ဝူယု (၄)
Vol. 48 Ch. 664
“အရူးကောင်...”
တိမ်ပြာက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိ၏။ လက်ဟန် ချိပ်စည်း အနည်းငယ်နှင့် အတူ သူ၏ တိမ်တိုက်မှာ အပြာရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ခုတ်ပိုင်းခြင်းဓားနောက်သို့ လိုက်သွားခဲ့တော့သည်။ ထိုကောင်လေးက အရူးဆိုလျှင်ပင် သူ၏ မြေးဖြစ်နေဆဲ ဖြစ်ပေသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က ခုတ်ပိုင်းခြင်းဓား၏ အဘွားနှင့် ပတ်သက်၍ သူ ထိုးနှက်ခဲ့သည့် စကားက အမှန်ပင် ဖြစ်ပေသည်။
“အင်ပါယာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်...”
ဝူယုက အော်ဟစ်လိုက်ရာ အာကာသ တစ်ခုလုံးမှာ တုန်ရီသွား၏။ ကြယ်စုံလင်သည့် ညအော်ရာမှာ မီတာ ရာပေါင်းများစွာ အထိ ဖြန့်ကျက်သွားကာ အလွန် ကြီးမားသော ပုံရိပ်ကြီး တစ်ခု အသွင် ပေါင်းစပ်သွား၏။ ထိုပုံရိပ်ကြီးမှာ ဝူယူနှင့် ထပ်တူပင် တူညီကာ အလင်းတန်းများမှာ ခန္ဓာကိုယ် အတွင်း ဖြတ်သန်း ပြေးလွှား၍ ထူးဆန်းသည့် ရောင်ဝါ တစ်ခုကို ထုတ်ဖော် နေ၏။
တစ်ချိန်တည်း၌ ၎င်း၏ ဧရာမ မျက်လုံးကြီးများကတော့ မဟူရာ အလင်းများဖြင့် ပြည့်နှက်နေကာ အုပ်စိုးသူ အရှင်သခင် တစ်ယောက်၏ အဓိပ္ပာယ်ကို အပြည့်အဝပင် ထင်ဟပ်စေ၏။
ဘုန်း... ဘုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် တော်လဲသံကြီးများနှင့် အတူ တောင်တန်း အရွယ်အစား ရှိသည့် မိုးပြာရောင် လျှို့ဝှက် စွမ်းအင် နှစ်ခုမှာ ဝူယုထံသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။
ဧရာမ ပုံရိပ်ကြီးက လျှင်မြန်စွာပင် လက်ကြီး နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ထိုအမြောက်ဆံ နှစ်ခုကို တားဆီး လိုက်၏။
ရွှမ်း...
သူ တစ်စုံတစ်ရာ ထပ်မံ မလှုပ်ရှားနိုင်သေးခင်မှာပင် ဓားတွန်သံ တစ်ခု မြည်ဟီးလာ၏။ တစ်ဆက်တည်းပင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပြည့်နှက်နေသည့် ဓားစွမ်းအင်တစ်ခုက မြစ်ကြီးတစ်စင်းလို သူ့ အပေါ် ပြိုကျလာသည်။ ထိုဓားစွမ်းအင်၏ ပတ်လည်တွင်တော့ အပြာရောင် အလင်းစများက ဝန်းရံကာ အားဖြည့် ထား၏။ ၎င်းတို့မှာ ပင့်ကူမျှင်များ ကဲ့သို့ ပါးလွှာလှသော်လည်း ကောင်းကင်ရှိ အဆုံးမဲ့ ကြယ်တာရာများ ကဲ့သို့ အရေအတွက် များပြားလွန်းလှပေသည်။
ဝူယု၏ မျက်လုံးများက တိုးဝင်လာသည့် ဓားမြစ်ပြင်ထံ ရောက်ရှိသွား၏။ သူက ခြေတစ်လှမ်းမှ နောက်ဆုတ်ခြင်း မပြုချေ။ ထို့အစား... လက်သီးကိုသာ ဆုပ်ကာ မိုင်ရာပေါင်းများစွာ ရှည်လျားသည့် ဓားစွမ်းအင်ကိုသာ ထိုးချလိုက်တော့၏။
“ဘာလဲ...”
ဓားမြစ်ပြင် အတွင်း၌ အံ့အားသင့်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“သတိထား...”
တိမ်ပြာမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဓားစွမ်းအင် နံဘေးသို့ ရောက်ရှိလာကာ လက်များကို ဆန့်ထုတ် လိုက်၏။ သူ၏ ရည်ရွယ်ချက်က ခုတ်ပိုင်းခြင်းဓားကို ဆုပ်ကိုင်ကာ အလျှင်မြန်ဆုံး နောက်သို့ ပြန်ဆုတ်ရန် ဖြစ်ပေသည်။
သို့သော်လည်း ကံဆိုးစွာပင် ဝူယု၏ လက်သီးနှင့် ယှဥ်ပါက သူ၏ လှုပ်ရှားမှုက နှေးကွေးလွန်းလှ၏။
ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဧရာမ လက်သီးကြီးက ကျရောက်လာကာ ဓားစွမ်းအင်ကို အပိုင်းပိုင်း အစစ ဖြစ်အောင် ထိုးခွဲ ပစ်လိုက်၏။ နောက်ဆက်တွဲ အနေဖြင့် ပေါက်ကွဲမှုမှ ပျက်သုဥ်းခြင်း လှိုင်းလုံးများ ထွက်ပေါ်လာကာ အနီးအနားရှိ အရာရာကို ဖျက်ဆီးရန် ကြိုးပမ်း ကြတော့သည်။
“အား...”
ခုတ်ပိုင်းခြင်းဓားထံမှ အလွန် ကျယ်လောင်သည့် အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ခြေထောက်များက ပေါက်ကွဲသွားကာ သွေးနှင့် အရိုးများမှာ ပြန့်ကျဲသွားသည်။ လျှို့ဝှက် စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ထားသည့်တိုင် ပြိုင်စံရှား စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ် အတွင်း တိုးဝင်ကာ သူ့ ကိုယ်ပိုင် ခွန်အားများကို ထိန်းချုပ်ထား၏။
“ဒါ ဒီမှာ သေရတော့မှာလား...”
ခုတ်ပိုင်းခြင်းဓား၏ စိတ်ဓာတ်များမှာ အောက်ဆုံးအထိ ထိုးကျသွား၏။ တိမ်ပြာက အလွန် လျှင်မြန်စွာပင် မြေးဖြစ်သူ အနားသို့ တိုးဝင်လာနေခဲ့သည်။ အကယ်၍ သူသာ နောက်ထပ် မီလီစက္ကန့် အချိန်အတွင်း အရောက် မသွားနိုင်ပါက မြေးဖြစ်သူမှာ သေဆုံးသွားရတော့မည် ဖြစ်သည်။
ဝှစ်...
ထိုအချိန်တွင်ပင် ငွေရောင် အလင်း တစ်ခု အမှောင်ဟင်းလင်းပြင် အတွင်း လင်းလက်လာ၏။ လှပသော ခွန်ရီမင်မှာ ခုတ်ပိုင်းခြင်းဓား နံဘေးသို့ ရောက်ရှိသွားကာ ဆုပ်ကိုင်၍ အလွန် လျှင်မြန်စွာ နောက်သို့ ပြန်လည် ဆုတ်သွားခဲ့သည်။
“မင်း ပြန်လာတယ်...”
တိမ်ပြာကလည်း မဆိုင်းမတွပင် နောက်သို့ ဆုတ်ရင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ ခွန်ရီမင် အစောကြီးကတည်းက ထွက်ခွာသွားပြီဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဝှစ်... ဝှစ်...
စက္ကန့်အနည်းငယ်မျှ အတွင်းမှာပင် သူတို့ သုံးယောက်မှာ ဘေးလွတ်ရာ နေရာတွင် ပြန်လည် ပေါ်လာခဲ့ကြ၏။ ခွန်ရီမင်၏ မျက်လုံးများက သုန်မှုန်မှုများဖြင့် ပြည့်နှက်နေကာ ဝူယုကို လှမ်းကြည့်လိုက်သည်။ ထိုလူစိမ်း ကျင့်ကြံသူမှာ လျှို့ဝှက် ဝိညာဥ် အဆင့် မဟုတ်ချေ။ သူ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် ရုပ်ခန္ဓာ ပေါင်းစပ်ခြင်း အော်ရာက သေမျိုးတစ်ပိုင်း အရှင် အဆင့်တို့၏ ပြိုင်စံရှား စွမ်းအင် ဖြစ်သည်။ ထို့အပြင်... သူ ပိုင်ဆိုင်ထားသည့် ဧကရာဇ် အော်ရာကလည်း အမြောက်ဆံများကိုပင် တားဆီးနိုင်စွမ်း ရှိခဲ့သည်။
“ထွက်သွားကြမယ်...”
သူမက လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်၏။ ခုတ်ပိုင်းခြင်းဓားနှင့် တိမ်ပြာတို့ကလည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် သူတို့ သုံးယောက်မှာ အလင်းတန်းများ အသွင် ပြောင်းလဲကာ ဟင်းလင်းပြင် သင်္ဘောများကိုပင် ချန်ရစ်၍ ထွက်ပြေးကြတော့သည်။
လက်အောက်ငယ်သားများ အတွက်လား... သူတို့အသက် အတွက် သူတို့ ကိုယ်တိုင် လွတ်မြောက်အောင် ထွက်ပြေးကြဖို့သာ မျှော်လင့်နိုင်ပေသည်။
ထိုအခိုက်၌ ဝူယုမှာ တောင်တန်း အရွယ်အစားရှိသည့် လျှို့ဝှက်စွမ်းအင် နှစ်ခုကို ဆုပ်ကိုင်ကာ အမှောင်ဟင်းလင်းပြင်ထဲတွင် ရပ်နေခဲ့၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအမြောက်ဆံ နှစ်ခုမှာ ဟင်းလင်းပြင် သင်္ဘောနှစ်ခုထံသို့ ဦးတည် ပျံသန်းသွားတော့သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့မှာ သင်္ဘောနှစ်ခု၏ အကာအကွယ် ဝင်္ကပါပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွား၏။ ပေါက်ကွဲမှု အရှိန်ဖြင့် အစိတ်အပိုင်း အချို့ ပြိုကျ ပျက်စီးသွားသည့်တိုင် ဟင်းလင်းပြင် သင်္ဘောနှစ်စင်းမှ အကာအကွယ် ဝင်္ကပါများ၏ ကျေးဇူးကြောင့် ယန္တယားများ ဆက်လက် လည်ပတ်နိုင်နေဆဲ ဖြစ်သည်။
ဟူး... ဟူး...
၎င်းတို့မှာ ထိခိုက်ပျက်စီးနေသည့် အခြေအနေဖြင့်ပင် ဆက်လက် မောင်းပြေးသွား၏။ ကျန်ဟင်းလင်းပြင် သင်္ဘောကတော့ အလျှင်မြန်ဆုံး ဖြစ်ပေသည်။ ခေါင်းဆောင်များပင် ဆုတ်ခွာသွားပြီ ဖြစ်လေရာ သူတို့က အဘယ်ကြောင့် ဆက်နေရမည်နည်း။ လေလွင့်ကောင်းကင် ဂြိုဟ်ထက်ရှိ အလုပ်သမားများ၏ အသက်ကိုတော့ သူတို့ ကံပေါ် ပုံချရန်သာ ကျန်ရှိပေသည်။
"..."
ဝူယုမှာ ထွက်ခွာသွားသည့် ဟင်းလင်းပြင် သင်္ဘောများကို ရပ်ကြည့်နေခဲ့၏။ စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက် သူက ချောင်းအနည်းငယ် ဆိုးလိုက်ကာ လည်ချောင်းထဲတွင် သွေးမျိုး ပြို့တက်လာသည်။ အင်ပါယာ အော်ရာမှာ ပျောက်ကွယ်သွားကာ သူ၏ အစစ်အမှန် အခြေအနေ ပြန်ပေါ်လာခဲ့လေသည်။
သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေကာ သွေးများမှာ ခေါင်းအစ ခြေအဆုံး ပေကျံနေ၏။ သို့သော်လည်း သူ၏ မျက်လုံးများမှာ တောက်ပနေကာ ခွန်အားတို့ဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပေသည်။ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရုံဖြင့်ပင် သူ၏ ခန္ဓာကိုယ်နှင့် အဝတ်အစားများမှာ ပုံမှန်သို့ ပြန်လည် ပြောင်းလဲ သွား၏။
ဤသည်မှာ အချိန်ပြိုကွဲခြင်းဟု ခေါ်သည့် လောကီမျက်လုံး အဆင့်၏ ထူးခြားသော စွမ်းရည်ကို ဆင့်ကဲ ပြောင်းလဲထားသည့် လျှို့ဝှက်ဝိညာဥ်အဆင့်များသာ ပိုင်ဆိုင်နိုင်သော စွမ်းရည် ဖြစ်သည်။ ၎င်းက အချိန်ကို လှည့်စားကာ ပြင်းထန်စွာ ထိခိုက်နေသည့် ဝိညာဥ်ကို ပြီးပြည့်စုံသည့် အခြေအနေသို့ ပြန်သွားစေလျှက် သေခြင်းတရားမှ ကယ်တင်သည့် နည်းတစ်မျိုး ဖြစ်သည်။ သို့သော်လည်း ကုန်ကျစရိတ်က သက်တမ်း ဖြစ်သည်။
ဝူယုမှာ သူ၏ ဝိညာဥ်ကို စက္ကန့်ပိုင်းလောက်သာ နောက်ပြန်ဆုတ်ခဲ့သည့်တိုင် သက်တမ်း နှစ်ရာခန့် လောင်ကြွမ်း သွားခဲ့သည်။ ထိုကုန်ကျစရိတ်က ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချလိုက်ရင်း သူက လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက် ပျောက်ကွယ်သွားသည့် အရပ်မျက်နှာကို လှမ်းကြည့်လိုက်၏။ သူက လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်ရာ ခုတ်ပိုင်းခြင်းဓား၏ ခန္ဓာကိုယ်ထဲ၌ ချန်ထားခဲ့သည့် အင်ပါယာ ကောင်းကင် အော်ရာက ပေါက်ကွဲသွား၏။
ဘုန်း...
အဝေးတစ်နေရာတွင် နေကြယ်ကဲ့သို့ လင်းလက်နေသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပေါက်ကွဲမှုမှာ အလွန် လင်းလက်လွန်းရကာ နတ္ထိ ဟင်းလင်းပြင် တစ်ခုလုံးကို လင်းချင်းသွားစေ၏။ ဟင်းလင်းပြင် လေများက တိုးဝှေ့ တိုက်ခိုက်လာရာ ဝူယု၏ ဝတ်ရုံများမှာ အနည်းငယ် လွင့်ပျံသွားသည်.
အင်ပါယာ ကောင်းကင် အော်ရာမှာ ခွန်အားကို မြှင့်တင်ရုံ တစ်ခုတည်း အတွက် အသုံးချနိုင်သည် မဟုတ်ချေ။ ၎င်းကို ဉာဏ်ရှိသလောက် နည်းလမ်း အမျိုးမျိုးဖြင့် သုံးနိုင်ပေသည်။ ဝူယုက ဝေ့ဝူယင် ပေးအပ်ထားသည့် လက်စွပ်ထဲမှ အဆင့်ကိုး ပြန်လည် အားဖြည့်ဆေး တစ်ခုကို ထုတ်ယူကာ စားသောက်လိုက်၏။
ထို့နောက် သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ့မျက်လုံးအတွင်း ပေါ်လာခဲ့ကာ အနန္တ ဧကရာဇ် အမြောက်ကို လက်ထဲတွင် ဆုပ်ကိုင်ရင်း ဟင်းလင်းပြင် သင်္ဘောများ ထွက်ပြေးသွားသည့် နောက်ကို လိုက်လေတော့၏။ သူ သူတို့ကို အလွတ်မပေးနိုင်ချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ ထိုဟင်းလင်းပြင် သင်္ဘောများထဲမှ တစ်ခုထဲတွင် ရှိနေနိုင်သည် မဟုတ်ပါလား။
...
ထိုအချိန် လေလွင့်ကောင်းကင်ဂြိုဟ်၏ မျက်နှာပြင် တစ်ခုထက်၌ တိုက်ပွဲကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။
“အင်ပါယာ ကောင်းကင် အော်ရာက တကယ် ကြောက်ဖို့ကောင်းတာပဲ... ဒါပေမဲ့ ဝူယုက ပိုပြီးတော့တောင် ကြောက်ဖို့ ကောင်းသေးတယ်...”
ဝူယုက ဟင်းလင်းပြင် သင်္ဘောများနောက် လိုက်ရန် သက်တမ်းအား လောင်ကြွမ်းလိုက်သည်ကို တွေ့လိုက်ရသော အခိုက်၌ သူ စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်မိ၏။ မည်သည့် ရည်ရွယ်ချက်ဖြင့် ဖြစ်စေကာမူ... ထိုလူအိုကြီးမှာ သူ့အပေါ် သစ္စာရှိသည့် နောက်လိုက်ကောင်း ဖြစ်ပေသည်။ သူ့အား ပြုစု ပျိုးထောင်ခဲ့ရသည်မှာ ထိုက်တန်ခဲ့ပေသည်။
“ကဲ... မင်းတို့ရော အသင့်ပဲလား...”
ဝေ့ဝူယင်က ပင့်သက် တစ်ချက် ရှိုက်ရင်း မေးလိုက်၏။ ထို့နောက် သူ၏ နဂါး မျက်လုံးများက ဖြည်းညင်းစွာပင် အဖြူရောင် အဖြစ် ပြောင်းလဲသွားကာ အနန္တ တုန်ခါမှု စွမ်းအင်များဖြင့် ရောင်ပြန် ဟပ်လာသည်။
"ဒါပေါ့... ဒါပေါ့... ဒါပေါ့...”
အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေ၏။