သေမျိုးကပ်ဘေး
Vol. 37 Ch. 494
ကို တူတွေအဖြစ် သတ်မှတ်မယ် ဆိုပါစို့။ အဲသည်လိုဆိုရင်တော့ ချီသိုင်းပညာတွေကို ဓားတွေအဖြစ် သတ်မှတ်ရပါမယ်။
တူတွေက ထုရိုက်မှု အပိုင်းမှာ ဓားတွေထက် ပိုအသုံးဝင်ပေမဲ့ ထက်ရှမှု အပိုင်းမှာတော့ ဓားတွေကို မယှဉ်နိုင်ပါဘူး။
ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ တူတွေကို အသုံးပြုနိုင်ဖို့ အတွက် အားအင်လိုအပ်ပြီး ဓားတွေကို အသုံးပြုဖို့အတွက် ကျွမ်းကျင်မှု လိုအပ်ပါတယ်။
လီဖူချန်းက ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးကို လေ့ကျင့်ဖို့ အတွက်ကိုတော့ မလောသေးပါဘူး။ သူ့ရဲ့ လက်ရှိအစွမ်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ပြိုင်ဘက်ကင်းလို့တောင် ပြောလို့ ရနေပြီ မဟုတ်ပါလား။ အဲသည်အတွက် သူက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို အရင်ဦးစားပေး လေ့ကျင့်ဖို့ စဉ်းစားထားပါတယ်။
"တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်း ... တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း။ သိုင်းကွက်တစ်ကွက်က နောက်တစ်ကွက်ထက် ပိုပြီး နက်နဲလာတယ်။ တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်းနဲ့ တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်းမှာဆိုရင် ဓားစွမ်းအား တက်လာတာပဲ ရှိတာ။ ဘာဖြစ်လို့ တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းမှာတော့ ရှုပ်ယှက်ခတ်နေတဲ့ ပေါင်းစည်းမှုတွေ ရှိနေရတာလဲ "
ဘယ်ဓားသိုင်းမှာပဲဖြစ်ဖြစ် နောက်ဆုံးဓားကွက်ဟာ အနက်နဲဆုံးနဲ့ အစွမ်းအထက်ဆုံး ဖြစ်နေတတ်တာကတော့ ဓမ္မတာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးဓားကွက် ထဲမှာက အမြဲလိုလို အားအကောင်းဆုံး ဓားဆန္ဒ ခိုဝင်ကိန်းအောင်း နေလေ့ရှိတာ မဟုတ်ပါလား။
လီဖူချန်းက တတိယမြောက် ဓားကွက်ဖြစ်တဲ့ တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်းကို နေ့တစ်ဝက်တည်းနဲ့ပဲ ဆရာတစ်ဆူ ဖြစ်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တတိယမြောက် ဓားကွက်ဖြစ်တဲ့ တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်းဆိုတာက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရည်ညွှန်းတာ မဟုတ်ပါလား။ လီဖူချန်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို အစောကြီးကတည်းက ရောက်နှင့်ပြီးသား ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်လည်း သူက တတိယ ဓားကွက်ဖြစ်တဲ့ တိမ်တိုက်တစ်ရာ လောင်ကျွမ်းခြင်းကို သိပ်အချိန်ယူစရာ မလိုခဲ့တာပါ။
အခုဆိုရင် လီဖူချန်းအတွက် လေ့ကျင့်စရာဆိုလို့ နောက်ဆုံးဓားကွက်ဖြစ်တဲ့ တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းပဲ ကျန်ပါတော့တယ်။ လီဖူချန်းအတွက်ကတော့ သည်ဓားကွက်ကို လေ့ကျင့်ရတာက အရင်ဓားကွက်တွေလို မလွယ်လှပါဘူး။ အဲသည်ဓားကွက်က အဆိပ်နဂါး လက်သီးကို တစ်ဖက်ကမ်းခတ် အဆင့်ရောက်အောင် လေ့ကျင့်ရတာထက်တောင် ခက်ခဲပါသေးတယ်။
လဝက်လုံးလုံး လေ့ကျင့်ခဲ့တာတောင်မှ လီဖူချန်းဟာ တိမ်တိုက်တစ်တောင် ဓားကွက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခြင်း မရှိခဲ့ပါဘူး။ သူက လမ်းစလေး နည်းနည်းကိုသာ တွေ့ခဲ့ပါတယ်။
"ဟူး ... ကြည့်ရတာတော့ ငါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာတွေကို အထင်သေးမိပြီပဲ "
လီဖူချန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါတယ်။ သည်ဓားကွက်က သူထင်ထားတာထက် ပိုပြီး နက်နဲခက်ခဲနေတယ် ဆိုတာကိုတော့ သူ့အနေနဲ့ ဝန်မခံချင်လည်း ဝန်ခံရတော့မှာပါပဲ။
"တော်ပြီကွာ။ သည်ဓားကွက်ကို အတင်းလေ့ကျင့်နေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ အချိန်တစ်ခုအထိ စောင့်လိုက်ဦးမယ် "
တိမ်တိုက်တစ်ထောင် ဓားကွက်ကို အချိန်တိုအတွင်းမှာ ဆရာတစ်ဆူလို ကျွမ်းကျင်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတဲ့ လီဖူချန်းကတော့ သူ့ရဲ့ အာရုံတွေကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူက ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးကို ပြောင်းပြီး လေ့ကျင့်ပါတော့မယ်။
ကပ်ဘေးကိုးပါး နတ်ဘုရား လက်သီးသိုင်းက ကျားဝိညာဉ် လက်သီးသိုင်း၊ အဆိပ်နဂါး လက်သီးသိုင်းတို့နဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ သည်လက်သီးသိုင်းမှာက ချီဝိညာဉ် လုံးဝ မရှိပါဘူး။ သည်လက်သီးသိုင်းက ကပ်ဘေးစွမ်းအားကို ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာကိုပဲ ညွှန်ပြထားတာ ဖြစ်ပါတယ်။
လူတွေကတော့ ကပ်ဘေးစွမ်းအားဆိုတာဟာ အလွန်အမင်း ဖိနှိပ်တတ်ပြီး အရာအားလုံးကို ဖျက်ဆီးတတ်တဲ့ သဘောသဘာဝ ရှိတယ်ဆိုတာကို သိပြီးသားပါပဲ။ အဲသည်စွမ်းအားက အရာအားလုံးကို ပြာကျသွားအောင် လောင်ကျွမ်းနိုင်စွမ်း ရှိတာပါ။
ကပ်ဘေးစွမ်းအားကို အဆုံးစွန်အထိ လေ့ကျင့်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုတဲ့ သီအိုရီ အယူအဆကလည်း ရှိပါသေးတယ်။
ဒါပေမဲ့လည်း အဲဒါက သီအိုရီ အယူအဆ သက်သက်ပါပဲ။ အဲသည် သီအိုရီ အယူအဆက မှန်လား၊ မှားလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
" ကပ်ဘေးစွမ်းအားက ဥပဒေသ စွမ်းအားထက် အဆင့်မြင့်တယ်ဆိုတာ အသိသာကြီးပါလား "
လီဖူချန်းက စိတ်ထဲမှာ တွေးလိုက်မိပါတယ်။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးသိုင်း အပေါ်မှာ ဈာန်ဝင်သွားခဲ့ပါပြီ။
တခြားလူတွေ အတွက်ဆိုရင်တော့ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးသိုင်းရဲ့ အစကနဦး အဆင့်ကို ရောက်ဖို့ဟာ အလွန်ခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းအတွက်ကတော့ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးသိုင်းရဲ့ အစကနဦးအဆင့်ကို ရောက်ဖို့ဟာ အလွယ်လေးပါပဲ။
" သေမျိုးကပ်ဘေး "
ဘန်း ...
မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်မှာတော့ "ဘန်း" ဆိုတဲ့ အသံကျယ်ကြီး တစ်ခုနဲ့အတူ လေပြည်တစ်ခု တိုက်ခတ်လာခဲ့ပါတယ်။ အဲသည် အသံကျယ်ကြီးကို ဖြစ်စေသူကတော့ လီဖူချန်းပါပဲ။ သူက လူတစ်ရပ်လောက်ရှိတဲ့ ကျောက်တုံးတစ်တုံးကို ထိုးလိုက်တာပါ။
သူ့ရဲ့ လက်သီးချက် ထွက်ပေါ်အပြီးမှာတော့ ကျောက်တုံးကြီးဟာ တစ်စစီ ကြေမွသွားပြီး ပြာပုံငယ်လေး တစ်ခုအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ အံ့သြစရာ ကောင်းတာကတော့ သည်လောက်အားကောင်းတဲ့ လက်သီးက ဖုန်တစ်ချက်တောင် မထစေခဲ့တာပါပဲ။
"တကယ့်ကို ကြောက်စရာပဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
သည်လက်သီးချက်က အရာဝတ္ထုတွေရဲ့ တကယ့်ပင်မ ဗဟိုချက်ကို ဖျက်ဆီးပစ်တာ မဟုတ်ပါလား။
သည်ကျောက်တုံးကြီးက မသိရင် အားကောင်းလှတဲ့ ဖိအားတစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရတယ် ထင်ရပေမဲ့လည်း တကယ့် တကယ်တမ်းမှာတော့ အဲသည်အရာရဲ့ ပင်မဗဟိုချက် ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒါက စိတ်ဝိညာဉ် နုတ်ယူခံလိုက်ရတဲ့ လူတစ်ယောက်ဟာ အသက်ရှင်နေပေမဲ့ အသိဉာဏ်မရှိတော့ဘဲ လျှောက်သွားနေတဲ့ ဖုတ်ကောင် ဖြစ်သွားသလိုပါပဲ။
" သည်လက်သီးချက်က ဆင်နဂါးစွမ်းအား တော်တော်များများကိုတော့ ကုန်ခန်းစေတာပဲ "
လီဖူချန်း အခု ထုတ်သုံးလိုက်တဲ့ သေမျိုးကပ်ဘေး လက်သီးက အစကနဦး အဆင့်မှာပဲ ရှိနေသေးတာပါ။ ဒါပေမဲ့ သည်လက်သီးချက်မှာ သုံးစွဲထားရတဲ့ ဆင်နဂါးစွမ်းအားက အဆိပ်နဂါး လက်သီးမှာ သုံးစွဲရတဲ့ ဆင်နဂါးစွမ်းအားနဲ့ အတူတူလောက်ပါပဲ။
တကယ်လို့သာ သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားမယ်ဆိုရင် လီဖူချန်းအနေနဲ့ ဆင်နဂါးစွမ်းအား ဘယ်လောက်အထိ သုံးစွဲရမယ် မသိပါဘူး။
"တတိယကပ်ဘေးကို လူသားကပ်ဘေးလို့ ခေါ်တယ်ဆိုတော့ ကျန်တဲ့ ကပ်ဘေးရှစ်ပါးကို ဆိုရင် ဘယ်လို ခေါ်မှာပါလိမ့် "
လီဖူချန်းက ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးနဲ့ ပတ်သက်ပြီး သိချင်စိတ် အတော်လေး ပြင်းပြလာခဲ့ပါပြီ။ သူက သည်လို အစွမ်းထက်တဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ်ကို တီထွင်ခဲ့တဲ့ မဟာပုဂ္ဂိုလ်ကိုလည်း လေးစားနေမိပါတယ်။
လီဖူချန်းရဲ့ အထင်အရ ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က ဧကရာဇ်တွေတောင်မှ သည်လိုအစွမ်းထက်တဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ်မျိုးကို တီထွင်နိုင်မှာ မဟုတ်ပါဘူး။ သည်သိုင်းပညာရပ်ကို တီထွင်ခဲ့တဲ့သူဟာ ဥပဒေသပြောင်းလဲခြင်း နယ်ပယ်ထက် အဆင့်မြင့်တဲ့ နယ်ပယ်က ပုဂ္ဂိုလ်ပဲ ဖြစ်ရပါမယ်။
***
သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါတယ်။
လီဖူချန်းတစ်ယောက် သက်တံနီဂိုဏ်းကို ရောက်လာတာကလည်း ဆယ်လတင်းတင်း ပြည့်သွားခဲ့ပါပြီ။ အပြင်စည်းဂိုဏ်းမှာတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားနိုင်တဲ့ ဘုရင်အဆင့်အတန်း အပြင်စည်း တပည့် နှစ်ယောက် ထွက်ပေါ်လာပြီး အဲသည်ထဲက တစ်ယောက်ဟာ ခရမ်းရောင် ပန်းနိုင်ငံတော်က မုယုံရှန်းရှင်း ဖြစ်ပါတယ်။
တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကြားမှာရှိတဲ့ ကွာဟချက်တွေက အကြီးကြီးပါပဲ။
ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ဟာ ဘယ်လောက်ပဲ အစွမ်းထက်တယ် ဆိုပါစေဦး။ သူတို့ရဲ့ အဓိက အစွမ်းဟာ တိုက်ခိုက်မှုမှာပဲ ရှိတာပါ။
ဒါပေမဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကတော့ အဲသည်လို မဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ စိတ်ဝိညာဉ်ကို အစစ်အမှန် စိတ်ဝိညာဉ်အဖြစ် ဖွံ့ဖြိုးစေခဲ့ ပြီးပါပြီ။ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် မပျက်စီးသေးသရွေ့ သူတို့ဟာ တခြားခန္ဓာကိုယ် တစ်ခုမှာ ပြန်လည် ဝင်စားနိုင်ပါတယ်။
ထပ်ပေါင်းပြီး ပြောရမယ် ဆိုရင်တော့ အစစ်အမှန် စိတ်ဝိညာဉ် ဆိုတာက ကောင်းကင်တာအို ဥပဒေသမှာ အမှတ်အသားတစ်ခု ရိုက်နှိပ်ခဲ့သလိုပါပဲ။ အဲဒါက ကျင့်ကြံသူတစ်ဦးကို ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို ပိုနားလည် သဘောပေါက်လွယ်စေပြီး အပြန်အလှန် ခံစားမိစေပါတယ်။ အဲသည်အပိုင်းမှာတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေကို လုံးဝ မယှဉ်နိုင်ပါဘူး။
ဒါကြောင့်လည်း လူတွေက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ကောင်းကင်တာအိုရဲ့ အသွေးအသားနဲ့ အရိုးလို့ သတ်မှတ်ကြပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကိုတော့ ကောင်းကင်တာအိုနဲ့ မသက်ဆိုင်တဲ့ အပြင်လူတွေလို့ သတ်မှတ်ကြတာပါ။ သူတို့ဟာ ကောင်းကင်တာအို ကနေပြီး ဘာအကူအညီမှ မရကြပါဘူး။ သူတို့က သူတို့ဘာသာ ကြိုးစားပြီး ကောင်းကင်တာအိုကို နားလည်အောင် လုပ်ကြရတာပါ။
တိုက်ပွဲဝိညာဉ် နယ်ပယ်ကို နောက်တစ်နည်းအားဖြင့် သိုင်းတာအိုရဲ့ ဒုတိယ ပြောင်းလဲခြင်းလို့လည်း ပြောကြပါသေးတယ်။ သိုင်းတာအိုမှာက ပထမ ပြောင်းလဲခြင်းကို သာမန်လူသားတွေအဖြစ် သတ်မှတ်ပြီး ဒုတိယ ပြောင်းလဲခြင်းကို ဖန်ဆင်းရှင်တွေလို့ သတ်မှတ်ကြတာပါ။
ဒါပေမဲ့ ဖန်ဆင်းရှင်တွေမှာလည်း အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားပြီး တိုက်ပွဲဝိညာဉ် နယ်ပယ်ကတော့ အနိမ့်ဆုံး အဆင့်မှာ ရှိပါတယ်။
အဲသည်အတွက် တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားနိုင်တဲ့ ဘုရင် အဆင့်အတန်းက တပည့်တွေဟာ ပိုပြီးကောင်းမွန်တဲ့ အထောက်အပံ့တွေ ရမယ်ဆိုတာကိုတော့ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။
သက်တံနီဂိုဏ်းရဲ့ စနစ်အရ ဆိုရင်တော့ ဂိုဏ်းရဲ့ အရင်းအမြစ်တွေထဲက ၉ဝရာခိုင်နှုန်းကို ဘုရင်အဆင့်အတန်းက တပည့်တွေအတွက် ခွဲတမ်းချပေးတာပါ။ အဲသည်အထဲမှာမှ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားတဲ့ ဘုရင်အဆင့်အတန်းက တပည့်တွေဟာ တခြား ဘုရင်အဆင့်အတန်းက တပည့်တွေထက် အရင်းအမြစ် ပစ္စည်း ပိုရကြပါတယ်။
***
"တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း "
မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်မှာတော့ လီဖူချန်းတစ်ယောက် ဓားသိုင်း လေ့ကျင့်နေလေရဲ့။
သူ့ရဲ့ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကြက်သွေးရောင် ဓားအလင်းတန်းတွေဟာ မီးတိမ်တိုက်တွေကို ဖန်တီးဖို့ အစပျိုး နေသလိုပါပဲ။ သူ့ရဲ့ ဓားချက်ကနေ ထွက်လာတဲ့ အပူရှိန်လှိုင်းတွေ ကလည်း မီးပင်လယ်ကြီး တစ်ခုကနေ ထွက်ပေါ်နေသလို့တောင် မှတ်ယူရလောက်ပါတယ်။
"တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းက ဓားအလင်းတန်းတွေနဲ့ ပေါင်းစည်းမိသွားပြီပဲ။ အဲဒါက ပေါက်ကွဲပြီး သွားရင်တောင် ရန်သူရဲ့ ခန္ဓာကိုယ်ကို ဆက်ပြီး လောင်ကျွမ်းစေနိုင်သေးတယ် "
လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ကျေနပ်ပီတိ ဖြစ်နေမှုတွေ အတိုင်းသားပါပဲ။
မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားဆန္ဒက အလွန်အမင်း ပေါက်ကွဲအားကောင်းတဲ့ မီးလျှံတာအို ဥပဒေသ ဖြစ်ပါတယ်။ သည်မီးတိမ်တိုက်တွေက ပေါက်ကွဲသွားပြီဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသကိုတောင်မှ အနည်းငယ် ထိခိုက်သွားစေတာပါ။
"ငါ့ရဲ့ လက်ရှိ ချီကျင့်ကြံမှု အစွမ်းကတောင်မှ အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ယှဉ်လို့ ရနေလောက်ပြီ "
လီဖူချန်းက တွေးတွေးဆဆနဲ့ ရေရွတ်လိုက်ပါတယ်။
အခုချိန်မှာတော့ သူဟာ မီးတိမ်တိုက်တစ်ထောင် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ရုံ တင်မက သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကလည်း အဆင့်၂၈ကို ရောက်သွားခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇ကို ရောက်သွားခဲ့ပါတယ်။
လက်ရှိသူ့ရဲ့ ချီကျင့်ကြံမှု အစွမ်းက ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှု အစွမ်းနဲ့တောင် သိပ်မကွာလောက်တော့ပါဘူး။
ချီအတွင်းအား ကျင့်ကြံမှုအစွမ်း တိုးတက်မှုနဲ့ ယှဉ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုအစွမ်းဟာ တိုးတက်မှုနှုန်း နှေးကွေးတယ်လို့ ဆိုရပါမယ်။
သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးက အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်လာခဲ့ပြီ ဖြစ်ပေမဲ့လည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခြင်း အဆင့်မှာရှိတဲ့ အဆိပ်နဂါး လက်သီးသိုင်းကို ယှဉ်လို့ မရသေးပါဘူး။
"ဒါပေမဲ့လည်း ငါ့ရဲ့ သေမျိုးကပ်ဘေးက တခြားအရာတွေမှာ အသုံးဝင်သေးတာပဲ"
သေမျိုးကပ်ဘေး လက်သီးအကြောင်းကို စဉ်းစားမိတဲ့အခါမှာတော့ လီဖူချန်းတစ်ယောက် ပြုံးလိုက်မိပါတယ်။
သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးက သွေးနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို အညစ်အကြေးတွေအဖြစ် စွန့်ထုတ်ပေးမယ်လို့ သူလုံးဝ မထင်ခဲ့မိပါဘူး။ သေမျိုးကပ်ဘေး လက်သီးရဲ့ လုပ်ဆောင်ပေးမှုက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းထက်တောင်မှ ပိုပြီး သာလွန်ကောင်းမွန် နေပါသေးတယ်။
***