ပြန်လည် တွေ့ဆုံခြင်း
Vol. 48 Ch. 667
ဝူယုက ထိုသုံးယောက်ကို သတ်ဖြတ်ရန် တွေးတောလိုက်၏။ သို့သော်လည်း သူတို့က အသုံး မဝင်သည့် လျှို့ဝှက် အဏာရှင် အဆင့်များတော့ မဟုတ်ချေ။ သူ ကိုယ်တိုင် အားအင် ကုန်ခမ်းသည် အထိ တိုက်ခိုက်ခဲ့ရကာ ကောင်းကင် အင်ပါယာ အော်ရာကိုပင် အကန့်အသတ်ထိ ထုတ်ဖော်ခဲ့ရသည်။
သူတို့၏ အဆင့်ကို ရောက်အောင် ကျင့်ကြံဖို့ အတွက် အချိန်၊ ရင်းမြစ်နှင့် ပါရမီများစွာ လိုအပ်ပေသည်။ အကယ်၍ သူတို့ကို သည်အတိုင်း သတ်ဖြတ်ပစ်လိုက်ရပါက နှမြောစရာ ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်၏ စည်းရုံးသိမ်းသွင်းနိုင်စွမ်း အပေါ် သူ သံသယ မရှိလေရာ လောလောဆယ် ဆက်လက် ရှင်သန်ခွင့် ပေးထားသည်က အကောင်းဆုံး ဖြစ်သည်။
ဝူယုက ကြိုးများကို ကြမ်းတမ်း ခက်ထန်စွာဖြင့် လှုပ်ရှားလိုက်ရာ အော်ညီးသံများမှာ ပဲ့တင်ထပ် သွား၏။
“မင်းတို့ အားလုံးမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်... ကြီးပွား ချမ်းသာလာဖို့တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါပေမဲ့ မင်းတို့မှာ အဲဒီလို လုပ်ဖို့ အသိတရား ရှိမလား ကြည့်ရသေးတာပေါ့”
ထိုစကားလုံးများကို ပြောပြီးသည့်နောက် သူက တိုက်ရိုက်ပင် သုံးယောက်လုံး၏ အသိစိတ် ပင်လယ်များကို ချိတ်ပိတ်ကာ သတိလစ် မေ့မြောအောင် လုပ်လိုက်တော့၏။
ပြီးသည်နှင့် သူက ဖြည်းညင်းစွာပင် တိုက်ခိုက်နေသည့် ပုံရိပ်များဘက်သို့ လှည့်လိုက်၏။ ထို့နောက် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်လိုက်ရာ မိုးပြာရောင် အငွေ့များမှာ သူ့ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ဖြည်းညင်းစွာပင် ဝူယု နောက်တစ်ယောက် အဖြစ် ဖွဲ့စည်းသွား၏။
ကိုယ်ပွားက ပုံရိပ်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ၎င်းက အလွန် ပေါက်ကွဲသော အရှိန်အဟုန်ဖြင့် သူတို့ထံ တိုးဝင်သွားတော့သည်။ နတ္ထိဟင်းလင်းပြင်ထဲတွင် အနှေးနှင့် အမြန် အသတ်ခံရမည့် အတူတူ မည်သူမှ လွတ်မြောက်မသွားတာ သေချာအောင် လုပ်ရလိမ့်မည် ဖြစ်သည်။
ဝှစ်...
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အာကာသ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ မိုင်ရာပေါင်း များစွာကို လွှမ်းခြုံသွား၏။ ၎င်းက အရပ်မျက်နှာ တစ်ခုလုံးကို အဖက်ဖက်မှ စီးမိုးကာ သူနှင့် ဝေ့ဝူယင်တို့မှ အပ အော်ရာနှင့် ဝိညာဥ်အာရုံ အလုံးစုံကို အဝင်အထွက် မပြုနိုင်အောင် ချိပ်ပိတ်လိုက်လေတော့သည်။
...
မိနစ်အနည်းငယ် ကြာပြီးသည့်နောက် ဝူယုက သက်ပြင်းတစ်ချက် ချလိုက်၏။ ကိုယ်ပွားမှာ လေနှင့် အတူ လွင့်ကာ ဖြည်းညင်းစွာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“တစ်ချိန်က မဟာ ဧကရာဇ်... အခုတော့ မဟာ သူရဲကောင်း... မဆိုးပါဘူးလေ”
ဝူယုက ပင့်သက်တစ်ချက် ရှိုက်ရင်း သူ့ဘဝကို ပြန်လည် စဥ်းစားလိုက်၏။ ထာဝရ ဧကရာဇ်နှင့် မတွေ့ခင် အချိန် အထိ သူက ဘာမှမဟုတ်သည့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ထို့နောက် မိသားစု၏ ရှေးဟောင်း အမွေအနှစ် ထာဝရ ဧကရာဇ်၏ ပံ့ပိုးမှုနှင့် အတူ သူက သေမျိုးအဆင့် အကန့်အသတ်ကို ကျော်လွန်ကာ ကြီးထွား လာခဲ့သည်။ သူက မိုင်ဘီလျံပေါင်း များစွာကို ဖြန့်ကျက်ကာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အုပ်စိုးခဲ့သည်။
ထို့နောက် သူ၏ ယုံကြည်ချက် လွန်ကဲမှုက ထာဝရ ဧကရာဇ်နောက်ကို လိုက်ရန် ငြင်းဆန် စေခဲ့သည်။ သို့သော်လည်း.. အထင်နှင့် အမြင် ကွာခြားစွာပင် လျှို့ဝှက် အာဏာရှင် အဆင့်သုံးကို တက်လှမ်းရန် ကြိုးစားရာ၌ သူ ကျရှုံးခဲ့သည်။ လက်စွပ်တစ်ခုထဲတွင် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ဝိညာဥ်ဘဝနှင့် ကျင်လည် ခဲ့ရသည်။
ယခုတွင်တော့ သူ နောက်ထပ် အခွင့်အရေး တစ်ခု ရရှိခဲ့ပြီ ဖြစ်သည်။ အရှုံးကို သင်ခန်းစာ ယူကာ နောက်တစ်ကြိမ် မရူးမိုက်ရန် သူ့ကိုယ်ကို ကျိန်ဆိုခဲ့ပြီး ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... အဆုံးမဲ့ ကောင်းကင်ရှိ အလင်းရောင်ပြန် ခါးပတ်ကွင်းနှင့် ဝေ့ဝူယင်၏ ထောက်ပံ့မှုတို့ အောက်တွင် လွန်ခဲ့သည့် နှစ်ရှစ်ထောင်ကထက် ပိုမို လျှင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ပေသည်။ တစ်နေ့တွင် ဟန်ရှဲ့ အပါအဝင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ ထိပ်သီး ကျင့်ကြံသူများမှာ သူ့ကို အံ့သြထွေပြားစွာဖြင့် ကြည့်ရပေလိမ့်မည် ဖြစ်သည်။
ဝမ်... ဝမ်...
ထိုအခိုက်တွင်ပင် ဟင်းလင်းပြင် လက်စွပ်ထဲမှ ရင်းနှီးနေပြီးသား အသံတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရ၏။ ဝူယုက ပျော်ရွှင်စွာပင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ အထဲရှိ ဝိညာဥ်စာကို လက်ခံလိုက်တော့သည်။
...
ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေနှင့် ရတနာ အလင်း ကြယ်တာရာ နယ်မြေတို့ အကြားရှိ နတ္ထိ ဟင်းလင်းပြင် တစ်ခု၌...
စက်ဝိုင်းသဏ္ဌာန် ဂြိုဟ်သိမ်၊ ဂြိုဟ်မွှား တစ်ခုမှာ ဖြည်းညင်းစွာပင် လွင့်မြောနေခဲ့၏။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ ငွေရောင် မျက်လုံးများနှင့် လူငယ် တစ်ယောက် ထိုင်နေခဲ့သည်။ လူငယ်၏ ရှေ့တွင် အမျိုးမျိုးသော ဝိညာဥ်ကြိုးများဖြင့် ချည်နှောင်ထားသည့် ဟင်းလင်းပြင် သင်္ဘော သုံးစင်းနှင့် သတိလစ်နေသည့် ပုံရိပ် သုံးခု ရှိနေခဲ့၏။
သို့သော်လည်း ထိုအခိုက်၌... ဝေ့ဝူယင်၏ အာရုံ အလုံးစုံက ဒဏ္ဍာရီလာ မဟာ ဧကရာဇ်ကြီး ဝူယု၏ သက်ရှိ ရုပ်ခန္ဓာ ပေါ်တွင်သာ ကျရောက်နေသည်။ သူက ဧကရာဇ် တစ်ပါးနှင့် လိုက်ဖက်ညီစွာပင် ချောမောကာ တော်ဝင် ဆန်လွန်းသည့် သူ၏ ပုံရိပ်က မိန်းမတိုင်း၏ စိတ်ကူးယဥ် ပုံရိပ်မျိုး ဖြစ်ပေလိမ့်မည်။
ဝူယုမှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ ရွှင်မြူးစွာဖြင့် ရယ်မောလိုက်၏။
“ကျုပ်ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေလို့လား သခင်လေး...”
“သခင်လေး...”
ဝေ့ဝူယင်မှာ ထိုအသုံးအနှုန်းကြောင့် စိတ်ထဲမှ ပြုံးလိုက်မိ၏။ ထိုလူအိုကြီးမှာ ဘယ်တုန်းက ထိုမျှ ယဥ်ကျေးသွား သနည်း။ ကြည့်ရသည်က ကြယ်တာရာ အသစ် ခြောက်နှစ်တာ ကာလ အတွင်း ဝူယုမှာ သူ့စိတ်ကို ပြောင်းလဲ ပစ်လိုက်ပုံ ရသည်။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် သူ့အကြည့်များကို သတိလစ် မေ့မြောနေသည့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ထံ ပို့လွှတ်လိုက်၏။ ဝူယု၏ အဆိုအရ ဆိုလျှင်... ထိုသုံးယော်ကမှာ လျှို့ဝှက် အဏာရှင် ဒုတိယ အဆင့် လျှို့ဝှက်ဝိညာဥ် အဆင့်တွင် ရှိနေပေသည်။ ထို့အပြင်... သူတို့က အဆင့်တူများထဲ၌ သာမန် ကျင့်ကြံသူများ မဟုတ်ဟု ဆိုသည်။
မဟာ ဧကရာဇ်က ထိုကျင့်ကြံသူများကို လက်အောက်ငယ်သားများ အဖြစ် စည်းရုံးသိမ်းသွင်းဖို့ တိုက်ရိုက် အကြံပြု မထားသော်လည်း အသက်ရှင်လျှက် ဖမ်းဆီး ခေါ်ဆောင်လာခြင်းကို ကြည့်ပါက ရွေးချယ်စရာ ပေးထားကြောင်း ထင်ရှားပေသည်။
သို့သော်လည်း... သူ၏ လက်ရှိ အရည်အချင်းများက ထိုအဆင့် ကျင့်ကြံသူများကို လက်အောက်ငယ်သား အဖြစ် သိမ်းသွင်းရန် လုံလောက်မည်လေား ဝေ့ဝူယင် မသေချာချေ။ ထို့အပြင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် ပတ်သက်၍ တိကျ သေချာသည့် ဘာအချက်အလက်မှ သူ့တွင် မရှိသေးချေ။
ထိုနေရာ၌ သေမျိုး အကန့်အသတ်လွန် ကျင့်ကြံသူ ဘယ်နှစ်ယောက် ရှိသည်၊ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဘယ်နှစ်ယောက် ရှိသည်၊ သေမျိုး အဆင့်ကို ကျော်လွန်သည့် အဂ္ဂိရတ် ပညာရှင် ဘယ်နှစ်ယောက် ရှိသည်က အစ သူ ဘာမှ မသိချေ။
ထိုနေရာရှိ ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်းက ပိုမို မြင့်မားလေလေ သူ၏ အရေးပါမှုက ပိုမို လျော့နည်းလေလေ ဖြစ်ပေလိမ့်မည်။
မည်သို့ပင် ဆိုစေ... သူက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်သာ ဖြစ်သည်။ ဝူယုနှင့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်တို့၏ တိုက်ပွဲမှ ဖြစ်ပေါ်လာသည့် လှိုင်းများ ပင်လျှင် သူ့ကို အကြိမ်ပေါင်း များစွာ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ ထိုသေမျိုး အဆင့်လွန်တို့၏ စွမ်းအားနှင့် နည်းလမ်းများက ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ ခန့်မှန်း မရအောင် ထူးဆန်း လွန်းလှသည်။
“သူတို့က အသုံးတော့ ဝင်မယ့်ပုံပဲ... ဒါပေမဲ့ သူတို့ရဲ့ တန်ဖိုးကို ကျုပ် နားလည်ဖို့လည်း လိုအပ်သေးတယ်... ခင်ဗျားက ဒီကို ရောက်နေတာ ခြောက်နှစ်တောင် ကြာပြီဆိုတော့ ဒီကြယ်တာရာ နယ်မြေ အသစ် အကြောင်းကို အတော်လေး သိနေလောက်ပြီလို့ ကျုပ်ထင်တယ်... ကျုပ်က အခုမှ ရောက်တာ ဆိုတော့ နားကန်း တစ်လုံးမှကို မသိသေးတာ”
ဝူယုက ဝေ့ဝူယင်နှင့် ဤနေရာမှာ အစိမ်းသက်သက် ဖြစ်ကြောင်း သူ မေ့လျော့နေတာကို သဘောပေါက် သွား၏။ သူက ဖြည်းညင်းစွာပင် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ရင်း တင်ပျဥ်ချိတ် ထိုက်လိုက်သည်။
“ဒါပေါ့... ကျုပ် မသိတာ မရှိဘူး အကုန်သိတယ်... သခင်လေး ခင်ဗျားသိလား... လွန်ခဲ့သည့် ငါးနှစ်ကျော်တည်းက ခင်ဗျားက ကြယ်တာရာ နယ်မြေတစ်ခုလုံးကို တုန်လှုပ်အောင် လုပ်ပြီးပြီ... ကျုပ် ပြောပြမယ်”
ထို့နောက်... ဝူယုက စတင်ကာ သူ သိထားသမျှ၊ ကြားထားသမျှ အရာအားလုံးကို စတင် ရှင်းပြလေတော့၏။
“အဲဒီ ကလေးမလေး ဝူပိုင်ကျိုးက အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ နာမည်ကို အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းလို့ ပြောင်းပစ်လိုက်တယ်လေ... နောက်ပြီး...”
“လူအိုကြီး မာ့ကျန်းက အတော်လည်တဲ့ လူကြီး... သူက..”
“ဒါပေမဲ့ သခင်လေးရဲ့ အာရုဏ်ဦး နေမီးတောက် ဆေးလုံးက တစ်လောကလုံးကို ငလျင်ကြီး တစ်ခု ဖန်တီး ပစ်လိုက်တာပဲ...”
“ရွှေလေလံပွဲပြီးတဲ့ နောက်မှာ ရွှေရောက် အသက်နန်းတော်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးအတွက် တန်ကြေးကို သတ်မှတ်ခဲ့တယ်လေ... အဲဒါက...”
ဝူယုက တစ်ခုပြီး တစ်ခု ရှင်းပြနေချိန်တွင် ဝေ့ဝူယင်ကလည်း ရံဖန်ရံခါ ကြားဖြတ် မေးခွန်းများဖြင့် သူ မရှင်လင်းသည့် အရာများကို မေးမြန်း၏။
“လျှို့ဝှက် ကျောက်တုံးတွေ ဟုတ်လား... အဲဒါက ဘယ်လောက်တန်လဲ”
ဝူယု၏ မျက်လုံးများမှာ အချိန်တိုင်း၌ ပိုမို၍ တောက်ပလာနေခဲ့၏။ သို့သော်လည်း တစ်ခါတစ်ရံ၌ သူ၏ အမူအရာက ပြောင်းလဲသွားကာ ခံပြင်း ဒေါသထွက်သည့် အရိပ်အငွေ့ အချို့ ပေါ်လာခဲ့သည်။
“ဟန်ယုဟိုင်... ဟန်ရှဲ့ရဲ့ ဝမ်းကွဲညီလေးပေါ့... သူ အသက်ရှင်နေသေးတယ်... နောက်ပြီး မြေကြီး ရှန့်ထိုတောင် ဖြစ်နေပြီ”
အစစ်အမှန် ဒြပ်စင်ဂိုဏ်းက သူ့နာမည်ကို ရွေးချယ်ခံ အဖြစ် သတ်မှတ်ကာ အပူတပြင်း ရှာဖွေနေကြောင်း ကြားသိခဲ့ရချိန်၌ ဝေ့ဝူယင်မှာ အံ့သြခဲ့ရ၏။ ဝူယု၏ အဆိုအရဆိုလျှင် ထိုကြေညာချက်က တရားဝင် မဟုတ်သည့်တိုင် ဂိုဏ်းပြင်ပ အထိပင် အပြည့်အဝ ပေါက်ကြားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူနှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နတ်မိမယ်လေး စေ့စပ်ကြောင်း ကောလဟလများပင် ထွက်ပေါ်နေခဲ့သည်။
ထိုသတင်းကို ကြားကြားချင်းပင် ဝေ့ဝူယင်မှာ စိတ်ရှုပ်သွားခဲ့၏။ ထိုနတ်မိမယ်လေး ဆိုသူက မည်သူနည်း။ သူမက မိန်းကလေး ရွေးချယ်ခံ တစ်ယောက်လော။ သေချာတာ တစ်ခုကတော့ သူတို့တွင် ရည်ရွယ်ချက်များ ရှိပေလိမ့်မည်။
ဝေ့ဝူယင်မှာ လင်းကလန်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကြားမှ အရှုပ်အထွေးများကိုလည်း သိရှိလာရ၏။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ အစစ်အမှန်ဒြပ်စင်ဂိုဏ်းထဲတွင် နှစ်ပေါင်းများစွာ ပါဝင် လှုပ်ရှားခြင်း မရှိတော့ကြောင်း ကြားသိခဲ့ရချိန်၌ ဝေ့ဝူယင်မှာ ရွေးချယ်ခံ တစ်ယောက်၏ အကျိုးအမြတ်များကို ရယူဖို့ စဥ်းစားလိုက်သေးသည်။
သို့သော်လည်း ထိုအရာက စဥ်းစားမှု တစ်ခုသာ ဖြစ်ကာ သူ့နှလုံးသားထဲ၌ ငြင်းဆန်မှုများ ရှိနေပေသည်။ ထို့အပြင် သူ လင်းမင်ကို နောက်ထပ် လုံချန် တစ်ယောက် ဖြစ်မလာစေလိုချေ။
သူ့ကို ပို၍ အံ့သြစေသည့် အရာ တစ်ခုက... ရွှေရောင် အသက်နန်းတော်တွင် အတွင်းပိုင်း ပဠိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့က သူနှင့် များစွာ သက်ဆိုင်နေပေသည်။
သို့သော်လည်း... သူ့ကို အံ့အား အသင့်စေဆုံး သတင်းက ထာဝရ အစည်းအရုံးမှာ လွန်ခဲ့သည့် လေးနှစ်ခန့်က ထာဝရ နယ်မြေ ဟူသော ဆေးတစ်မျိုးကို စျေးကွက်ထဲတွင် စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူများမှာ ၎င်းကို အာရုဏ်ဦး နေမီးတောက် ဆေးလုံး အဖြစ် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အထွတ်အထိပ် အဆင့် မဟုတ်ပဲ အဆင့်မြင့် အဆင့်တွင်သာ ရှိပေသည်။