ပျောက်ကွယ်သွားသောဂြိုဟ်
Vol. 48 Ch. 665
“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ...”
လေလွင့်ကောင်းကင်ဂြိုဟ်ထက်ရှိ ကွင်းဆင်း စစ်ဆေးရေးမှူးများနှင့် ကြိုတင် ပြင်ဆင်ထားသည့် မိုင်းတွင်းလုပ်သားများမှာ တန်ခိုး အဆင့် တစ်ခု၌ ရှိသည့် ကျင့်ကြံသူများ ဖြစ်ကြရာ အမှောင် ဟင်းလင်းပြင်ထဲ၌ အဆင့်မြင့် တိုက်ပွဲ တစ်ခု ဖြစ်ပျက်သွားခဲ့ကြောင်း သတိထားမိကြပြီး ဖြစ်သည်။
အများစုမှာ တိုက်ပွဲ၏ အရှိန်ကို လိုက်မမှီသည့်တိုင် နောက်ဆုံး၌ ဟင်းလင်းပြင် သင်္ဘောများ ထွက်ပြေးသွားသည်ကို တွေ့မြင်ရရာ တိုက်ပွဲ၏ ရလဒ်ကတော့ ရှင်းလင်းလှပေသည်။ အလုပ်ရှင်များမှာ သူတို့ကို လေလွင့်ကောင်းကင် တစ်ခုထက်တွင် ဘာမှန်းမသိရသော ကံကြမ္မာများဖြင့် ထားရစ်ခဲ့ပြီ ဖြစ်သည်။ ယခု၌ သူတို့ လုပ်နိုင်တာ ဆို၍ ဘာမှန်း မသိရသည့် ထိုကံကြမ္မာကို စောင့်ဆိုင်းနေဖို့ တစ်ခုသာ ရှိပေသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဤလေလွင့်ကောင်းကင်ထက်မှ ဘာအကျိုးဆက်မှ မရှိပဲ စွန့်ခွာနိုင်လိမ့်မည် မဟုတ်ချေ။
တစ်ချိန်တည်း၌ လောကသခင် အဆင့်ထက်ရှိ ကျင့်ကြံသူများကတော့ အမှောင် ဟင်းလင်းပြင်ကို ကျော်ဖြတ် လွတ်မြောက်နိုင်ရန် ကြံစည်နေကြ၏။ သို့သော်လည်း လက်တွေ့ဆန်ဆန် စဥ်းစားကြည့်တော့ ဤနေရာက ကြယ်တာရာ နယ်မြေတစ်ခု အတွင်းတွင် မဟုတ်ချေ။ ဘယ်ဆီဘယ်ဝယ်မှန်း မသိသည့် နတ္ထိ ဟင်းလင်းပြင် အတွင်း တည်ရှိနေခြင်း ဖြစ်သည်။
လောကသခင် အဆင့် တစ်ယောက် အမှောင်ဟင်းလင်းပြင် အတွင်း ခရီးသွားခြင်းကို ဥပမာပေး နှိုင်းယှဥ်ရလျှင် သေမျိုး တစ်ယောက် မဟူရာ တောအုပ်ကို ဖြတ်သန်းခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဘယ်ဆီဘယ်ဝယ်မှန်း မသိသော အန္တရာယ်များက ဆီးကြိုနေကာ မိနစ်တိုင်း စက္ကန့်တိုင်းမှာ သေဆုံးသွားနိုင်သည့် စွန့်စားမှု အဖြစ် အချိန် မရွေး ကူးပြောင်းသွားနိုင်သည်။ ၎င်းက အချိန်သခင်များ အတွက်ပင် မလွယ်ကူချေ။
သို့သော်လည်း... ကြယ်တာရာ သခင်များကတော့ ထိုမျှ စိတ်ပူခြင်း မရှိပါချေ။ သူတို့က ကြယ်အမြုတေများကို ဖွဲ့စည်းထားပြီး ဖြစ်ရာ အမှောင်ဟင်းလင်းပြင် အတွင်း ရှင်သန်နိုင်သည့် နည်းလမ်းများစွာကို ပိုင်ဆိုင်ထားပေသည်။ အနည်းစုသော ကြယ်တာရာ သခင်များမှာ တစ်ယောက်နှင့် တစ်ယောက် အချက်အလက်များ ဖလှယ်ကြကာ လွတ်မြောက်ရန် အစီအစဥ်များ ချမှတ်နေကြ၏။ သူတို့ အခြေအတင် ဆွေးနွေးနေကြသည့် အခြားအချက် တစ်ခုမှာ အခြားလူများကိုပါ ခေါ်ဆောင်ရန် သို့မဟုတ် ကိုယ်လွတ်ရုန်းရန် ဟူသော ခေါင်းစဥ် ဖြစ်ကာ အခြေအနေများက ပိုမို ရှုပ်ထွေးနေခဲ့လေသည်။
ထိုအခိုက်အတန့်၌ လူတိုင်းမှာ စိတ်ပျံ့လွင့် နေခဲ့ကြလေရာ မီးခိုးရောင် အကြေးခွံ၊ ငွေရောင် မျက်လုံးများနှင့် လူသား သဏ္ဌာန် ပုံရိပ် တစ်ခု ဂြိုဟ်မျက်နှာပြင်အား စစ်ဆေးနေခဲ့သည်ကို သတိပင် မထားမိခဲ့ကြချေ။ လျှို့ဝှက် ကျောက်တုံး သောင်းနှင့်ချီ တန်ကြေးရှိသည့် ရင်းမြစ်များကို စွန့်ခွာ၍ အခြားလူများ လွတ်မြောက်ရန် အတွက် လုံးပန်း နေကြချိန်တွင် ထိုချောမောသော လူငယ်ကတော့ အားလုံးကို တစ်ပြိုင်နက်တည်း သိမ်းပိုက်ရန် နည်းလမ်း ရှာနေခဲ့လေသည်။
“မင်း လုပ်နိုင်တာ သေချာရဲ့လား အိုရီ...”
အိုရီ၏ ယုံကြည်မှုကို သေချာစေရန် အတွက် ဝေ့ဝူယင်က နောက်ဆုံး တစ်ကြိမ် ထပ်မေးလိုက်၏။
“ကျွန်တော် တစ်ယောက်တည်း ဆိုရင်တော့ ဘယ်သေချာပါ့မလဲ... ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဆိုရင် လုပ်နိုင်မယ် ဆိုတာ သေချာတယ်”
အိုရီက ဆုံးဖြတ်ချက် ပြတ်သားစွာပင် အဖြေပေးလိုက်၏။ လေးနက်မှု အငွေ့အသက်တို့ ခိုအောင်းနေသည့်တိုင် သူ၏ ရွှင်မြူးသော လေသံက ဆက်လက် တည်ရှိနေဆဲပင်။
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ဤသည်က ဝိညာဥ်တစ်ခုတည်း လုပ်ဆောင်နိုင်မည့် အရာ မဟုတ်ချေ။ မစ်ရှင် အတည်ပြုလိုက်ပြီးနောက် ဝေ့ဝူယင်က ဂြိုဟ်အကြောင်း အသေးစိတ် အချက်အလက်များကို သေချာ ဆန်းစစ်လိုက်၏၊
“ဒီဂြိုဟ်က အနန္တ ဧကရာဇ်ဂြိုဟ်နဲ့ အရွယ်အစား အတူတူလောက်ပဲ ရှိတယ်... ထာဝရ ကြယ်တာရာ နယ်မြေ စံချိန်စံနှုန်းတွေ အရဆိုရင် ဂြိုဟ်ကြီး တစ်ခုလို့ ယူဆလို့ ရပေမဲ့ ပိုတိုးတက်တဲ့ ကြယ်တာရာ နယ်မြေတွေရဲ့ စံနှုန်းတွေနဲ့ ယှဥ်ရင် သေးတဲ့ အထဲမှာတောင် ပါကောင်း ပါနိုင်လိမ့်မယ်...”
ဝေ့ဝူယင် တိုတိုတုတ်တုတ်ပင် စဥ်းစားလိုက်၏။ သူမွေးရပ်မြေ ဖြစ်သည့် အနန္တ ကုန်းမြေတိုက်ကြီးမှာ အကြမ်းဖျဥ်း ကီလိုမီတာ သုံးသိန်းခန့် ကျယ်ဝန်းကာ ကျင့်ကြံသူပေါင်း သန်းထောင်ချီ မှီတင်း နေထိုင်ကြသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကတော့ အစွန်း တစ်ဖက်မှ တစ်ဖက် အထိ မိုင်ပေါင်း ၈၁၀၀၀၀ ခန့် ကျယ်ဝန်းပေသည်။
မျက်နှာပြင် ဧရိယာ အရဆိုလျှင် ဤဂြိုဟ်မှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဥ်နိုင်ပေလိမ့်မည်။ သို့သော်လည်း... ၎င်း၏ စက်လုံး ပုံသဏ္ဌာန်ကြောင့် နေရာယူထားသော အကျယ်အဝန်းကတော့ ကုန်းမြေတိုက်ကြီးများနှင့် ယှဥ်လျှင် နည်းပါးပေသည်။
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ စိတ်လှုပ်ရှားနေမှုများကို ငြိမ်သက်အောင် ပြုလုပ်လိုက်၏။ ထို့နောက် သူက ဂြိုဟ်၏ မာကြောသော မျက်နှာပြင်ထက်သို့ လက်များကို ဖိချရင်း ၎င်း၏ အသက်မဲ့ အော်ရာနှင့် အေးစက်မှုတို့ကို ခံစားလိုက်သည်။ ၎င်းတွင် နေကြယ်တစ်စင်းထံမှ နွေးထွေးမှုများ ကင်းမဲ့ နေပေသည်။ သို့သော်လည်း ဂြိုဟ်ဗဟိုရှိ အမြုတေကတော့ ဆက်လက် တုန်ခါနေသေးကြောင်း သူ လက်များမှ တစ်ဆင့် ခံစားမိပေသည်။
“အဲဒါက မပူဘူး...”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွား၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ချော်ရည်ပူ အမြုတေ မရှိသော ဂြိုဟ်တစ်ခုကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ၎င်း၏ အမြုတေက အစိုင်အခဲ ဖြစ်နေကာ ပူလည်း မပူ၊ အေးလည်း မအေးပါချေ။ အကယ်၍ အနီးကပ် မစစ်ဆေးလျှင် မည်သူမှ ၎င်း၏ ဖြစ်တည်ပုံကို သတိထားမိလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်၏ အစီအစဥ်က ရိုးရှင်းလှပေသည်။ လျှို့ဝှက်အဆင့် သတ္တုရိုင်းဂြိုဟ်ကို ရှာဖွေ တွေ့ရှိပြီး နောက်တွင် ၎င်းကို သိမ်းပိုက်နိုင်ရန် အတွက် သူ နည်းလမ်းများစွာ စဥ်းစားခဲ့သည်။ ပထမ၌ ဂြိုဟ်တစ်ခုလုံးကို ဟင်းလင်းပြင် ပုံဆောင်ခဲ၍ ချိပ်ပိတ်ရန် စဥ်းစားခဲ့သော်လည်း ထိုအရာက အကုန်အကျ များလွန်းသည်။ ဤနေရာတွင် အခြေစိုက် စခန်း ပြုလုပ်၍ မိုင်းတွင်း တူးဖော်ရန်လား... သူ့တွင် ထိုမျှလောက် အချိန် မရှိချေ။
သို့သော်လည်း ပိုင်လင်၏ ကျေးဇူးဖြင့် သတ္တုရိုင်းနှင့် မြေကြီးမှာ မတူညီကြောင်း သူ တွေ့ရှိခဲ့ရသည်။ မြေကြီးက သေမျိုးအဆင့် ဖြစ်ကာ သတ္တုရိုင်းက လျှို့ဝှက်အဆင့် ဖြစ်သည်။
ဝေ့ဝူယင် မြေကြီးခဲ တစ်ခုကို ကောက်ယူကာ သူ အနီးကပ် စစ်ဆေးလိုက်၏။ ပုံမှန် အာရုံဖြင့် ထိုအရာက သတ္တုရိုင်းလော၊ သာမန် မြေကြီးလော သူ မခွဲခြားနိုင်ချေ။
“မြေကြီးမှလေ...”
သူ၏ မျက်လုံးများက အဖြူရောင် အဖြစ် ပြောင်းလဲသွားကာ အိုရီ၏ မူလဒြပ်စင် ရည်ရွယ်ချက်မှာ မြေကြီးခဲ အပေါ် ကျရောက်သွား၏။ စက္ကန့်မခြားပင် မြေကြီးခဲ အတွင်းရှိ ဖွဲ့စည်းပုံများမှာ အသေးဆုံး အစိတ်အပိုင်းမှ စ၍ ပြောင်းလဲသွားကာ လေမှုန်လေမွှားများ အဖြစ် ပျောက်ကွယ်သွားသည်။
ဝေ့ဝူယင်က အခြား မြေကြီးခဲများကိုလည်း ကောက်ယူက ဆက်လက် စမ်းသပ် ကြည့်လိုက်၏။ ထို့နောက်... ဆယ်စုမြောက်သို့ အရောက်၌ သူ့သီအိုရီကို အတည်ပြုနိုင်သည့် သက်သေတစ်ခု ရလာခဲ့၏။
ထိုမြေကြီးခဲမှာ သာမန် မြေကြီးခဲများလိုပင် ဖြစ်သည့်တိုင် ဆန်းကြယ်စွာပင် မူလဒြပ်စင် ရည်ရွယ်ချက်၏ ထိန်းချုပ်နိုင်မှု အပြင်ဘက်၌ ရှိနေသည်။ ထိုအရာက ၎င်း၏ အတွင်းရှိ လျှို့ဝှက် အမတေ သို့မဟုတ် လျှို့ဝှက် ရည်ရွယ်ချက် ကြောင့် ဖြစ်ပုံ ပေါ်သည်။ အထွတ်အထိပ် ဒြပ်စင် ရည်ရွယ်ချက်များဖြင့် ထပ်မံ စစ်ဆေး ကြည့်သေးသော်လည်း ရလဒ်ကတော့ ပထမ အတိုင်းပင် ဖြစ်သည်။
အတည်ပြုချက်ကို ရရှိပြီ ဖြစ်လေရာ ဝေ့ဝူယင်မှာ စတင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့၏။
....
ဝေါ... ဝရော...
လေလွင့်ကောင်းကင်ဂြိုဟ်ထက်ရှိ လူများသည် ဆွေးနွေး ငြင်းခုန်နေကြချိန်မှာပင် အောက်ရှိ မြေပြင်မှာ ငလျင် လှုပ်သလို တုန်ခါလာသည်ကို သတိထားမိလိုက်ကြ၏။ ထိပ်တန်း ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်သွားကာ ဝိညာဥ်အာရုံများကို ဂြိုဟ်တစ်ခုလုံးဆီ လွှမ်းခြုံ လိုက်ကြတော့သည်။
“အဲဒါက ဘာလဲ...
အချိန်သခင် တစ်ယောက်မှာ ဂြိုဟ်၏ မျက်နှာကို ဖြတ်သန်း၍ အရှိန်အဟုန် ပြင်းစွာ ဖြန့်ကျက်လာသည့် အလင်းရင်းမြစ် တစ်ခုကို တွေ့လိုက်ရရာ ကျယ်အောင်စွာ အော်ဟစ်လိုက်၏။ တစ်ချိန်က အသက်ဓာတ်နှင့် အလင်း ကင်းမဲ့ခဲ့သော မျက်နှာပြင်မှာ ပိုမို၍ တောက်ပလာသည်။
"ဂြိုဟ်ပေါ်ကနေ စွန့်ခွာကြ...”
လောကသခင် တစ်ယောက်က ထိတ်လန့်တကြား ဆော်သြလိုက်သည်။ ထို့နောက် သူက အနီးရှိ အဆင့်နိမ့် မဟာမိတ် ကျင့်ကြံသူများကို တတ်နိုင်သမျှ ခေါ်ဆောင်ကာ မြန်နိုင်သမျှ မြန်အောင် အမှောင် ဟင်းလင်းပြင်ထဲ ထွက်ပြေးတော့သည်။ ထိုအခိုက်၌ သူ့စိတ်ထဲတွင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ပြန်လည် ရောက်ရှိလာကာ ဂြိုဟ်ကို သိမ်းပိုက်ရန် ကိုယ်တိုင် လုပ်ဆောင်နေသည်ဟု ထင်မှတ်မှား နေခဲ့ခြင်းပင် ဖြစ်လေသည်။
သူသာလျှင် မက... အခြား ကျင့်ကြံသူများမှာလည်း သူတို့၏ အစီအစဥ်များကို ချက်ချင်း အကောင်အထည် ဖော်ကာ ထွက်ပြေးကြတော့၏။
ဝှစ်... ဝှစ်...
လောကသခင်နှင့် အထက်ဆင့်များမှာ သူတို့၏ လောကနယ်မြေများကို ထုတ်ဖော်ကာ အခြားလူများ အတွက် သက်တောင့်သက်သာ ရှိစေမည့် ပတ်ဝန်းကျင် တစ်ခု ဖန်တီးထားကြ၏။ သူတို့က လေထုအလွှာကို ချိုးဖျက်ပြီး နောက်တွင်ပင် ရပ်တန့်ခြင်း မပြုပဲ ဝေးနိုင်သမျှ ဝေးအောင် တစ်ချိုးတည်း လစ်ကြတော့သည်။
စောစောပိုင်းကပင် လျှို့ဝှက် အာဏာရှင် အဆင့်တို့၏ တိုက်ပွဲက မည်မျှ ပြင်းထန်ကြောင်း သူတို့ မြင်တွေ့ပြီး ဖြစ်သည်။ အောင်နိုင်သူ ဖြစ်နိုင်ချေ ရှိသည့် ကျင့်ကြံသူ ကိုယ်တိုင် အရေးယူ လုပ်ဆောင် နေသည့် ဂြိုဟ်တစ်ခုပေါ်တွင် မည်သူက နေရဲပါမည်နည်း။
ကြောက်ရွံ့မှုနှင့် လွတ်မြောက်လိုသည့် ဆန္ဒတို့ကပင် သူတို့၏ ခြေထောက်များကို မြန်နိုင်သမျှ မြန်အောင် တွန်းပို့ ပေးနေခဲ့ခြင်းပင် ဖြစ်သည်။
အချို့ဆိုလျှင် သူတို့ အသက်များ အတွက် တောင်းပန်ရန် အစီအစဥ်များ ချမှတ်နေကြကာ မိသားစု၊ ဇနီးမယား၊ သားသမီးများနှင့် ပြန်ဆုံနိုင်ရန် လျှို့ဝှက်ကျိန်စာများ ကျိန်ဆိုဖို့ပင် ဆန္ဒရှိနေကြသည်။
သို့သော်လည်း... မိုင်ရာပေါင်းများစွာ ခရီးနှင်လာပြီးနောက်တွင် သူတို့မှာ သိချင်စိတ် ပြင်းပြလာကာ နောက်သို့ လှည့်ကြည့်လိုက်မိကြ၏။ ထိုအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့ အသည်းနှလုံးကို တဒုန်းဒုန်း မြည်အောင် တုန်ရီသွားစေခဲ့တော့သည်။
လေလွင့်ကောင်းကင်ဂြိုဟ်ကြီး တစ်ခုလုံးမှာ အဖြူရောင် မီးတောက်မျာဖြင့် ပြင်းပြစွာ လောင်ကြွမ်း နေခဲ့ချေပြီ။ မည်သည့် အရာများ ဖြစ်ပျက်နေခဲ့သနည်း။
သူတို့ ဘေးကင်းလုံခြုံသည့် နေရာမှ နေ၍ အပြောင်းအလဲများကို လေ့လာနေကြချိန်တွင် ဝေ့ဝူယင်မှာ အံကို တင်းတင်းကြိတ်ထားကာ မျက်လုံးများမှ နေ၍ မူလဒြပ်စင် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ အိုရီမှာ သူ၏ စွမ်းအင်ကို အကန့်အသတ်ထိ ရောက်အောင် ဖိအားပေးထားကာ ဒြပ်စင် ရွှေ့ပြောင်းခြင်း မူလအလင်းကို ဝေ့ဝူယင်ထံ သွန်းလောင်း ပေးပို့နေသည်။ တစ်ချိန်တည်း၌ ဧဒင်၊ ဘုရင်နှင့် ဆေဘာတို့မှာ အိုရီကို ဝန်းရံကာ အစွမ်းကုန် ပံ့ပိုးပေးနေခဲ့၏။
ထိုအခိုက်၌... ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို အသုံးပြုကာ မူလဒြပ်စင် ရည်ရွယ်ချက်ကို ဂြိုဟ်မျက်နှာပြင်မှ စ၍ အတွင်းပိုင်း အမြုတေ အထိ နေရာလပ် တစ်ခုပင် မကျန်အောင် ဖုံးအုပ်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ဟူး... ဟူး...
အဂ္ဂိရတ် ထုတ်ကုန်များစွာမှာ သူ့ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံရင်း တစ်ခုပြီး တစ်ခု ပေါက်ကွဲကာ အဆက်အပြတ် အားဖြည့်ပေးနေခဲ့၏။ အကယ်၍ ထိုကုန်များ၏ ပြန်လည် အးဖြည့်ပေးမှု ကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်မှာ အကြိမ်ပေါင်းများစွာ ပေါက်ကွဲကာ သေဆုံးနေလောက်ပြီ ဖြစ်သည်။ ထိုစွန့်စားမှုက အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည့် တိုင်အောင် ကမ္မတန်ဖိုး နှစ်ရာကျော်တန် ကံကောင်းမှု ဖြစ်လေရာ သူ့တွင် လက်လွှတ်ဖို့ ဆန္ဒမရှိပါချေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ဂြိုဟ်တစ်ခုလုံးမှာ သူ့မူလဒြပ်စင် စွမ်းအင်၏ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။
“အခုပဲ...”
ကြယ်တာရာ ဝိညာဥ်လေးခုက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ အော်ဟစ် မာန်သွင်း လိုက်ရင်း မူလဒြပ်စင် ရည်ရွယ်ချက်၏ ပြိုင်စံရှား စွမ်းရည်ကို ထုတ်ဖော် လိုက်သည်။
“ဒြပ်စင် ပြောင်းလဲခြင်း... မြေကြီးမှ လေ...”
ဘုန်း...
ချက်ချင်းပင် ဂြိုဟ်ကြီး၏ အစိတ်အပိုင်း များစွာမှာ လေပြင်းများ အဖြစ် ပေါက်ကွဲသွားကာ အမှောင် ဟင်းလင်းပြင် အတွင်းတွင် အလွန် ပြင်းထန်လှသည့် လေစီးကြောင်းကြီးများ ဖြစ်ပေါ်လာ၏။
သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပါချေ။ သူက ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ဂြိုဟ်ကြီး၏ ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်း အားလုံးကို သတ်မှတ်ကာ သူ၏ မြေဆွဲအား ဗဟိုထု ဖြစ်သည့် အနက်ရောင် တွင်းပေါက်နှင့် ဆက်သွယ်လိုက်၏။
ဟူး... ဟူး...
သူ့ခန္ဓာကိုယ် အတွင်း၌ မြေဆွဲအား စွမ်းအင်များက အကျိုးသက်ရောက်မှု အပြည့်နှင့် ထွက်ပေါ်လာကာ ထိုသတ္တုရိုင်းများကို ဆွဲငင်လေတော့သည်။
...
မိုင်ရာပေါင်းများစွာ အကွာမှ ကျင့်ကြံသူများမှာ လေလွင့်ကောင်းကင်ဂြိုဟ်ကို ဝန်းရံထားသည့် အဖြူရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲ သွားသည်ကို အဝေးမှ လှမ်းကာ မြင်တွေ့လိုက်ရ၏။ သူတို့၏ အမြင်အာရုံများက ရုတ်တရတ် ဝေဝါးသွားကာ ထိုအနီးအဝိုက် နတ္ထိ ဟင်းလင်းပြင် တစ်ခုလုံးမှာ အဖြူရောင် ပင်လင် အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် အလင်းတန်းများ တဖြည်းဖြည်း ပြိုကွဲသွားသည့် အချိန်၌ ထူးပြားဆန်းကြယ်စွာပင် သူတို့ ရှာဖွေ တွေ့ရှိလိုက်သည့် အရာကား...
ဂြိုဟ်ကြီးတစ်ခုလုံး ပျောက်ကွယ် သွားခဲ့ခြင်းပင်။