← Chapters

သိမ်းသွင်းခြင်း

Vol. 48 Ch. 670

သိမ်းသွင်းခြင်း

Vol. 48 Ch. 670

ဝူယုထံမှ လျှို့ဝှက်ကျိန်စာ အကြောင်း ရှင်းပြမှုကို နားထောင်ပြီးနောက်၌ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်မိ၏။ ထိုကဲ့သို့ ကျိန်ဆိုမှုများမှာ အလွန်အမင်း အန္တရာယ် များပုံ ပေါ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား အတင်းအကြပ် ကျိန်ဆိုဖို့ စေခိုင်းလျှင် ၎င်းကို ချိုးဖျက်နိုင်သည့် နည်းလမ်း သူ့တွင် မရှိချေ။

အတန်ကြာ စဥ်းစားပြီးနောက်၌ ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“ကျုပ် လိုချင်တာက စိတ်နှလုံး တစ်ခုလုံးနဲ့ ကျုပ်ကို ရွေးချယ်ထားတဲ့ လက်အောက်ငယ်သားဗျ... ကျိန်စာနဲ့ အတင်းအကြပ် ဖိနှိပ်ခံထားရတဲ့ ကျွန်တွေ မဟုတ်ဘူး... တကယ်လို့ အတိတ်မှာတုန်းက ကျုပ်က ခင်ဗျားကို ဝိညာဥ်ကျိန်ဆိုခိုင်းခဲ့တယ်ထားဗျာ... နောက်တစ်ချိန် အဲဒီ ကျိန်စာကို ပယ်ဖျက်နိုင်ရင် ခင်ဗျား ဘာလုပ်မလဲ”

ဝူယုမှာ တစ်ခဏမျှ စဥ်းစားပြီးနောက် ဉာဏ်အလင်း ရသွားဟန်နှင့် မျက်လုံးများ တောက်ပသွား၏။ ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ လက်အောက်ငယ်သားများကို အတင်းအကြပ် စုဆောင်းခဲ့သူ မဟုတ်ချေ။ ထိုလူငယ်မှာ သစ္စာ စောင့်သိခြင်းကို ပျိုးထောင်ရန် ကျမ်းကျိန်ဖို့ မလိုအပ်ဟု ခံယူထားသူ ဖြစ်သည်။

နောက်ဆုံး၌ ဝေ့ဝူယင်က တိတ်တဆိတ် ခေါင်းညိတ်ကာ ဆုံးဖြတ်ချက် ချလိုက်၏။ လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်၏ ဝိညာဥ်အာရုံများကို သေချာ ထိန်းချုပ်ထားကြောင်း သေချာ စေပြီးနောက် သူက ဝူယုအား ပတ်ဝန်းကျင်ကို အသက်ဓာတ် ထိန်းသိမ်းနိုင်သည့် နေရာ တစ်ခု အဖြစ် ပြောင်းလဲပေးဖို့ တောင်းဆိုလိုက်၏။

ထို့နောက် သူက အစစ်အမှန် နဂါးအသွင်ကို ရုတ်သိမ်းကာ မူလပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်သည်။ သူ၏ နဂါးမျက်လုံးများနှင့် အကြေးခွံများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ငွေရောင် မျက်လုံးများနှင့် ချောမော ခန့်ညားသည့် လူငယ် တစ်ယောက်အဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

“သူတို့ကို နှိုးလိုက်တော့...”

ထို့နောက် ဝေ့ဝူယင်က တောင်းဆိုလိုက်၏။ ဝူယုက ခေါင်းတစ်ချက် ညိတ်ရင်း ဝိညာဥ်အာရုံကို ကြိုးများထံသို့ ပို့လွှတ်လိုက်သည်။

မကြာခင်မှာပင် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ရှေ့ဆင့်နောက်ဆင့် နိုးလာကြကာ မျက်လုံးများ ပြန်လည် ဖွင့်လာကြသည်။ နိုးနိုးချင်းပင် သူတို့မှာ အတုအယောင် လေထုအလွှာ တစ်ခု အတွင်း ရောက်ရှိနေကြောင်း သဘောပေါက်လိုက်၏။ ထိုနေရာ၌ သူတို့ အသက်ရှူနိုင်သလို... သာမန် အသံဖြင့် စကား ပြောဆိုနိုင်စွမ်းလည်း ရှိပေသည်။ အကယ်၍ ထိုအတုအယောင် လေထု အလွှာ မရှိလျှင်ပင် သူတို့၏ ကျင့်ကြံခြင်း အဆင့်ဖြင့် စကားပြောဆိုနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

တိမ်ပြာမှာ ပတ်ဝန်းကျင်ကို စုးစမ်းကြည့်လိုက်ရာ အသက်မဲ့ ကျောက်တုံး တစ်ခုပေါ်တွင် ရောက်ရှိနေကြောင်း သဘောပေါက် သွား၏။ ထို့နောက် သူ သတိထားမိလိုက်သည့် အရာက လက်နှစ်ဖက် နောက်ပစ်ကာ သူတို့ကို ကြည့်နေသည့် ငွေရောင် မျက်လုံးများနှင့် အလွန် ချောမောလှသော လူငယ် ဖြစ်သည်။ ထိုလူငယ်မှာ အလွန် ထက်မြက်ကာ အရည်အချင်း ရှိသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု သူ အမြင်ဖြင့် မှတ်ချက်ချလိုက်မိ၏။

ခွန်ရီမင် သတိရလာလာချင်း ပထမဆုံး လုပ်သည့် အရာက ခုတ်ပိုင်းခြင်းဓား၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် ကြိုးပမ်း လိုက်ခြင်းပင် ဖြစ်သည်။ သူ အသက်မထွက်သေးကြောင်း သေချာသွားသော အခါတွင်မှ သူမမှာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ ထို့နောက်... သူမက ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကာ ဝေ့ဝူယင်ကို တွေ့သွားခဲ့သည်။

မိန်းကလေး၏ နှလုံးသားက အနည်းငယ် တုန်ရီသွား၏။ ထိုလူငယ်က မည်သူနည်း။

ဝေ့ဝူယင်က လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်ကို တစ်ယောက်ချင်းစီ ကြည့်လိုက်၏။ ထို့နောက်... တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ကျုပ် ခင်ဗျားတို့ကို ရွေးချယ်ခွင့်ပေးမယ်... သေမလား ရှင်မလား”

ရွေးချယ်မှု နှစ်ခု၊ အဖြေတစ်ခု... ခွန်ရီမင်နှင့် တိမ်ပြာတို့မှာ နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့သည့် ထိပ်သီး ကျင့်ကြံသူများ ဖြစ်ရာ သူတို့ ဘဝကို ထိုကဲ့သို့ ဆုံးဖြတ်ခြင်းက အရှက်စရာ ကောင်းကြောင်း ခံစားလိုက်ရသည်။ သူတို့ စိတ်ထဲမှ ဒေါသလည်း ထွက်နေမိ၏။ အဘယ်ကြောင့် ဆိုသော်... မည်သူမှ သေခြင်းတရားကို ရွေးမှာ မဟုတ်သောကြောင့်ပင်။

“ရှင်ဖို့ ရွေးရင် ကျုပ်တို့ ဘာဖြစ်မှာလဲ...”

အတန်ကြာပြီးနောက် တိမ်ပြာက မဝံ့မရဲဖြင့် မေးလိုက်သည်။ ခွန်ရီမင်က မျက်မှောင်ကြုတ်ကာ လူအိုကြီးကို လှမ်းကြည့်လိုက်၏။ နှစ်ပေါင်းထောင်ချီ အတွေ့အကြုံအရ ထိုလူငယ်က သူတို့ကို ကျွန် အဖြစ် လျှို့ဝှက် ကျိန်စာ ကျိန်ဆိုခိုင်းမှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်ထံမှ နောက်ထပ် ထွက်ပေါ်လာသည့် စကားလုံးများက တိမ်ပြာနှင့် ခွန်ရီမင်တို့ကိုသာ မက ဝူယုနှင့် အသက်မျှင်းမျှင်းလေးသာ ကျန်တော့သော ခုတ်ပိုင်းခြင်းဓားတို့ကိုပါ တုန်လှုပ် သွားစေခဲ့တော့သည်။

“ဒါဆို ခင်ဗျားတို့ အသက်ရှင်မယ်... ခုချက်ချင်း ခင်ဗျားတို့ကို ထွက်သွားခွင့်ပေးမယ်”

ဝေ့ဝူယင်၏ မျက်လုံးများက လိမ်ညာ လှည့်ဖျားမှု ကင်းမဲ့နေသည်။ အကယ်၍ သူတို့က အသက်ရှင်ဖို့ ရွေးချယ်ပါက သူက အမှန်တကယ် လွှတ်ပေးလိုက်တော့မည့် ပုံပင်။

“ဘာကြောင့်လဲ...”

တိမ်ပြာက အယုံအကြည် မရှိစွာပင် ဝေ့ဝူယင်ကို တန်ပြန် မေးခွန်းထုတ်လိုက်၏။

“ဘာကြောင့်လဲ ဆိုတော့ ကျုပ်မှာ ဆုံဖြတ်ပိုင်ခွင့် ရှိလို့ပေါ့”

ဝေ့ဝူယင်က ပြုံးလျှက် ရိုးရှင်းစွာပင် အဖြေပေးလိုက်၏။

“ရှင်က ကျွန်မတို့ကို ပြန်မပေါက်ကြားစေဖို့ ဝိညာဥ်ကျိန်ဆို ခိုင်းမှာလား... တကယ်လို့ ကျွန်မတို့ ငြင်းမယ် ဆိုရင် ကျိန်းသေ သတ်ပစ်မယ် မလား”

ခွန်ရီမင်က မေးလိုက်၏။ သူမ၏ မျက်လုံးများထဲတွင်တော့ အလင်းရောင်ခြည် တစ်ခုမှာ စတင် တောက်ပ နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ငွေရောင် မျက်လုံးများနှင့် လူငယ်က ထိုကဲ့သို့ ကျိန်ဆိုခိုင်းလျှင်ပင် သူမ လုပ်ရန် ဆန္ဒ ရှိပေသည်။

သို့သော်လည်း ဝေ့ဝူယင်က ခေါင်းကိုသာ ခါယမ်းလိုက်၏။

“မဟုတ်ဘူး... ဒီအတိုင်း မင်းတို့ကို ထွက်သွားခွင့် ပေးမှာ... ငါ ဝိညာဥ်ကျိန်စာမှ မရှိသလို ဘာလျှို့ဝှက် ကျိန်စာမှလည်း မရှိဘူး”

"..."

"..."

တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်သားမှာ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့၏။ သူတို့က ဘေးနားရှိ ဝူယုကို လှမ်းကြည့်လိုက်ရာ လူအိုကြီးက အပြုံးနှင့်သာ တုန့်ပြန်လိုက်သည်။

“သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ... ငါ့မှာ မရှိဘူး... နောက်ပြီး ငါက နားထောင်ဖို့ သက်သက်လာတာ”

တိမ်ပြာတို့ သုံးယောက်သား၏ အကြည့်များက ဝေ့ဝူယင် အပေါ်သို့ ပြန်လည် ကျရောက်သွားသည်။ ထိုငွေရောင် မျက်လုံးများနှင့် လူငယ်က မည်သူနည်း။ သူ၏ ကျင့်ကြံခြင်းကို ဖြတ်သန်း မြင်နိုင်စွမ်း မရှိသည့်တိုင် သူ၏ လက်အောက်ငယ်သား ဖြစ်ပုံ ပေါ်သည့် ဝူယု ပင်လျှင် ထိုမျှ အစွမ်းထက်ရာ သူကလည်း အလွန် ကြောက်ဖို့ ကောင်းမှာ သေချာသည်။

သို့သော်လည်း... တစ်ချိန်တည်း၌ ထွက်ပေါ်နေသည့် အော်ရာများက လူငယ်မှာ လျှို့ဝှက် အာဏာရှင် တစ်ယောက် မဟုတ်ကြာင်း ငြင်းဆိုနေပေသည်။ သူက သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေပေသေးသည်။

တိမ်ပြာက ဝေ့ဝူယင်ကို အကဲခတ်ရင်း တစ်ချက် တစ်ချက် ဝူယုကို လှမ်းကြည့်၏။ မိနစ် အနည်းငယ် ကြာပြီးနောက် သူက စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ကျုပ်က ရှင်ဖို့ ရွေးတယ်ဗျာ...”

ဝေ့ဝူယင်က ဝူယုကို မေးမော့ ပြလိုက်၏။ ဝူယုက ခေါင်းတစ်ချက် ညိတ်ရင်း ဝိညာဥ် အင်အား အချို့ကို ထုတ်လွှတ် လိုက်သည်။

တိမ်ပြာ၏ နှလုံးသားကား တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက ထောင်ချောက် တစ်ခုလော။ သူတို့က သူ ရှင်သန်ရန် ရွေးသည့်အတွက် သတ်ပစ်တော့မည်လော။

“နေဦး...”

ကြောက်ရွံ့စိတ် အတွေးတို့ဖြင့် ဗျာများ နေစဥ်မှာပင် တိမ်ပြာမှာ သူ၏ အတွင်းအား စွမ်းအင်များမှာ ပြန်လည် စီးဆင်းလာကို သတိထားမိသွား၏။ ထို့နောက်... သူ့ခန္ဓာကိုယ်ပေါ်ရစ်သိုင်းနေသည့် ထက်ရှသော နာကျင်မှုက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက ဝိညာဥ်ချိန်းကြိုးများ၏ ချည်နှောင်မှုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်လေသည်။

တိမ်ပြာမှာ ဦးနှောက် တစ်ခုလုံး အေးခဲသည် အထိ အံ့အားသင့် သွားခဲ့၏။ ခွန်ရီမင်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားသည်။ သို့သော်လည်း... သူမက အခြေအနေကို တိတ်တဆိတ် အကဲခတ် နေဆဲ ဖြစ်သည်။ အကယ်၍ ထိုလူအိုကြီးသာ သေဆုံးသွားပါက သူမက လူငယ်ထံတွင် ငိုကြီးချက်မဖြင့် အသနားခံဖို့ အဆင်သင့် ပြင်ဆင်ပြီး ဖြစ်သည်။ ထိုအခိုက်၌ ဂုဏ်သိက္ခာကိုပင် သူမ မေ့လျော့နေခဲ့ပြီ ဖြစ်၏။

“ဒါက...”

တိမ်ပြာမှာ ဝိညာဥ်အာရုံကို ပြန်လည် ရရှိသွားရာ ဝေ့ဝူယင်ကို အကဲခတ် ကြည့်လိုက်၏။ အကယ်၍ ထိုလူငယ်သာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ပါက သူထွက်ပြေးလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း... ရှာဖွေ တွေ့ရှိမှုက သူ့ကို ထိတ်လန့် စေခဲ့၏။ ငွေရောင် မျက်လုံးများနှင့် လူငယ်၏ ကျင့်ကြံခြင်း အခြေခံကို သူ မဆုံးဖြတ်နိုင်ချေ။

သို့သော်လည်း... သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မဟုတ်တာတော့ သေချာသည်။ သူက သေမျိုးတို့၏ အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... မည်သည့် အဆင့်မှန်းလည်း သူ မဆုံးဖြတ်နိုင်ချေ။

တိမ်ပြာက မဝံ့မရဲပင် ဝူယုကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း... သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို ခြေတစ်လှမ်း ရောက်ရှိထားသည့် ထိုအသက်လတ် ကျင့်ကြံသူမှာ အနည်းငယ် လှုပ်ရှားမည့်ပုံပင် မပေါ်ပဲ သူ့ကို ရွှင်မြူးစွာ ကြည့်နေသည်။

တိမ်ပြာ၏ အကြည့်များက ဆက်လက် ရွေ့လျားသွားကာ ဟင်းလင်းပြင် သင်္ဘောများနှင့် လက်အောက်ငယ်သားများထံသို့ ရောက်ရှိသွား၏။ လေလွင့်ကောင်းကင်ဂြိုဟ်ကတော့ မူလ နေရာမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ ထို့နောက် သူက တိုက်ပွဲအတွင်း ပျက်စီးသွားသည့် လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကို စွမ်းအားဖြင့် ပြန်လည် ဖန်ဆင်းလိုက်ကာ စတင် ပျံသန်းလိုက်၏။

မကြာခင်မှာပင်... သူက ဝူယု လွှမ်းမိုးထားသည့် လေထုအလွှာအတွင်းမှ အပြင်သို့ ထွက်လာခဲ့ကာ တိမ်တိုက်ကျယ် နန်းတော်၏ ဟင်းလင်းပြင် သင်္ဘောထက်တွင် ခြေချလိုက်သည်။ ဝင်္ကပါနှင့် အစီအရင်များအား ပြန်လည် စတင်ချိန်တွင်ပင် ဝူယု မလှုပ်ရှားသည်ကို တွေ့ရသော အခိုက်၌ သူ့ရင်များက ပိုမို၍ပင် တဒိတ်ဒိတ် ခုန်လာခဲ့တော့သည်။

ခွန်ရီမင်မှာ ထိုမြင်ကွင်ကို ကြည့်ကာ နှလုံးသားများ ပေါက်ထွက်မတတ် တုန်ရီနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့သော အခြေအနေမျိုးနည်း။

All Chapters