။ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် မတိုက်ခိုက်ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင်... သူတို့ သုံးယောက်မှာ ဟင်းလင်းပြင် သင်္ဘောများထံ ဝင်္ကပါများကို အသင့်ပြင်ထားရန် အမိန့်များ ပေးပို့လိုက်ကြ၏။
ဝူယု၏ ဘယ်ဘက်မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည်။ သူတို့က တိုက်ခိုက်ကြတော့မည်လော။ ဟင်းလင်းပြင် သင်္ဘောများထံမှ တိုက်ခိုက်ရေး ဝင်္ကပါများ အသက်ဝင်လာသည်ကို သူ ခံစားမိသည်။ သူတို့က ပုန်းကွယ်နေခြင်းပင် မရှိတော့ချေ။
ဝူယုက စိတ်ထဲမှ အနည်းငယ် ရယ်မောလိုက်၏။ သူက ဒုတိယမြောက် မဟာ အသွင်ပြောင်းခြင်း စွမ်းရည်ကို ပြန်လည် ရုပ်သိမ်းကာ အခြေခံ အဆင့်ကို ပြန်လည် ရောက်ရှိခဲ့ပြီး ဖြစ်သည်။ အမဲလိုက်သူများလက်မှ လွတ်အောင် ထွက်ပြေးခဲ့ရာ၌ လျှို့ဝှက် စွမ်းအင် အတော်များများ ကုန်ဆုံးသွားခဲ့သည့်တိုင် သူက မဟာ သွေးမျိုးဆက်၏ ဧကရာဇ် တစ်ပါး ဖြစ်နေသေးဆဲ ဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူများကို ဘယ်တော့မှ ကြောက်လန့်လိမ့်မည် မဟုတ်ချေ။
ဝူယုက တည်ငြိမ်စွာပင် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ အော်ဟစ်လိုက်၏။
“အညံ့ခံကြစမ်း...”
“...”
အမိန့်ပေးသံထဲမှ ဝူယု၏ ဝိညာဥ်အင်အားကို ခံစားလိုက်ရရာ လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်၏ အမူအရာများမှာ ပြောင်းလဲသွား၏။ သူတို့၏ နှလုံးသားများက တုန်ရီသွားကြကာ ကြောက်ရွံ့မှု မျိုးစေ့ တစ်ခုက စတင် အမြစ်တွယ်လာခဲ့သည်။
“သူက အရမ်း သန်မာတဲ့ပုံ ရတယ်...”
ခုတ်ပိုင်းခြင်း၏ အသံက သွေးပျက်ဟန်ဖြင့် အနည်းငယ် တုန်ရီနေ၏။ မဟာမိတ် သုံးယောက်ထဲတွင် သူက အသက် အငယ်ဆုံး ဖြစ်ကာ အတွေ့အကြုံ အနည်းဆုံးလည်း ဖြစ်သည်။ စောစောပိုင်းက သွေးဆူမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားကာ နောက်ဆုတ်လိုသော အတွေးများပင် ဖြစ်ပေါ်လာခဲ့သည်။
ခွန်ရီမင်ကလည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ အန္တရာယ် အချက်ပေးသံများက သူမ၏ ဦးနောက် တစ်ခုလုံးကို လွှမ်းခြုံနေကာ ချွေးစေးများပင် ပျံနေခဲ့၏။ သူမ၏ လှပမှုများမှာ ကြောက်ရွံ့မှုတို့ဖြင့် ထုံလွှမ်း နေခဲ့ပြီ ဖြစ်သည်။
ဖျောင်း...
တိမ်ပြာက လက်ခုပ်တီးလိုက်ရာ ဝိညာဥ်အင်အားများမှာ အရှိန်အဟုန်နှင့် ပေါက်ကွဲလာ၏။ ၎င်းတို့က ကြမ်းတမ်း ခက်ထန်စွာပင် ဘေးနားရှိ ခန္ဓာကိုယ်များထံ တိုးဝင်သွားသည်။ ရှေ့ဆင့်နောက်ဆင့်ပင် ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့မှာ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ကာ အသိစိတ်ကို ပြန်လည် ရရှိလာကြ၏၊ ချွေးစေးများက သူတို့၏ နဖူးနှင့် ကျောပြင်များတွင် ရွှဲရွှဲစိုနေသည်။
ခုတ်ပိုင်းခြင်းဓားက အသက်ကို ပြင်းပြင်းရှိုက်လိုက်ရင်း အမှောင် ဟင်းလင်းပြင်ထဲတွင် ခြေဗလာနှင့် ရပ်နေသည့် ဝူယုကို လှမ်းကြည့်လိုက်၏။
“မင်းတို့က သူ့ဝိညာဥ် အစီအရင်ရဲ့ အကျိုးသက်ရောက်မှုကို ခံလိုက်ကြရတာ... ဂရုစိုက်ကြ... အဲဒီလူရဲ့ ဝိညာဥ် စွမ်းအင်က အတော်လေး ကြောက်ဖို့ကောင်းတယ်”
တိမ်ပြာက အပြာရောင် အလင်း ရောင်စဥ် တစ်ခုဖြင့် သူတို့ နှစ်ယောက်ကို ဝန်းရံရင်း သတိပေးလိုက်သည်။ ထိုအရာက သူ၏ အစွမ်း အထက်ဆုံး ဝိညာဥ်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ကောင်းကင်ဝိညာဥ် ဒိုင်းကာပင် ဖြစ်လေသည်။
ဝူယုမှာ ထိုအရာကို သတိထားမိရာ မျက်မှောင်ကြုတ်လိုက်၏။
“သူက ဝိညာဥ် ကျင့်ကြံသူ တစ်ယောက်လား...”
ဝိညာဥ်ကျင့်ကြံသူများမှာ စိတ်စွမ်းအင်နှင့် ဆိုင်သည့် အစီအရင်များကို အထူး အလေးပေး ကျင့်ကြံကာ ဝိညာဥ်ခွန်အားကို အထင်ကြီးဖွယ်ရာ နည်းလမ်းများနှင့် အသုံးချနိုင်စွမ်း ရှိကြသည်။ အဆင့်တူ တိုက်ပွဲများ အတွင်းတွင် ဝိညာဥ်ကျင့်ကြံသူများ၏ ဝိညာဥ်ကို ဦးတည်တိုက်ခိုက်သည့် နည်းလမ်းများက အလွန်ပင် အရာရောက်သည်။
တိမ်ပြာ၏ ကောင်းကင် ဝိညာဥ်ဒိုင်းကာကို ကြည့်ရင်း ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့၏ ကြောက်ရွံ့စိတ်များမှာ ပျောက်ကွယ်သွားကာ မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြန်လည် တောက်ပလာခဲ့၏။ သူတို့၏ သတ်ဖြတ်လိုသော ဆန္ဒများက ပြန်လည်၍ ရှင်သန်လာသည်။
ဝှစ်...
ခုတ်ပိုင်းခြင်းဓားက ဟင်းလင်းပြင် လက်စွပ်ကို ထိကာ ကွေးကောက်နေသည့် ဓားအိမ်တစ်ခုကို ထုတ်ယူလိုက်၏။
ဓားရိုးကို လက်တွင် ကိုင်လိုက်သည်နှင့် ဓားရည်ရွယ်ချက်က သူ့မျက်လုံးများထဲတွင် ပြင်းထန်စွာ နေရာယူ လာသည်။ ၎င်းက မယုံကြည်နိုင်လောက်အောင် ထက်ရှကာ နေတစ်စင်းလို စူးရှလွန်းလှ၏။
ခပ်တိုးတိုး မာန်သွင်းသံနှင့် အတူ သူက ဓားကို ဆွဲထုတ်လိုက်သည်။ ဓားမှာ သိသိသာသာပင် ကွေးကောက်နေကာ သုံးမီတာကျော် ရှည်လျား၏။ အသွားကတော့ သေဆုံးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက် နေပေသည်။
ရွှမ်း...
ဝူယု၏ မျက်လုံးများက အလွန်အမင်း လေးနက်သွားသည်။ ဓားကျင့်ကြံသူများမှာ မည်သည့် ကျင့်ကြံခြင်း အဆင့်၌ ရှိစေကာမူ သတိထားရန် လိုအပ်သည့် ဖြစ်တည်မှုများ ဖြစ်သည်။ ထို့အပြင်... ဤဓားက မရိုးရှင်းချေ။ ဒီဇိုင်းနှင့် အလျားက သူ တစ်ခါမှ မမြင်ဖူးသည့် အမျိုးအစား ဖြစ်သည်။
တစ်ချိန်တည်း၌ ခွန်ရီမင်က လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ကွေးနိုင်ညွှတ်နိုင်သည့် သံမဏိ အပျော့စားဖြင့် ပြုလုပ်ထားသည့် ငွေရောင် တောင်ပံ နှစ်ဖက်မှာ ကျောနောက်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းကလည်း ခုတ်ပိုင်းခြင်းဓား၏ ဓားကွေး ကဲ့သို့ပင် လျှို့ဝှက်အဆင့် ရတနာ တစ်ခု ဖြစ်ကေသည်။
တိမ်ပြာက ကြာပန်း သဏ္ဌာန်ဖြင့် ထိုင်ချလိုက်၏။ အပြာရောင် တိမ်တိုက် တစ်ခုမှာ သူ့အောက်တွင် အလိုအလျောက် ဖွဲ့စည်းလာ၏။ ၎င်းက အကြမ်းဖျဥ်းအားဖြင့် ဆယ်မီတာခန့် ကျယ်ကာ ခါးမီတာခန့် အနံ ရှိပေသည်။ ထူးဆန်းသော လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရင်း တိမ်ပြာ၏ မျက်သားများမှာ သူငယ်အိမ်မှ စ၍ အပြာရောင် အဖြစ် ပြောင်းလဲသွား၏။
“တိုက်...”
သုံးယောက်ထဲတွင် ခွန်ရီမင်က ပထမဆုံး စတင်ကာ လှုပ်ရှားလိုက်၏။ သူမ၏ အရှိန်အဟုန်က အလွန်ပင် မြန်ဆန်လွန်းလှရာ ချက်ချင်းပင် ငွေရောင်အလင်းတန်း အဖြစ် ပြောင်းလဲ၍၊ မီတာ သောင်းဂဏန်းခန့် ဧရိယာ အတွင်းတွင် ထောင်နှင့်ချီသည့် ပုံရိပ်ယောင် ကိုယ်ပွားများ ဖြစ်ပေါ်လာခဲ့၏။
ဝူယု၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွား၏။ ခြေတစ်လှမ်းတည်းဖြင့်ပင် သူက မီတာ တစ်ထောင် အကွာအဝေးကို ဆုတ်ခွာသွားသည်။ ထို့နောက် သူ၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် တောက်လောင်လာကာ ထောင်နှင့်ချီသည့် ပုံရိပ်များကို လေ့လာလိုက်၏။ အကြည့်တစ်ချက်ဖြင့်ပင်... အတု၊ အစစ်ကို မခွဲခြားနိုင်ရာ မဟာ ဧကရာဇ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ရွှမ်း...
ထိုအခိုက်တွင်ပင် ဓားသံ တစ်ခု ပဲ့တင်ထပ်လာ၏။ ဝူယု၏ စိတ်မှာ အန္တရာယ် အချက်ပေးသံများဖြင့် မြည်ဟီး သွားသည်။ စက္ကန့်မခြားပင် ထက်ရှသော ခံစားချက်တစ်ခုမှာ လည်ပင်းဆီသို့ တိုးဝင်လာလေရာ ဝူယုမှာ ဘယ်ဘက် လက်သီးကို မိုးကြိုးမုန်တိုင်း တစ်ခုလို ရှေ့သို့ ဆန့်ထုတ်လိုက်ရ၏။
ရွှစ်...
ခွန်ရီမင်ထက်ပင် ပိုမို လျှင်မြန်သော ဓားအလင်း တစ်ခုက သူ့ထံသို့ ရောက်ရှိလာကာ သူ့လက်သီးနှင့် ထိပ်တိုက် တွေ့သွားသည်။ ဝူယု၏ အင်္ကျီလက်အိုးမှာ ထက်ပိုင်းပြတ်သွား၏။ သို့သော်လည်း သူ၏ လက်ကတော့ ဓားစွမ်းအင် အောက်တွင် မထိမခိုက် ကျန်ရှိနေသေးဆဲ ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ဝူယုက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ခွန်ရီမင်၏ ကိုယ်ပွားများထဲမှ တစ်ခုထံ ချည်းကပ်သွား၏။ ထို့နောက် သူက ဘယ်ဘက်လက်သီးကိုပင် ဆန့်ထုတ်ကာ ထိုးနှက်လိုက်၏။
ခွန်ရီမင်၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြူးကျယ်သွားကာ ကပျာကယာ သူမ၏ ကိုယ်ပိုင် လက်သီးကို ဆန့်ထုတ်ကာ ခုခံရန် ကြိုးစားလိုက်သည်။
ဘုန်း...
ဝူယု၏ လက်သီးက မိန်းမလှအပေါ် ဂရုဏာ ကင်းမဲ့စွာပင် ကျရောက်သွား၏။ ၎င်းက သူမ၏ လက်သီးကို တိုက်ရိုက် ဖြတ်ကျော်သွားကာ မျက်နှာဆီသို့ ဝင်ရောက်သွားသည်။ ထို့နောက် လက်သီးမှာ ညှတာခြင်း ကင်းမဲ့စွာပင် ဦးခေါင်ခွံ တစ်ခုလုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ထိုးခွဲ ပစ်လိုက်တော့၏။