အဆုံးမဲ့ ကောင်းကင်မှ အပြောင်းအလဲများ (၂)
Vol. 48 Ch. 669
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ဝူယုကို စိုက်ကြည့်လိုက်၏။
“ခင်ဗျား လုပ်ခဲ့တာက သူ့ကို သတ်ခဲ့ရုံတင် မကဘူး မလား”
“ ... “
ဝူယုမှာ ဝေ့ဝူယင်၏ ချီးကျူးမှုကို ဂုဏ်ယူ ဝင့်ကြွားစွာ လက်ခံ နေခဲ့ရာမှာ ထိုမေးခွန်းကြောင့် တောင့်တင်း သွား၏။ သူက ကြောက်မက်ဖွယ် ကောင်းလှသည့် ထိုသခင်လေးကို စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်က သူ၏ ထိုငွေရောင် မျက်လုံးများမှာ အရာရာကို ဖြတ်မြင်နိုင်သည့် ပုံပင်။
သို့သော်လည်း... ဝူယုက နားမလည်သည့် ပုံစံဖြင့် ချောင်းအနည်းငယ် ဆိုးလိုက်၏။
“သခင်လေးက ဘာကို ပြောချင်တာလဲ”
ဝေ့ဝူယင်က ဘာမှ ပြန်မဖြေချေ။ ထို့အစား သူ့နှုတ်ခမ်းထက်ရှိ အပြုံးကသာ ပိုမို ထက်ရှလာ၏။
ဝူယုမှာ ဝေ့ဝူယင်က သူ့ကို အကုန် ဖောက်ထွင်း မြင်ပြီးပြီ ဖြစ်ကြောင်း သဘောလိုက်၏။ သူက လက်မြှောက် အရှုံးပေးဟန်ဖြင့် အရှုံးကို ဝန်ခံလိုက်ရင်း ဝတ်ရုံထဲမှ ပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပုလင်းထဲတွင်တော့ အရည်စက် အချို့ ရှိနေခဲ့၏။
ဝေ့ဝူယင်က ပုလင်းထဲရှိ အရည်စက်များကို လှမ်းကြည့်လိုက်၏။ ထိုအရာက မည်သည့် အရာ ဖြစ်ကြောင်းပင် သူ အကဲမဖြတ်နိုင်ချေ။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများလျှင်ပင် ၎င်းကို ဖောက်ထွင်း မမြင်နိုင်ချေ။ သိပ်မစဥ်းစားရခင်မှာပင် ထိုအရာက လျှို့ဝှက်အဆင့် ရတနာ တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက် လိုက်၏။
“လျှို့ဝှက် မူလ အရည်စက် ခြောက်စက်... အဲဒါက ကျုပ် အမှားတော့ မဟုတ်ဘူး... အဲဒီ ကောင်လေးက ကြွယ်ဝ ချမ်းသာမှုတွေကို အနားထားပြီး ခရီးသွားနေတာလေ... ဒီလို အခွင့်အရေးမျိုးကို ကျုပ် ဘယ်လိုလုပ်ပြီး လျစ်လျူ နိုင်မှာလဲ”
ဝူယုက ပင်းမျိုးနွယ် သခင်လေးကို အပြစ် အကုန် ပုံချလိုက်၏။ ဝေ့ဝူယင်က အသာအယာပင် ရယ်မောလိုက်သည်။
စောစောက ဝူယု၏ စကားမှ တစ်ဆင့် အမဲလိုက်ခဲ့ကြသူများထဲတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက် ပါဝင်ခဲ့ကြောင်း သူ သိရှိခဲ့ရသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာ အဆုံးမဲ့ ကောင်းကင်တွင်ပင် အလွန် ကျော်ကြားကာ ကြီးမားသော သြဇာ အာဏာကို ဆုပ်ကိုင်ထားကြသူများ ဖြစ်သည်။ သူတို့က တော်ရုံ ကိစ္စများကို ကိုယ်တိုင် ဝင်ရောက် ဆောင်ရွက်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သခင်လေးကို ကာကွယ်ထားသူများမှာ ကြယ်တာရာ သခင် အဆင့်တွင်သာ ရှိသည်ဟု ဆိုလေရာ သူက မျိုးနွယ်အတွင်း အရမ်းကြီး အရေးမကြီးဟု ဆိုလိုပေသည်။ ထိုအချက်များကို ထောက်ရှုခြင်း အားဖြင့်... ဝူယုက ပင်းမျိုးနွယ် တစ်ခုလုံးကို တုန်လှုပ်စေမည့် အခြား တစ်ခုခုအား ကျူးလွန်ခဲ့သည်မှာ ထင်ရှားပေသည်။ ထို့ကြောင့်ပင် သေမျိုး တစ်ပိုင်းအရှင် အဆင့် တစ်ယောက် ကိုယ်တိုင် အမဲလိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်က ခေါင်းကို ခါယမ်းလိုက်၏။
“အဲဒါက ခင်ဗျား အမှား မဟုတ်ပါဘူး... သူတို့ အမှားပဲ... ကျုပ် အထင် ပြောရရင် ပင်းမျိုးနွယ်က ရှောင်ပင်းကို ငါးစာလုပ်ပြီး ကျုပ် ထွက်လာအောင် မျှားခေါ်ခဲ့တာပဲ ဖြစ်လိမ့်မယ်... သူတို့ရဲ့ အစီအစဥ်မှာ အဲဒီ သခင်လေးက အပေါ်ယံ သက်သက်ပဲ... ကျုပ် ပေါ်လာတာနဲ့ သူတို့က ညှိနှိုင်းစရာ တစ်ချို့ ချန်ထားပြီး လိုချင်တဲ့ တစ်ခုခုကို တောင်းဆိုလိမ့်မယ်... ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး ရလဒ်မှာ ကျုပ်ကို စိတ်ကျေနပ်အောင် လိုက်လျောမှာတော့ သေချာတယ်”
ဝူယုမှာ ဝေ့ဝူယင်၏ ရှင်းပြမှုကို နားထောင်ကာ ဆွံ့အသွား၏။ ထိုကဲ့သို့လော။ ပင်းမျိုးနွယ်မှာ မည်မျှ ရူးသွပ်လိုက်သနည်း။
“...“
ထို့နောက် ဝေ့ဝူယင်မှာ အချိန် အတန်ကြာ တိတ်ဆိတ်သွားကာ တစ်စုံတစ်ရာကို အလေးအနက် စဥ်းစားနေဟန် ရ၏။ ဝူယုက သူ့လက်ထဲရှိ ပုလင်းကို ငုံ့ကြည့်လိုက်ရင်း ဝေ့ဝူယင်က ထိုအရာကို သိပ်ဂရု မစိုက်ကြောင်း သဘောပေါက် လိုက်သည်။ သို့သော်လည်း... တတိယ အဆင့် ကပ်ဘေးကို ရှုံးခဲ့သည့် သူ့အတွက်တော့ လျှို့ဝှက် မူလ အရည် တစ်စက်ချင်းစီတိုင်းမှာ အလွန် အဖိုး ထိုက်တန်သည်။ ၎င်းအား လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်ရန် အတွက် အသုံးပြုနိုင်သည့် အပြင်... ကပ်ဘေးအတွင်း ကျဆုံးမှုမှ ကာကွယ်ရန် အတွက်လည်း အသုံးပြုနိုင်သေးသည်။
အတန်ကြာပြီးနောက်မှ ဝေ့ဝူယင်မှာ တွေးတောနေရာမှ နိုးထလာကာ လျှို့ဝှက် မူလ အရည် ပုလင်းကို ကြည့်လိုက်၏။
“ခင်ဗျား အဆိုအရ ဆိုရင် ဒီအရည်စက်လေးက အဆင့်တက်နိုင်တဲ့ အခွင့်အရေးကို ဆယ်ရာခိုင်နှုန်း အထိ တိုးမြှင့် ပေးနိုင်တယ်ပေါ့... ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ”
ထို့နောက် သူက ၎င်းကို သူ့ထံ ပေးရန် ခြေဟန် လက်ဟန် ပြလိုက်သည်။ ထိုအရည်စက်များကို အသုံးပြုကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ ဖော်စပ်ရန် သူ့တွင် အကြံအစည် ရှိပေသည်။ အထူးသဖြင့် ဆေးရည်များပင်။
ဝူယု၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ သူက အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မပြုပဲ ပုလင်းကို ဝေ့ဝူယင်ဆီ ပေးလိုက်သည်။
လျှို့ဝှက် မူလ အရည်စက်၏ အာနိသင်က အကန့်အသတ် ရှိလိမ့်မည်ဟု သူ မထင်ချေ။ ၎င်းကို ဝေ့ဝူယင်၏ လက်တွင် အခြား ရင်းမြစ်များနှင့် ပေါင်းစပ်လိုက်ပါက ပိုမို အစွမ်းထက်သည့် အဂ္ဂိရတ် ထုတ်ကုန် အချို့ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပေသည်။ ထိုအခါ လျှို့ဝှက် အာဏာရှင် တတိယ အဆင့်ကို ခြေချရန် သူ့အခွင့်အရေးမှာလည်း ပိုမို များပြား လာပေလိမ့်မည်၊။
ဝေ့ဝူယင်က ပုလင်းလေးကို အနီးကပ် စစ်ဆေးလိုက်၏။ ၎င်းကိုလည်း ဟင်းလင်းပြင် လက်စွပ် အတွင်း ထည်သွင်း မသိမ်းဆည်းနိုင်ကြောင်း သူ သဘောပေါက် လိုက်သည်။
“အဲဒီ အထဲမှာ ပါနေတဲ့ လျှို့ဝှက် ရည်ရွယ်ချက်က ဟင်းလင်းပြင်ကို အကျိုးသက်ရောက် စေတာများလား... တကယ် ထူးဆန်းတာပဲ”
ဝေ့ဝူယင်က အတန်ကြာ လှည့်ပတ် ကြည့်ရှုပြီးနောက် ထိုပုလင်းကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။ ဝူယုက မကျေနပ်သည့် စကားတစ်ခွန်းမှ မပြောချေ။ ထို့အစား သူက ပို၍ပင် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
အတန်ကြာပြီးနောက် ဝူယုက တစ်စုံတစ်ရာကို သတိရသွားဟန်နှင့် ပြောလိုက်၏။
“နောက်တစ်ခုကတော့ သခင်လေးနဲ့ တိုက်ရိုက် ဆက်စပ်တော့ မနေဘူး... သေတော့လည်း မသေချာဘူးပေါ့လေ... ဒါပေမဲ့ ဟိုကောင်မလေး လုံထျန်းယု ပျောက်သွားတယ်”
“ပျောက်သွားတယ်...”
ဝေ့ဝူယင်က တန်ပြန် မေးခွန်း ထုတ်လိုက်၏။ ဝူယုက ခေါင်းညိတ်လိုက်သည်။
“အရင်တုန်းက ကျုပ် သူ့ကိုယ်ပေါ်မှာ အမှတ်အသား တစ်ခု ချန်ထားခဲ့သေးတယ်... ဒါပေမဲ့ သူက ဘာခြေရာ လက်ရာမှ မကျန်အောင် ပျောက်သွားတာ... အမှောင်ယင် နန်းတော် တစ်ခုလုံး စစ်ဆေးပြီးတာတောင် သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး... အဲဒါက အဓိပ္ပာယ်တော့ သိပ်မရှိဘူး... ဒါပေမဲ့ ကျုပ်ရဲ့ အမှတ်အသားကို အရမ်း အရမ်း ပြင်းထန်တဲ့ နတ်ဆိုး တည်ရှိမှု တစ်ခုက တွန်းလှန်ပစ်လိုက်သလို ခံစားရတယ်”
လုံထျန်းယုမှာ လုံချန်၏ မွေးစား ညီမ ဖြစ်သည်။ သူမက အနန္တ ကုန်းမြေတိုက်ကြီးတွင် လူရိုင်း ကလေး တစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဇစ်မြစ်ကိုပင် မည်သူမှ မသိရချေ။ သို့သော်လည်း... မိန်းကလေးမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပါရမီ မြင့်မားသူ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ် နတ်မိမယ် အဖြစ် ကျော်ကြားသည့် ရှန်းလင်က သူမကို တပည့် တစ်ယောက် အဖြစ် မွေးစားခဲ့သည်။ လုံထျန်းယုမှာ လုံချန်၏ နံဘေးရှိ မိန်းကလေးများထဲတွင် အငယ်ဆုံး ဖြစ်သလို ပါရမီ အမြင့်မားဆုံးလည်း ဖြစ်သည်။
အဆုံးမဲ့ ကောင်းကင်သို့ ရောက်ရှိပြီးနောက်တွင် သူမက နာ့ရှင်းရီနှင့် အတူ အမှောင်ယင် နန်းတော်ကို လိုက်ဝင်ခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် ပျောက်ကွယ်သွားခဲ့သည်။ ဝူယုမှာ သူမကို အမှောင်ယင် နန်းတော် သခင်မနှင့် ပူးပေါင်း ရှာဖွေ စုံစမ်းခဲ့ကာ နောက်ဆုံး၌ ကောက်ချက် တစ်ခု ချနိုင်ခဲ့သည်။
ထိုအရာက... အလွန် အစွမ်းထက်ကာ လျှို့ဝှက်သည့် နတ်ဆိုး ကျင့်ကြံသူ တစ်ယောက် လှုပ်ရှား သွားခဲ့ခြင်းပင်။ ထို့အပြင်... သူက အနိမ့်ဆုံး မြေကြီး ရှန့်ထို အဆင့်တွင် ရှိပေလိမ့်မည်။
လုံထျန်းယု၏ သတင်းကို ကြားပြီးနောက်၌ ဝေ့ဝူယင်၏ မျက်လုံးများက မှောင်မည်း သွားခဲ့၏။ သူ့တွင် လုံထျန်းယုနှင့် ပတ်သက်၍ ဘာခံစားချက်မှ မရှိသော်လည်း... ရှန်းလင်မှာ မိန်းကလေးကို သမီး အရင်းကလေး သဖွယ် ဂရုစိုက်သူ ဖြစ်သည်။ အကယ်၍ သူမသာ တစ်ခုခု ဖြစ်သွားပါက ရှန်းလင် ကျိန်းသေပေါက် ခံစားရပေလိမ့်မည်။
သို့သော်လည်း... ဖြစ်စဥ်ကို အစ အဆုံး ပြန်လည် ဆန်းစစ်ပြီးနောက် သူ့အမူအရာက တဖြည်းဖြည်း ပြန်လည် လျော့ကျသွားခဲ့၏။
“ကျုပ်အထင် ပြောရရင် သိပ်စိတ်ပူစရာ မလိုလောက်ဘူးဗျ... အနည်းဆုံး အခု လောလောဆယ် အခြေအနေ အတွက်ပေါ့လေ”
သူက ပင့်သက်တစ်ချက် ရှိုက်ရင်း ပြောလိုက်၏။ သူ့စိတ်ထဲတွင်တော့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ကြားဖူးနားဝ ရှိခဲ့သည့် နာမည် တစ်ခုမှာ ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ ထာဝရ ဧကရာဇ်နှင့် တစ်ခေတ်တည်း နေထိုင်ခဲ့ကာ အထွတ်အမြတ် အယ်ဗန် ဧကရီ၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ မဟာ ဧကရာဇ် ဝူယုတို့အောက် မယုတ်လျော့သည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင်... သူက ထာဝရ ကြယ်တာရာ နယ်မြေ၏ နတ်ဆိုးမျိုးနွယ်နှင့် တိုက်ရိုက် သက်ဆိုင်နေသူ ဖြစ်သည်။
ဝူယုက မျက်မှောင်ကြုတ်လိုက်၏။ သူ့တွင်လည်း ကိုယ်ပိုင်ယူဆချက်များ ရှိပေသည်။ သို့သော်လည်း... ထိုအရာများက သိပ်မသေချာသောကြောင့် သူ ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် လွန်ခဲ့သည့် ခြောက်နှစ် အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စ အချို့အကြောင်း အနည်းငယ် ထပ်မံ ဆွေးနွေးပြီး နောက်ဆုံး၌ ဝေ့ဝူယင်၏ အာရုံမှာ သတိလစ် မေ့မျောနေသည့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ထံ ပြန်လည် ရောက်ရှိလာခဲ့လေ၏။
“ခင်ဗျား သူတို့ကို သိလား...”
ဝေ့ဝူယင်က ဝူယုကို လှည့်ကြည့်ရင်း မေးလိုက်၏။ သူ့တွင် ထိုသုံးယောက်နှင့် ပတ်သက်၍ မည်သည့် အချက်အလက်မှ မရှိချေ။
ဝူယုကတော့ ဖမ်းမိမိချင်းပင် သူတို့ကို စစ်မေးပြီး ဖြစ်သည်။ သူက အပြုံးဖြင့် ဝေ့ဝူယင်ကို စိတ်ရှည် လက်ရှည်ပင် ရှင်းပြလိုက်၏။
“သူတို့က ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေက တဲ့... ကျုပ်တို့ အခု ရောက်နေတာက အဲဒီ ကြယ်တာရာ နယ်မြေနဲ့ ရတနာ အလင်း ကြယ်တာရာ နယ်မြေကြားက နတ္ထိ ဟင်းလင်းပြင် တစ်ခုမှာ... နောက်ပြီး သူတို့က ကိုယ်ပိုင် တန်ခိုးရှင် အဆင့် အင်အားစုတွေကို တည်ထောင်ထားတဲ့ လူတွေချည်းပဲ... ခွန်ရီမင် ဆိုတဲ့ မိန်းမက နှစ်ခုနစ်ထောင်လောက် သက်တမ်း ရှိတဲ့ ခွန်ကလန်ရဲ့ ဘိုးဘေး တစ်ယောက် တဲ့... သူက အဲဒီကလန်ကို တည်ထောင်ခဲ့တာ... အခု ခွန်ကလန်က လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီးတော့ သူနဲ့ သူ့ဝမ်းကွဲတို့ပဲ... ဒါပေမဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး ပြောတယ်”
“ခုန်ပိုင်းခြင်းဓားကတော့ ဟင်းလင်းပြင် မုဆိုး အစည်းအရုံး တစ်ခုကို တည်ထောင်ခဲ့တဲ့လူ တဲ့... ဟင်းလင်းပြင် မုဆိုး ဆိုတာက နတ္ထိ ဟင်းလင်းပြင်မှာ ကံကြမ္မာကို လိုက်ပြီး ရှာဖွေကြတဲ့ လူတွေပေါ့... သူ့ရဲ့ အဖွဲ့ကိုတော့ ရိတ်သိမ်းခြင်းဓား အစည်းအရုံးလို့ ခေါ်တယ်...”
ဝူယုက သတိလစ် မေ့မြောနေသည့် ခုတ်ပိုင်းခြင်းဓားကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
“ကြည့်ရတာ သူက ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးကို သုံးဖို့ လိုနေပြီ ထင်တယ်...”
ဝေ့ဝူယင်ကလည်း သေအံ့အမူးမူး ဖြစ်နေသည့် ခုတ်ပိုင်းခြင်းဓားကို လှမ်းကြည့်လိုက်သည်။ သူက စိတ်ထဲမှ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
ဝူယုက ဆက်ပြောလိုက်၏။
“နောက်ဆုံး တစ်ယောက်ကတော့ တိမ်ပြာတဲ့... သူက တိမ်တိုက်ကျယ် နန်းတော်ကို တည်ထောင်ထားတာ... ရွှေရောက် အသက်နန်းတော်တို့လို ကုန်သည်စီးပွားရေး လုပ်ငန်း တစ်ခု ဆိုပါတော့လေ... ဒါပေမဲ့ အများကြီး ပိုပြီး သေးငယ်တယ်... သူတို့က ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေမှာ အခြေစိုက်ပြီး ဝိညာဥ် သဘောဝ နဲ့ ပတ်သက်တဲ့ အစီအရင်တွေ၊ ရတနာတွေ၊ ကျင့်ကြံခြင်း နည်းလမ်းတွေကို ရောင်းချတယ်”
“တိမ်တိုက်ကျယ် နန်းတော်မှာ အဖွဲ့ခွဲ သုံးခု ရှိပြီး တစ်ခုချင်းစီကို လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က ဦးစီးတယ်... တိမ်ပြာကတော့ သက်တမ်း အရင့်ဆုံး အဖွဲ့ဝင်နဲ့ စပြီး တည်ထောင်ခဲ့တဲ့ လူပေါ့... ဒီနေရာမှာ အံ့အားသင့်စရာ တစ်ခုက ခုတ်ပိုင်းခြင်းဓားက ငယ်ငယ်တည်းက ပုန်ကန် ထွက်သွားခဲ့ တိမ်ပြာရဲ့ မြေးတဲ့... တကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းပဲ”
ဝေ့ဝူယင် အချက်အလက်များကို တိတ်တဆိတ်ပင် စုဆောင်း နေခဲ့၏။ သူတို့၏ အဖွဲ့တွင် လျှို့ဝှက် အာဏာရှင် အဆင့် စုစုပေါင်း ခြောက်ယောက်တောင် ပါရှိသည်။ ထို့အပြင်... သူတို့ကြားတွင် မကြေလည်မှုများ ရှိနေပုံ ပေါ်သည်။
ဝူယုမှာ ဝေ့ဝူယင် တွေးနေသည်ကို သိရာ တိတ်တဆိတ်ပင် စောင့်ဆိုင်း နေလိုက်၏။ သူက တစ်ခွန်းမှ ဝင်မပြောပါချေ။ သခင်လေးမှာ လျှို့ဝှက် အာဏာရှင် အဆင့် လက်အောက်ငယ်သား ထားရှိခြင်း၏ တန်ဖိုးကို သိလိမ့်မည်ဟု ဖြစ်ကြောင်း သေချာပေသည်။
တစ်ခဏ ကြာပြီးနောက် ဝေ့ဝူယင်က...
“သူတို့ကို ယုံကြည်ဖို့ကတော့ နည်းနည်း ခက်လိမ့်မယ် ထင်တယ်ဗျ...”
ယခုတစ်ကြိမ်တွင်တော့ ဝူယုက ဝင်ရောက် အကြံပေးလိုက်သည်။
“ကျုပ်တို့ သူတို့ကို လျှို့ဝှက် ကျိန်စာ ကျိန်ဆိုခိုင်းလို့ ရတာပဲလေ...”
“လျှို့ဝှက် ကျိန်စာ... အဲဒါက ဘယ်လိုမျိုးလဲ”
ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက်သွား၏။ ထိုကဲ့သို့ ကျိန်ဆိုမှုမျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့သည် မဟုတ်ပါလား။