← Chapters

နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်

Vol. 37 Ch. 491

နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်

Vol. 37 Ch. 491

အရိုးရှင်းဆုံး ပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေ ဆိုတာက လောကရဲ့ ဥပဒေသတွေကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ချိုးဖောက်ဖို့အတွက် တီထွင်ဖန်တီး ထားတာပါပဲ။

ဒါပေမဲ့ အဲသည်ရုပ်ပိုင်းဆိုင်ရာ ခွန်အား ဆိုတာကလည်း ခွန်အားချည်း သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါက စွမ်းအား ဥပဒေသကို ဆိုလိုတာလည်း ဖြစ်ပါတယ်။

အဲသည်စွမ်းအား ဥပဒေသလို့ခေါ်တဲ့ အရာကိုတော့ ခွန်အားနဲ့ ကျွမ်းကျင်မှုဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။

ဒါကြောင့်မို့ ခန္ဓာကိုယ် အပြင်အား ပညာရှင် တစ်ယောက်ဟာ ခွန်အားချည်း သက်သက်ကို မှီခိုလို့ မရသလို ကျွမ်းကျင်မှုချည်း သက်သက်ကိုလည်း မှီခိုလို့ မရပါဘူး။

ခွန်အားကော ကျွမ်းကျင်မှုကိုပါ အချိုးကျကျ ပေါင်းစပ် အသုံးချနိုင်မှသာ အဲသည် အပြင်အား ပညာရှင်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်တဲ့ အစွမ်းတွေကို ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်။

ခွန်အားကော ကျွမ်းကျင်မှုကိုပါ အချိုးကျကျ ပေါင်းစပ်သွားနိုင်ပြီ ဆိုရင်တော့ စွမ်းအားဥပဒေသ တစ်ဖြစ်လဲ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းဆန္ဒဟာ မွေးဖွား လာတော့တာပါပဲ။

အဆိပ်နဂါးဆန္ဒ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်သီးချက်တွေဟာ ပိုအားပါလာပြီး ပိုတိကျ သေသပ်လာခဲ့ပါတယ်။

" ဟား ... ဟား ...  သည်လောက်ဆို လုံလောက်ပြီကွ။ တွေ့ကြသေးတာပေါ့ မိစ္ဆာစက်ကွင်းတိုက်ရာ "

လီဖူချန်းက အားပါးတရ အော်ရယ်ပြီး ကြိမ်းဝါးလိုက်ပါတယ်။

သူက မိစ္ဆာစက်ကွင်းတိုက်ကို တတိယအကြိမ် သွားဖို့အတွက်  မစောင့်နိုင်တော့ပါဘူး။ သူက ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို ခူးချင်နေလှပါပြီ။

- မိစ္ဆာစက်ကွင်းတိုက် ၊ ဒုတိယစက်ကွင်း -

ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ လီဖူချန်း ပြန်လာမှာကို ကြိုသိနေတဲ့ပုံပါပဲ။ လီဖူချန်းက ဒုတိယစက်ကွင်းထဲမှာ ၅ရက်၊ ၅တိတိ ရှာခဲ့တာတောင်မှ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အငွေ့အသက်ကို ခြေရာ မခံမိခဲ့ပါဘူး။

" သည်ကောင်က ပထမ စက်ကွင်းထဲမှာ သွားပုန်းနေတာများလား"

အတွေးပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပထမ စက်ကွင်းထဲကို အကြောက်အလန့်မရှိ ပျံသန်း ဝင်ရောက်သွားခဲ့ပါပြီ။

" ငါထင်ထားတဲ့ အတိုင်းပဲ "

ပထမ စက်ကွင်းထဲကို ရောက်ပြီး သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ ချီအငွေ့အသက်ကို စတင် အာရုံခံမိလိုက်ပါတယ်။

အဲသည်နောက်မှာတော့ သူဟာ ပျံသန်းနှုန်းကို မြှင့်လိုက်ပြီး အာရုံခံမိတဲ့ဘက်ကို ပျံသန်းသွားပါတော့တယ်။

" လူသားစုတ် ...  မင်းက ပထမ စက်ကွင်းထဲ အထိတောင် လာရဲတယ်ပေါ့လေ။ သေစမ်း"

ဒေါသသံ တစ်သံနဲ့အတူ အရိပ်တစ်ခုဟာ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ။ အဲသည်အရိပ် ပိုင်ရှင်ကတော့ ဦးချိုမိစ္ဆာ အမျိုးအနွယ်ထဲက ချိုတစ်ချောင်း မိစ္ဆာဗိုလ်ချုပ်ပါပဲ။

" သွားစမ်း "

လီဖူချန်းက အချိန် ဖြုန်းမနေချင်ပါဘူး။ အဲသည်အတွက် သူက သူ့ဆီကို တိုးဝင်လာတဲ့ ချိုတစ်ချောင်း မိစ္ဆာဗိုလ်ချုပ်ကို ရှောင်မနေတော့ဘဲ လက်သီးနဲ့ ပြန်ထိုးလွှတ်လိုက်ပါတယ်။

ဘန်း ...

လေထုထဲမှာ သွေးတွေ ပြန့်ကျဲပြီးသွားတဲ့ နောက်မှာတော့ ချိုတစ်ချောင်း မိစ္ဆာဗိုလ်ချုပ်ဟာ အလောင်းတောင် ပြန်ရှာလို့ မရတဲ့ ဘဝကို ရောက်သွားခဲ့ပါပြီ။

အဆိပ်နဂါးဆန္ဒ ပါဝင်လာတဲ့ နဂါးနက် ဝိညာဉ်ဟာ ဘယ်အရာကိုမှ  ညှာတာပေးခြင်း ရှိမယ့်ပုံ မပေါ်ပါဘူး။ ပြီးတော့ အဲဒါက လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုပြီး ပြင်းထန်နေတယ်လို့ ဆိုရမှာပါ။

ချိုတစ်ချောင်း မိစ္ဆာဗိုလ်ချုပ်ကို သတ်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကမ္ဘာဦးမိစ္ဆာသစ်ပင် ခြေရာခံခြင်းကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။

" ဟမ့် ...  မင်းက သည်မှာ ပုန်းနေတာကိုး "

နောက်ဆုံးမှာတော့ ပထမစက်ကွင်းရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပုန်းအောင်းနေတဲ့ ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို လီဖူချန်းတစ်ယောက် ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။

ဒါပေမဲ့ ပြဿနာ တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ မိစ္ဆာဗိုလ်ချုပ် အုပ်လိုက်ကြီးဟာ ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ အောက်မှာ စုရုံးနေကြတာပါပဲ။

လီဖူချန်းနောက်ကို အသည်းအသန် လိုက်ခဲ့ကြတဲ့ မိစ္ဆာဗိုလ်ချုပ် ခုနစ်ပါးအပြင် သူ မမြင်ဖူးတဲ့ နောက်ထပ်မိစ္ဆာဗိုလ်ချုပ် ငါးပါးပါ သည်နေရာမှာ ရှိနေတာပါ။

"လူသားစုတ် ...  မင်းက သည်ကို လာရဲသေးတယ်ပေါ့လေ "

သွေးမိစ္ဆာက အံ့သြခြင်း၊ ဒေါသထွက်ခြင်းတွေ ရောပြွမ်းနေတဲ့ လေသံနဲ့ အော်ဟစ်ကြိမ်းမောင်း လိုက်ပါတယ်။

သူက လီဖူချန်းကို လုံးဝ ပြန်လာရဲမှာ မဟုတ်တော့ဘူးလို့ ထင်နေခဲ့တာပါ။ အဲသည်အတွက် သူတို့က နောက်ထပ် လအနည်းငယ်လောက် စောင့်ပြီးရင် လမ်းခွဲဖို့ကိုတောင် တိုင်ပင်ထားခဲ့ ပြီးပါပြီ။

ဒါပေမဲ့လည်း လီဖူချန်းက တစ်လကျော် အကြာမှာပဲ တကယ်ကြီး ပြန်ရောက်လာခဲ့ပါတယ်။

သည်လူသားက မိစ္ဆာစက်ကွင်းတိုက်ကို လာချင်တိုင်းလာ၊ ပြန်ချင်တိုင်းပြန်လို့ရတဲ့ သာလာယံ ဇရပ်လို သဘောထားနေတယ် ဆိုတာ အသိသာကြီးပါပဲ။

" သွေးမိစ္ဆာ  ...  မင်း အရင်စပြီး မလှုပ်ရှားနဲ့။ ငါအရင် သူ့ရဲ့ အစွမ်းကို စမ်းကြည့်လိုက်ဦးမယ် "

စကားသံ အဆုံးမှာတော့ တစ်ကိုယ်လုံး ပိန်းတိတ်အောင် မည်းနက်နေတဲ့ မိစ္ဆာတစ်ကောင်ဟာ လီဖူချန်းနဲ့ တစ်ယောက်ချင်း တိုက်ဖို့အတွက် ပျံသန်းကာ ထွက်သွားခဲ့ပါပြီ။

" ဟုတ်ကဲ့ပါ ...  မဟူရာ မိစ္ဆာဗိုလ်ချုပ်"

သွေးမိစ္ဆာက ရိုသေလေးစားမှု အပြည့်နဲ့ ပြန်ပြောလိုက်ပါတယ်။

သူ့အနေနဲ့ မရိုသေ၊ မလေးစားလို့လည်း မရပါဘူး။ မဟူရာ မိစ္ဆာဗိုလ်ချုပ် ဆိုတာက မိစ္ဆာစက်ကွင်းတိုက်ရဲ့ ထိပ်တန်းဗိုလ်ချူပ် ၁၀ပါးထဲက နံပါတ်၇ နေရာမှာ ရပ်တည်နေသူပါ။ ပြီးတော့ မဟူရာ မိစ္ဆာဗိုလ်ချုပ်က သူ့ကို တစ်ချက်တည်းနဲ့ ဒဏ်ရာ အပြင်းအထန် ရသွားအောင်တောင် လုပ်နိုင်ပါသေးတယ်။

သွေးမိစ္ဆာရဲ့ အမြင်အရ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ မဟူရာ မိစ္ဆာဗိုလ်ချုပ်အတွက် အပျင်းပြေ ကစားစရာလေး တစ်ခုပါပဲ။ သည်နေ့မှာတော့ လီဖူချန်းဟာ သေချာပေါက် သေကို သေရတော့မှာပါ။

သွေးမိစ္ဆာ တစ်ယောက် တွေးနေစဉ်မှာပဲ မဟူရာ မိစ္ဆာဗိုလ်ချုပ်က လီဖူချန်းရဲ့ အရှေ့ ခပ်လှမ်းလှမ်းကို ရောက်ရှိသွားခဲ့ပါပြီ။

လီဖူချန်းကလည်း တစ်ဖက်ရန်သူဟာ မဟူရာ မိစ္ဆာမျိုးနွယ်ထဲက မိစ္ဆာ တစ်ကောင်ဆိုတာကို သိလိုက်ပါတယ်။

မဟူရာ မိစ္ဆာမျိုးနွယ်တွေရဲ့ အမြင့်ဆုံး ကန့်သတ်ချက်က မိစ္ဆာဘုရင် အဆင့်အထိပါပဲ။  သွေးသန့် မဟူရာမိစ္ဆာတွေက သွေးသန့် သွေးမိစ္ဆာတွေနဲ့ သွေးသန့် အရိုးမိစ္ဆာတွေကို မယှဉ်နိုင်ပါဘူး။

ဒါပေမဲ့ အခု သူ့ရှေ့မှာ ရောက်နေတဲ့ မဟူရာမိစ္ဆာကတော့ အတော်လေး အစွမ်းထက်မယ့်ပုံပါပဲ။ ကြည့်ရတာတော့ သည်မဟူရာမိစ္ဆာက သွေးသန့်မိစ္ဆာပဲ ဖြစ်ရပါမယ်။

သည်နေရာမှာ တစ်ချက် သတိပြုရမှာကတော့ လီဖူချန်း ကြုံခဲ့ရတဲ့ သွေးမိစ္ဆာနဲ့ အရိုးမိစ္ဆာက သွေးသန့်စစ်စစ် မဟုတ်ဘူး ဆိုတာပါပဲ။

"လူသား ...  မသေခင် မင်းနာမည် ပြောခဲ့စမ်း "

သည်မဟူရာ မိစ္ဆာဗိုလ်ချုပ်ဆီမှာတော့ အကြေးခွံတွေ မရှိဘဲ နွားသားရေလို အနက်ရောင် အရေပြားပဲ ရှိပါတယ်။  ဒါပေမဲ့လည်း အဲသည် အရေပြားက နွားသားရေထက် အဆပေါင်း ထောင်သောင်းများစွာ မာကျောနေမယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။ အဲသည်အရေပြားက ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်ဘူးဆိုတဲ့ ခံစားချက် တစ်ခုကိုလည်း ပေးစွမ်းနေပါသေးတယ်။

"မင်းက ငါ့နာမည်ကို သိဖို့ အဆင့်မမီသေးဘူး "

လီဖူချန်းကတော့ သူ့ဝသီအတိုင်း မထုံတက်တေး အမူအရာနဲ့ ရှိနေဆဲပါပဲ။

"အစတုန်းကတော့ ငါက မင်းကို ကောင်းကောင်းမွန်မွန် သေခွင့် ပေးမလို့ပဲ။ ဒါပေမဲ့ အခုတော့ ငါ့စိတ်ကို ပြောင်းလိုက်ပြီ။ မင်းကို အသေဆိုးနဲ့သေအောင် ငါသတ်ပေးမယ် "

စကားဆုံးတဲ့ နောက်မှာတော့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ဟာ ဒေါသတကြီးနဲ့ အနက်ရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပါတယ်။

ဟူး ...

အဲသည်အနက်ရောင် အလင်းတန်းဟာ လမ်းတစ်ဝက်ကို အရောင်မှာတော့ အနက်ရောင် လက်သီးတစ်လုံးအဖြစ် ပြောင်းသွားခဲ့ပါပြီ။

သည်လက်သီးချက်ဟာ အင်မတန် ကြောက်စရာ ကောင်းမယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ သံသယ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ အနက်ရောင် လက်သီးရဲ့ ဖိနှိပ်မှုကို ခံနေရလို့ပါပဲ။ အဲဒါက လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှ လှိုင်းအထပ်ထပ် ထနေစေပါသေးတယ်။

" မဆိုးဘူး  ...  ဒါပေမဲ့ လိုသေးတယ်"

ဂါး ... ဂရား ...

အနက်ရောင် နဂါးဝိညာဉ် တစ်ခုဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး သူ့ကို အကာအကွယ် ပေးလိုက်ပါတယ်။ လီဖူချန်းကတော့ လက်လေး တစ်ချက်တောင် မမြှောက်ခဲ့ပါဘူး။

မြေကမ္ဘာအဆင့် သိုင်းပညာဆန္ဒ ...

မြေကမ္ဘာအဆင့် သိုင်းပညာဆန္ဒတွေကို နားလည် အသုံးပြုနိုင်တဲ့ သူတွေဟာ သိုင်းပညာကို အသုံးမပြုဘဲနဲ့တောင် သိုင်းဆန္ဒတွေကို ထုတ်သုံးနိုင်ပါတယ်။ အကြောင်းအရင်းကတော့ သိုင်းဆန္ဒကို နားလည်သွားတဲ့ သူတွေဟာ အဲသည်သိုင်းပညာရဲ့ အဆီအနှစ်ကို ဖမ်းဆုပ် သွားနိုင်လို့ပါပဲ။

ဘန်း ...

မဟူရာ မိစ္ဆာဗိုလ်ချုပ်ရဲ့ လက်သီးက အဆိပ်နဂါးဝိညာဉ်ကို အနည်းငယ်သာ တုန်ခါသွားစေပြီး အဆိပ်နဂါးဝိညာဉ် ကတော့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ကို အနောက်ဆုတ်သွားအောင် ဖိအားပေးလိုက်နိုင်ပါတယ်။

" ဘယ် ... ဘယ်လို ဖြစ်ရတာလဲ"

မဟူရာ မိစ္ဆာဗိုလ်ချုပ်ကတော့ သူ နောက်ဆုတ်လိုက်ရတယ် ဆိုတာကို ဘယ်လိုမှ မယုံနိုင်တဲ့ ပုံပါပဲ။

ဒါကလည်း သူ့အမှားတော့ မဟုတ်ပါဘူး။ သူက မိစ္ဆာစက်ကွင်းတိုက်ရဲ့ နံပါတ်၇ မိစ္ဆာဗိုလ်ချုပ်ပါ။ တစ်နည်းအားဖြင့် ဆိုရမယ် ဆိုရင်တော့ သူက မိစ္ဆာစက်ကွင်းတိုက်ရဲ့ ခုနစ်ယောက်မြောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဆုံးစွန်ဆုံးအထိ ပြောရမယ် ဆိုရင်တော့ နံပါတ်၂ မိစ္ဆာဗိုလ်ချုပ်တောင်မှ သူ့ရဲ့ လက်သီးကို တိုက်ရိုက်ခံဆောင်မယ်ဆိုရင် ဒဏ်ရာ အနည်းအကျဉ်း ရသွားမှာ အသေအချာပါပဲ။

ဒါပေမဲ့လည်း သည်လူသားကတော့ ချီဝိညာဉ် တစ်ခုနဲ့ပဲ သူ့ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ပါတယ်။ အဲသည်ထက် ပိုဆိုးတာကတော့ သူက အဲသည်လူသားရဲ့ ချီဝိညာဉ် တန်ပြန်တိုက်ခိုက်မှုကြောင့် အနောက်ကို ဆုတ်လိုက်ရတာပါပဲ။

ဒါက ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

" ဘာ ... ဘာတွေ ဖြစ်ကုန်တာလဲ "

သွေးမိစ္ဆာဗိုလ်ချုပ်နဲ့ တခြား မိစ္ဆာဗိုလ်ချုပ်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ကြောင်ပြီး ကြည့်နေမိကြပါတယ်။ သူတို့ရဲ့ မျက်လုံးတွေ ထဲမှာတော့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်လို့ နေခဲ့ပါပြီ။

" သေစမ်း "

ဒေါသ အကြီးအကျယ် ထွက်သွားတဲ့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ကတော့ အဝေးကနေ မတိုက်ခိုက်တော့ပါဘူး။ သူက လီဖူချန်းအနားကို ခုန်ဝင်သွားကာ အပေါ်ကနေ လက်သီးနဲ့မိုးပြီး ထုချလိုက်ပါတော့တယ်။

ဘန်း ...

လက်သီးချက်က ပိုပြီး အားပါ ပြင်းထန်လေလေ တန်ပြန်အားကလည်း ပိုပြီး အားပါ ပြင်းထန်လေလေပါပဲ။

ဝေါ့ ...

မဟူရာမိစ္ဆာဗိုလ်ချုပ်က သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပါတော့တယ်။

"အားလုံး အတူ တိုက်ကြဟေ့။ ငါလည်း မရဘူးဟ "

မဟူရာ မိစ္ဆာဗိုလ်ချုပ်က အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။ သူက သည်လူသားရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ အဲသည်အတွက် သူက တခြားမိစ္ဆာ ဗိုလ်ချုပ်တွေကို အော်ဟစ်ပြီး တိုက်ခိုက်ဖို့ ပြောလိုက်ပါတော့တယ်။

"အခြေအနေကတော့ မကောင်းဘူး။ ငါတို့အားလုံး ပေါင်းပြီးတိုက်မှ သည်လူသားကို ရင်ဆိုင်နိုင်မှာ။ သည်တစ်ကြိမ်တော့ သည်ကောင့်ကို အလွတ်မပေးကြနဲ့ "

သွေးမိစ္ဆာအပါအဝင် မိစ္ဆာဗိုလ်ချုပ်တွေ အားလုံးဟာ လီဖူချန်းကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပါပြီ။

သူတို့က လီဖူချန်းဟာ သည်ပူးပေါင်း တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေကြပါတယ်။

" ပိုးဖလံမျိုး မီးကိုတိုး ဆိုတာ မင်းတို့ကို ပြောတာပဲ ဖြစ်ရမယ်။ အကုန် သေကြစမ်း "

အဆိပ်နဂါး ဝိညာဉ်ရဲ့ စွမ်းအားဟာ အထွတ်အထိပ် အချိန်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းက အချိန် ဖြုန်းမနေတော့ပါဘူး။ သူက လက်သီးချက် တစ်ချက်ကို ထုတ်လိုက်ပြီး အဆိပ်နဂါးဝိညာဉ်ကို ကြီးထွားစေလိုက်ပါတယ်။ အဲသည်ကြီးထွားလာတဲ့ အဆိပ်နဂါး ဝိညာဉ်ရဲ့ အရှိန်အဝါ ဖိအားက ကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ မိစ္ဆာနဂါး တစ်ကောင်လိုပါပဲ။ လေဟာနယ် ဟင်းလင်းပြင် တစ်ခုလုံးဟာလည်း သိမ့်ခနဲ သိမ့်ခနဲ တုန်ခါနေခဲ့ပါပြီ။

ဘန်း ... ဘန်း ... ဘန်း ... ဘန်း ... ဘန်း ...

အဆိပ်နဂါးဝိညာဉ်နဲ့ ထိပ်တိုက်ရင်ဆိုင်မိတဲ့ မိစ္ဆာဗိုလ်ချုပ်တိုင်းဟာ ပေါက်ကွဲထွက်ကုန်ပြီး သွေးမှုန်တွေဘဝကို တန်းပြောင်းကုန်ပါတယ်။

မဟူရာ မိစ္ဆာဗိုလ်ချုပ်ကတော့ ကံသီပြီး အသက်မပျောက်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ်ကတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်လုနီးပါး အခြေအနေကို ရောက်နေခဲ့ပါပြီ။

"လခွီး ...  သွေးမိစ္ဆာဆိုတဲ့ ကောင်က ငါ့ကို သတင်းအမှားကြီး ပေးထားတာပဲ"

လီဖူချန်းရဲ့ လက်သီးချက်ကို မြည်းစမ်းကြည့်ပြီးတဲ့ နောက်မှာတော့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ဟာ ဆက်တိုက်ခိုက်ဖို့ အတွက် သတ္တိမရှိတော့ပါဘူး။ သည်လီဖူချန်းက သူ့ထက် အဆပေါင်းများစွာ အစွမ်းထက်နေတယ် ဆိုတာ အသိသာကြီးပါပဲ။ မိစ္ဆာစက်ကွင်းတိုက်မှာ လီဖူချန်းနဲ့ လက်ရည်ညီတဲ့သူက နံပါတ်၁ မိစ္ဆာဗိုလ်ချုပ် တစ်ဦးတည်းသာ ရှိပါလိမ့်မယ်။

" ပြေးမှ "

အခြေအနေကို ကောင်းကောင်းကြီး ရိပ်စားမိတဲ့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ကတော့ အနက်ရောင် အလင်းတန်းအသွင်ပြောင်းပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

" မင်းကို ဘယ်သူက ထွက်ပြေးခွင့် ပေးလိုက်တာလဲ"

ဒါပေမဲ့လည်း လီဖူချန်းက မဟူရာ မိစ္ဆာဗိုလ်ချုပ်ကို လုံးဝ အလွတ်မပေးပါဘူး။ လီဖူချန်းကို အနက်ရောင် အလင်းတန်းဆီကို ခုန်ဝင်သွားပြီး လက်သီးတစ်လုံး ပစ်ထိုးလိုက်ပါတယ်။

ဘန်း ...

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ အသွေးတွေ၊ အသားတွေနဲ့ အရိုးတွေဟာ လေထုထဲမှာ ပြန့်ကျဲကုန်ပါတယ်။ အနက်ရောင် အလင်းတန်းအသွင် ပြောင်းထားတဲ့ မဟူရာ မိစ္ဆာဗိုလ်ချုပ်ဟာ လီဖူချန်းရဲ့ လက်သီးချက်ကနေ လွတ်မြောက်အောင် မရှောင်တိမ်း နိုင်ခဲ့ပါဘူး။

အဲသည်အတွက် အညှာအတာ ကင်းမဲ့တဲ့ အဆိပ်နဂါးဝိညာဉ်ဟာ မဟူရာမိစ္ဆာကို သွေးအိုင်တစ်ခု အဖြစ် ဘဝပြောင်းသွားစေခဲ့ပါပြီ။

" ဟမ့် "

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဘယ်အချိန်ကတည်းကနေ ထွက်ပြေးသွားမှန်း မသိတဲ့ ကမ္ဘာဦးမိစ္ဆာသစ်ပင် နောက်ကို လိုက်ပါတော့တယ်။

သည်လိုနဲ့ပဲ လူသားနဲ့ သစ်ပင်ဟာ ပထမစက်ကွင်းရဲ့ အလယ်ဗဟို နယ်မြေထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။

သည်နယ်မြေကတော့ ထိပ်တန်းမိစ္ဆာ ဗိုလ်ချုပ်ဆယ်ပါး ကျင့်ကြံတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။ အဲသည်အတွက် သည်နေရာမှာရှိတဲ့ မိစ္ဆာချီ (ဝါ) မိစ္ဆာဓာတ်တွေဟာ အခြားနေရာတွေထက် အဆပေါင်းများစွာ သိပ်သည်းနေပါတယ်။ သည်နယ်မြေမှာ ပေါက်ရောက်နေတဲ့ ဆေးပင်တွေရဲ့ အမြင့်ဟာလည်း သစ်ပင်အကြီးစားတွေလိုပါပဲ။

မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာတော့ အနက်ရောင် ရေတွေနဲ့ ပြည့်နှက်နေပါတယ်။ ကောင်းကင်ပေါ်မှာ ဆိုရင်လည်း အမြဲလိုလို တိမ်ညို၊ တိမ်စိုင်တွေ ဖြစ်တည်နေပြီး အချိန်မရွေး မိုးသည်းထန်စွာ ရွာသွန်းတော့မလိုပါပဲ။ လီဖူချန်း ကိုယ်တိုင်တောင်မှ သည်ပတ်ဝန်းကျင် အခြေအနေကြောင့် သက်သောင့်သက်သာ မဖြစ်တဲ့ ခံစားချက်မျိုးကို ခံစားနေရပါတယ်။

" ဟ … ဟ ... မင်း ဘယ်ပြေးမလဲ "

သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို လိုက်မီသွားခဲ့ပါပြီ။

ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ အရင်လို မခုခံတော့ဘဲ လီဖူချန်းရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့အတွက်သာ ကြိုးစားနေပါတော့တယ်။

လီဖူချန်းကတော့ ဝမ်းသာအားရနဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အစွန်အဖျား သစ်ကိုင်းတွေပေါ်မှာ သီးနေတဲ့ ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို စတင် ခူးဆွတ်နေပါပြီ။

၁၀၀ ... ၂၀၀ ...

ကမ္ဘာဦး မိစ္ဆာသစ်ပင်ဆီမှာတော့ များပြားလှတဲ့ ကမ္ဘာဦး မိစ္ဆာသစ်သီးတွေ သီးနေပါတယ်။ အပင်ရဲ့ အစွန်အဖျားနားမှာ ရှိတဲ့ အသီးတွေကတောင်မှ ထောင်ပိုင်းလောက် ရှိနေတာပါ။

အဲသည်အတွက် လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို သက်သောင့်သက်သာနဲ့ ခူးယူနိုင်ပါတယ်။

၃၀၀ ...

လီဖူချန်းတစ်ယောက် ကမ္ဘာဦး မိစ္ဆာသစ်သီး ၃၀၀ကျော် ခူးယူပြီးတဲ့ အခါမှာတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဟာ ပြေးနေတာကို ရပ်တန့်လိုက်ပါပြီ။ ကြည့်ရတာတော့ သူက သည်နေရာကို တမင်ရည်ရွယ်ပြီး အရောက်ပြေးလာတဲ့ ပုံပါပဲ။

လီဖူချန်းက ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းဆန်းစစ်လိုက်တဲ့ အခါမှာတော့ ရေကန်ကြီး တစ်ခုကို တွေ့လိုက်ရပါတယ်။ သူက ရေကန်ထဲမှာ ရှိနေတဲ့ အရှိန်အဝါ တစ်ခုကို ခံစားလိုက်မိတဲ့ အတွက် သတိလက်လွတ် မနေရဲတော့ပါဘူး။

ဗွမ်း ...

အနက်ရောင် ရေတွေ ပန်းထွက်လာပြီး နောက်မှာတော့ ထုတ်ချင်းဖောက် မြင်နိုင်တဲ့ မိစ္ဆာတစ်ကောင်ဟာ ကန်ရေပြင်ထက်မှာ ပေါ်လာခဲ့ပါပြီ။

" ရေမိစ္ဆာ မျိုးနွယ်ထဲကလား "

ရေမိစ္ဆာတွေ ဆိုတာကို မီးမိစ္ဆာတွေလိုပဲ မိစ္ဆာဘုရင် အဆင့်အထိ တက်လှမ်းနိုင်တဲ့ အလားအလာ ရှိပါတယ်။ လီဖူချန်းရဲ့ အမြင်အရ ဆိုရင်တော့ အခု သူတွေ့နေရတဲ့ ရေမိစ္ဆာဟာ သေချာပေါက် သွေးသန့် ရေမိစ္ဆာ ဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်ရေမိစ္ဆာရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ ချီအရှိန်အဝါ ဖိအားက ဂိုဏ်းတော်မှာ သူကြုံဖူးခဲ့တဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းဂိုဏ်းသားတွေ ထက်တောင် အားကောင်းနေလို့ပါပဲ။

ဟူး ...  ဝှစ် ... ဝှစ် ...

အရပ်မျက်နှာ ပေါင်းစုံကနေပြီး နောက်ထပ် မိစ္ဆာတွေ ရောက်လာခဲ့ကြ ပြန်ပါပြီ။ သူတို့အားလုံးရဲ့ ချီအရှိန်အဝါတွေကလည်း မဟူရာ မိစ္ဆာဗိုလ်ချုပ်ထက်ကို သာလွန်နေကြပါတယ်။ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။ အခုသည်နေရာမှာ ရှိနေတဲ့ မိစ္ဆာတိုင်းဟာ ထိပ်တန်း မိစ္ဆာဗိုလ်ချုပ်တွေပါပဲ။

"လူသား ...  မင်းက ကောင်းကင်ဘုံကို သွားလို့ရတဲ့လမ်း ရှိရဲ့ဲသားနဲ့ ငရဲပြည်တံခါးကို လာခေါက်တာပဲ "

ရေမိစ္ဆာဗိုလ်ချုပ်က အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။ သူ့ရဲ့ လေသံထဲမှာတော့ သတ်ဖြတ်လိုမှု အငွေ့အသက်တွေ အပြည့်ပါပဲ။

"သည်လူသားက ပထမစက်ကွင်းထဲ အထိ လာနိုင်တယ်ဆိုမှတော့ သေချာပေါက် အစွမ်းထက်တဲ့လူ ဖြစ်ရမယ်။ တကယ်လို့သာ ငါတို့အနေနဲ့ သူ့ရဲ့ သွေးအဆီအနှစ်ကို စုပ်ယူနိုင်မယ်ဆိုရင် နောက်ထပ်အဆင့် တစ်ဆင့်ကို သေချာပေါက် ရောက်သွားလောက်တယ် "

ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေရဲ့ မျက်လုံးတွေကလည်း အရောင်တောက်နေခဲ့ပါပြီ။

လီဖူချန်းကတော့ အကြောက်အလန့်မရှိ ရှိနေဆဲပါပဲ။ သူက ထီမထင်စွာ ပြုံးလိုက်ပြီး မိစ္ဆာအားလုံးကို စိန်ခေါ်လိုက်ပါသေးတယ်။

" မင်းတို့ကိုမင်းတို့ ယုံကြည်မှု ရှိရင် လာခဲ့ကြ "

ဗွမ်း ...

လီဖူချန်းရဲ့ စကားသံအဆုံးမှာတော့ ရေမိစ္ဆာဗိုလ်ချုပ်က စတင် လှုပ်ရှားလာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က ရေလှိုင်းတစ်ခုအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက် အရောက်မှာတော့ ရေလှိုင်းဟာ ပျောက်ကွယ်သွားပြီး လီဖူချန်းရဲ့ အနောက်မှာ ရုတ်ခြည်း ပြန်ပေါ်လာကာ လီဖူချန်းကို တိုက်ခိုက်လိုက်ပါတော့တယ်။

အဲဒါကတော့ ရေမိစ္ဆာဗိုလ်ချုပ်ရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ပုံသဏ္ဌာန်မဲ့ ရေလှိုင်းစွမ်းအားပါပဲ။ သူက သည်စွမ်းရည်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ပါတယ်။

" သွားစမ်း "

လီဖူချန်းကလည်း အာရုံလွင့်ပျံနေခြင်း မရှိပါဘူး။ သူက အနောက်ကို ချက်ချင်း လှည့်လိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဘန်း ...

ရေလှိုင်းလုံးကြီးဟာ ပေါက်ကွဲထွက်ပြီး ရေစက်တွေဟာ နေရာအနှံ့ လွင့်စဉ်ကုန်ပါပြီ။

ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ အဲသည်ရေစက်တွေက ပြန်စုစည်းသွားပြီး ရေမိစ္ဆာ ဗိုလ်ချုပ်အဖြစ် ပြန်ပြောင်းသွားပါတယ်။

"စိတ်ဝင်စားစရာပ"

လီဖူချန်းက မျက်မှောင်ကြုတ် လိုက်မိပါတယ်။ သူက သည်လို မွေးရာပါ စွမ်းရည်မျိုးကို တစ်ခါမှ မကြုံဖူးသေးပါဘူး။

" သည်လူသားက တကယ်ကြီး နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်ကို နောက်ဆုတ်စေလိုက်တာလား "

ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကတော့ ဆွံ့အ နေခဲ့ကြပါပြီ။ ရေမိစ္ဆာဆိုတာက မိစ္ဆာစက်ကွင်းတိုက်ရဲ့ အစွမ်းအထက်ဆုံး မိစ္ဆာဗိုလ်ချုပ်ပါ။ သူ့ရဲ့ မွေးရာပါစွမ်း ပုံသဏ္ဌာန်မဲ့ ရေလှိုင်းစွမ်းအားက တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုအားကို တစ်ဝက်တိတိ လျော့ချပေးနိုင်စွမ်း ရှိတဲ့ စွမ်းရည်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ရေမိစ္ဆာဗိုလ်ချုပ်ကို နောက်ဆုတ်သွားအောင် ထိုးပစ်လိုက်ပါတယ်။ ဒါက တကယ့်ကို မယုံကြည် နိုင်စရာပါပဲ။

" မင်းက မဆိုးဘူး။ ဒါပေမဲ့ ငါ့ရဲ့ နောက်ထပ် လက်သီးကိုကော ခံနိုင်ပါ့မလား "

ဂါး ... ဂရား ...

အနက်ရောင် အဆိပ်နဂါး ဝိညာဉ်က တစ်ချက် ဟိန်းဟောက်လိုက်ပြီး ရေမိစ္ဆာဗိုလ်ချုပ်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။

ဝုန်း ...

ရေမိစ္ဆာဗိုလ်ချုပ်က အနောက် တော်တော်ဝေးဝေးအထိ လွင့်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒဏ်ရာကတော့ မရသွားခဲ့ပါဘူး။

" မိုးရေစက် "

ဖောက် ... ဖောက် ... ဖောက် ... ဖောက်  ...

ရေမိစ္ဆာဗိုလ်ချုပ်က တိမ်တစ်အုပ်ကို ဆင့်ခေါ်လိုက်ပြီး လီဖူချန်းအပေါ်ကို မိုးရေစက်တွေ သည်းထန်စွာ ရွာသွန်းစေလိုက်ပါတယ်။ သည်မိုးရေစက်တွေကတော့ ချွန်ထက်နေတဲ့ မြားတံတွေလိုပါပဲ။

"မြစ်ပြင်ကျယ်"

တစ်ဆက်တည်းမှာပဲ ရေမိစ္ဆာဗိုလ်ချုပ်ဟာ မြစ်တစ်စင်းအသွင် ပြောင်းသွားပြီး လီဖူချန်းကို ဝါးမျိုဖို့ ကြိုးစားလိုက်ပြန်ပါတယ်။

"သည်တစ်ကြိမ် ငါ့လက်သီးကို မြည်းကြည့်ပါဦး"

လီဖူချန်းက ရှောင်တိမ်းဖို့ကို လုံးဝ စိတ်ကူး မရှိတဲ့ ပုံပါပဲ။ သူက လက်သီးချက်တစ်ချက်ကို ထုတ်လိုက်ပြီး မြစ်တစ်စင်းအသွင် ပြောင်းထားတဲ့ ရေမိစ္ဆာဗိုလ်ချုပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဂါး ... ဂရား ...

အညှာအတာ ကင်းမဲ့ဟန်ရှိတဲ့ အနက်ရောင် နဂါးဝိညာဉ်က မြစ်ဆီကို တိုးဝင်သွားခဲ့ပါပြီ။

ဘန်း ... ဘန်း ... ဘန်း ...

ဝုန်း ...  ဝုန်း ...

ပေါက်ကွဲမှုတွေကတော့ ပတ်ဝန်းကျင်တစ်ခုလုံး အနှံ့မှာပါပဲ။ သည်လူသားနဲ့ မိစ္ဆာရဲ့ ထိပ်တိုက်ရင်ဆိုင်မှု တိုက်ပွဲက အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကြားမှာ ဖြစ်တဲ့ တိုက်ပွဲနဲ့တောင် ယှဉ်လို့ ရနေပါပြီ။ သည်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် တောင်တွေနဲ့ မြေပြင်ဟာလည်း ရစရာကို မရှိတော့ပါဘူး။

ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကတော့ တိုက်ပွဲစက်ကွင်း အနောက်ကို ဆုတ်သွားကြပြီး အသာလေး ရပ်ကြည့်နေကြပါတယ်။ ဒါက သူတို့ဝင်ပါလို့ရတဲ့ တိုက်ပွဲမျိုး မဟုတ်ပါဘူး။

***

All Chapters