အရှေ့ယူနီကွန်းတိုက်ရဲ့ ပြောင်းလဲမှု
Vol. 37 Ch. 493
ကျန်နေသေးတဲ့ ကောင်းကင်ဖြိုလက်ဝါး နဲ့ ကြယ်ကြွေခြေထောက်တို့ ကလည်း အစွမ်းထက်တာပါပဲ။
ကောင်းကင်ဖြို လက်ဝါးကတော့ သိုင်းကွက် ပြင်းထန်မှုထက် သိုင်းကွက် အလှည့်အပြောင်းကို ဦးစားပေးတာ ဖြစ်ပါတယ်။ ကောင်းကင်ဖြိုလက်ဝါး တစ်ချက်က ရန်သူက ထွက်ပြေးခွင့် မသာအောင် ပိတ်ဆို့ထားနိုင်ပါတယ်။
ကြယ်ကြွေခြေထောက်ကတော့ တိုက်ခိုက်မှု အပိုင်းကိုသာ ဦးစားပေးတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ်ဖြစ်ပြီး ကိုးနဂါးလက်သည်း ထက်တောင်မှ ပိုပြီး တိုက်ခိုက်မှုကို အားသန်တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ပညာရပ် နက်နဲမှု အပိုင်းမှာတော့ ကိုးနဂါးလက်သည်းကို မယှဉ်နိုင်ပါဘူး။
"ငါ ... ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးကိုပဲ ရွေးတော့မယ်"
လီဖူချန်းက ကပ်ဘေးကိုးပါး နတ်ဘုရားကို မြင်ပြီးကတည်းက သူ့ရဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီးပါပြီ။
သည်ကပ်ဘေးကိုးပါး နတ်ဘုရား လက်သီးသိုင်းဟာ သေချာပေါက် ကောင်းကင်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာပဲ ဖြစ်ရပါမယ်။ ပြီးတော့ အဲဒါက အနည်းဆုံး ကောင်းကင် အလယ်အလတ် အဆင့်ပါပဲ။
တတိယကပ်ဘေးရဲ့ တစ်ပိုင်းတစ်စက တောင်မှ မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာအဆင့်နဲ့ ညီမျှနေမှတော့ ဒါကို ယုံမှားသံသယ ဝင်နေစရာ အကြောင်းမရှိပါဘူး။
တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ တတိယကပ်ဘေး အပြည့်အစုံဟာ ကောင်းကင်အဆင့်နိမ့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတောင် ဖြစ်လောက်ပါတယ်။
လီဖူချန်းက သည်လို အစွမ်းထက်တဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာကို မရွေးယူဘဲ တခြား သိုင်းပညာတစ်ခုကို ရွေးယူရလောက်အောင်တော့ မရူးမိုက်သေးပါဘူး။
ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးက ဘယ်လောက်ပဲ လေ့ကျင့်ရ ခက်ခဲနေပါစေလေ။ လီဖူချန်းကတော့ အဲသည်အချက်ကို မျက်ကွယ် ပြုထားမှာပါပဲ။
သူ့ရဲ့ လက်ရှိ ထိုးထွင်းသိမြင်မှုက ကောင်းကင်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရပ်တစ်ခုကို နားလည်သဘောပေါက်ဖို့ အတွက် စိန်ခေါ်နိုင်မှာပါ။
သူက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်မယ်လို့တော့ ယတိပြတ် မပြောရဲပါဘူး။ ဒါပေမဲ့လည်း သူက သည်သိုင်းပညာကို လေ့ကျင့်နိုင်မယ်လို့တော့ ယုံကြည်မှု အပြည့်ရှိပါတယ်။
သူ့ရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်က မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးနဲ့ သိပ်မကွာလှပါဘူး။ သူက မူလပင်လယ်နယ်ပယ် ဘုရင်တွေလို အစစ်အမှန် စိတ်ဝိညာဉ်ကို မပိုင်ဆိုင်သေးတာနဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေတာပဲ ရှိတာပါ။
လီဖူချန်းက သူ့အနေနဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားပြီး သူ့ရဲ့ စိတ်ဝိညာဉ်ကို အစစ်အမှန် စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်ပြီ ဆိုရင်တော့ သူဟာ ထိုးထွင်းသိမြင်မှု အရာမှာ မူလပင်လယ် နယ်ပယ် ဘုရင်တွေကိုတောင်မှ ကျော်လွန်သွားနိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။
"စိတ်မကောင်းစရာ ပဲကွာ။ ငါက ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးကို ရွေးလိုက်တော့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ကို ရွေးလို့ မရတော့ဘူး "
လီဖူချန်းက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်မိပါပြီ။
ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီး တစ်ခုလုံးက ထောက်ပံ့ရေးရမှတ် ၂၀၀၀၀၀ ကျသင့်ပါတယ်။ ဒါပေမဲ့ လီဖူချန်းဆီမှာက စုစုပေါင်းမှ ထောက်ပံ့ရေးဒင်္ဂါး ၁၈၁၉၀၀ သာ ရှိတာပါ။ အစောပိုင်းတုန်းက သူယူထားတဲ့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်းကလည်း ထောက်ပံ့ရေးရမှတ် ၂၄၀၀၀ ကျသင့်တဲ့အတွက် သူဟာ နောက်ထပ် ထောက်ပံ့ရေးဒင်္ဂါး ၄၂၁၀၀ တိတိ လိုအပ်နေပါတယ်။ သူက မိစ္ဆာစက်ကွင်းတိုက်ကို လွှမ်းမိုးနိုင်ပြီ ဆိုပေမဲ့လည်း ကမ္ဘာဦးမိစ္ဆာသစ်ပင် ကိုတော့ ပြတ်ပြတ်သားသား အနိုင်မယူ နိုင်သေးပါဘူး။ သူက ကမ္ဘာဦးသစ်ပင်ရဲ့ အစွန်အဖျားမှာ သီးနေတဲ့ သစ်သီးတွေကိုသာ ခူးယူနိုင်စွမ်းရှိတာပါ။ ပြီးတော့ သူက သူခူးနိုင်စွမ်းရှိတဲ့ ကမ္ဘာဦးမိစ္ဆာသစ်သီး မှန်သမျှကိုလည်း ခူးယူပြီးသွားပါပြီ။ အဲသည်အတွက် သူ့အနေနဲ့ မိစ္ဆာစက်ကွင်းတိုက်ကို ပြန်သွားရင်လည်း ဘာမှထူးမှာ မဟုတ်ပါဘူး။
"ဟူး ... ဘာတတ်နိုင်မှာလဲ။ ကပ်ဘေးကိုးပါး လက်သီးရဲ့ ဒုတိယပိုင်းကိုတော့ နောက်မှပဲ လာယူတော့မယ် "
နောက်ဆုံးမှာတော့ လီဖူချန်းဟာ သက်ပြင်းချပြီး လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ ဒုတိယထပ်ကနေ ထွက်ခွာသွားခဲ့ပါပြီ။
"မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်းနဲ့ ကပ်ဘေးကိုးပါး နတ်ဘုရား လက်သီးသိုင်း ဟုတ်လား '
လျှို့ဝှက်ကျမ်းစာဆောင် အကြီးအကဲက လီဖူချန်းကို မယုံနိုင်သလိုနဲ့ ကြည့်လိုက်ပါတယ်။
ပထမ တစ်ခုကို ရွေးယူလိုက်တာနဲ့ ပတ်သက်လို့ကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်း ရွေးယူထားတဲ့ ဒုတိယတစ်ခုကတော့ ပြဿနာ ရှိပါတယ်။ အဲဒါက သက်တံနီဂိုဏ်းမှာ ရှိတဲ့ အခက်ခဲဆုံး သိုင်းကျမ်းတစ်ခု မဟုတ်ပါလား။ အဲဒါက ကောင်းကင်အဆင့် သိုင်းကျမ်းတွေထက် မဆိုစလောက်လေးသာ အဆင့်နိမ့်ကျတာပါ။
"မင်းက သည်သိုင်းကျမ်းတွေကို ယူမှာ သေချာပြီလား "
လျှို့ဝှက်ကျမ်းစာဆောင် အကြီးအကဲက လီဖူချန်းကို သေသေချာချာ စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
" သေချာပါတယ် ... အကြီးအကဲ"
လီဖူချန်းရဲ့ အဖြေကလည်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူက သေချာ ဆုံးဖြတ်ပြီးထားမှန်း သိသာလွန်းလှပါတယ်။
"ဟုတ်ပြီလေ ... မင်းသည် ရွေးချယ်မှုအတွက် နောင်တ မရပါစေနဲ့လို့ ငါဆုတောင်း ပေးလိုက်ပါတယ်"
လျှို့ဝှက်ကျမ်းစာဆောင် အကြီးအကဲကလည်း လီဖူချန်းကို မတားမြစ်တော့ပါဘူး။
တစ်ခါတစ်ရံမှာ နံရံကို ခေါင်းနဲ့ ဆောင့်ခိုင်းလိုက်ခြင်းက နံရံကို ခေါင်းနဲ့ဆောင့်ခြင်းရဲ့ အပြစ်တွေကို ပြောပြီး တားမြစ်နေတာထက် ပိုထိရောက်တာ မဟုတ်ပါလား။
လီဖူချန်း အနေနဲ့ နံရံကို ခေါင်းနဲ့ ထိမိတဲ့အခါ ကျရင်တော့ နောက်သည်လို မလုပ်ဖို့ သတိပြုမိ သွားပါလိမ့်မယ်။
သိုင်းကျမ်းတွေရဲ့ မိတ္တူမူပွားကို ရယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူနေထိုင်ရာ မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကို ဦးတည်ပျံသန်း သွားခဲ့ပါပြီ။
နောက်ထပ် လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုကို မရောက်မချင်း သူဟာ မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကနေ ဆင်းလာတော့မှာ မဟုတ်ပါဘူး။ သူက တံခါးပိတ် ကျင့်ကြံတော့မှာ ဖြစ်ပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဘုရင်အဆင့်အတန်း အပြင်စည်း တပည့်တွေဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် တိုက်ပွဲဝိညာဉ် နယ်ပယ်ကို မရောက်မချင်း တံခါးပိတ် ကျင့်ကြံနေလေ့ ရှိတာပါ။ သူတို့ဟာ အဲသည်အဆင့် မတိုင်မီမှာလည်း အပြင်ကို ထွက်ပြီး စွန့်စားခန်း ခရီးတွေ ထွက်လေ့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းတော်က ပေးထားတဲ့ အထောက်အပံ့ အရင်းအမြစ်တွေဟာ သူတို့အတွက် ကောင်းကောင်းကြီး လုံလောက်နေလို့ပါပဲ။
လီဖူချန်း တစ်ယောက်သာ သူများနဲ့ မတူဘဲ တစ်မူ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ အတွက် စွန့်စားခန်း ခရီးတွေ ထွက်ပြီး ထောက်ပံ့ရေးရမှတ်တွေ ရှာနေရတာပါ။ သူ့အတွက်ကတော့ ဂိုဏ်းတော်က ပေးတဲ့ အထောက်အပံ့ ရင်းမြစ်တွေဟာ လုံးဝ မလုံလောက်ပါဘူး။
မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကို ပြန်အရောက်မှာတော့ လီဖူချန်းဟာ တံခါးပိတ် မကျင့်ကြံခင်မှာ အရှေ့ ယူနီကွန်းတိုက်ကို တစ်ခေါက် ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူက အရှေ့ ယူနီကွန်းတိုက်ကို မပြန်တာ အတော်လေး ကြာနေပါပြီ။ သည်တစ်ခေါက် တံခါးပိတ် ကျင့်ကြံမှုကလည်း အချိန် အတိုင်းအတာ တစ်ခုအထိ ကြာကောင်း ကြာသွားလောက်မှာပါ။ ပြီးတော့ သူက သူ့မိဘတွေရဲ့ အခြေအနေကိုလည်း သိချင်ပါသေးတယ်။ သူက အရှေ့ ယူနီကွန်းတိုက်ကိုတော့ သည်အတိုင်း လက်လွတ်စပယ် မထားထားနိုင်ပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ဖြည့်ပြီး အသက်သွင်းလိုက်ကာ မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။
***
- အရှေ့ယူနီကွန်းတိုက် -
" မဟာမိတ်အဖွဲ့ခေါင်းဆောင် ... ပြန်လာပြီပေါ့ "
မူဟန်ရှင်းက လီဖူချန်းကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်။ သူက လီဖူချန်း ပြန်လာမယ့်အချိန်ကို အမြဲ စောင့်မျှော်နေပုံပါပဲ။
လီဖူချန်းက ဘာမှ ပြန်မပြောသေးဘဲ သူ့ရဲ့ အသိစိတ်အာရုံနဲ့ ဖုန်းရွှယ်ဂိုဏ်းမှာ ရှိနေတဲ့ လီကလန်သားတွေကို အရင် စစ်ဆေးလိုက်ပါတယ်။ လီကလန်သားတွေ ဘေးမသီ ရန်မခ ရှိနေတာကို မြင်မှ သူက မူဟန်ရှင်းကို မေးလိုက်ပါတယ်။
"အကြီးအကဲမူ ... အရှေ့ ယူနီကွန်းတိုက်မှာ အခြေအနေ တည်ငြိမ်ရဲ့လား "
မူဟန်ရှင်းက ခေါင်းညိတ်လိုက်ပြီး
"မဟာမိတ် အဖွဲ့ခေါင်းဆောင် ... အရှေ့ ယူနီကွန်းတိုက်မှာ ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့တယ်"
" အိုး ... ဟုတ်လား။ ဘယ်လို ကြီးကျယ်တဲ့ ဖြစ်ရပ်မျိုးလဲ "
မူဟန်ရှင်းရဲ့ အဖြေကြောင့် လီဖူချန်းဟာ အနည်းငယ် စိတ်ဝင်စားသွား မိပါပြီ။
မူဟန်ရှင်းက ပြန်ဖြေလိုက်ပါတယ်။
"တိုက်ပွဲတစ်ရာ နယ်မြေဒေသထဲက မြူခိုးမြေမှာ ရှိတဲ့ မြူခိုးတွေဟာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့တယ်။ အကြောင်းအရင်းကိုတော့ ဘယ်သူမှလည်း မပြောနိုင်ဘူး။ မြူခိုးတွေ ကွယ်ပျောက်သွားပြီးတဲ့ နောက်မှာတော့ အဲသည်နယ်မြေထဲမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေဟာ အကုန် ပေါ်လာတော့တာပဲ။ အဲသည်အထဲမှာဆိုရင် တည်နေရာရွှေ့ပြောင်း စင်မြင့်တစ်ခုလည်း ပါသေးတယ်။ အရှေ့ယူနီကွန်းတိုက်က လူတော်တော်များများကလည်း တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံးပြုပြီး တိုက်ကနေ ထွက်သွားကြကုန်ပြီ။ ကျုပ်တောင်မှ မဟာမိတ် အဖွဲ့ခေါင်းဆောင် ပြန်လာတာကို စောင့်နေလို့သာပေါ့။ မဟုတ်ရင် ကျုပ်လည်း သည်တိုက်ကနေ ထွက်သွားတော့မှာ "
သည်တည်နေရာ ရွှေ့ပြောင်းစင်မြင့် ထွက်ပေါ်လာမှုက မူဟန်ရှင်းကိုလည်း ဆွဲဆောင်နေတာပါပဲ။
မူဟန်ရှင်းက ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်မှာ ပိတ်မိနေတာ အတော်ကြာပါပြီ။ တကယ်လို့ သူသာ တည်နေရာရွှေ့ပြောင်း စင်မြင့် အားကိုးနဲ့ တခြားတိုက်တစ်ခုကို ထွက်သွားခဲ့မယ် ဆိုရင်တော့ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက် အချိန် သိပ်လိုမှာ မဟုတ်ပါဘူး။ သူက အချိန်တို အတွင်းမှာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက် ယုံကြည်မှုလည်း ရှိပါတယ်။ ဒါပေမဲ့လည်း သူက လီဖူချန်းကို တွေ့ချင်သေးတဲ့ အတွက် အရှေ့ ယူနီကွန်းတိုက်ကနေ ထွက်မသွားသေးဘဲ နေနေခဲ့တာပါ။
" တခြားတိုက်တစ်ခုကို ခုန်ကူးလို့ရတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်လား "
လီဖူချန်းက မျက်လုံးအစုံကို မှေးပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
သူက အရှေ့ယူနီကွန်းတိုက်မှာလည်း တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ရှိမယ်ဆိုတာကို မျှော်လင့်ပြီးသားပါပဲ။
တိုက်ကြီးတစ်ခုနဲ့ တစ်ခုကြားမှာ ပင်လယ်တွေ ခြားနားထားပေမဲ့လည်း မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ သည်တိုက်ကို အရောက်လာပြီး တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေ ချထားနိုင်ပါတယ်။ ပြီးတော့ အရှေ့ယူနီကွန်းတိုက်မှာ ဆိုရင်လည်း ဟိုးယခင် ရှေးခေတ်တွေတုန်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေ ရှိတာပဲ မဟုတ်ပါလား။ မဟူရာ ကောင်းကင်ဂိုဏ်းတောင်မှ တစ်ချိန် တစ်ခါတုန်းက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးပါသေးတယ်။ အရှေ့ယူနီကွန်းတိုက်မှာ မူလပင်လယ်နယ်ပယ် ဘုရင်တွေတောင် ရှိခဲ့မှတော့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေလည်း ရှိခဲ့မှာပါပဲ။ ဒါတွေက အဆန်း မဟုတ်ပါဘူး။
" ရော့ ... ဒါက ကျုပ် ခင်ဗျားကို ကတိပေးထားတဲ့ မြေကမ္ဘာအဆင့် ချီအတွင်းအား ကျင့်စဉ်ပဲ"
လီဖူချန်းက သိုလှောင်အိတ်ထဲကနေ ကျမ်းစာအုပ် တစ်အုပ် ထုတ်ယူလိုက်ပြီး မူဟန်ရှင်းကို ကမ်းပေးလိုက်ပါတယ်။
အဲသည် ကျင့်စဉ်ကတော့ သူ အန်ရှင်းမိန်ကို အကူအညီတောင်းပြီး ဝယ်ခိုင်းထားတဲ့ထဲက တစ်ခုပါပဲ။
"ကျေးဇူးတင်ပါတယ် ... မဟာမိတ် အဖွဲ့ခေါင်းဆောင် "
မူဟန်ရှင်းကို လီဖူချန်းကို လက်နှစ်ဖက်ဆုပ်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
သူက တခြားတိုက်ကြီးတွေကို ထွက်သွားလို့ရတယ် ဆိုပေမဲ့လည်း အဲသည်တိုက်ကြီးတွေမှာ ဘာဖြစ်မလဲ ဆိုတာကို ကြိုမသိနိုင်ပါဘူး။ လီဖူချန်း ပေးတဲ့ သည်မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ်နဲ့ ဆိုရင်တော့ သူဟာ အရှေ့ယူနီကွန်းတိုက်ကနေ မထွက်ခွာခင်မှာပဲ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားနိုင်လောက်ပါတယ်။ တခြား တိုက်ကြီးတစ်ခုကို တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်အဖြစ်နဲ့ သွားတာက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် အဖြစ်နဲ့ သွားတာထက် စာရင်တော့ ပိုစိတ်ချ လုံခြုံမှုရှိမှာ အသေအချာပါပဲ။
" ကျုပ်ကို ကျေးဇူးတင်ဖို့ အဲလောက် မလိုပါဘူး။ ဒါက အကြီးအကဲနဲ့ ထိုက်တန်လို့ ရတာပါ "
အရင်တုန်းကတော့ လီဖူချန်းဟာ အရှေ့ယူနီကွန်းတိုက်ကနေ ရသမျှ ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ် ပစ္စည်းတွေကို သဲ့ယူဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့လည်း အခုတော့ သူဟာ အရှေ့ယူနီကွန်းတိုက် ကနေပြီး ဘာမှ မလိုတော့ပါဘူး။
အရင်းအမြစ်ချင်း ယှဉ်မယ်ဆိုရင်တော့ အရှေ့ယူနီကွန်းတိုက်ဟာ သက်တံနီဂိုဏ်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။
သက်တံနီဂိုဏ်းက များပြားလှတဲ့ တိုက်ကြီးတွေကို ချိတ်ဆက်ထားပြီး အဲသည်တိုက်ကြီးတွေမှာ ရှိနေတဲ့ အရင်းအမြစ်တိုင်းဟာ အရှေ့ယူနီကွန်းတိုက်ထက် သာလွန်ပါတယ်။
အဲသည်အတွက် သက်တံနီဂိုဏ်းရဲ့ ဘုရင် အဆင့်အတန်း တပည့်တစ်ယောက် ဖြစ်သွားတဲ့ လီဖူချန်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ အရင်းအမြစ်တွေကို မျက်စောင်းကို မထိုးတော့ပါဘူး။
ဒါကြောင့်လည်းသူက မူဟန်ရှင်းကို မြေကမ္ဘာအဆင့် ကျင့်စဉ် ပေးလိုက်တာ ဖြစ်ပါတယ်။
***
မိုးပြာရောင်ဂိုဏ်း ...
မိုးပြာရောင်ဂိုဏ်းကတော့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အရိပ်အာဝါသ အောက်ကနေ ထွက်သွားပြီး အသစ်ပြန်လည် တည်ထောင် ထားခဲ့ပါပြီ။
လီဖူချန်းရဲ့ အရှိန်အဝါကြောင့် ဂိုဏ်းအသီးသီးက အကူအညီ ဝိုင်းပေးကြတဲ့အတွက် မိုးပြာရောင်ဂိုဏ်းဟာ အချိန်တိုအတွင်းမှာပဲ ပြန်ပြီးတော့ အားကောင်းလာခဲ့ပါတယ်။ အဲဒါကတော့ ပျက်စီးသွားတဲ့ ဂိုဏ်းတွေက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် အများအပြား မိုးပြာရောင်ဂိုဏ်းထဲကို ဝင်လာတာနဲ့ တိုက်ရိုက် သက်ဆိုင်နေပါလိမ့်မယ်။ အခုအချိန်မှာတော့ မိုးပြာရောင်ဂိုဏ်းမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ပေါင်း ၂၀ကျော် ရှိနေခဲ့ပါပြီ။
လီဖူချန်းက မိုးပြာရောင်ဂိုဏ်းကို သံယောဇဉ် ရှိတဲ့အတွက် မြေကမ္ဘာအဆင့်နိမ့် ကျင့်စဉ် နှစ်ခုနဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာ တော်တော်များများကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ သူ့ရဲ့ လက်ဆောင်တွေနဲ့ ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် အလားအလာဟာ ထိပ်တန်းဂိုဏ်းကြီးတွေနဲ့ ကွာခြားတော့မှာ မဟုတ်ပါဘူး။
ပြီးတော့ လီဖူချန်းက သူ့မှာ ရှိနေတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်နဲ့ ဇောင်မင်းယွီကို ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံက နေပြီး ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်အောင် ကူညီခဲ့ပါသေးတယ်။
ကြယ်၅ပွင့် သန့်စင်သောယင် အရိုးတည်ဆောက်ပုံက ကြယ်၆ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင် ယှဉ်နိုင်ပါတယ်။ တကယ်လို့ လီဖူချန်းသာ ကောင်းကင်အဆင့် ဆေးပင်တစ်ပင်ကို ရှာတွေ့ခဲ့ပြီး ဇောင်မင်းယွီရဲ့ အရိုးတည်ဆောက်ပုံကို နောက်ထပ်တစ်ဆင့် မြှင့်ပေးနိုင်မယ် ဆိုရင်တော့ သူမရဲ့ အနာဂတ် အလားအလာဟာ သာမန် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့တောင် ကွာတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ကောင်းကင်အဆင့် ဆေးပင်တွေက ရှာတွေ့ဖို့အတွက် ခက်ခဲလွန်းလှပါတယ်။ အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်တဲ့ ကောင်းကင်အဆင့် ဆေးပင်ကို ဆိုရင်တော့ ပြောမနေပါနဲ့တော့။
နောက်ဆုံးမှာတော့ လီဖူချန်းဟာ လီကလန်ကိုပြန်ပြီး သူ့မိဘတွေနဲ့ ပြန်လည် တွေ့ဆုံပါတော့တယ်။
လီကလန်ကတော့ ကလန်ငယ်လေးတစ်ခု ဖြစ်နေဦးမှာပဲ။ လီဖူချန်း ရှိနေရင်တောင်မှ လီကလန်ဟာ ချက်ချင်းကြီး ထိပ်တန်းကလန်တစ်ခု ဖြစ်လာဦးမှာ မဟုတ်ပါဘူူး။
ထိပ်တန်းကလန်တစ်ခု ဖြစ်ဖို့အတွက် ဆိုရင်တော့ လီကလန် အနေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်အုပ်လောက်ကို မွေးထုတ်ရပါဦးမယ်။
အဲသည်အတွက် လီကလန်ဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ အရိပ်အာဝါသအောက်မှာ နေတာ အကောင်းဆုံးပါပဲ။
အခုချိန်မှာတော့ ဖုန်းရွှယ်ဂိုဏ်းက အရှေ့ယူနီကွန်းတိုက်ရဲ့ နံပါတ်၁ ဂိုဏ်းကြီး ဖြစ်နေပြီ ဖြစ်တဲ့အတွက် ဖုန်းရွှယ်ဂိုဏ်းထက်ပိုပြီး လုံခြုံစိတ်ချရမယ့် နေရာ ရှိမှာ မဟုတ်ပါဘူး။
လီဖူချန်းက သူ့မိဘနှစ်ပါး အတွက်လည်း များပြားလှတဲ့ အရင်းအမြစ်တွေ ယူလာခဲ့ပါတယ်။
အရင်ကတည်းက လီရှန်းဟန်နဲ့ ရှန်းယုရန်တို့ဟာ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်နေခဲ့ကြပါပြီ။
အဲသည်အတွက် သည်တစ်ခေါက်မှာတော့ လီဖူချန်းက သူ့မိဘနှစ်ပါးကို ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်အောင် လုပ်ပေးဖို့ လာခဲ့တာပါ။
လီဖူချန်းအတွက်တော့ အရိုးတည်ဆောက်ပုံကို ကြယ်၃ပွင့်ကနေ ကြယ်၄ပွင့် ဒါမှမဟုတ် ကြယ်၄ပွင့်ကနေ ကြယ်၅ပွင့်ကို မြှင့်တင်ပေးတာက ဘာမှ မခက်ခဲတော့ပါဘူး။
ဘုရင်အဆင့်အတန်း တပည့်တစ်ယောက်ဖြစ်တဲ့ လီဖူချန်းဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ အခွင့်ထူးခံ လူတန်းစား ဖြစ်တဲ့အတွက် အရိုးတည်ဆောက်ပုံ မြှင့်တင်ရာမှာ လိုအပ်တဲ့ ဆေးပင်တွေ နဲ့ ဆေးရည်တွေကို အလွယ်တကူ ဝယ်ယူရရှိ နိုင်ပါတယ်။
လီကလန်ကို လီဖူချန်း ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဖခင်ဖြစ်သူ လီရှန်းဟန်တစ်ယောက် ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံကနေ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကို ရောက်ရှိသွားပါတော့တယ်။ သူ့ရဲ့ အရိုးတည်ဆောက်ပုံကလည်း လီဖူချန်းလို မီးလျှံ အရိုးတည်ဆောက်ပုံပါပဲ။
သူ့ရဲ့ မိခင်ဖြစ်သူ ရှန်းယုရန်ကလည်း ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံကနေ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကို ရောက်သွားခဲ့ပါပြီ။ သူမကတော့ ရေစေး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ခဲ့ပါတယ်။
နဂိုမူလကတည်းက သူတို့နှစ်ယောက်ဟာ မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်မှာ ရောက်ရှိနေခဲ့တာပါ။ အခုတော့ အရိုးတည်ဆောက်ပုံ အဆင်မြှင့်တက်လာမှု နဲ့အတူ သူတို့နှစ်ယောက်ဟာ ကောင်းကင်နယ်ပယ်ကို အလျင်အမြန်ပဲ ချိုးဖောက်ဝင်ရောက် သွားနိုင်ကြပါတယ်။ သူတို့ရဲ့ နှလုံးသားထဲမှာလည်း သိုင်းတာအိုကို လျှောက်လှမ်းချင်တဲ့ ဆန္ဒမျိုးစေ့လေးဟာ ပေါက်ဖွားလာခဲ့ပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ သူတို့နှစ်ယောက်ဟာ အခုမှ အသက်၅၀နီးပါးသာ ရှိနေသေးတာ မဟုတ်ပါလား။ သူတို့အတွက် ကျင့်ကြံဖို့ အချိန်တွေဟာ အများကြီး ရှိနေသေးပါတယ်။
အဲသည်ထက် ပိုအရေးကြီးတာက သူတို့ဟာ သူတို့ကို အစစ၊ အရာရာ ထောက်ပံ့ပေးနေတဲ့ သားဖြစ်သူကို စိတ်မပျက် စေချင်တာပါပဲ။
***
တစ်နေ့မှာတော့ လီဖူချန်းဟာ ဖုန်းရွှယ်ဂိုဏ်းထဲကနေ ထွက်လာပြီး တိုက်ပွဲတစ်ရာ နယ်မြေဘက်ကို ပျံသန်းထွက်ခွာ လာခဲ့ပါတယ်။
" မူဟန်ရှင်း ပြောတာက သည်ဟာပေါ့လေ "
တိုက်ပွဲတစ်ရာ နယ်မြေရဲ့ တောင်ကြားချိုင့်ဝှမ်း ဒေသလေးတစ်ခုကို အရောက်မှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်ကို တွေ့လိုက်ရပါပြီ။
တည်နေရာ ရွှေ့ပြောင်းစင်မြင့်ရဲ့ ဘေးနားမှာတော့ လီဖူချန်းက သူနဲ့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲသည်မျက်နှာကတော့ ရှီဟွာဘုရင်မရဲ့ မျက်နှာပါပဲ။
ရှီဟွာဘုရင်မကတော့ လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်နှာပျက်သွားပြီး ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ကာ တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသက်သွင်းဖို့ ကြိုးစားပါတယ်။ သူမက လီဖူချန်းကို ကြောက်ရွံ့နေတယ်ဆိုတာ အသိသာကြီးပါပဲ။
လီဖူချန်းက တစ်ချက်ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်
" စိတ်မပူပါနဲ့ ... ရှီဟွာဘုရင်မ။ ကျုပ်က ခင်ဗျားကို မတိုက်ခိုက်ပါဘူး "
လူအသွင် ပြောင်းလဲထားတဲ့ ရှီဟွာဘုရင်မရဲ့ မျက်နှာလေးဟာ အတော်လေး ဆွဲဆောင်မှုရှိတယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ မငြင်းလိုပါဘူး။ သူ့အနေနဲ့ အရှေ့ယူနီကွန်းတိုက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ သည်အလှဘုရင်မလေးကို သတ်ဖြတ်လိုက်မယ် ဆိုရင်တော့ ရက်စက်ရာ ကျသွားပါလိမ့်မယ်။
ရှီဟွာဘုရင်မ ကတော့ သူမရဲ့ လုပ်ဆောင်မှုတွေကို တုံ့ဆိုင်းသွားခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း သူမက လီဖူချန်းကို ပြန်တုံ့ပြန်ခဲ့ပါတယ်။
" ကျေးဇူး "
စကားအဆုံးမှာတော့ အလင်းရောင်တစ်ချက် တောက်ပလာခဲ့ပြီး ရှီဟွာဘုရင်မ တစ်ယောက် တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။
" သည်တည်နေရာရွှေ့ပြောင်း စင်မြင့်က ဘယ်တိုက်ကြီးကို ပို့ဆောင်ပေးတာပါလိမ့် "
လီဖူချန်းက သိချင်စိတ် အတော်လေး ပြင်းပြနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက လက်တွေ့တော့ မစမ်းသပ်ခဲ့ပါဘူး။
သူက တခြားတိုက်တစ်ခုကို ရောက်သွားခဲ့ပြီး သူ့ရဲ့ တည်နေရာ ရွှေ့ပြောင်းဘုတ်ပြားက သူ့ကို ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို မပို့ပေးနိုင်ခဲ့ရင်ဖြင့် သူ့ရဲ့ဘဝဟာ အတော်လေး အခြေအနေ ဆိုးသွားပါလိမ့်မယ်။
နောက်တစ်နေ့ကို အရောက်မှာတော့ လီဖူချန်းဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ပြန်လာခဲ့ပါတော့တယ်။
***