ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီး
Vol. 37 Ch. 492
တိုက်ပွဲချိန် တဖြည်းဖြည်း ကြာလာတဲ့ နောက်မှာတော့ ရေမိစ္ဆာဗိုလ်ချုပ်ဟာ အရေးနိမ့်စ ပြုလာခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေက တိုက်ပွဲအစကလို သွက်လက်ခြင်း ရှိမနေတော့ပါဘူး။
အဲဒါကတော့ အဆိပ်နဂါး ဝိညာဉ်ရဲ့ အညှာအတာမဲ့ ကြမ်းတမ်းစွာ တိုက်ခိုက်မှုတွေကြောင့်လို့ ဆိုရပါမယ်။ ရေမိစ္ဆာဗိုလ်ချုပ် ရေလှိုင်းအသွင် ပြောင်းထားပေမဲ့လည်း အဆိပ်နဂါးဝိညာဉ်က ဒဏ်ရာရအောင် တိုက်ခိုက် နေနိုင်ဆဲပါပဲ။
"ဘယ်လိုလုပ်ပြီး သည်လောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က လူသားမျိုးနွယ်ဘက်မှာ ပေါ်လာရတာလဲ"
ကျန်ရှိနေတဲ့ မိစ္ဆာဗိုလ်ချုပ်တွေက ရေမိစ္ဆာဗိုလ်ချုပ် အခြေအနေ မဟန်တော့တာကို ရိပ်မိပေမဲ့လည်း သူတို့အနေနဲ့ ရပ်ကြည့်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။ တစ်ဖက်လူသားက သူတို့ထက် အဆပေါင်းများစွာ အစွမ်းထက်နေတာ မဟုတ်ပါလား။
မိစ္ဆာစက်ကွင်းတိုက် ...
သည်တိုက်မှာလည်း သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသ ကန့်သတ်ချက်တွေ ရှိပါတယ်။ အဆင့်၆ မိစ္ဆာတွေ နဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ သည်တိုက်ပေါ်မှာ ခြေချလို့ မရပါဘူး။ အဲသည်အတွက် လီဖူချန်းကို တစ်ယောက်ချင်း တိုက်ခိုက်ပြီး အနိုင်ယူနိုင်မယ့် မိစ္ဆာဟာ သည်တိုက်ကြီးထဲမှာ ရှိတော့မှာ မဟုတ်ပါဘူး။
"ရေမိစ္ဆာဗိုလ်ချုပ် အခြေအနေ မဟန်တော့ဘူး။ အားလုံးပေါင်းပြီး သည်လူသားကို တိုက်ကြရအောင်"
နောက်ဆုံးမှာတော့ ဘယ်လိုမှ ရပ်ကြည့် မနေနိုင်တော့တဲ့ ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်က ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို ဆော်သြလိုက်ပါတော့တယ်။
ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်ကတော့ ထိပ်တန်းမိစ္ဆာဗိုလ်ချုပ် ၁၀ပါးရဲ့ နံပါတ်၂ နေရာမှာ ရပ်တည်နေသူပါ။ ငွေမင်ဦးချို မိစ္ဆာတွေက ဦးချိုမိစ္ဆာ မျိုးနွယ်စုရဲ့ တော်ဝင်အမျိုးအနွယ် ဆိုရင်လည်း မမှားပါဘူး။ သူတို့တွေက သွေးသန့် ဦးချိုမိစ္ဆာတွေ ဖြစ်ကြပါတယ်။
လီဖူချန်းတစ်ယောက် အရှေ့ ယူနီကွန်းတိုက်မှာ ရှိနေစဉ်တုန်းကတော့ အမိန့်သွေဖည် နတ်ဆိုးကျွန်းကနေ ရောက်လာတဲ့ ငွေမင်ဦးချို မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုသည် မိစ္ဆာစက်ကွင်းတိုက်မှာ ရှိနေတဲ့ ငွေမင် ဦးချိုမိစ္ဆာနဲ့ ယှဉ်မယ်ဆိုရင်တော့ အရှေ့ ယူနီကွန်းတိုက်ကို ရောက်လာတဲ့ ငွေမင် ဦးချိုမိစ္ဆာဟာ တကယ့် ပမွှားလေးပါပဲ။
"ယား"
"သည်လူသားကို မရရအောင် သတ်ကြဟေ့"
ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်က သူ့ရဲ့ ငွေမင်ဦးချိုကို ဆွဲဖြုတ်လိုက်ပြီး တိုက်ပွဲထဲကို ဝင်ပါလာခဲ့သလို ကျန်တဲ့ မိစ္ဆာတွေကလည်း တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါပြီ။
"သေစမ်း"
ဟူး ... ဟူး ... ဟူး ...
ဧရာမ ငွေမင်ဦးချို အရိပ်ကြီး တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတော့တယ်။ သည်ရိုက်ချက်ထဲမှာတော့ မိစ္ဆာချီတွေ အပြည့်ပါပဲ။
ဘန်း ...
ဒါပေမဲ့လည်း အဲသည်ရိုက်ချက်က လီဖူချန်းကို အကာအကွယ် ပေးနေတဲ့ အဆိပ်နဂါး ဝိညာဉ်ကိုတောင် မကျော်လွှားနိုင်ခဲ့ပါဘူး။ လီဖူချန်းကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုရင်တော့ ပြောမနေပါနဲ့တော့။
"တော်တော် သေချင်နေတဲ့ကောင်ပဲ "
" သေစမ်း "
လီဖူချန်းက လက်သီးချက်တစ်ချက် ထုတ်လိုက်ပြီး တိုက်ပွဲထဲကို ဝင်လာတဲ့ ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်ကို လှမ်းထိုးလိုက်ပါတယ်။
ဘန်း ...
ရေမိစ္ဆာဗိုလ်ချုပ်ကို ဝင်ကူဖို့ တိုက်ပွဲထဲ ဝင်လာတဲ့ ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်ဟာ တိုက်ပွဲထဲကနေ စွန်ကြိုးပြတ်သလို လွင့်ထွက်သွားခဲ့ပါပြီ။
ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေ ကိုတော့ လီဖူချန်းဟာ အရေးကို မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ငွေမင်ဦးချို မိစ္ဆာဗိုလ်ချုပ်ကို အားနည်းလို့ပါပဲ။
ခါချဉ်ကောင်က မာန်ကြီးပြီး တောင်ကြီးကိုသာ ဖြိုရင် ဖြိုနိုင်ပါလိမ့်မယ်။ သူတို့တွေကတော့ အဆိပ်နဂါးဝိညာဉ်ကို ကျော်လွှားနိုင်စရာ အကြောင်း မရှိပါဘူး။
ဝုန်း ... ဝုန်း ... ဝုန်း ...
ဘန်း ... ဘန်း ...
ဒိုင်း ...
ရန်သူအများကြီးနဲ့ တိုက်ခိုက် နေရပေမဲ့လည်း လီဖူချန်းကတော့ အသာစီး ရနေဆဲပါပဲ။
" တောက် ... ငါ့လခွီးပဲ။ သည်ကောင့်ကို ဘယ်လိုမှ မနိုင်နိုင်တော့ဘူးလား "
မိစ္ဆာစက်ကွင်းတိုက်ရဲ့ နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်ဖြစ်တဲ့ ရေမိစ္ဆာက သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျလာတဲ့ သွေးတွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ရင်းနဲ့ ညည်းတွားလိုက်ပါတယ်။
မိစ္ဆာစက်ကွင်းတိုက်ရဲ့ နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်ဖြစ်တဲ့ သူဟာ ဒဏ်ရာမရတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီလို့ ဆိုရမှာပါ။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင်တော့ ဘုရင်အဆင့် ဂိုဏ်းတော်တစ်ခုက ဧကရာဇ် အဆင့်အတန်း ကျောင်းသားတောင်မှ သူ့ကို ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ သူနဲ့ အဲသည် ကျောင်းသားဟာ လက်ရည်ချင်း မတိမ်းမယိမ်းပါပဲ။ အခုတော့ ဘယ်တိုက်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ လူသားတစ်ယောက်ဟာ သူ့ကို အလွယ်တကူပဲ ဒဏ်ရာ ရစေခဲ့ပါပြီ။
"လူသား ... မင်းနဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးတွေ ရှိခဲ့လို့ အခုလို ငါတို့ကို လာပြီး အနိုင်ကျင့် နေရတာလဲ။ ရှင်းရှင်း ပြောစမ်းပါ။ မင်းက ငါတို့ဆီကနေပြီး ဘာလိုချင်နေတာလဲ"
ရေမိစ္ဆာဗိုလ်ချုပ်က ဝေဒနာကို ကြိတ်မှိတ် သည်းခံပြီး လီဖူချန်းကို မေးလိုက်ပါတယ်။
လီဖူချန်းက ပြုံးလိုက်ပြီး
"ရန်ငြိုးလား ... မရှိပါဘူး။ ငါက သည်အတိုင်း ရင်းမြစ်ပစ္စည်းတွေ လာရှာရုံသက်သက်ပဲ။ အခုသည်မှာ ရှိနေတဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်က ငါ့အတွက် နည်းနည်း အသုံးဝင်တယ်လေ။ မင်းတို့ စိတ်မရှိဘူးဆိုရင် ငါ့ကို ကမ္ဘာဦး မိစ္ဆာသစ်သီး နည်းနည်းပါးပါးလောက် ပေးလိုက်ပါလား "
" အဟွတ် ... အဟွတ် ... ကမ္ဘာဦး မိစ္ဆာသစ်ပင်က ငါတို့ မိစ္ဆာစက်ကွင်းတိုက်ရဲ့ အကြွင်းမဲ့ ရတနာကွ။ မင်းတောင်းတိုင်း ငါတို့က ပေးရမှာလား "
ငွေမင် ဦးချိုမိစ္ဆာက သွေးတစ်လုတ် အန်ရင်းနဲ့ ဒေါသတကြီး ပြောလိုက်ပါတယ်။
" ဒါဆိုလည်း ဆက်ပြီး တိုက်ကြတာပေါ့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အဆိပ်နဂါးဝိညာဉ်နဲ့ မိစ္ဆာဗိုလ်ချုပ် အုပ်စုကို တရစပ် တိုက်ခိုက်ပါတော့တယ်။
ဘန်း ... ဘန်း ... ဘန်း ...
အား ... အား ...
မိစ္ဆာဗိုလ်ချုပ် အုပ်စုကတော့ လီဖူချန်းရဲ့ အဆက်မပြတ် ဖိအားပေးမှုကို ဘယ်လိုမှ တောင့်မခံနိုင်ကြပါဘူး။ တချို့မိစ္ဆာတွေ ဆိုရင် တော်တော်ဝေးဝေးအထိ လွင့်ထွက်ကုန်ကြပါတယ်။
"ရေထု ... လာစမ်း"
ရေမိစ္ဆာဗိုလ်ချုပ် ကတော့ ရေကန်နားအထိ ဆုတ်သွားပြီး ကန်ထဲက ရေတွေကို ဆင့်ခေါ်လိုက်ပါတယ်။
ဗွမ်း ... ဗွမ်း ... ဗွမ်း ...
ရေမိစ္ဆာ ဆင့်ခေါ်လိုက်တဲ့ ရေတွေဟာ အနက်ရောင် ရေဘီလူးကြီးတွေ အသွင်နဲ့ ရေကန် မျက်နှာပြင်ထက်မှာ ပေါ်လာခဲ့ပါပြီ။
"သတ်"
အဲသည်နောက်မှာတော့ ရေဘီလူးကြီးတွေဟာ လီဖူချန်းကို တရကြမ်း တိုက်ခိုက်ကြပါတော့တယ်။
ဘန်း ... ဘန်း ...
ဝုန်း ... ဝုန်း ... ဝုန်း ...
ပေါက်ကွဲသံတွေကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဆူညံသွားစေခဲ့ပါပြီ။
သည်ရေဘီလူးကြီးတွေရဲ့ တိုက်ခိုက်မှုက အတော်လေးကို ရက်စက် ကြမ်းကြုတ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခုခံကာကွယ်မှုကို လုံးဝ မလုပ်လို့ပါပဲ။ သူတို့က လီဖူချန်းရဲ့ လက်သီးချက်တွေကို လုံးဝ မရှောင်ဘဲ အနာခံကာ သူတို့ကိုသူတို့ ဖောက်ခွဲပြီး လီဖူချန်းကို တိုက်ခိုက်ကြတာပါ။ သည်တိုက်ခိုက်မှုက မဟာမိစ္ဆာ တစ်ကောင်ကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်မှာ အသေအချာပါပဲ။
ဘန်း ... ဘန်း ...
သည်ရေဘီလူးတွေရဲ့ ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လီဖူချန်းဟာ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတော့တယ်။ သူ့ရဲ့ အဆိပ်နဂါး ဝိညာဉ်ဟာလည်း တဆတ်ဆတ် တုန်ခါလာခဲ့ပါပြီ။
" မင်းရဲ့ သွေးမျိုးဆက် စွမ်းအားက ဘယ်လောက်အထိ အသုံးခံမလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့"
လီဖူချန်းက မထီတရီ အမူအရာနဲ့ ပြောလိုက်ပါတယ်။ သူက ရေမိစ္ဆာကို အနိုင်ယူနိုင်ဖို့ အတွက် မလောပါဘူး။
လူသားတွေအနေနဲ့ နတ်ဘုရား စွမ်းရည်တွေကို အသုံးပြုတဲ့ အခါမှာဆိုရင် သာမန်ထက် သာလွန်ထူးကဲတဲ့ စွမ်းအားတွေနဲ့ အထူးစွမ်းအားတွေကို လိုအပ်ပါတယ်။
အဲသည်လိုပါပဲ။ မိစ္ဆာတွေကလည်း သူတို့ရဲ့ မွေးရာပါ စွမ်းရည်ကို အသုံးပြုဖို့အတွက် သွေးမျိုးဆက် စွမ်းအားကို လိုအပ်ပါတယ်။
ရေမိစ္ဆာဗိုလ်ချုပ်က သွေးသန့်ရေမိစ္ဆာ တစ်ကောင် ဖြစ်တဲ့အတွက် များပြားလှတဲ့ သွေးမျိုးဆက် စွမ်းအားတွေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လုံလောက်တဲ့ အချိန်တစ်ခုကို ရောက်သွားရင်တော့ သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားတွေဟာလည်း ကုန်ခန်းသွားမှာ အသေအချာပါပဲ။ သွေးမျိုးဆက် စွမ်းအားတွေ ကုန်ခန်းသွားတာနဲ့ တစ်ပြိုင်နက် ရေမိစ္ဆာဗိုလ်ချုပ်ဟာ လီဖူချန်းကို ဆက်ပြီး ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။
ရေမိစ္ဆာဗိုလ်ချုပ်ကတော့ ဘာမှ ပြန်မပြောပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက အချက်အလက်နဲ့ ပြောနေတာ ဖြစ်ပါတယ်။ သူက အချိန် တစ်ခဏလေး အတွင်းမှာပဲ သူ့ရဲ့ သွေးမျိုးဆက် စွမ်းအား ၅ရာခိုင်နှုန်းကို ထုတ်သုံးပြီးသွားပါပြီ။ နောက်ထပ် သွေးမျိုးဆက်စွမ်းအား ၉၀ရာခိုင်နှုန်းကို ထုတ်သုံးပြီးလို့မှ သူက လီဖူချန်းကို အနိုင်မယူနိုင်ဘူး ဆိုရင်တော့ သူ့အနေနဲ့ ဆက်ပြီး တိုက်သင့်၊ မတိုက်သင့်ကို ပြန်သုံးသပ် ရပါတော့မယ်။
ဘန်း ... ဘန်း ... ဘန်း ...
ဒုတိယ မွေးရာပါစွမ်းရည်ကို ထုတ်သုံးထားတဲ့ ရေမိစ္ဆာဗိုလ်ချုပ်ဟာ လီဖူချန်းကို အထက်စီးကနေ ဆက်လက် ဖိအားပေးနေဆဲပါပဲ။ ဒါပေမဲ့လည်း အချိန် တဖြည်းဖြည်း ကြာလာတဲ့ နောက်မှာတော့ ရေမိစ္ဆာဗိုလ်ချုပ်ရဲ့ မျက်နှာအမူအရာဟာ ပိုပိုပြီး ပျက်ယွင်းလာခဲ့ပါပြီ။ လီဖူချန်းရဲ့ ချီဝိညာဉ်ဟာ သူထင်ထားတာထက် ပိုအားကောင်းနေပြီး အစွမ်းထက်တဲ့ စွမ်းအားဥပဒေသ တစ်ခုလည်း ပါဝင်နေပါသေးတယ်။ တကယ်လို့သာ သူ့အနေနဲ့ အဲသည် စွမ်းအားဥပဒေသကို မဖျက်ဆီးနိုင်ဘူး ဆိုရင်တော့ လီဖူချန်းကို ဒဏ်ရာရအောင် ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
"စွမ်းအားထပ်မြှင့်စမ်း"
ဗွမ်း ...
သည်တစ်ကြိမ်မှာတော့ ရေမိစ္ဆာဗိုလ်ချုပ်က မျိုးဆက်သွေးစွမ်းအား တော်တော်များများကို အသုံးပြုပြီး မီတာတစ်ရာမြင့်တဲ့ ရေဘီလူးကြီး တစ်ကောင်ကို ဖန်တီးလိုက်ပါတော့တယ်။
"သွားတော့"
ရေမိစ္ဆာဗိုလ်ချုပ်ရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ ရေဘီလူးကြီးဟာ လီဖူချန်းဆီကို ပြေးဝင်သွားခဲ့ပါပြီ။ အံ့သြစရာကောင်းတာ တစ်ခုကတော့ ရေဘီလူးကြီးဟာ လီဖူချန်းအနားကို ရောက်သွားလေလေ တဖြည်းဖြည်း ကျုံ့ဝင်သွားလေလေပါပဲ။
လီဖူချန်းနဲ့ မီတာ တစ်ဒါဇင်ကျော်လောက်သာ လိုတော့တဲ့ အခါမှာတော့ ရေဘီလူးကြီးရဲ့ ခန္ဓာကိုယ် အရွယ်အစားဟာ သုံးမီတာ အမြင့်လောက်သာ ရှိပါတော့တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်ထဲမှာ ပါဝင်နေတဲ့ ဖျက်ဆီးနိုင်စွမ်းကိုတော့ လျှော့တွက်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်အရာကို ကြောက်စရာ ကောင်းလှတဲ့ ဖျက်ဆီးရေး အငွေ့အသက်တွေကို ထုတ်လွှတ်နေလို့ပါပဲ။ ရေဘီလူးကြီးရဲ့ ခန္ဓာကိုယ် အရွယ်အစား ကျုံ့သွားတယ် ဆိုတာက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပါဝင်နေတဲ့ စွမ်းအားတွေ သိပ်သည်းသွားတယ် ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
"သွားစမ်း "
အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်မိတဲ့ လီဖူချန်းဟာ ရေဘီလူးကို လုံးဝ အကပ်မခံပါဘူး။ သူကလည်း လက်သီးချက် တစ်ချက်ကို ထုတ်လိုက်ပါတယ်။
ဂါး ... ဂရား ...
အဆိပ်နဂါး ဝိညာဉ်ဟာလည်း သုံးမီတာနီးပါးအထိ ကျုံ့ဝင်သွားပြီး ရေဘီလူးဆီကို ပြေးဝင်သွားခဲ့ပါပြီ။
ဝုန်း ... ဝေါ ... ဝေါ ...
တုန်ခါမှု ကြီးမားလှတဲ့ ငလျင်တစ်ခုဟာ ပတ်ဝန်းကျင် မိုင်နှစ်ဆယ်လောက်ကို လှုပ်ခတ်သွားပါတယ်။ အဆိပ်နဂါးဝိညာဉ်နဲ့ ရေဘီလူးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကနေ ထွက်ပေါ်လာတဲ့ စွမ်းအင် ဖြာထွက်မှုက လီဖူချန်းကိုကော မိစ္ဆာဗိုလ်ချုပ်တွေကိုပါ မျက်နှာသာ မပေးပါဘူး။ သူတို့အားလုံးဟာ စွမ်းအင်ပေါက်ကွဲမှု ဗဟိုချက်မကနေပြီး လွင့်စဉ်ထွက်ကုန် ကြပါတယ်။ သည်ပေါက်ကွဲမှုက လီဖူချန်းနဲ့ ရေမိစ္ဆာဗိုလ်ချုပ်တို့ အစွမ်းထက်တဲ့ သူနှစ်ယောက်ကိုတော့ ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ထက် အားနည်းတဲ့ မိစ္ဆာဗိုလ်ချုပ်တွေကတော့ သွေးအလူးလူး ဖြစ်နေကြပါပြီ။
စွမ်းအင်လှိုင်းတွေ ပျောက်ကွယ်သွားတဲ့ အခါမှာတော့ တိုက်ပွဲအလယ်မှာ မိုင်ပေါင်း အနည်းငယ်နက်တဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
"လူသား ... တော်တော့။ မင်း နိုင်ပါတယ်"
ရေမိစ္ဆာဗိုလ်ချုပ်က ဆက်တိုက်ဖို့ စိတ်ကူး မရှိတော့ပုံပါပဲ။ သူက ရေကန်ထဲကို ပြန်ဆင်းသွားခဲ့ပါပြီ။
" သွားကြစို့ "
အစွမ်းအထက်ဆုံး မိစ္ဆာဗိုလ်ချုပ်ဖြစ်တဲ့ ရေမိစ္ဆာဗိုလ်ချုပ် ကိုယ်တိုင်တောင်မှ ဆက်မတိုက်ဘဲ လက်လျှော့သွားပြီ ဖြစ်တဲ့အတွက် ကျန်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ သူတို့ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် အံကို တင်းတင်းစေ့ပြီး ထွက်သွားကြပါတော့တယ်။
" ဟူး ... နောက်ဆုံးတော့လည်း အနှောင့်အယှက်တွေ ကင်းသွားပြီပေါ့ "
လီဖူချန်းက ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို လှမ်းကြည့်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ သူ့ရဲ့ သစ်သီးတွေကို အလွယ်တကူ ပေးမယ့်ပုံ မရှိပါဘူး။ သူက သူ့ရဲ့ သစ်ကိုင်းလက်တံတွေကို ဝှေ့ယမ်းပြီး တိုက်ပွဲစဖို့အတွက် အသင့် ပြင်ထားခဲ့ပါပြီ။
လီဖူချန်းကတော့ သူ့ကို တိုက်ခိုက်ဖို့ ပြင်နေတဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အတော်လေး နှမြောတသ ဖြစ်နေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်က သူ့ကိုတိုက်ခိုက်ဖို့ အတွက် ကမ္ဘာဦး မိစ္ဆာသစ်သီး တစ်ရာရဲ့ အစွမ်းတွေကို စုပ်ယူလိုက်တာ မဟုတ်ပါလား။
ဘန်း ... ဘန်း ... ဘန်း ...
ဝုန်း ... ဝုန်း ...
လူသားနဲ့ သစ်ပင်ရဲ့ တိုက်ပွဲကတော့ စတင်ခဲ့ပါပြီ။
လီဖူချန်းအတွက် ကံကောင်းတာ တစ်ခုကတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဟာ တစ်ခါ တိုက်ခိုက်ဖို့အတွက် ကမ္ဘာဦး မိစ္ဆာသစ်သီး တစ်ရာကိုသာ စုပ်ယူနိုင်တာပါပဲ။ တကယ်လို့သာ ကမ္ဘာဦး မိစ္ဆာသစ်ပင်က တစ်ခါ တိုက်ခိုက်ဖို့အတွက် ကမ္ဘာဦး မိစ္ဆာသစ်သီး တစ်ထောင်ကို စုပ်ယူနိုင်မယ် ဆိုရင်တော့ လီဖူချန်းဟာ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။ သူက ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးရမှာ ဖြစ်ပါတယ်။ သစ်သီးတွေကို ဆက်ခူးဖို့ ဆိုရင်တော့ ပြောကို မပြောပါနဲ့တော့။
သစ်ပင်ထိပ်ဖျားရဲ့ အစွန်အဖျားနားက သစ်သီးတွေ အကုန်လုံးကို ခူးယူပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ သစ်ကိုင်းလက်တံ စက်ကွင်းထဲကနေ ဆုတ်ခွာသွားခဲ့ပါပြီ။
လီဖူချန်းအနေနဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အတွင်းပိုင်းမှာ သီးနေတဲ့ ကမ္ဘာဦးမိစ္ဆာသစ်သီး တွေကိုတော့ ခူးယူဖို့အတွက် ယုံကြည်မှု မရှိပါဘူး။ သူက သစ်ကိုင်းကြီး အနည်းငယ်ရဲ့ တိုက်ခိုက်မှုကိုသာ ခံနိုင်ပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ သစ်ကိုင်းကြီး ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက်ရဲ့ တိုက်ခိုက်မှုကို ခံရမယ် ဆိုရင်တော့ သေချာပေါက် သေမှာပါပဲ။
" ကမ္ဘာဦးမိစ္ဆာသစ်သီး ၁၁၉၀။ သည်လောက်ဆိုရင်တော့ လောလောဆယ် လောက်ပါပြီလေ "
လီဖူချန်းက ပြုံးလိုက်ပါတယ်။
" ပြန်တော့မယ် "
အဲသည်နောက်မှာတော့ လီဖူချန်းက လှည့်ထွက်သွားခဲ့ပါပြီ။ သူက လိုချင်တာ ရသွားပြီ ဖြစ်တဲ့အတွက် သည်မိစ္ဆာစက်ကွင်းတိုက်မှာ တစ်စက္ကန့်လေးတောင် ထပ်ပြီး မနေချင်တော့ပါဘူး။ သည်တိုက်ထဲမှာ နေရတာက သူ့ကို အတော်လေး မသက်မသာ ခံစားနေရစေတာ မဟုတ်ပါလား။
" နောက်ဆုံးတော့လည်း ပြဿနာဂြိုဟ်ဆိုးကောင် ထွက်သွားပြီပေါ့ "
အမှောင်ထဲမှာ ရှိနေတဲ့ မိစ္ဆာဗိုလ်ချုပ် တစ်ပါးကတော့ ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ နောက်ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။
***
သက်တံနီဂိုဏ်းကို ပြန်အရောက်မှာတော့ လီဖူချန်းဟာ ကမ္ဘာဦးမိစ္ဆာသစ်သီး ၁၁၉၀ကို ထောက်ပံ့ရေးဒင်္ဂါး ၁၇၈၈၀၀ နဲ့ လဲလှယ်လိုက်ပါတယ်။ သူ့မှာ ကျန်နေသေးတဲ့ ထောက်ပံ့ရေးဒင်္ဂါး ၃၁၀၀ကိုပါ ထည့်ပေါင်းလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ထောက်ပံ့ရေးဒင်္ဂါး ၁၈၁၉၀၀ အထိ ရောက်သွားခဲ့ပါပြီ။
သည်ပမဏက နည်းလှတဲ့ ပမာဏ မဟုတ်ပါဘူး။ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်နေတဲ့ ဘုရင် အဆင့်အတန်းက တပည့်တစ်ယောက်တောင်မှ နှစ်အနည်းငယ် အချိန်ပေးပြီးမှသာ သည်လောက်များတဲ့ ထောက်ပံ့ရေး ဒင်္ဂါးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမဲ့ လီဖူချန်းကတော့ အချိန်အနည်းငယ်လေး အတွင်းမှာပဲ သည်ပမဏကို ပိုင်ဆိုင်ခဲ့ပါတယ်။
တကယ်လို့ တခြား ဘုရင်အဆင့်အတန်း အပြင်စည်းတပည့် တစ်ယောက်ကသာ လီဖူချန်းလို ကမ္ဘာဦးမိစ္ဆာသစ်ပင် နောက်ကို လိုက်သွားမယ်ဆိုရင် မြောက်မြားလှစွာတဲ့ မိစ္ဆာဗိုလ်ချုပ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သေချာပေါက် သေမှာပါပဲ။
အထူးသဖြင့်ကတော့ ရေမိစ္ဆာဗိုလ်ချုပ်ပဲ ဖြစ်ပါတယ်။ ရေမိစ္ဆာဗိုလ်ချုပ်ကို တစ်ယောက်ချင်း ယှဉ်တိုက်နိုင်သူတွေဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ မရှိသလောက်ပါပဲ။ လီဖူချန်းက အဆိပ်နဂါး သိုင်းဆန္ဒကို နားလည် အသုံးပြုနိုင်တာတောင်မှ ရေမိစ္ဆာဗိုလ်ချုပ်ကို မသတ်နိုင်ခဲ့ပါဘူး။
"မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်းက ထောက်ပံ့ရေးရမှတ် ၂၇၀၀၀ ပဲ ကျတာဆိုတော့ ငါ့အနေနဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုနဲ့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတစ်ခု ယူလို့ ရသေးတာပေါ့ "
သူ့ရဲ့ ထောက်ပံ့ရေးဒင်္ဂါးတွေကို သေသေချာချာ ရေတွက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လျှို့ဝှက်ကျမ်းစာဆောင်ကို ဦးတည်ပါတော့တယ်။
" မင်း ... ရောက်လာပြန်ပြီလား "
လျှို့ဝှက်ကျမ်းစာဆောင်က အကြီးအကဲကတော့ လီဖူချန်းကို မှတ်မိနေပါပြီ။ မမှတ်မိရင်လည်း မကောင်းပါဘူး။ လီဖူချန်းက တစ်လခြားလောက်ကို တစ်ခါလောက် လျှို့ဝှက်ကျမ်းစာဆောင်ကို လာနေတာ မဟုတ်ပါလား။
" မင်္ဂလာပါ ... အကြီးအကဲခင်ဗျာ "
လီဖူချန်းက ဂါရဝ ပြုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူက အရမ်းထင်ပေါ်အောင် နေနေမိပြီ ဆိုတာကိုလည်း သတိပြုလိုက်မိပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ သိုသိုသိပ်သိပ် နေဖို့ စိတ်ကူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူရလာတဲ့ ထောက်ပံ့ရေးဒင်္ဂါး အရေအတွက် သတင်းက မကြာခင်မှာ ထွက်ပေါ်လာမှာပါပဲ။
သူ့ဆီမှာ လုံလောက်တဲ့ ထောက်ပံ့ရေးဒင်္ဂါးတွေ ရှိနေပြီးမှ လိုအပ်တဲ့ ပညာရပ်တွေကို မရယူဘူး ဆိုရင်တော့ ရူးမိုက်ရာ ကျနေပါလိမ့်မယ်။
လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ ဒုတိယထပ်ကို အရောက်မှာတော့ လီဖူချန်းက ဘာမှ စဉ်းစားမနေဘဲ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်းကို ကောက်ယူလိုက်ပါတယ်။ အဲဒါပြီးမှပဲ သူက ခန္ဓာကိုယ် အပြင်အား သိုင်းပညာအကြောင်းကို စဉ်းစားပါတော့တယ်။
မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာ ...
သည်တစ်ကြိမ်မှာတော့ သူဟာ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတစ်ခုကို ရွေးယူဖို့ လာခဲ့တာပါ။ မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာ တစ်ခုကတောင်မှ အတော်လေး အစွမ်းထက်နေမှတော့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာဆိုရင် ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာကို လီဖူချန်း ကိုယ်တိုင်လည်း မခန့်မှန်းနိုင်ပါဘူး။ အဲသည်အတွက် သူဟာ သူနဲ့ သင့်တော်တဲ့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတစ်ခုကို သေသေချာချာ စီစစ်ပြီး ရွေးချယ်နိုင်မှ တော်ကာကျပါလိမ့်မယ်။
မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတွေရဲ့ တန်ဖိုးကတော့ အတော်လေးကို မြင့်ပါတယ်။ တန်ဖိုး အသက်သာဆုံးလို့ ပြောရမယ့် သိုင်းပညာ တစ်ခုရဲ့ ပထမပိုင်းကတောင်မှ ထောက်ပံ့ရေးဒင်္ဂါး ၃၀၀၀၀ ရှိနေတာပါ။
အချိန်အတန်ကြာ လေ့လာ ဆန်းစစ်ပြီးသွားတဲ့ နောက်မှာတော့ သူ့ရဲ့ ထောက်ပံ့ရေး ဒင်္ဂါးတွေဟာ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာ တစ်ခုကို လဲလှယ်ရယူဖို့ အတွက်သာ လုံလောက်မှန်း လီဖူချန်းတစ်ယောက် သိသွားခဲ့ပါပြီ။
ကိုးနဂါး လက်သည်း ...
တိမ်လေနဂါး ခန္ဓာကိုယ် ...
ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီး ...
ကောင်းကင်ဖြို လက်ဝါး ...
ကြယ်ကြွေခြေထောက် ...
မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတွေကတော့ ၅ခုပဲ ရှိတာပါ။ ဒါပေမဲ့လည်း သိုင်းပညာ တစ်ခုချင်းစီရဲ့ နာမည်တွေကို ဖတ်လိုက်တာနဲ့တင် ဘယ်လောက်အစွမ်း ထက်မလဲ ဆိုတာကို လီဖူချန်းအနေနဲ့ မှန်းဆ နေနိုင်ပါပြီ။
သိုင်းပညာ တစ်ခုချင်းစီရဲ့ အစွမ်းထက်မြက်ပုံ အကြောင်းကို ဖော်ပြထားပုံအရ ဆိုရင်တော့ သည်သိုင်းပညာတွေဟာ တကယ့်ကို ကြောက်စရာပါပဲ။
ကိုးနဂါး လက်သည်းကတော့ နာမည်က ညွှန်းဆိုထားတဲ့ အတိုင်း လက်သည်းသိုင်းတစ်ခု ဖြစ်ပါတယ်။ သည်သိုင်းပညာကို အဆုံးစွန်ဆုံးအထိ လေ့ကျင့်ပြီးသွားပြီ ဆိုရင်တော့ ကျင့်ကြံသူရဲ့ လက်တွေဟာ ဘယ်လိုမှ ဖျက်ဆီးလို့ မရတဲ့ နတ်ဘုရား လက်နက်တစ်ခုလို ဖြစ်သွားမှာပါ။
တိမ်လေနဂါး ခန္ဓာကိုယ်ကတော့ တိုက်စစ်ကော ခံစစ်ပါ တွဲအသုံးပြုလို့ရတဲ့ သိုင်းပညာရပ် ဖြစ်ပါတယ်။ သည်သိုင်းပညာကို လေ့ကျင့်ပြီးသွားတဲ့ သူကတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လက်နက်အဖြစ် အသုံးပြု သွားနိုင်မှာပါ။ အဲသည် ခန္ဓာကိုယ်ဟာလည်း လုံးဝ ပျော့ကွက်၊ ဟာကွက် ရှိမှာ မဟုတ်ပါဘူး။
ကပ်ဘေးကိုးပါး နတ်ဘုရား လက်သီးကတော့ ပြီးပြည့်စုံခြင်း မရှိတဲ့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ်တစ်ခု ဖြစ်ပါတယ်။ သည်သိုင်းပညာကတော့ အတော်လေး မပြည့်စုံဘူးလို့တောင် ဆိုရမှာပါ။ သိုင်းပညာရဲ့ နာမည်အရ ဆိုရင်တော့ ကပ်ဘေး၉ခု ရှိရမှာ ဖြစ်ပေမဲ့ သက်တံနီဂိုဏ်းကတော့ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးရဲ့ တတိယကပ်ဘေးကိုသာ ရှာဖွေစုဆောင်း နိုင်ခဲ့ပါတယ်။ အဲသည် တတိယကပ်ဘေးက တောင်မှ အပြည့်အစုံ မဟုတ်ဘဲ တစ်ပိုင်းတစ်စသာ ပါရှိတာပါ။ အဲသည်အတွက် သည်သိုင်းပညာရဲ့ အစကနဦးပိုင်း အဆင့်ကိုတောင် ရောက်ဖို့အတွက် မလွယ်ကူလှပါဘူး။ ကုန်လွန်သွားတဲ့ ရာစုနှစ်မှာဆိုရင် သည်သိုင်းပညာကို အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်တာက အလွန်ဆုံးပါပဲ။
" တတိယ ကပ်ဘေးတောင်မှ တစ်ပိုင်းတစ်စပဲ ရှိတာလား "
လီဖူချန်းက မျက်မှောင်ကြုတ် လိုက်မိပါတယ်။
တကယ်လို့ တစ်ပိုင်းတစ်စ ဖြစ်နေတာက ပထမကပ်ဘေး ဆိုရင်တောင်မှ လေ့ကျင့်ဖို့ လွယ်ပါဦးမယ်။ အခုတော့ စတာနဲ့ တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ တတိယကပ်ဘေးကို ခုန်ကျော်ပြီး လေ့ကျင့်ဖို့ဆိုတာက တကယ့်ကို မလွယ်ရေးချ မလွယ်ပါပဲ။
" သည်လို ဖြစ်နေတာတောင်မှ သည်သိုင်းပညာရဲ့ တန်ဖိုးက မြင့်နေတုန်းပဲလား "
သိုင်းပညာရဲ့ တန်ဖိုးက လီဖူချန်းကို ရွေးချယ်ရ တွေဝေစေခဲ့ပါပြီ။
ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးရဲ့ ပထမပိုင်းက ထောက်ပံ့ရေးရမှတ် ၅၀၀၀၀ ရှိပြီး ဒုတိယပိုင်းကတော့ ထောက်ပံ့ရေးရမှတ် ၁၅၀၀၀၀ ရှိနေပါတယ်။ အဲသည်တန်ဖိုးက တခြား ခန္ဓာကိုယ်အပြင်အား သိုင်းပညာတွေထက်ကို သိသိသာသာကြီး မြင့်နေတာပါ။
လေ့ကျင့်ရ ခက်တဲ့အပြင် တန်ဖိုးပါ ကြီးလွန်းတဲ့ သည်သိုင်းပညာကို ဘယ်သူမှ ရွေးကျမှာ မဟုတ်ပါဘူး။
"အညွှန်း မာတိကာမှာ ဖော်ပြထားတာကတော့ တကယ့်ကို တုန်လှုပ် ချောက်ချားစရာပဲ။ အဲဒါက တကယ်ကော ဟုတ်ပါ့မလား "
ဒါပေမဲ့လည်း လီဖူချန်းကတော့ သည်သိုင်းပညာကို ဘာကြောင့်မှန်း မသိဘဲ စိတ်ဝင်စားမိ နေပါတယ်။
"ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီး။ သည်လက်သီးချက်ကို ထိမိတဲ့ သူတိုင်းက သေချာပေါက် သေရမယ်။ ဒါက ရန်သူတွေအတွက် တကယ့် ကပ်ဘေးတစ်ခုပဲ"
အဲဒါကတော့ ကပ်ဘေးကိုးပါး နတ်ဘုရား လက်သီးသိုင်းရဲ့ အညွှန်းမာတိကာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
***