လေဒြပ်စင်
Vol. 48 Ch. 666
“ဘာတွေ ဖြစ်နေတာလဲ...”
မိုင်ပေါင်း ရာချီ အကွာမှ ကျင့်ကြံသူများမှာ ဗလာဟင်းလင်း ဖြစ်နေသည့် နေရာကို လှမ်းကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြ၏။ စက္ကန့်အနည်းငယ် အတွင်းမှာပင် ဂြိုဟ်ကြီး တစ်ခုလုံးက မည်ကဲ့သို့ ပျောက်ကွယ်သွားသနည်း။
ထိုအရာက ဖုံးကွယ်ခြင်း အစီအရင် တစ်ခုလော။ သို့တည်းမဟုတ် သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် နည်းလမ်း တစ်ခုလော။
ဝေါ...ဝရော...
သူတို့ သေချာ မဆန်းစစ်နိုင်ခင်မှာပင် တော်လံသံကြီးများကို ကြားလိုက်ရကာ လေစီးကြောင်းများမှာ ဂြိုဟ် ပျောက်ကွယ်သွားသည့် ဘက်မှ တိုးဝင်လာခဲ့တော့၏။
ချက်ချင်းပင် နတ္ထိဟင်းလင်းပြင် တစ်ခုလုံးမှာ ဝရုန်းသုန်းကား ဖြစ်သွား၏။ လောကသခင်နှင့် အထက်ဆင့်များမှာ သူတို့၏ လောကနယ်မြေများကို အစွမ်းကုန် ဖြန့်ကျက်ထားကာ လွင့်စဥ် ထွက်ခွာ မသွားစေရန် အတွက် မနည်း ထိန်းသိမ်းထားရသည်။ သူတို့အားလုံး၏ မျက်လုံးများမှာ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ ထိုအရာက မည်ကဲ့သို့သော နက္ခတ္တ ဖြစ်စဥ်မျိုးနည်း။
ကြယ်တာရာ သခင် တစ်ယောက်က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရင်း နတ္ထိဟင်းလင်းပြင် တစ်ခုလုံးတွင် ပြည့်နှက်နေသည့် လေစွမ်းအင်များကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေကာ သေးသွယ် ရှည်လျားသော လက်ချောင်းများမှာ ညင်သာစွာပင် ဆန့်ထွက်၍ လေစွမ်းအင်များနှင့် ထိတွေ့သွား၏။
ထိုလေစွမ်းအင်များက အလွန် သန့်စင် ထူထပ်နေသည်ကို သတိထားမိသော အခိုက်၌ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူမက ဖြည်းညင်းစွာပင် လေစွမ်းအင် အချို့ကို စုပ်ယူကြည့်လိုက်၏။
တစ်ခဏ ကြာပြီးသည့်နောက် သူမ၏ အမူအရာက ပြောင်းလဲသွားကာ လေစွမ်းအင်များကို မြန်နိုင်သမျှ အမြန်နှုန်းဖြင့် စုပ်ယူလေတော့သည်။ သူမက လေဒြပ်စင် ကျင့်ကြံသူ တစ်ယောက်ဖြစ်လေရာ ထိုလေစွမ်းအင်များကို ကျင့်ကြံခြင်း အခြေခံတွင် ထပ်ပေါင်း ထည့်နိုင်ပါက သူမ၏ ကျင့်ကြံခြင်းက တိုးတက်လာမှာ သေချာပေသည်။
ကံဆိုးစွာပင်... ထိုအရာကို သတိထားမိသည်က သူမ တစ်ယောက်တည်း မဟုတ်ပါချေ။ အခြား ကျင့်ကြံသူများစွာမှာလည်း သတိထားမိကာ စတင်ကာ စုပ်ယူနေကြပြီ ဖြစ်သည်။ လေမှာ အခြေခံ ဒြပ်စင် လေးမျိုးထဲမှ တစ်မျိုး ဖြစ်သည်။ ထို့ကြောင့်ပင် ချီပျစ်ခဲခြင်း အဆင့်သုံးကို ရောက်ရှိသူတိုင်းမှာ လေဒြပ်စင်ကို စုပ်ယူ ကျင့်ကြံနိုင်စွမ်း ရှိပေသည်။ ထိုအရာက သူတို့ အတွက်တော့ ရတောင့်ရခဲ မဟာကံကောင်းမှုပင် ဖြစ်လေသည်။
ဟူး... ဟူး...
အခိုက်အတန့် တစ်ခုအတွင်းမှာပင် နတ္ထိ ဟင်းလင်းပြင် အတွင်းရှိ ကျင့်ကြံသူများမှာ လွင့်မြောနေသည့် လေစွမ်းအင်များကို စုပ်ယူရင်း ကျင့်ကြံခြင်း အခြေခံ တိုးတက်မှုများကို ခံစားနေရပြီ ဖြစ်လေသည်။ မကြာခင်မှာပင် ထိုအလွန် သန့်စင်သည့် လေစွမ်းအင်မှာ မူလအလင်း စွမ်းရည်ကိုလည်း တိုးတက်စေကြောင်း သူတို့ တွေ့ရှိလာရ၏။
သို့သော်လည်း လေစွမ်းအင်၏ အကျိုးသက်ရောက်မှုက ထိုမျှ မကသေးချေ။ ၎င်းတို့ကို စုပ်ယူသည်နှင့် အမျှ ရုပ်ခန္ဓာ စွမ်းရည်က တိုးတက်လာကာ ခန္ဓာကိုယ်များမှာ ပိုမို ကြံ့ခိုင်လာကြောင်း သူတို့ ခံစားလာရ၏။
လေစွမ်းအင်က မည်ကဲ့သို့ ထိုကဲ့သို့ လုပ်ဆောင်နိုင်သနည်း။ ၎င်းကို စုပ်ယူရသည်က အဘယ်ကြောင့် လွယ်ကူ ချောမွေ့လှသနည်း။ ထို့အပြင်... ထိုသန့်စင်သော လေစွမ်းအင်များထဲ၌ ပြိုင်စံရှား လေဒြပ်စင် ရည်ရွယ်ချက် အငွေ့အသက် တစ်ခု ပါဝင်နေသယောင် သူတို့ ခံစားရသည်။
အချိန်တိုကလေး အတွင်းမှာပင် ကျင့်ကြံသူများစွာ၏ လေဒြပ်စင် အပေါ် နားလည် သဘောပေါက်မှုများမှာ တစ်ဆင့် မြင့်သွားကြသည်။ နားလည်နိုင်စွမ်း မြင့်မားသည့် တစ်ယောက်ဆိုလျှင် အဆင့်မြင့် လေဒြပ်စင် ရည်ရွယ်ချက်ကိုပင် မွေးဖွားလာနိုင်ခဲ့သည်။
အချို့က အနာဂတ်တွင် ပြန်လည် အသုံးပြုဖို့ ရည်ရွယ်ချက်ဖြင့် လေစွမ်းအင်များကို သိုလှောင် လက်စွပ်များ အတွင်းကိုပင် ထည့်သွင်းနေကြ၏။ ထိုအခိုက်၌ သူတို့စိတ်တစ်ခုလုံးကို လေစွမ်းအင်များကသာ စိုးမိုးနေကာ ဂြိုဟ်ကြီး မည်သည့် နေရာသို့ ပျောက်ကွယ်သွားသည်ကိုပင် ယာယီ မေ့နေကြပြီ ဖြစ်သည်။
...
နတ္ထိ ဟင်းလင်းပြင် အတွင်း အသက်မဲ့စွာ လွင့်မြောနေသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုထက်၌ ဝေ့ဝူယင်မှာ တင်ပျဥ်ချိတ် ထိုင်ကာ အဂ္ဂိရတ် ထုတ်ကုန်များကို စုပ်ယူနေခဲ့၏။ သူ၏ မျက်နှာထက်တွင်တော့ ကျေနပ်သည့် အပြုံးတစ်ခု ရှိနေခဲ့သည်။ နောက်ဆုံး၌ ကမ္မတန်ဖိုး နှစ်ရာကျော်တန် ကံကောင်းမှုကို သူ သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်လုံးများက ဖြည်းညင်းစွာပင် ရွေ့လျားသွားကာ လေဒြပ်စင်များကို အလုအယက် စုပ်ယူနေကြသည့် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်၏။ ထိုအခိုက်၌ သူတို့မှာ နတ္ထိ ဟင်းလင်းပြင် အတွင်း ရောက်ရှိနေသည်ကို မေ့လျော့နေဟန်ပင် ရကာ စိတ်တစ်ခုလုံးကို လေဒြပ်စင် အပေါ်တွင်သာ မြှုပ်နှံထားသည့်ပုံ ရသည်။
ချီပျစ်ခဲခြင်း အဆင့်နှင့် ကြယ်တာရာ အမြုတေ အစောပိုင်း အဆင့်၌ ရှိသည့် အဆင့်နိမ့် ကျင့်ကြံသူများမှာ လေဒြပ်စင်များကို စုပ်ယူကာ အဆင့်တက်လှမ်းခြင်းများ ပြုလုပ်သွားသည်ကိုပင် သူ မြင်တွေ့နေရ၏။ အချို့ဆိုလျှင် လေဒြပ်စင် ရည်ရွယ်ချက်များကို တိုက်ရိုက်ပင် နားလည်သွားကြပြီ ဖြစ်သည်။
များမကြာခင်မှာပင် အဆင့်မြင့် ကျင့်ကြံသူ တစ်ချို့၏ မျက်လုံးများထဲတွင် လောဘအလင်းများ မွေးဖွားလာသည်ကို သူ တွေ့မြင်လိုက်ရ၏။ သူတို့က တစ်ယောက်ကို တစ်ယောက် ရန်မူလာကာ ရင်းမြစ်လုပွဲများ စတင် လာခဲ့တော့သည်။ ဝေ့ဝူယင်က မျက်လုံးများကို ပြန်လည် မှိတ်လိုက်ကာ အားလုံးကို လျစ်လျူလိုက်၏။
“ငှက်တွေက အစာအတွက် သေတယ်... ကျင့်ကြံသူတွေကတော့ ကံကြမ္မာအတွက် သေဆုံးကြတယ်”
သူက ဖြည်းညင်းစွာပင် ဂြိုဟ်သိမ်၏ မျက်နှာပြင်ကို ထိလိုက်၏။ လောဘသားကောင်များ၏ သေဆုံးခြင်းက သူနှင့် မသက်ဆိုင်ပါချေ။ ဝိညာဥ်အာရုံ၏ ချိပ်ပိတ်မှု အောက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးမှာ မူလ ဧရိယာကထက် ပိုမို၍ပင် ဝေးကွာသွားလေတော့၏။
ဝူယုမှာ မကြာခင်မှာပင် လေလွင့်ကောင်းကင်ဂြိုဟ်ဆီသို့ ပြန်လည် ရောက်ရှိလာ၏။ သူ၏ ဘယ်ဘက်လက်က ချိပ်ပိတ်ခံထားရသည့် ဟင်းလင်းပြင် သင်္ဘော သုံးစင်းကို ကြိုးများနှင့် ဆွဲလာသည်။ ၎င်းတို့ အနက် သင်္ဘော နှစ်စင်းမှာ ကြီးမားစွာ ထိခိုက်ခံထားရဟန် ရကာ အက်ကြောင်းများနှင့် ပြည့်နှက်နေ၏။ သူ၏ ညာဘက်လက်ကတော့ ပုံရိပ်သုံးခုအား ချည်နှောင်ထားသည့် ဝိညာဥ် ကြိုးစ တစ်ခုကို ဆွဲကိုင်ထားသည်။
အကျဥ်းသား သုံးယောက်စလုံးမှာ တစ်ကိုယ်လုံး သွေးများဖြင့် ညစ်ထေး ပေကျံနေ၏။ သူတို့ သုံးယောက် အနက် တစ်ယောက်မှာ ခြေထောက်များ ပြတ်နေကာ ရင်ဘတ်အောက်ပိုင်း တစ်ခုလုံး ပွင့်ထွက်နေ၏။ နောက်တစ်ယောက်မှာ လက်များ မရှိတော့ချေ။ နောက်ဆုံး တစ်ယောက်ကတော့ တူညီသည့် ဘက်၌ ခြေတစ်ဖက် လက်တစ်ဖက်ကို ဆုံးရှုံးထား၏။ သူတို့ကတော့ ခုတ်ပိုင်းခြင်းဓား၊ ခွန်ရီမင်နှင့် တိမ်ပြာတို့ပင် ဖြစ်လေသည်။
“ ... “
ဝူယုက တိတ်တဆိတ်ပင် ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်နှင့် ပြင်းထန်စွာ ဖြစ်ပေါ်နေသည့် တိုက်ပွဲကို အကဲခတ် လိုက်၏။ ချက်ချင်းပင် ထိုတိုက်ပွဲမှာ လေဒြပ်စင် စွမ်းအင် ရင်းမြစ်အား ပိုင်ဆိုင်ခွင့် ရရန် ဖြစ်ကြောင်း သူ သဘောပေါက် သွားသည်။ ဂြိုဟ်ကြီး တစ်ခုလုံး ပျောက်ကွယ်သွားသည်ကို မြင်ရသော အခိုက်တွင်တော့ သူ့ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာခဲ့၏။
“ဘာလဲ...”
ခုတ်ပိုင်းခြင်းဓားမှာ ဂြိုဟ်တစ်ခုလုံး ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်ရာ နှလုံးသားထဲမှ နှစ်ခါနာကျင်သလို ခံစားလိုက်ရသည်။ သူတို့ ခက်ခက်ခဲခဲ ရှာဖွေ တွေ့ရှိထားသည့် တာရာ လျှို့ဝှက် သတ္တုရိုင်း ဂြိုဟ်ကြီး၏ နေရာတွင် လေစွမ်းအင်များက အစားထိုး သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့၏ နောက်လိုက်များမှာလည်း ထိုလေစွမ်းအင်များ အတွက် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြသည်။ မည်သည့် အရာများ ဖြစ်ပျက်ကုန်သနည်း။
ခွန်ရီမင်၏ ခုတ်ပိုင်းခြင်းဓားကိုသာ လှမ်းကြည့် နေခဲ့၏။ ဆွေးမြေ့သော အလင်းရောင်က သူမ၏ ညင်သာသော မျက်ဝန်းများကို လွှမ်းခြုံထားသည်။ တဖြည်းဖြည်း လျော့ကျလာနေသည့် ခုတ်ပိုင်းခြင်းဓား၏ အော်ရာကို သတိထားမိသော အခိုက်၌ ဝမ်းနည်းသော အငွေ့အသက်များက သူမ၏ မျက်နှာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
တိမ်ပြာမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ ခွန်ရီမင်၏ မျက်လုံးများ အတွင်းမှ အလင်းရောင်ကို သူ ကောင်းမွန်စွာ ရင်းနှီးပေသည်။ အန္တရာယ် ကင်းလွတ်ရာ နေရာသို့ ရောက်ရှိပြီးမှ သူမ နောက်ပြန်လှည့်လာခဲ့သည့် အကြောင်းရင်းကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမက သူ့အသက်ကို ကယ်တင်ဖို့ အတွက် အများကြီး အနစ်နာခံခဲ့ပေသည်။
ဝူယုကတော့ သူတို့၏ ဆက်ဆံရေးများကို ဂရုမစိုက်ပါချေ။ သူ ဝေ့ဝူယင်ကို ဟင်းလင်းပြင် သင်္ဘောထက်တွင် ရှာဖွေခဲ့ပြီး ဖြစ်သလို လျှို့ဝှက်ဝိညာဥ်အဆင့် သုံးယောက်ကိုလည်း စစ်မေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ထံမှ ရရှိခဲ့သည့် အချက်အလက်က နတ္ထိသာ ဖြစ်သည်။
ထို့ကြောင့်ပင် အခြား သဲလွန်စ တစ်ခု ရလိုရငြား သူ ဤနေရာသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဆီးကြိုနေသည့် မြင်ကွင်းက သူ့ကို အော်ဟစ် ရယ်မောသည် အထိ ဖြစ်စေခဲ့၏။ ထိုအရာက စစ်ဆေးမှု တစ်ခုလော။ သို့တည်းမဟုတ် လှည့်စား ခံလိုက်ရခြင်းလော။
သေချာတာ တစ်ခုက ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်၏ လက်မှ ဂြိုဟ်တစ်ခုကို ခိုးယူရန် အတွက် သူ့ကို အသုံချခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် မကျေနပ်သည့် အရိပ်အငွေ့များ မရှိပါချေ။ ထို့အစား... ဝေ့ဝူယင် လုံခြုံ ဘေးကင်း လုံခြုံနေကြောင်း သိလိုက်ရသည့် အတွက် စိတ်သက်သာရာပင် ရမိသွားသေးသည်။
ထို့အပြင်... ဤကူညီခဲ့မှု အတွက် ဝေ့ဝူယင်ထံမှ ဆုလာဒ် တစ်ချို့ကိုပင် တောင်းဆိုနိုင်သေးသည်။ သို့သော်လည်း... ဝေ့ဝူယင် အကြောင်းကို သိရှိပြီး ဖြစ်ရာ သူ့ဘက်မှ တကူးတက တောင်းဆိုစရာပင် လိုလိမ့်မည် မဟုတ်ချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... ယခု သူ့တွင် ဖြေရှင်းစရာ ပြဿနာ အချို့ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ဝူယုက ဖြည်းညင်းစွာပင် သူ ဖမ်းဆီးထားသည့် လျှို့ဝှက် ဝိညာဥ်အဆင့် သုံးယောက်ကို ကြည့်လိုက်တော့၏။