← Chapters

ကောင်းကင်လမ်းစဥ် အပြောင်းအလဲ

Vol. 48 Ch. 671

ကောင်းကင်လမ်းစဥ် အပြောင်းအလဲ

Vol. 48 Ch. 671

“ဂါ... ဂယ်... ဂူး... ဂယ်...”

သွေးများ ပြည့်နှက်နေသည့် ခုတ်ပိုင်းခြင်းဓား၏ ပါးစပ်ထဲမှ မပီမသ အသံများ ထွက်ပေါ်လာနေခဲ့၏။ သို့သော်လည်း... ရှင်းလင်းစွာပင် သူက သူ့ရွေးချယ်မှုကို ပြောပြနေခြင်း ဖြစ်သည်။ သူ အသက်ရှင်ချင်သည်။ သူက အခြားနှစ်ယောက်ထက် အများကြီး ပို၍ ငယ်ရွယ်သလို အလားအလာလည်း ပိုရှိသူ ဖြစ်သည်။ တစ်နေ့ တစ်ချိန်တွင် သူက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်လာနိုင်သူ ဖြစ်သည်။ သို့ဖြစ်လေရာ သူ မည်ကဲ့သို့ သေချင်ပါမည်နည်း။

“...”

ခွန်ရီမင်က တိတ်တဆိတ်ပင် ဝေ့ဝူယင်ကို အကဲခတ် နေလိုက်၏။ ထိုလူငယ်၏ ရည်ရွယ်ချက် အတိအကျက အဘယ်နည်း။

ဝေ့ဝူယင်က ခုတ်ပိုင်းခြင်းဓားကို ကြည့်ကာ ပြုံးလိုက်၏။

“ခင်ဗျား အသက်ရှင်ချင်ရင် အသက်ရှင်ရမှာပေါ့လေ... ဒါပေမဲ့ ကြည့်ရတာ ကျုပ် လက်အောက်ငယ်သားက ခင်ဗျားရဲ့ ကိုယ်တစ်ဝက်ကို လက်လွန်ပြီး ဖျက်ဆီးမိတဲ့ပုံပဲ... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... ခင်ဗျား အသက်ရှင် လွတ်မြောက်စေဖို့ အတွက် ကျုပ် ဒီလေး ပေးမယ်လေ”

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဖြန့်လိုက်ရာ နေကြယ်နှင့် တူသည့် ဆေးလုံးကလေး တစ်လုံး ပေါ်လာခဲ့၏။ ၎င်းက သုံးရောင်စပ် ဖြစ်ကာ အနက်၊ အဖြူနှင့် မီးခိုးရောင်များ ပါဝင်နေပေသည်။ ဆေးလုံးက အလွန်ပင် လှပလှကာ လောက၏ အလှပဆုံး ကြယ်ကလေး တစ်ခုနှင့်ပင် တူနေသေးသည်။

ခုတ်ပိုင်းခြင်းဓားမှာ ဆေးလုံးကို လှမ်းကြည့်လိုက်၏။ ထိုဆေးလုံးက မည်သည့် ထုတ်ကုန်မျိုး ဖြစ်ကြောင်း သူ မဆုံးဖြတ်နိုင်သည့်တိုင် ၎င်း၏ နေကြယ်တစ်စင်း ပုံသဏ္ဌာန်ကို ထောက်ချင့်ခြင်းအားဖြင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်မှာတော့ သေချာပေသည်။

သို့သော်လည်း... ခွန်ရီမင်၏ မျက်လုံးများကတော့ ဆေးလုံးကို တွေ့သည့် အခိုက်၌ အလွန်ပင် ပြူးကျယ် သွားခဲ့တော့၏။

“ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးလုံး...”

၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို မည်သည့် အကျိုးဆက်မှ မရှိပဲ ပြန်လည် မွေးဖွား ပေးနိုင်သည့် ဆေးလုံးပင် ဖြစ်သည်။

“ဒါက...”

သူမ၏ မျက်လုံးများက ဝေ့ဝူယင်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်၏။ ထိုအရာက သာမန် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု မဟုတ်ချေ။ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး ဖြစ်သည်။ ၎င်းက အလွန်ပင် ရှားပါးလှကာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးထက်ပင် ပိုမို အဖိုးထိုက်တန်ပေသည်။

ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး ဆိုသည့် နာမည်ကို ကြားသည်နှင့် ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာ လိုချင်တပ်မက်မှုများနှင့် ပြည့်နှက်လာ၏။ သူ မသေချင်ပေ။ ထိုဆေးလုံးမှာ သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်က အချက်ပြလိုက်ရာ ဝူယုက ခုတ်ပိုင်းခြင်းဓားကို ချည်နှောင်ထားသည့် ကြိုးများကို ဖယ်ရှားပေးလိုက်၏။ ခုတ်ပိုင်းခြင်းဓားက လျှင်မြန်စွာပင် စွမ်းအင်များကို အသုံးပြုကာ ဝေ့ဝူယင်ထံမှ ဆေးပုလင်းကို ရယူလိုက်သည်။ ထို့နောက်... ပျော်ရွှင်နေသည့် အငွေ့အသက်တို့နှင့် အတူ သူ၏ သေခါနီး မျက်လုံးများနှင့် စတင်ကာ လှုပ်ရှားလာ၏။

မလှမ်းမကမ်း၍ သူ၏ ဟင်လင်းပြင် သင်္ဘောရှိနေသည်ကို သတိထားမိသော အခိုက်၌ သူက ထိုနေရာကို ဦးတည်ကာ ပျံသန်းလိုက်၏။ သူ ယခုချက်ချင်း ထိုဆေးလုံးကို သန့်စင်ချင်နေပြီ ဖြစ်သည်။

သို့သော်လည်း... သိပ်မကြာခင်မှာပင် သူက နောက်သို့ လှည့်ကာ ခွန်ရီမင်ကို ကြည့်လိုက်သည်။ သူက ခွန်ရီမင်ကို သူနှင့် အတူ လိုက်ပါစေလိုသည်။ ထိုမျှ လှပသည့် လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေး တစ်ယောက်ကို ဝူယုနှင့် အတူ သူ ချန်မထားခဲ့လိုချေ။ သူတို့က မဟုတ်တာ မလုပ်ဟု မည်သူက အာမခံနိုင်မည်နည်း။

ခွန်ရီမင်မှာ လုံးဝ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများက ထူးဆန်းသော စူးစမ်းလိုမှုတို့နှင့် ပြည့်နှက်နေသည်။ သူမ စိတ်ထဲတွင် ပြင်းထန်စွာ လောင်ကြွမ်းနေခဲ့သည့် မေးခွန်း တစ်ခု ရှိနေခဲ့၏။

“ခင်ဗျားက ဘယ်သူလဲ...”

သို့သော်လည်း ထိုမေးခွန်းကို မေးလိုက်သူက ခွန်ရီမင် မဟုတ်ချေ။ ခြေတစ်ဖက်၊ လက်တစ်ဖက်သာ ရှိသော လူကြီးမှာ စုတ်ပြတ်နေသည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ကာ ပြန်လာခဲ့ပြီ ဖြစ်သည်။ သူ၏ အမူအရာက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေ၏။

ယခုတစ်ကြိမ်တွင်တော့ သူ ယခင်ကလောက် ကြောက်လန့်ခြင်း မရှိတော့ချေ။ အကယ်၍ ထိုလူငယ်သာ သူ့ကို သေစေချင်ပါက သူ သေဆုံးနေလောက်ပြီ ဖြစ်သည်။ သို့သော်လည်း... လူငယ်က သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်းပင် ထွက်သွားခွင့် ပြုခဲ့သည်။ သူက လျှို့ဝှက် ကျိန်စာ တစ်ခုတစ်လေဖြင့် ချည်နှောင်ရန်ပင် မကြိုးစားခဲ့ပါချေ။

ထို့အပြင် သူက သေအံ့မူးမူး ဖြစ်နေသည့် ခုတ်ပိုင်းခြင်းဓားကိုပင် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးတစ်လုံးကို ပစ်စလယ်ခတ် ပေးပစ်ခဲ့သည်။ ထိုအရာက သာမန် မဟုတ်ချေ။

ဝေ့ဝူယင်က တိမ်ပြာ ပြန်လည် ရောက်ရှိလာသည့် အပေါ် အနည်းငယ် အံ့အားသင့်ပုံပင် မပြချေ။ သူက ဝူယုကို တစ်ချက် လှမ်းကြည့်ကာ တိမ်ပြာ ဘက်သို့ လှည့်လျှင် အပြုံးဖြင့် အဖြေပေးလိုက်၏။

“ကျုပ်နာမည်က ဝေ့ဝူယင်လို့ ခေါ်တယ်”

"..."

"..."

"ဂူး... ဂယ်...”

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်လုံးမှာ ထိတ်လန့် တုန်လှုပ်သွားကြတော့၏။ ထိုနာမည်... ထိုနာမည်ကို သူတို့ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် မည်သူက မဟာ သရုပ်ဖော် ပြသပွဲကို လွဲချော်ခဲ့လို့နည်း။

အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးခဲ့သူ...

မဟာ အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်...

သူ့စွမ်းရည်၊ သူ့အသက်၊ သူ့ ဇစ်မြစ်၊ သူ့ အလားအလာ...

သူတို့ အားလုံး ထိုနာမည်ကို ကြားဖူးကြပေသည်။

“အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးခဲ့တဲ့ ဝေ့ဝူယင်လား...”

ခွန်ရီမင်က ဝိညာဥ်ချိန်းကြိုးများ အတွင်း ဆက်လက် ပိတ်မိနေသည့် အဖြစ်ကိုပင် မေ့လျော့သွားကာ မေးလိုက်၏။

ဝေ့ဝူယင်က အနည်းငယ် အံ့သြဟန်ဖြင့် မိန်းကလေးကို ကြည့်လိုက်သည်။

“ဒါကို ပြောတာလား...”

ထို့နောက် သူက အာရုဏ်ဦး နေမီးတောက် ဆေးလုံးများ ထည့်သွင်းထားသည့် ပုလင်း တစ်ခုကို ထုတ်ယူ လိုက်သည်။ ၎င်းက အလယ်အလတ် အရွယ် ပုလင်း တစ်ခု ဖြစ်ကာ အထွတ်အထိပ် အဆင့် ဆေးလုံး ရရန် သူ ကြိုးစားခဲ့သည့် တစ်လျှောက်လုံး၌ ဖန်တီးခဲ့မိသည့် အရည်အသွေးနိမ့် ဆေးလုံးများ ပါဝင်နေပေသည်။ ၎င်းတို့က အရေအတွက်အားဖြင့် ခုနစ်လုံး အထိ ရှိ၏။

သူ မသိလိုက်သည့် အချိန်တွင်ပင် တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့၏ ရင်များမှာ မထိန်းချုပ်နိုင်အောင် တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်လေသည်။

“အဲဒါက သူပဲ... တကယ့်ကို သူပဲ...”

မဟာ သရုပ်ဖော် ပြပွဲ အပြီး မည်သူမှ ခြေရာ မခံနိုင်ခဲ့သည့် မစာ သေမျိုး အဂ္ဂိရတ် အာဏာရှင်... နောက်ဆုံး၌ သူကား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

“အံ့အားသင့်စရာ မရှိတော့ဘူး...”

တိမ်ပြာက ဝူယုကို လှမ်းကြည့်လိုက်၏။

“ခင်ဗျားက သူ့ရဲ့ အဂ္ဂိရတ် သူရဲကောင်းပေါ့”

“အဂ္ဂိရတ် သူရဲကောင်း...”

ဝေ့ဝူယင်မှာ ထိုနာမည်ကြောင့် အနည်းငယ် အံ့သြသွားသော်လည်း ဝူယုကတော့ နည်းနည်းလေးမျှ မတုန်လှုပ်ပါချေ။ သူက သဘောတူဟန်နှင့် ခေါင်းကိုသာ ညိတ်လိုက်၏။

“ဟုတ်တယ်...”

အဆုံးမဲ့ ကောင်းကင်တွင် အဂ္ဂိရတ် ပညာရှင်များ ပြုစုပျိုးထောင်ထားသည့် ပြိုင်စံရှား လက်အောက် ငယ်သားများကို အဂ္ဂိရတ် သူရဲကောင်းများဟု ခေါ်သည်။ သူတို့က အဂ္ဂိရတ် ပညာရှင်များ အပေါ် အလွန်ပင် သစ္စာ ရှိကာ လက်နက်များ သဖွယ် ဖြစ်သည်။

“ကြည့်ရတာ ခင်ဗျားတို့က ကျုပ်ကို သိနေကြတဲ့ပုံပဲ... ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလိုက်လဲ...”

ဝေ့ဝူယင်က အနည်းငယ် ရယ်မောရင်း ပြောလိုက်၏။

“ခင်ဗျားက တကယ်ပဲ အသက် တစ်ရာ မပြည့်သေးတာလား... နောက်ပြီး တကယ်ကြီး သေမျိုး အဂ္ဂိရတ် အာဏာရှင်လား... ခင်ဗျားမှာ အဂ္ဂိရတ် ဝိညာဥ် မရှိဘူး ဆိုတာကရော အဟုတ်လား...”

တိမ်ပြာမှာ လက်ရှိ အခြေအနေကိုပင် မေ့လျော့ကာ မေးခွန်းများကို တရစပ် မေးလေတော့၏။ ဝေ့ဝူယင် ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း လက်ကို ဝှေ့ယမ်းကာ တိမ်ပြာ၏ အဆက်မပြတ် မေးခွန်းများကို ဟန့်တား လိုက်သည်။ သူက ပြန်မဖြေချေ။ ထို့အစား... သူ၏ ငွေရောင် မျက်လုံးများထဲတွင် ကြယ်ခုနစ်လုံးကသာလျှင် တဖြည်းဖြည်း နေရာယူလာခဲ့၏။ ကြယ်တစ်ခုချင်းစီက မတူကွဲပြားသည့် အရောင်များကို ပိုင်ဆိုင်ထားကာ အဂ္ဂိရတ် တာအို၏ မတူကွဲပြားသည့် အရည်အသွေးများကို ရောင်ပြန်ဟပ် နေပေသည်။

“သေမျိုး အဂ္ဂိရတ် ကြယ်တာရာတွေ...”

ခွန်ရီမင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ သေမျိုး အဂ္ဂိရတ် ကြယ်တာရာ များမှာ အဂ္ဂိရတ် တာအိုကို သေမျိုး အဆင့်၏ အကန့်အသတ် အထိ နားလည်ခြင်း၏ သင်္ကေတများပင် ဖြစ်သည်။ ၎င်းကို အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ပိုင်ဆိုင်နိုင်ပေသည်။

နောက်ဆုံး၌ တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့၏ သံသယ အားလုံးမှာ ကင်းစင် သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်ဟု ခေါ်သည့် ထိုချောမောသည့် လူငယ်မှာ တကယ့်ကို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ၏ အသက်သာ သူတို့ ပြောသည့် အတိုင်း ငယ်ရွယ်ပါက နောက်တစ်ချိန်တွင် ကျိန်းသေပေါက်ကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ လေးယောက်မြောက် အဂ္ဂိရတ် ရှန့်ထို ဖြစ်လာလိမ့်မည် ဖြစ်သည်။

တိမ်ပြာက အသာအယာ ပြုံးနေသည့် ဝူယုကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင် ကိုယ်တိုင် မြှောက်စား ခံထားရသည့် အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် အနေဖြင့် ထိုပုဂ္ဂိုလ်၏ အနာဂတ်မှာ အကန့်အသတ် ကင်းမဲ့လိမ့်မည်မှာ သံသယ ရှိစရာ မလိုပါချေ။

All Chapters