ဝူယု (၃)
Vol. 48 Ch. 663
ဘုန်း...
ပေါက်ကွဲမှုလှိုင်းတစ်ခုနှင့် အတူ သွေးများက အမှောင် ဟင်းလင်းပြင်တွင် ချင်းချင်းနီသွားကာ ဦးနှောက်များမှာ ပြန့်ကျဲသွား၏။ သို့သော်လည်း တိုက်ခိုက်မှု ဖြတ်သန်းသွားသည့် အခိုက်တွင်ပင် နောက်ကြောဆီမှ အလင်းပေါင်း တစ်ထောင်ကျော် တိုးဝင်လာသည်ကို ခံစားလိုက်ရရာ ဝူယု၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
အဟွတ်... အဟွတ်...
ပြင်းထန်သော ချောင်းဆိုးသံနှင့် အတူ သွေးများက နှုတ်ခမ်းထက်၌ စီးကျလာကာ သူ၏ ခန္ဓာကိုယ်က အမှောင်ဟင်းလင်းပြင် အတွင်း၌ သဲအိတ် တစ်ခုလို လွင့်ပျံသွားသွားသည်။ တစ်ချိန်တည်း၌ သူ သတ်ဖြတ်ပစ်လိုက်သည့် ခွန်ရီမင်၏ ခန္ဓာကိုယ် အပိုင်းအစများက ရောင်စုံ အလင်းတန်းများ အဖြစ် ပြောင်းလဲ၍ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားသည်။
ရွှမ်း...
ထိုးစစ်က ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ ခုတ်ပိုင်းခြင်းဓားမှာ သူ၏ ဓားကွေးကို ဝှေ့ယမ်းကာ ခွန်ရီမင်နှင့် တိမ်ပြာ၏ လှည့်စား တိုက်ခိုက်ခြင်း ဗျူဟာ အတွင်း ပူးပေါင်း ပါဝင်လာ၏။
ဝှစ်...
ဝူယုမှာ လခြမ်း သဏ္ဌာန် ကွေးညွှတ်နေသည့် ဓားအလင်း တစ်ခုကို မြင်လိုက်ရကာ ခန္ဓာကိုယ်ပေါ်သို့ ဓားစွမ်းအင်များ စုပြုံ ကျဆင်းလာသလို ခံစားလိုက်ရသည်။
ဘုန်း...
တစ်ချိန်တည်း၌ ခွန်ရီမင်က ထောင်နှင့်ချီသော ပုံရိပ်များကို ဝူယု၏ ပတ်လည်၌ ဝန်းရံလိုက်ကာ ခုတ်ပိုင်းခြင်းဓားကို ပံ့ပိုးရန် အသင့်ပြင်လိုက်၏။ မတူကွဲပြားသည့် ဂိုဏ်းများ၊ အဖွဲ့များမှ ဖြစ်သည့်တိုင် လျှို့ဝှက် ဝိညာဥ်အဆင့် သုံးယောက်မှာ နှစ်ပေါင်း များစွာ အတူတွဲ တိုက်ခိုက်လာသည့် အလား သဟဇာတ ဖြစ်ကာ တွဲဖက် ညီလွန်းလှသည်။
ဝူယု၏ ခန္ဓာကိုယ်ထက်သို့ ကျဆင်းသွားသည့် ဓားကွေးကို ကြည့်ရင်း တိမ်ပြာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ အကယ်၍ ထိုဓားသာ တိုက်ရိုက် ထိတွေ့သွားပါက သူ၏ ခန္ဓာကိုယ် ထက်ပိုင်း ပြတ်မသွားလျှင် ကံကောင်းဖြစ်ပေသည်။
ဝူယု၏ အော်ရာမှာ ကစဥ့်ကလျား ဖြစ်သွားခဲ့၏။ သူ၏ မျက်လုံးများက အဆုံးမဲ့ ကြယ်တာရာများဖြင့် ပဲ့တင်ထပ် သွားကာ သူ့ အသက်ကို နှုတ်ယူရန် ကျဆင်းလာသည့် ဓားစွမ်းအင်ကို လေ့လာလိုက်သည်။ ထို့နောက် အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းထက်တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့၏။
“...”
ရုတ်ချည်းပင် တိမ်ပြာ၏ မျက်လုံးများမှာ ပုံမှန် မဟုတ်သည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားကာ အပ်ပေါက်များ အလား ကျဥ်းမြောင်းသွားသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် ဝိညာဥ်အလင်းများကို မြှားများ အလား အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ သို့သော်လည်း ၎င်းတို့၏ ဦးတည်ချက်က ဝူယုထံသို့ မဟုတ်ပဲ ခုတ်ပိုင်းခြင်းဓားထံသို့သာ ဖြစ်ပေသည်။
“ဘာလဲ...”
ရုတ်ချည်းပင်... ခုတ်ပိုင်းခြင်းဓားမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရသည့် အလား ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွား၏။ သူက ဂြိုဟ်တစ်ခုကိုပင် ခုတ်ပိုင်းပစ်နိုင်သည့် ဓားအလင်းကို ပြန်ခေါ်လိုက်ရင်း ကာကွယ်ရန် အသင့်ပြင်လိုက်သည်။
အခြားတစ်ဖက်၌... ခွန်ရီမင်ကလည်း လျှင်မြန်စွာပင် တုန့်ပြန်လိုက်၏။ သူမက ခုတ်ပိုင်းခြင်းဓားဘက်သို့ ဦးတည် ပျံသန်းလာကာ ထောင်ပေါင်း များစွာသော ကိုယ်ပွားများမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားသည်။ အစစ်အမှန် ခန္ဓာကိုယ် ပေါ်လွင်လာသည်နှင့် သူမ၏ အမြန်နှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လာခဲ့၏။
ဝှစ်...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူမက ခွန်ရီမင် ဘေးသို့ ရောက်ရှိသွားက ပူးပေါင်း ခုခံရန် အသင့်ပြင် လိုက်၏။
ဝူယုမှာ အနည်းငယ် ပြုံးလိုက်ကာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်ထိန်းလိုက်သည်။ ထို့နောက် လှုပ်ရှားမှု ကျင့်စဥ် တစ်ခုနှင့် အတူ သူ၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအလားပင် မိုင်သောင်းပေါင်းများစွာ အကွာသို့ ရွေ့လျား သွား၏။
ဝှစ်... ဝှစ်...
အပြာရောင် အလင်းတန်းများမှာ ဦးတည်ချက် ပျောက်ဆုံးသွားကာ ခုတ်ပိုင်းခြင်းဓားကို လှည့်ပတ်ရင်း နောက်သို့ ပြန်လည် ရွေ့လျားသွားသည်။
တစ်ချိန်တည်း၌ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ကလည်း လျှင်မြန်စွာပင် တပ်ပြန်ခေါက်ကာ တိမ်ပြာ၏ အကာအကွယ် စက်ဝိုင်း အတွင်းသို့ ပြန်လည် ပျံသန်းသွားသည်။
ထိုအချင်းအရာ အားလုံးမှာ သေမျိုး မျက်လုံးဖြင့် မျက်တောင် တစ်ခပ်စာ အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည့်တိုင် ထိပ်တန်း ဗျူဟာများ၊ သက်စွန့်ဆံဖျား အန္တရာယ်များ၊ ကျဥ်းမြောင်းသော လွတ်မြောက်မှုများစွာ ပါဝင်နေခဲ့ပေသည်။ အကယ်၍ အနည်းငယ် လွဲချော်နေသည်နှင့် အသက်တစ်ခု၊ ဘဝ တစ်ခု အဆုံးသတ် သွားရလိမ့်မည် ဖြစ်သည်။
ဝူယုမှာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ရရှိပြီး ဖြစ်ကာ အဝေးရှိ ရန်သူ သုံးယောက်ကို လေ့လာလိုက်၏။ သူ၏ မျက်လုံးများက အဆုံးမဲ့ နက်မှောင်မှုများဖြင့် ပြည့်နှက်နေသည်။ လှည့်စားခြင်း၊ အလစ် တိုက်ခိုက်မှု၊ ချိန်သားကိုက် ရွေ့လျားမှု... ထိုသုံးယောက်မှာ သာမန် လျှို့ဝှက် အာဏာရှင် အဆင့်များ မဟုတ်ချေ။ သူ၏ လှုပ်ရှားမှုနှင့် အစီအစဥ်ကိုပင် ဖြတ်သန်း မြင်နိုင်ခဲ့ကြသည်။
ဝူယုက ခေါင်းကို ငုံ့ရင်း လက်ထဲရှိ လျှို့ဝှက်အဆင့် ရတနာ တစ်ခု ဖြစ်သည့် အနန္တ ဧကရာဇ် အမြောက်ကို ငုံ့ကြည့်လိုက်၏။ အကယ်၍ သူတို့သာ အချိန်မီ တုန့်ပြန်နိုင်ခြင်း မရှိပါက ဓားကွေးနှင့် ကျင့်ကြံသူမှာ သူ့ အမြောက် လက်ချက်ဖြင့် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ပါးစပ်ထဲ၌ ရှိနေသည့် သွေးစများကို ထွေးထုတ်ပစ်လိုက်ရင်း ဝူယု၏ မျက်လုံးများက သတိထားမှုများနှင့် ပိုမို၍ ပြည့်နှက်လာ၏။
ဝမ်... ဝမ်... ဝမ်...
ထိုအခိုက်အတန့်တွင်ပင် ဟင်းလင်းပြင် သင်္ဘောများမှာ စတင် လှုပ်ရှားလာကာ ဝူယု၏ ပတ်လည်ကို တြိဂံ ပုံသဏ္ဌာန် နေရာယူလိုက်ကြသည်။ သင်္ဘော နံရံ တစ်လျှောက်ရှိ အမြောက်များက အမျိုးမျိုးသော အလင်းများဖြင့် စတင် အသက်ဝင်လာကာ ဦးတည်ရာကို ချိန်လိုက်ကြ၏။ ၎င်တို့ အားလုံး၏ ပစ်မှတ်ကတော့ တစ်ခုတည်းသော ပုံရိပ်ထံသို့ပင် ဖြစ်သည်။
“တော်လောက်ပြီ...”
ဝူယု၏ အမူအရာက ခန့်ညား ထည်ဝါသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားကာ သူ၏ အော်ရာမှာ ပထမဆုံး အကြိမ် စတင် သက်ဝင်လာ၏။ သူ၏ နဖူးမှ နေ၍ လျှို့ဝှက်ဆန်းကြယ်သော အရောင်တစ်ခု တောက်ပလာက ၎င်းက ညကောင်းကင်ရှိ အဆုံးမဲ့ ကြယ်စင်များလို ခမ်းနားလွန်းလှသည်။ ၎င်းက ပြိုင်ဘက်ကင်း အော်ရာ အဖြစ် ဝူယု၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားကာ လောကအား အုပ်စိုးသည့် ဧကရာဇ် အသွင်ကို ယူလာခဲ့၏။
ထိုမြင်ကွင်းကို မြင်သည်နှင့် မဟာမိတ် သုံးယောက်သား၏ မျက်လုံးများမှာ အံ့အားသင့်မှု၊ ကြောက်ရွံ့မှု၊ စိုးရွံ့မှုတို့နှင့် ပြည့်နှက်သွားတော့သည်။
“မဖြစ်နိုင်ဘူး...”
"သူက ဒုတိယ အဆင့်မှာ မဟုတ်ဘူး... တတိယ အဆင့်မှာ”
"..."
ဝူယုမှာ အမဲလိုက်ခံရမှုမှ ထွက်ပြေးနေစဥ် အတွင်း လျှို့ဝှက်စွမ်းအင် များစွာကို သုံးခဲ့ရရာ အတော်လေး ပင်ပန်း နွမ်းနယ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်ဝိညာဥ် အဆင့် သုံးယောက်နှင့် စဦး တိုက်ပွဲတွင် ခွန်အားကို အကန့်အသတ်ထိ မရောက်စေရန် အတွက် မဟာ အသွင်ပြောင်းခြင်းကို မသုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုက ထိုပြိုင်စံရှား စွမ်းရည်ကို ထုတ်သုံးမှ ဖြစ်တော့မည့် အခြေအနေ ဖြစ်သည်။
ဘုန်း...
ဧကရာဇ် အလင်းများမှာ ဝူယု၏ ပတ်လည်တွင် အရှိန်အဟုန်နှင့် စတင် ပေါက်ကွဲလာကာ ကြောက်မက်ဖွယ် ဖိအားများမှာ တစ်လောကလုံးကို ပျံ့နှံ့သွားသည်။ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ထိတ်လန့် တုန်လှုပ်သွားကြကာ စွမ်းအားများကို ခံစစ် အနေအထားသို့ ပြင်ဆင်လိုက်သည်။
“ပစ်တော့...”
ခွန်ရီမင်က ကျယ်လောင်စွာပင် အော်ဟစ် အမိန့်ပေးလိုက်သည်။ သို့သော်လည်း သင်္ဘောတစ်စင်းသာလျှင် ပစ်ခတ်ခဲ့၏။ ခွန်ကလန်၏ ဟင်းလင်းပြင် သင်္ဘောပင်။
အခြား သင်္ဘောများမှာ ခေါင်းဆောင်များထံမှ အမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ထိုအရာက အုပ်စုသုံးခုမှ နောက်လိုက်များမှာ အုပ်စုလိုက် ပူပေါင်းဆောင်ရွက်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်ခြင်း မရှိသေးကြောင်း ပေါ်လွင်စေသည်။
ဘုန်း...
အမြောက်မှ ထွက်ပေါ်လာသည့် အသံကြီးမှာ အမှောင် ဟင်းလင်းပြင်ကိုပင် တုန်ရီသွားစေခဲ့၏။ ထိုနေရာ၌ အသံ ကူးလူးနိုင်ရာ လေထု မရှိသည့်တိုင်အောင် အမြောက်မှ ထွက်ပေါ်လာသည့် တုန်ခါမှု စွမ်းအင်ကို ဟင်းလင်းပြင်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။ ထိုအရာက လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်ပင်လျှင် သတိမထားမိပါက သေဆုံးသွားနိုင်သည့် ပစ်ချက် ဖြစ်သည်။
တစ်ချိန်တည်း၌ တန်ကြေးကလည်း အလွန်ပင် ကြီးမားလှကာ ပစ်ချက်တစ်ခုကပင်လျှင် လျှို့ဝှက်ကျောက်တုံး တစ်ခုနှင့် ကြယ်တာရာ ကျောက်တုံး သုံးသန်းကို ကုန်ကျစေ၏။ ထိုပမဏက အလွန်ပင် ကြောက်စရာ ကောင်းလွန်းကာ ကြယ်တာရာ အဆင့် ဂြိုဟ်အသေးစား တစ်ခုထက်ပင် တန်ကြေး ပိုမို ကြီးမားလှသေးသည်။
သို့သော်လည်း... ကံဆိုးစွာပင် ဝူယုကို လွှမ်းခြုံထားသည့် ဧကရာဇ် အော်ရာနှင့် တွေ့ဆုံသည်နှင့် ထိုအမြောက်ဆံမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွား၏။ မည်သည့် အစအန မျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပါချေ။
“ဘာလုပ်နေတာလဲ... ရှင်တို့လူတွေကိုပါ ပစ်ဖို့ အမိန့်ပေးလိုက်ဦး...”
ခွန်ရီမင်က ဒေါသတကြီးဖြင့် တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ကို ဆော်သြလိုက်၏။ မဟာမိတ် နှစ်ယောက်မှာ သူတို့ အမှားကို သဘောပေါက် သွားကြကာ ရှေ့ဆင့် နောက်ဆင့်ပင် သူတို့လူများကို အမိန့်ပေး လိုက်ကြ၏။
ဝှစ်...
ပြီးသည်နှင့် ချက်ချင်းပင် ခွန်ရီမင်မှာ ငွေရောင် အတောင်ပံများကို ဖြန့်ကျက်ကာ အလျှင်မြန်ဆုံး အမြန်နှန်းဖြင့် နောက်သို့ ဆုတ်သွား၏။ အကယ်၍ အမြောက်များသာ အတားအဆီး မရှိ ထွက်ပေါ်လာပါက ပေါက်ကွဲမှု အဟုန်တွင် သူတို့ အားလုံး သေဆုံးသွားလိမ့်မည် ဖြစ်သည်။
တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့မှာ တစ်ခဏအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ငွေရောင် အလင်းတန်းကို ကြည့်ကာ ဆွံ့အသွားကြ၏။
ဝှစ်...
တိမ်ပြာက လျှင်မြန်စွာပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ရင်း အပြာရောင် တိမ်တိုက် တစ်ခုလို ပင့်ကူမျှင်လွှာများကို ဝူယုထံ ပစ်လွှတ်လိုက်၏။ ထို့နောက် မတုန့်မဆိုင်းပင် သူကလည်း ခွန်ရီမင်နောက်ကို လိုက်လိုက်တော့သည်။
သို့သော်လည်း ခုတ်ပိုင်းခြင်းဓားကတော့ နောက်မဆုတ်ပါချေ။ သူက ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ တိုက်ပွဲ တစ်ခုလုံးကို ပြောင်းလဲပစ်သည့် လှုပ်ရှားမှုကိုသာ ဂရုစိုက်သည်။ သူရဲဘော ကြောင်သူများကို စိတ်ထဲမှ ကြိတ်ကာ ရှုံ့ချလိုက်ရင်း သူက ဓားကို အဆင်သင့် ပြင်ကာ ဝူယုထံသို့ တိုးဝင်သွားခဲ့တော့၏။