မဟာစစ်ပွဲရဲ့ ရိုက်ခတ်မှု
Vol. 37 Ch. 495
" သေမျိုးကပ်ဘေး "
ဘန်း ...
အနီရောင် လက်သီး အလင်းတန်းတစ်ခုဟာ ကောင်းကင်ယံပေါ် ထိုးတက်သွားပြီး မျောလွင့်နေတဲ့ ဒိုင်းအကာအကွယ် တစ်ခုကို ထိုးနှက်ပစ်လိုက်ပါပြီ။
အဲသည် ဒိုင်းအကာအကွယ်ကတော့ မြေကမ္ဘာအဆင့်နိမ့် ဒိုင်းအကာအကွယ် တစ်ခုဖြစ်ပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင် အဲသည် ဒိုင်းအကာအကွယ်ကို ထိခိုက်အောင်လုပ်ဖို့ မလွယ်ပါဘူး။ တိုက်ပွဲဝိညာဉ်နယ် ဆရာသခင်တွေတောင်မှ ခြစ်ရာလေး ထင်အောင်သာ လုပ်နိုင်တာပါ။
ဒါပေမဲ့လည်း အနီရောင် အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ လက်သီးကတော့ အဲသည် မြေကမ္ဘာအဆင့်နိမ့် ဒိုင်းအကာအကွယ်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ထိုးခွဲပစ်လိုက်ပါတယ်။
"သေမျိုးကပ်ဘေးက အရာအားလုံးကို တကယ် ဖျက်ဆီးနိုင်တာပဲ။ ငါက သည်လက်သီးချက်နဲ့ မြေကမ္ဘာအဆင့်နိမ့် ဒိုင်းအကာအကွယ် တစ်ခုကို ဖျက်ဆီးပစ်နိုင်မယ်လို့ ထင်ကို မထင်ခဲ့မိဘူး "
လီဖူချန်းကတော့ သူ့လက်သီးချက်ကို သူကိုယ်တိုင်တောင် မယုံနိုင်တော့သလိုပါပဲ။
သဘာဝအားဖြင့် ဆိုရင်တော့ အကြိုပြီးပြည့်စုံခြင်း အဆင့်က သေမျိုးကပ်ဘေး လက်သီးဟာ မြေကမ္ဘာအဆင့်နိမ့် ဒိုင်းအကာအကွယ်ကို ခွန်အားသက်သက်နဲ့ မဖျက်ဆီးနိုင်ပါဘူး။ ဒါပေမဲ့လည်း သေမျိုးကပ်ဘေး စွမ်းအားက ဒိုင်းအကာအကွယ်ရဲ့ ပင်မဗဟိုချက်ကို ဖိအား သက်ရောက်မှု ရှိစေပြီး အတွင်းပိုင်းကနေ ဖျက်ဆီးပစ်ပါတယ်။
တကယ်လို့သာ သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့မယ် ဆိုရင်တော့ မြေကမ္ဘာ အလယ်အလတ်အဆင့် ပစ္စည်းတွေကိုတောင်မှ ဖျက်ဆီးရင် ဖျက်ဆီးပစ်နိုင်မှာပါ။
လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား အဆင့်က တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားခဲ့မယ်ဆိုရင် သေမျိုးကပ်ဘေး လက်သီးရဲ့ ကပ်ဘေးစွမ်းအားက ပိုပြီး အားကောင်းလာနိုင်တာ မဟုတ်ပါလား။
ဟူး ... ဟူး ... ဟူး ...
တစ်နေ့မှာတော့ ကြက်သွေးရောင် အလင်းလှိုင်းတွေဟာ သက်တံနီဂိုဏ်းရဲ့ ကောင်းကင်ယံပေါ်မှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲသည်အလင်းလှိုင်းတွေက အနီရောင် သက်တံတွေနဲ့ ဆင်တူနေတဲ့ အတွက် ကြည့်ရတာ အတော်လေး မျက်စိပသာဒ ရှိလှတာတော့ အမှန်ပါပဲ။
" ဒါက ဆင့်ခေါ်အမိန့်ပဲ "
သည်ကြက်သွေးရောင် အလင်းလှိုင်းတွေက ဘာကို ဆိုလိုသလဲ ဆိုတာကို မသိတဲ့ သက်တံနီဂိုဏ်းသားတော့ ရှိမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သက်တံနီဂိုဏ်းရဲ့ လူစုဖို့ အချက်ပေးတဲ့ အမှတ်အသား ဖြစ်နေလို့ပါပဲ။
အဲသည်နောက်မှာတော့ လီဖူချန်းက ကောင်းကင်ယံပေါ် ခုန်တက်ပြီး အပြင်စည်းဂိုဏ်းရဲ့ မဟာလွင်ပြင်ဆီကို ဦးတည်ပျံသန်း သွားပါတော့တယ်။
မဟာလွင်ပြင်ကို လီဖူချန်း ရောက်သွားတဲ့ အချိန်မှာတော့ ထောင်နဲ့ချီတဲ့ လူတွေ စုရုံးရောက်ရှိ နေကြပါပြီ။ ပြီးတော့ လူအရေအတွက်ကလည်း ဆက်လက်ပြီး တိုးပွားနေဆဲပါပဲ။ အရပ်မျက်နှာ အသီးသီးက လူတွေဟာ မဟာလွင်ပြင်ဆီကို ဦးတည်ပြီး ပျံသန်းလာနေကြပါတယ်။
" ဘာတွေ ဖြစ်နေတာလဲ "
" ငါလည်း မသိဘူးကွ။ ပင်လယ်သားရဲတွေနဲ့ ထပ်ပြီး စစ်ခင်းမလို့များလား "
"သည်ပင်လယ်သားရဲတွေက ထပ်ပြီး သောင်းကျန်းကြပြန်ပြီလား။ ကောင်းတယ်ကွာ။ ငါ့မှာလည်း ထောက်ပံ့ရေးဒင်္ဂါးတွေ နည်းနေတာနဲ့ အတော်ပဲ။ သည်အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး "
" အရမ်း ပျော်မနေနဲ့ဦး။ ပင်လယ်သားရဲတွေနဲ့ စစ်ဖြစ်တိုင်း စစ်ဖြစ်တိုင်းမှာ ငါတို့သက်တံနီဂိုဏ်းရဲ့ တပည့် ဆယ်ရာခိုင်နှုန်းက အသက်ပေးကြရတယ် ဆိုတာကိုကော မင်းသိရဲ့လား။ အဲသည်ဆယ်ရာနှုန်းထဲမှာ တပည့် ဘယ်လောက်ပါမယ်လို့ မင်းထင်လဲ။ ကံဆိုးရင် အဲသည် ဆယ်ရာခိုင်နှုန်းထဲမှာ မင်းတောင် ပါသွားနိုင်သေးတယ် "
"ဆယ်ရာခိုင်နှုန်း ဟုတ်လား။ အဲဒါက နည်းနည်းတော့ လွန်တာပေါ့။ သက်တံနီဂိုဏ်းရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေက အဲဒါကို ဂရုမစိုက်တာလား"
"ဂရုစိုက်ရမယ် ဟုတ်လား။ မင်း နည်းနည်း ကြောင်နေပြီ ထင်တယ်။ ထောင်သောင်းနဲ့ချီတဲ့ စစ်သားတွေ ဆိုတာက စစ်ပွဲတစ်ပွဲကို တိုက်ဖို့အတွက်ပဲ မဟုတ်ဘူးလား။ သက်တံနီဂိုဏ်းမှာက ဂရုတစိုက်နဲ့ ပြုစုပျိုးထောင် ပေးရမယ့် ပန်းတွေ မလိုဘူးကွ။ ငါတို့က လောကမုန်တိုင်းကြားမှာ အသက်ရှင်နိုင်တဲ့ ဘာမထီ အာဇာနည်တွေကိုပဲ လိုတာ။ ဘာမှမဟုတ်တဲ့ ငကြောင်တွေကို ဂိုဏ်းတော်က အရင်းအမြစ် အဆုံးရှုံးခံပြီး ပြုစု ပျိုးထောင်ပေးရမှာလဲ။ အဲဒါက ဖြုန်းတီးမှု သက်သက်ပဲ"
မဟာလွင်ပြင်မှာတော့ ဂိုဏ်းသားဟောင်းတွေနဲ့ ဂိုဏ်းသားသစ်တွေဟာ အကြီးအကျယ် ဆွေးနွေးခန်း ဖွင့်နေကြပါပြီ။
"ဟမ့် ... သည်တော့ ပင်လယ်သားရဲတွေနဲ့ စစ်ခင်းရမှာပေါ့လေ "
လီဖူချန်းကတော့ စကားပြောဆို နေတာတွေကနေပြီး ဆင့်ခေါ်အမိန့် ထုတ်ရခြင်း အကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားခဲ့ပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ တိုက်အသေးလေး ခုနစ်ခု ရှိသလို ကုန်းတွင်းပင်လယ် ခုနစ်ခုလည်း ရှိပါတယ်။ အဲသည်ကုန်းတွင်းပင်လယ် ခုနစ်ခုက တိုက်ခုနစ်ခုနဲ့ ဆက်စပ်နေတာ ဆိုရင်လည်း မမှားပါဘူး။
အဲသည်ကုန်းတွင်းပယ်လယ် ခုနစ်ခုကိုတော့ ပင်လယ်နီ၊ လိမ္မော်ရောင်ပင်လယ်၊ ပင်လယ်ဝါ၊ ပင်လယ်စိမ်း၊ ပင်လယ်ပြာ၊ မဲနယ်ရောင်ပင်လယ်နဲ့ ခရမ်းရောင်ပင်လယ် ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။
မြေစေးနီတိုက်ကတော့ အနောက်မှာ ပင်လယ်နီ၊ အရှေ့ဘက်မှာ ခရမ်းရောင်ပင်လယ်တို့နဲ့ ထိစပ်နေပါတယ်။
ကုန်းတွင်းပင်လယ် ခုနစ်ခုထဲမှာတော့ များပြားလှတဲ့ ပင်လယ်သားရဲတွေ ရှိပြီး အဲသည်သားရဲတွေကိုတော့ မိစ္ဆာသားရဲဘုရင်တွေက အုပ်ချုပ်နေတာပါ။ သည်ပင်လယ်သားရဲတွေနဲ့ ဘုရင်အဆင့် ဂိုဏ်းကြီး ၇ဂိုဏ်းတို့က သက်ဆိုင်ရာ ပင်လယ်ကမ်းခြေတွေကို အပိုင်စား ရဖို့အတွက် တိုက်ခိုက်နေတာကလည်း နှစ်ပေါင်းကို မရေမတွက် နိုင်တော့ပါဘူး။
ပင်လယ်နီထဲမှာ ရှိနေတဲ့ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲ ဘုရင်ကတော့ ပင်လယ်နီဘုရင်လို့ ခေါ်ပြီး အဲသည်သားရဲက အဆင့်၇ အထွတ်အထိပ် ပင်လယ်သားရဲဖြစ်တဲ့ အနီရောင် ရေနဂါး ဖြစ်ပါတယ်။
အဲသည် ပင်လယ်နီဘုရင်က အလွန် အစွမ်းထက်လွန်းတဲ့ အတွက် သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ဘုရင်တစ်ပါးဖြစ်တဲ့ သက်တံနီဘုရင်ကပဲ သူ့ကို ရင်ဆိုင်နိုင်တာပါ။
ဒါပေမဲ့လည်း အင်အားစု နှစ်စုလုံးရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားကြပါဘူး။ သူတို့နှစ်ဦးစလုံး ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားရတဲ့ အကြောင်းအရင်းကလည်း ခိုင်ခိုင်မာမာ ရှိပါတယ်။ တကယ်လို့သာ သူတို့နှစ်ဦးစလုံး လှုပ်ရှားပြီး တိုက်ခိုက်ကြတယ် ဆိုပါစို့။ အဲသည်တိုက်ပွဲမှာ တစ်ယောက်ယောက်က ရှုံးနိမ့်သွားတာနဲ့ တစ်ပြိုင်နက် အင်အားစု နှစ်စုရဲ့ အားပြိုင်မှု မျှခြေဟာ ပျက်သွားပါလိမ့်မယ်။ အဲသည်လို မျှခြေ ပျက်သွားပြီ ဆိုတာနဲ့ တစ်ဖက်ဖက်ဟာ မျိုးတုံး သတ်ဖြတ်မှုကို သေချာပေါက် ခံရမှာပါပဲ။ အဲသည်အတွက်ကြောင့်လည်း သူတို့နှစ်ဦးစလုံးဟာ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားကြတာ ဖြစ်ပါတယ်။
အရိုးရှင်းဆုံး ပြောရမယ် ဆိုရင်တော့ သူတို့နှစ်ဦးစလုံးဟာ စစ်ပွဲရဲ့ အဆုံးသတ်ကို ရင်မဆိုင် ဝံ့ကြပါဘူး။
အဲသည်အတွက် သည်စစ်ပွဲတွေမှာ မူလပင်လယ် နယ်ပယ်အောက်က အကြီးအကဲတွေနဲ့ ဂိုဏ်းတပည့်တွေသာ အဓိက အင်အားအဖြစ် ပါဝင်ကြမှာ ဖြစ်ပါတယ်။
အခုဆိုရင် ဆင့်ခေါ်အမိန့်က ထွက်လာပြီ ဖြစ်တဲ့အတွက် သက်တံနီဂိုဏ်းမှာရှိတဲ့ အကြီးအကဲ တစ်ဝက်နဲ့ ဂိုဏ်းသားတပည့် အကုန်လုံးဟာ စစ်ထဲမှာ ပါဝင်ကြရတော့မှာပါ။ ဘယ်သူမှ ရှောင်ပြေးလို့ရမှာ မဟုတ်ပါဘူး။
လီဖူချန်း ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ မဟာလွင်ပြင်မှာ စုရုံးရောက်ရှိနေတဲ့ လူဦးရေ အရေအတွက်ဟာ ခုနစ်ထောင်ကျော် ရှစ်ထောင်နီးပါးအထိ ရှိလာခဲ့ပါပြီ။
ဟူး ...
လေတိုးသံ တစ်ခုနဲ့အတူ ဆံပင်နီနီ ဗလတောင့်တောင့်နဲ့ လူကြီးတစ်ယောက်ဟာ မဟာလွင်ပြင်ကို ပျံသန်းရောက်ရှိလာခဲ့ပါတယ်။ အဲသည်လူကြီးရဲ့ အသက်ကတော့ ၅၀ထက်ပိုပြီး ပိုကျော်မယ့်ပုံ မရှိပါဘူး။
ဘေးနားက ရှိနေတဲ့ ဂိုဏ်းသားကြီးတွေရဲ့ စကားဝိုင်းကြောင့်ပဲ လီဖူချန်းဟာ အဲသည်လူကြီးရဲ့ ဇာစ်မြစ်ကို သိလိုက်ရပါတယ်။ အဲသည်လူကြီးကတော့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်ပါပဲ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ် အထွတ်အထိပ်က ဆရာသခင် တစ်ပါးဖြစ်ပြီး မူလပင်လယ် နယ်ပယ်အောက်မှာတော့ ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးလို့ ဆိုရမှာပါ။
ဝမ်ခိုင်က ရောက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ဆိုင်းမနေဘဲ အားလုံးကို ဝေ့ကြည့်ကာ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
"ပင်လယ်သားရဲတွေက ကျူးကျော်လာကြပြန်ပြီ။ အဲသည်အတွက် ငါတို့ သက်တံနီဂိုဏ်းက အဲသည်ကောင်တွေကို အားအပြည့်နဲ့ ပြန်တိုက်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းတို့အားလုံးလည်း စစ်ပွဲထဲမှာ ပါရမယ်။ အဆင့်၄ မိစ္ဆာသားရဲတစ်ကောင်ကို သတ်နိုင်ရင် ဂိုဏ်းတော်က မင်းတို့ကို ထောက်ပံ့ရေးရမှတ် တစ်မှတ် ပေးမှာဖြစ်ပြီး မဟာ မိစ္ဆာသားရဲ တစ်ကောင်ကို သတ်နိုင်ရင်တော့ ထောက်ပံ့ရေးရမှတ် ၁၀မှတ်ပေးမှာ ဖြစ်တယ်။ အဆင့်နိမ့် မိစ္ဆာသားရဲ ဗိုလ်ချုပ်တစ်ကောင်ကို သတ်နိုင်ရင်တော့ ဂိုဏ်းတော်က မင်းတို့က ထောက်ပံ့ရေးရမှတ် ၁၀၀ ပေးလိမ့်မယ်။ အလယ်အလတ်တန်းစား မိစ္ဆာသားရဲဗိုလ်ချုပ် တစ်ကောင်ကို သတ်နိုင်ရင်တော့ ဂိုဏ်းတော်က မင်းတို့ကို ထောက်ပံ့ရေးရမှတ် ၃၀၀ ပေးမှာဖြစ်ပြီး အဆင့်မြင့်တန်းစား မိစ္ဆာသားရဲဗိုလ်ချုပ် တစ်ကောင်ကို သတ်နိုင်ရင်တော့ ထောက်ပံ့ရေးရမှတ် ၁၀၀၀ ပေးမှာ ဖြစ်တယ်။ ပြီးတော့ သက်တံနီဂိုဏ်းက စစ်ပွဲအတွင်းမှာ အဆင့်သတ်မှတ်ချက် ဇယားနှစ်ခုကို ထားရှိမယ်။ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းနဲ့ အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်း ဆိုပြီးတော့ပေါ့။ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်နဲ့ သက်ဆိုင်ပြီး အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ သက်ဆိုင်တယ်။ အဲသည်စာရင်းထဲမှာ ပါဝင်နိုင်တဲ့သူတွေက အပိုဆုကြေးအဖြစ် ထောက်ပံ့ရေးရမှတ်တွေ ရလိမ့်မယ်။ အားလုံး ရှင်းရဲ့လား "
"ရှင်းပါတယ် ... အကြီးအကဲခေါင်ချုပ် "
ဝမ်ခိုင်ရဲ့ စကားအဆုံးမှာတော့ လူတိုင်းရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပ လာခဲ့ကြပါပြီ။
ထောက်ပံ့ရေး ရမှတ် ... ထောက်ပံ့ရေးရမှတ် ...
ဒါက သူတို့အတွက် အင်မတန် အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ ဂိုဏ်းသားအများစုဟာ ထောက်ပံရေးရမှတ်တွေ လုံလုံလောက်လောက် မရှိတဲ့အတွက် အဆင့်မြင့် ပညာရပ်တွေကို မလဲလှယ်နိုင် ခဲ့ပါဘူး။ အဲသည်အတွက်ကြောင့်ပဲ သူတို့ဟာ တိုးတက်ဖို့ ခက်ခဲမှုတွေနဲ့ ကြုံနေရတာပါ။ ဒါပေမဲ့ တကယ်လို့ သူတို့မှာ ထောက်ပံ့ရေးရမှတ်တွေ လုံလုံလောက်လောက် ရှိလာခဲ့မယ် ဆိုရင်တော့ သူတို့ဟာ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပဲ နောက်ထပ်အဆင့်တွေကို ရောက်သွားနိုင်ပါတယ်။
"အဟမ်း"
ဝမ်ခိုင်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ့ရဲ့ စကားကို ဆက်ပါတယ်။
"ငါတို့ သက်တံနီဂိုဏ်းက ကျွန်း၈ခုမှာ ကင်းစခန်းတွေ ထားရှိခဲ့ပြီးပြီ။ အဲသည်တော့ လူတစ်ထောင်က ကျွန်းတစ်ခုစီမှာ တာဝန်ယူရမယ်။ အခုချိန်ကစပြီး မင်းတို့ကို နေရာခွဲဝေ ချထားပေးမယ်"
ဝမ်ခိုင်ရဲ့ စကားအဆုံးမှာတော့ အပြင်စည်း အကြီးအကဲတွေ ထွက်လာပြီး ဂိုဏ်းသားတွေကို သက်ဆိုင်ရာ အဖွဲ့တွေမှာ နေရာချ ပေးလိုက်ကြပါတယ်။
လီဖူချန်း တာဝန်ကျတဲ့ နေရာကတော့ နံပါတ်၅ ကင်းစခန်းပါပဲ။ တိုက်ရိုက်တပည့် တော်တော်များများကလည်း သူ့လိုပဲ နံပါတ်၅ ကင်းစလန်းကို သွားဖို့ တာဝန်ကျပါတယ်။
တိုက်ရိုက်တပည့်တွေ ဆိုတာကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဝါစဉ်ကြီး ဂိုဏ်းသားတွေကို ဆိုလိုတာပါ။ သူတို့တွေက အတိဒုက္ခမျှော်စင်ကို တက်ရောက်နိုင်ကြသူတွေလည်း ဖြစ်ပါတယ်။
တိုက်ရိုက်တပည့် တစ်ယောက်ရဲ့ စွမ်းပကားကို အကဲဖြတ်ဖို့ရာက မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တော်ရုံတန်ရုံနဲ့ လူမြင်ကွင်းကို ထွက်လာလေ့ မရှိလို့ပါပဲ။ ပြီးတော့ သူတို့က တိုက်ခိုက်တာလည်း ရှားပါတယ်။
ဒါပေမဲ့လည်း တိုက်ပွဲဝိညာဉ်နယ်ပယ် အလယ်အလတ် အဆင့်မှာ ရှိတဲ့ သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေတောင်မှ ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင် စာရင်းက လူတွေကို အလွယ်တကူ အနိုင်ယူနိုင်မှတော့ သူတို့ရဲ့ အစွမ်းကို အကြမ်းဖျင်း ခန့်မှန်းလို့ ရနေပါပြီ။ တိုက်ရိုက်တပည့်တွေရဲ့ အစွမ်းက သံသယ ဝင်နေရမယ့် ကိစ္စရပ်မျိုး မဟုတ်ပါဘူး။
နံပါတ်၅ ကင်းစခန်းကို တာဝန်ကျသူတွေ ထဲမှာ တိုက်ရိုက်တပည့်တွေ အပြင် လီဖူချန်းနဲ့ ရင်းနှီးတဲ့ လူတော်တော်များများလည်း ပါနေပါသေးတယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်က လင်းရီကျန်းနဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ဝမ်ဟိုင်လုံပေါ့။ ပြီးတော့ လီဖူချန်း သက်တံနီဂိုဏ်းကို လာတဲ့ ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ ခရမ်းရောင်ပန်း နိုင်ငံတော်က လူငယ်၉၀လည်း ပါပါတယ်။
အဖွဲ့ရှစ်ဖွဲ့ ဖွဲ့ဖို့ကိုတော့ အချိန်သိပ်ကြာကြာ မယူလိုက်ရပါဘူး။ အကြီးအကဲတွေရဲ့ စည်းစနစ်ကျမှုကြောင့် အချိန်အနည်းငယ် အတွင်းမှာပဲ အဖွဲ့ရှစ်ဖွဲ့ ဖွဲ့ပြီးခဲ့ပါပြီ။
သူနဲ့ တစ်ဖွဲ့တည်းမှာ ကျနေတဲ့ လီဖူချန်းကို မြင်လိုက်ရတဲ့ အခါမှာတော့ လင်းရီကျန်းရဲ့ မျက်လုံးတွေဟာ တောက်ပလာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်မှုတွေ အပြည့်ပါပဲ။
လီဖူချန်းက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လင်းရီကျန်းက သူဟာ လီဖူချန်းကို တစ်သက်လုံး လိုက်မမီဘဲနေမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
"လီဖူချန်း ... ငါကြားတာကတော့ မင်းက မုယုံရှန်းရှင်းကို အနိုင်ယူခဲ့တယ်ဆိုပဲ။ ဒါပေမဲ့ အခု မုယုံရှန်းရှင်းက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်သွားပြီဆိုတော့ မင်းအနေနဲ့ သူ့ကို ဘယ်တော့မှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် သည်စစ်ပွဲမှာ ငါ စီးခုံကျန်းက မင်းနဲ့ ပြိုင်မယ် "
နှစ်မီတာကျော်မြင့်တဲ့ လူငယ်တစ်ယောက်က လီဖူချန်းကို စေ့စေ့ကြည့်ပြီး စိန်ခေါ်လိုက်ပါတယ်။
" မင်း သဘောပဲ "
လီဖူချန်းရဲ့ အဖြေကလည်း တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူက သည်လူငယ်ကို တန်းပြီး မှတ်မိပါတယ်။
သည်လူငယ်က ကမ္ဘာဦးလဝန်း နိုင်ငံတော်ရဲ့ ကြယ်၇ပွင့် ထွတ်ခေါင်ပါရမီရှင် စီးခုံကျန်းပါပဲ။ သူကလည်း လီဖူချန်းလိုပဲ ဘုရင်အဆင့်အတန်းက တပည့်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။ သူက တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ဖို့အတွက် သိပ်လိုတော့မှာ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ အဖြေက စီးခုံကျန်းကို စိတ်အလိုမကျ ဖြစ်သွားစေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ လေသံက သူ့ကို မျက်လုံးထဲမှာတောင် ထည့်မထားတဲ့ပုံ ပေါ်မနေလို့ပါပဲ။
သူတို့နှစ်ယောက်စလုံးဟာ ဘုရင်အဆင့် တပည့်တွေ ဖြစ်ပါတယ်။ စီးခုံကျန်းက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကို မနာလိုမိကောင်း မနာလိုမိ နိုင်ပေမဲ့ တကယ့် တကယ်တမ်း သူ့ရဲ့ အမြင်မှာတော့ ထိုးထွင်းသိမြင်မှုဟာ အရိုးတည်ဆောက်ပုံလောက် အရေးမကြီးပါဘူး။
ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံလောက်ပဲ အစွမ်းပြနိုင်မှာပါ။ လီဖူချန်းအနေနဲ့ မူလပင်လယ် နယ်ပယ်ကို ရောက်ဖို့ အခွင့်အရေး ရှိတယ် ဆိုပေမဲ့လည်း သေချာပေါက်ကြီး ရောက်နိုင်မယ်လို့ ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ သူကတော့ သေချာပေါက် မူလပင်လယ် နယ်ပယ်ကို ရောက်မှာပါ။ အဲဒါကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံနဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံရဲ့ ကွာဟချက်ပါပဲ။
လီဖူချန်းက သူ့ကိုသူ ဘုရင်အဆင့်အတန်း တပည့်ဆိုပြီး ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ပခုံးချင်း ယှဉ်ချင်နေတာလား။ သည်ကောင်က အတော်လေး သူ့ကိုသူ အထင်ကြီးလွန်း နေပါပြီ။
'ဟမ့် ... နောက်မှ တွေ့ကြသေးတာပေါ့ကွာ '
စီးခုံကျန်းက စိတ်ထဲကနေပြီး ကြိမ်းဝါးလိုက်ပါတယ်။ သူက ပါးစပ်ကနေတော့ လီဖူချန်းကို ဘာမှ ပြန်မပြောတော့ပါဘူး။
အဖွဲ့ဆယ်ဖွဲ့ ဖွဲ့စည်းပြီးသွားတဲ့ အချိန်မှာတော့ သူတို့ဟာ တာဝန်ကျရာ ကျွန်းကို တည်နေရာ ရွှေ့ပြောင်းဖို့အတွက် လုပ်ဆောင်ကြပါတော့တယ်။
တိုက်တစ်ခုထဲမှာ ရှိနေတဲ့ နေရာတစ်ခုကို တည်နေရာ ရွှေ့ပြောင်းတာက အခြားတိုင်းတစ်ပါး တိုက်တစ်ခုကို တည်နေရာ ရွှေ့ပြောင်းရတာလောက် အကုန်အကျ မများပါဘူး။ ဒါပေမဲ့လည်း တစ်ကြိမ်တည်းမှာ လူတစ်ထောင် တည်နေရာ ရွှေ့ပြောင်းဖို့ အတွက်ကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီပြီး လိုအပ်ပါတယ်။ အဖွဲ့၈ဖွဲ့အတွက် ဆိုရင် ဘယ်လောက်ကုန်ကျမလဲ ဆိုတာကို စဉ်းစားသာ ကြည့်ပါတော့။ သက်တံနီဂိုဏ်းလို ချမ်းသာကြွယ်တဲ့ ဂိုဏ်းကပဲ သည်လိုမျိုး အကုန်အကျ ခံပြီး ဂိုဏ်းသားတွေကို တည်နေရာ ရွှေ့ပြောင်းပေးနိုင်တာပါ။
***