← Chapters

ထိပ်ဆုံးသို့

Vol. 37 Ch. 496

ထိပ်ဆုံးသို့

Vol. 37 Ch. 496

ကျွန်းနံပါတ် ၅ကတော့ လိပ်ပြာပုံသဏ္ဌာန် ကျွန်းတစ်ခုပါပဲ။ အဲသည်ကျွန်းက ဧရိယာမိုင် ရာပေါင်းအနည်းငယ် ကျယ်ဝန်းပါတယ်။

ကျွန်းနံပါတ် ၅ ရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ မီတာ ထောင်ချီမြင့်တဲ့ သံမဏိမျှော်စင်ကြီး တစ်ခု ရှိနေပါတယ်။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါက တိုင်ကြီးတစ်ခုလိုပါပဲ။ သည်လိုမျိုး မျှော်စင်မျိုးကို ဆောက်လုပ်နိုင်တာက ဘုရင်အဆင့် ဂိုဏ်းတွေပဲ ရှိပါလိမ့်မယ်။ သည်လို မီတာထောင်ချီမြင့်တဲ့ သံမဏိမျှော်စင်ကြီး တစ်ခုကို ဆောက်လုပ်ရတယ် ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ချွမ် ...

နံပါတ်၅ ကျွန်းပေါ်မှာရှိတဲ့ တည်နေရာ ရွှေ့ပြောင်းစင်မြင့်ကြီးဟာ အရောင်တစ်ချက် တောက်ပပြီးသွားတဲ့ နောက်မှာတော့ လူတစ်ထောင် ရောက်လာခဲ့ပါပြီ။

" ဒါက နံပါတ် ၅ ကင်းစခန်းရှိတဲ့ ကျွန်းပေါ့ "

လီဖူချန်းရဲ့ အသိစိတ်အာရုံက မိုင်တစ်ထောင်ကျော် ပတ်လည်ကို ဖြန့်ကြက်နိုင်တဲ့အတွက် အာရုံတစ်ချက် ပြုလိုက်တာနဲ့ ကျွန်းတစ်ခုလုံးရဲ့ အခြေအနေကို အကြမ်းဖျင်း သိမြင်နိုင်ပါတယ်။

"သည်ကျွန်းမှာက သံမဏိ ကင်းမျှော်စင်နဲ့ ဝင်္ကပါထောင်ချောက် အစီအရင်တွေကလွဲပြီး ဘာမှ ထွေထွေထူးထူး မရှိဘူးပဲ "

လီဖူချန်းရဲ့ အထင်သာ မမှားဘူး ဆိုရင်တော့ သည်ကျွန်းရဲ့ အလယ်မှာ ရှိနေတဲ့ သံမဏိမျှော်စင်ဟာ ပင်လယ်သားရဲတွေကို သတ်ဖို့ အဓိက လက်နက်တစ်ခုပါပဲ။ အဲသည်အရာက မူလပင်လယ်နယ်ပယ် ဘုရင်တွေလောက်ကို အစွမ်းထက်ကောင်း ထက်နိုင်လောက်ပါတယ်။ ပြီးတော့ ကျွန်းတစ်ခုလုံးမှာ ခင်းကျင်းထားတဲ့ ဝင်္ကပါထောင်ချောက် အစီအရင်တွေကလည်း အဆင့်၇ ဝင်္ကပါ အစီအရင်တွေပဲ ဖြစ်ရပါမယ်။ မဟုတ်လို့ကတော့ ကျွန်းကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သည်နေရာက ပင်လယ်ဝနဲ့ အတော်လေး နီးနေတာ မဟုတ်ပါလား။ ပင်လယ်သားရဲတွေက သည်နေရာကို မျက်စိကျမှာ အသေအချာပါပဲ။

ဝေါ ... ဝေါ ... ဝေါ ...

ဝုန်း ... ဝုန်း ...

" ပင်လယ်သားရဲတွေက သောင်းကျန်းလှချည်လား "

ကျွန်းနံပါတ်၅ရဲ့ အပြင်ဘက်မှာတော့ လှိုင်းတွေ အတော်လေး ထန်နေခဲ့ပါပြီ။ ပင်လယ်ရေက ကျွန်းရဲ့ မျက်နှာပြင်ထက် နိမ့်ကျသင့်ပေမဲ့ နိမ့်ကျမနေဘဲ လှိုင်းတဝုန်းဝုန်းထကာ ကျွန်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို အဆက်မပြတ် ရိုက်ခတ်နေပါတယ်။ အဲသည်အပြင် လှိုင်းလုံးကြီးတွေက မီတာရာပိုင်းကနေ ထောင်ပိုင်းအထိကို မြင့်နေပါသေးတယ်။ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ အဲသည် လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာခြင်းရဲ့ တရားခံ လက်သည်က ပင်လယ်သားရဲကြီးတွေပဲ ဖြစ်ရပါမယ်။

လီဖူချန်းရဲ့ အထင်က မမှားပါဘူး။ အဲသည်ရေလှိုင်းလုံးတွေရဲ့ တရားခံ လက်သည်ကတော့ ပင်လယ် သားရဲကြီးတွေပါပဲ။ အဆင့်၄ ပင်လယ်သားရဲတွေ၊ အဆင့်၅ ပင်လယ်သားရဲတွေနဲ့ အဆင့်၆ ပင်လယ်သားရဲတွေဟာ ပင်လယ်ရေလှိုင်းတွေ နဲ့အတူ လိုက်ပါလာပြီး အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးဖို့ အားကြိုးမာန်တက် ကြိုးစားနေကြတာပါ။ အဲသည် ပင်လယ်သားရဲကြီးတွေရဲ့ အနောက်မှာတော့ ကျွန်းတစ်ကျွန်းလောက် ကြီးမားတဲ့ ဧရာမ အရိပ်ကြီးတစ်ခု ရှိနေပါသေးတယ်။ လူတွေအားလုံး ရူးသွားခဲ့ရင်တောင်မှ အဲသည်အရိပ်ကြီးဟာ သားရဲဘုရင်ဆိုတာ မသိစရာ အကြောင်းမရှိပါဘူး။

သားရဲဘုရင်ကတော့ စစ်ပွဲထဲမှာ ပါမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း  ပင်လယ်သားရဲတွေ တိုက်ခိုက်ကြပြီ ဆိုရင်တော့ သူ့ရဲ့ အမိန့်ကို သေချာပေါက် လိုအပ်လာမှာ ဖြစ်ပါတယ်။

ဟူး ...

ကျွန်းနံပါတ်၅ရဲ့ အလယ်မှာရှိတဲ့ သံမဏိမျှော်စင် ထိပ်ဆုံးမှာလည်း လူရိပ်တစ်ရိပ် ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်လူရိပ်ကတော့ မူလပင်လယ်နယ်ပယ်က ဘုရင်တစ်ပါးပါပဲ။

ဖန်း ... ဖန်း ...

သူ့ရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဝင်္ကပါရဲ့ အထက်မှာ စွမ်းအင်အလွှာနှစ်ခု ဖြစ်တည်လာပြီး ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။

"မင်းတို့ရဲ့ ဂိုဏ်းတံဆိပ်တော်တွေက မင်းတို့ ပင်လယ်သားရဲတွေ ဘယ်လောက် သတ်ထားသလဲ ဆိုတာနဲ့ မင်းတို့ရဲ့ ထောက်ပံ့ရေးရမှတ်တွေ ဘယ်လောက် ရှိပြီလဲ ဆိုတာကို ဖော်ပြပေးလိမ့်မယ်။ ထောက်ပံ့ရေးရမှတ် အများဆုံးရတဲ့ သူတွေကတော့ ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ ပါလာလိမ့်မယ်။ မင်းတို့ရဲ့ ဂိုဏ်းတံဆိပ်တော်တွေကို အသက်သွင်းပြီး ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းနဲ့ ချိတ်ဆက်လိုက်ကြ"

သံမဏိ မျှော်စင်ထိပ်မှာ ရှိနေတဲ့ လူပုဂ္ဂိုလ်ရဲ့ အသံက ကျွန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။

"ဟုတ်"

ဂိုဏ်းတပည့်တွေကော အကြီးအကဲတွေပါ သူတို့ရဲ့ ဂိုဏ်းတံဆိပ်တော်တွေကို ထုတ်လိုက်ပြီး သွေးတစ်စက်စီ ချကာ အသက် သွင်းလိုက်ပါတော့တယ်။

ချွမ် ... ချွမ် ... ချွမ် ...

သူတို့ရဲ့ ဂိုဏ်းတံဆိပ်တော်တွေဟာ သက်ဆိုင်ရာ ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းတွေနဲ့ ချိတ်ဆက်သွားခဲ့ပါပြီ။

အဲသည်နောက်မှာတော့ များပြားလှတဲ့ နာမည်တွေဟာ ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းပေါ်မှာ ပေါ်လာပါတော့တယ်။ အားလုံးရဲ့ နာမည်ဘေးမှာတော့ သုညတွေပါပဲ။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ အဆင့် သတ်မှတ်ချက်တွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။

အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်း ပေါ်မှာ ရှိနေတဲ့ နံပါတ်၁ ကတော့ ယွန်လုံလို့ ခေါ်ပြီး သူ့ရဲ့ နာမည်ဘေးမှာတော့ နံပါတ် ၁၈၉ ရှိနေပါတယ်။

အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းပေါ်မှာ ရှိနေတဲ့ နံပါတ်၁ ကတော့ တိုင်ချွန်းချီလို့ ခေါ်ပြီး သူ့ရဲ့ နာမည်ဘေးမှာ ရှိနေတဲ့ နံပါတ်ကတော့ နံပါတ်၁၈ပါပဲ။

"အဲဒါက ဂိုဏ်းတူအစ်ကို ယွန်လုံပဲ။ စစ်ပွဲက အခုမှ စတာကို သူက ထောက်ပံ့ရေးရမှတ် ၁၈၉မှတ်တောင် ရသွားပြီလား။ သူက ပင်လယ်သားရဲ ဘယ်နှကောင်တောင် သတ်လိုက်ပြီလဲ"

"အဲဒါက ဘာထူးဆန်းလို့လဲ။ ဂိုဏ်းတူအစ်ကို ယွန်လုံက အစွမ်းအထက်ဆုံး ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်ထဲက တစ်ယောက်လေ။ ဧကရာဇ်အဆင့် တပည့်နှစ်ယောက်က လွဲပြီး ကျန်တဲ့သူတွေက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး "

"ဒါနဲ့ တိုင်ချွန်းချီကကော ဘယ်သူလဲ။ သူက အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ နံပါတ်၁ နေရာမှာ ရှိနေတယ်ဆိုတော့ ခေမယ့်ပုံ မပေါ်ဘူး "

"ဂိုဏ်းတူအစ်ကို  ...  တိုင်ချွန်းချီက ကျွန်တော်တို့ ဆောင်းဦးစမ်းရေ နိုင်ငံတော်ရဲ့ ပါရမီရှင်ပါ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ၇၂မှတ် ရှိပါတယ်"

"ထိုးထွင်းသိမြင်မှု အမှတ် ၇၂မှတ်လား။ အံ့သြစရာပဲ။ ဘုရင်အဆင့်အတန်း တပည့်တွေရဲ့ ပျမ်းမျှ ၆၅ပဲ ရှိတာလေ။ သူက ၇၂မှတ်ဆိုတော့ ချီးကျူးဖို့ ကောင်းနေပြီ။ သူက တစ်နေ့မှာ နာမည်ကျော် ဂိုဏ်းသားတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ "

အတွင်းစည်း တပည့်အချို့က တိုင်ချွန်းချီကို ချီးကျူးလိုက်ကြပါတယ်။

" တခြားကျွန်းတွေမှာ စပြီး တိုက်ခိုက်နေကြပြီလား "

ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်း နှစ်ခုကို လေ့လာနေတဲ့ လီဖူချန်းရဲ့ မျက်လုံးအစုံကတော့ တိုက်ခိုက်ချင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။

အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ ထိပ်ဆုံး ဆယ်နေရာမှာ နေရာယူထားသူတွေကတော့ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်နဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့်တွေပါပဲ။

အပြင်စည်း အကြီးအကဲ  ...

သက်တံနီဂိုဏ်းရဲ့ စည်းကမ်း သတ်မှတ်ချက်အရ ဆိုရင်တော့ အသက်၁၀၀ ပြည့်သွားပြီဖြစ်တဲ့ အတွင်းစည်း တပည့်တွေနဲ့ အပြင်စည်း တပည့်တွေဟာ အပြင်စည်း အကြီးအကဲတွေအဖြစ် သတ်မှတ်ခံရပါတယ်။

ဒါပေမဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့်တွေ ကိုတော့ အပြင်စည်း အကြီးအကဲတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ သူတို့တွေကတော့   မူလပင်လယ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်သူတွေ ဖြစ်တဲ့အတွက် ဂိုဏ်းတော်က သူတို့ကို အတွင်းစည်း အကြီးအကဲတွေအဖြစ် သတ်မှတ်ပေးပါတယ်။

ဒါပေမဲ့လည်း အဆင့်အတန်းချင်း ယှဉ်မယ်ဆိုရင်တော့ ဘုရင်အဆင့် အတွင်းစည်း တပည့်တွေကော ဘုရင်အဆင့် တိုက်ရိုက်တပည့်တွေပါ အပြင်စည်း အကြီးအကဲတွေထက် အသာကြီးပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဘုရင်အဆင့်အတန်းက တပည့်တွေ ဆိုတာက အနာဂတ်ရဲ့ မူလနယ်ပယ် ဘုရင်လောင်းလျာတွေ မဟုတ်ပါလား။

အပြင်စည်း အကြီးအကဲတွေ ထဲမှာတော့ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်တဲ့သူဆိုလို့ တစ်ရာမှာ တစ်ယောက် မရှိပါဘူး။

အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကတော့ လူခုနစ်ထောင်မှာ ပိတ်သွားပြီး အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကတော့ လူတစ်ထောင်အောက်မှာ ပိတ်သိမ်းသွားခဲ့ပါပြီ။

အဲသည်စာရင်းတွေထဲကို ဝင်နိုင်သူတွေကတော့ ပျမ်းမျှအားဖြင့် ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေပါပဲ။  ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ကြယ်၆ပွင့် အရိုးပိုင်ရှင်တွေဟာ သက်တံနီဂိုဏ်းကို ရောက်ပြီး ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက်ဆိုရင် တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ပြန်လည်ဝင်စားခြင်း နယ်ပယ် တပည့် အရေအတွက်က တိုက်ပွဲဝိညာဉ်နယ်ပယ် တပည့် အရေအတွက်ထက် နည်းနေရတာပါ။

အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ အပြောင်းအလဲတွေကတော့ လျင်မြန်လွန်းလှပါတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ထိပ်ဆုံးဆယ်နေရာကို ဘုရင်အဆင့် အပြင်စည်းတပည့် ဆယ်ယောက်က ယူသွားကြပါပြီ။

ခရမ်းရောင်ပန်း နိုင်ငံတော်က ပိုင်လိရှန်နဲ့ ဟိုင်ဝူယာတို့ကလည်း အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းရဲ့ ထိပ်ပိုင်းမှာပါပဲ။

" အပြင်ထွက်ပြီး တိုက်ကြတော့ "

လူတွေအားလုံး ဂိုဏ်းတံဆိပ်တော်နဲ့ ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းကို ချိတ်ဆက်ပြီး သွားတဲ့အခါမှာတော့ သံမဏိမျှော်စင်ထိပ်မှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က အသံကျယ်ကြီးနဲ့ တိုက်ပွဲကို စတင်ဖို့ အမိန့်ပေးလိုက် ပါတော့တယ်။

ရွှီး ... ရွှီး ... ရွှီး ...

ဟူး ... ဟူး ...

ဝှစ် ... ဝှစ် ... ဝှစ် ...

လီဖူချန်းအပါအဝင် လူတစ်ထောင်နီးပါးဟာ ကျွန်းနံပါတ်၅ရဲ့ ကမ်းခြေကို အပြိုင်အဆိုင် ပျံသန်းသွားကြပါပြီ။

အဲသည်နောက်မှာတော့ သူတို့အားလုံးဟာ အကာအကွယ် ဝင်္ကပါထဲကနေ ထွက်ပြီး သတ်ဖြတ်ခြင်းကို စတင်ပါတော့တယ်။

" သက်တံဖြူ ဆေဘာဓားသိုင်း "

စီးခုံကျန်းက နှင်းပွင့်လို ဖြူဖွေးတဲ့ ဆေဘာရှည် တစ်ချောင်းကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုက်ပါတယ်။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

ဝုန်း ... ဝုန်း ...

ပယ်လယ်ရေပြင်ဟာ နှစ်ခြမ်းကွဲထွက်သွားပြီး နောက်မှာတော့ တစ်ဒါဇင်နီးပါးရှိတဲ့ အဆင့်၅ ပင်လယ်သားရဲ အလောင်းတွေဟာ ရေပြင်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ စီးခုံကျန်းရဲ့ အဆင့်သတ်မှတ်ချက်ဟာ ထိပ်ဆုံး၁၀၀ အတွင်းကို ခုန်တက်သွားပါတော့တယ်။

" တိမ်တိုက်စိမ်း ပိုက်ကွန် "

လင်းရီကျန်းကလည်း လက်နှေး မနေပါဘူး။ သူ့ရဲ့ ဓားရှည်ကနေ ထွက်လာတဲ့ အစိမ်းရောင် ဓားအလင်းတန်းတွေက ပိုက်ကွန်သဖွယ် ဖြန့်ကြက်သွားပြီး အဆင့်၄ ပင်လယ်သားရဲ ရှစ်ကောင်ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်ပါတယ်။

လင်းရီကျန်းရဲ့ အဆင့်ဟာလည်း ထိပ်ဆုံး၂၀၀ အတွင်းကို ရောက်သွားခဲ့ပါပြီ။

"ဘုရင်အဆင့် တပည့်တွေနဲ့ ပြိုင်ရတာက တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ သည်ကောင်တွေရဲ့ ပင်လယ်သားရဲ သတ်ဖြတ်နှုန်းက အရမ်းမြန်တယ်။ ငါတို့က သူတို့နဲ့ယှဉ်ပြီး အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ ထိပ်ဆုံး ဆယ်နေရာကို ဝင်နိုင်မှာ မဟုတ်ဘူး။ အဲသည်တော့ ငါတို့တွေ ပူးပေါင်းပြီး ပင်လယ်သားရဲတွေကို တတ်နိုင်သလောက် သတ်ဖို့ပဲ အာရုံစိုက်ကြရအောင် "

ဂိုဏ်းတော်က အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက်နဲ့ အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းရဲ့ ထိပ်ဆုံး အယောက်၁၀၀ကို အပိုဆုကြေးတွေ ပေးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သာမန် အပြင်စည်းဂိုဏ်းသားတွေ ကတော့ ဘုရင်အဆင့် တပည့်တွေရဲ့ သတ်ဖြတ်မှုနှုန်းကို မြင်ပြီးကတည်း အပိုဆုကြေး ရဖို့ကို လက်လျော့လိုက်ကြပါပြီ။

ကျွန်းနံပါတ်၅က ဧရိယာအကျယ်အဝန်း မိုင်ရာချီ ရှိတဲ့အတွက် လူတွေအားလုံးဟာ စိတ်တိုင်းကျ လှုပ်ရှားတိုက်ခိုက် နိုင်ကြပါတယ်။ အဲသည်အတွက် တိုက်ပွဲတွေကလည်း ကျွန်းပတ်ပတ်လည် အနှံ့ပါပဲ။

လီဖူချန်းကတော့ အတော်အသင့် ကျယ်ဝန်းတဲ့ ကမ်းခြေတစ်ခုရဲ့ ကောင်းကင်ပေါ်မှာ ရပ်ပြီး ပင်လယ်သားရဲတွေကို သတ်ဖြတ်ဖို့ နေရာယူ ထားပါတယ်။

သူက စစ်ပွဲအစပဲ ရှိသေးတဲ့အတွက် တိမ်ထောင်တစ်ထောင် လောင်ကျွမ်းခြင်း ဓားကွက်ကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်ဓားကွက်က သူ့ရဲ့ ချီအတွင်းအား တော်တော်များများကို ကုန်ခန်းစေလို့ပါပဲ။ ဒါက စစ်ပွဲတစ်ပွဲ ဖြစ်တဲ့အတွက် ချီအတွင်းအားတွေကို မဖြုန်းတီးဘဲ စနစ်တကျ သုံးမှ တော်ကာ ကျပါလိမ့်မယ်။ အဲသည်အတွက် သူက တိမ်တိုက်လောင်ကျွမ်းခြင်းကိုသာ သုံးလိုက်ပါတယ်။

ရွှမ်း ...

လီဖူချန်းရဲ့ ဓားကနေ ထွက်ပေါ်လာတဲ့ မီးတိမ်တိုက် ပုံသဏ္ဌာန် ဓားအလင်းတန်း တစ်ခုဟာ ပင်လယ်ရေထဲကို ထိုးဆင်းသွားခဲ့ပါပြီ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ပင်လယ်ရေပြင်ဟာ ပေါက်ကွဲထွက်ကုန်ပြီး ရေတွေဟာလည်း အငွေ့ပျံကုန်ပါတယ်။ သည်ပင်လယ်ရေပြင်ထဲမှာ ရှိနေတဲ့ ပင်လယ်သားရဲတွေဟာ အသက်ရှင်စရာ အကြောင်း မရှိတော့ပါဘူး။ သိပ်မကြာခင်မှာပဲ အဆင့်၄ ပင်လယ်သားရဲ အကောင်လေးဆယ်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ဟာ ရေပြင်ပေါ်ကို ပေါလော ပေါ်လာခဲ့ပါတယ်။ သူတို့ရဲ့ အရေပြားတွေပေါ်မှာတော့ မီးလောင်ဒဏ်ရာတွေ အပြည့်ပါပဲ။

ဓားချက်တစ်ချက်နဲ့ အဆင့်၄ ပင်လယ်သားရဲ အကောင်လေးဆယ်ကို သေစေတယ် ဆိုတာက မဆိုးလှဘူးလို့ ပြောရပါမယ်။ ဒါပေမဲ့လည်း လီဖူချန်းကတော့ စိတ်အလိုမကျတဲ့ ဟန်နဲ့ မျက်မှောင်ကြုတ် နေပါတယ်။

"သည်ပင်လယ် သားရဲတွေက ခန္ဓာကိုယ် အရွယ်အစား အတော်လေး ကြီးတာပဲ။ အစောပိုင်းက ငါ့ရဲ့ ဓားချက်က အဆင့်၄ မိစ္ဆာ တစ်ရာလောက်ကိုတောင် သေစေနိုင်တဲ့ဟာကို "

လီဖူချန်းရဲ့ ဓားကွက် သက်ရောက်မှု ဧရိယာက သိပ်ကျယ်လှတဲ့ အထဲမှာ မပါပါဘူး။ တစ်ဖက်မှာတော့ ပင်လယ်သားရဲတွေဟာ အတော်လေး အရွယ်အစား ကြီးမားနေပါတယ်။ ဒါကြောင့်သူက ပင်လယ်သားရဲ အကောင်လေးဆယ်ကိုသာ သတ်လိုက်နိုင်တာပါ။

ပြီးတော့ ပင်လယ်ရေရဲ့ သိပ်သည်းဆကိုလည်း ထည့်တွက်ရပါဦးမယ်။ အဲသည် ပင်လယ်ရေ သိပ်သည်းဆက ဓားရဲ့ အဟုန်ကို အနည်းငယ် ကျသွားစေခဲ့တာ မဟုတ်ပါလား။

ဓားချက် တစ်ချက်တည်းနဲ့ ပင်လယ်သားရဲ အကောင်လေးဆယ်ကို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ရပ်တည်မှုအဆင့်ဟာ ထိပ်ဆုံးအဆင့် ၃၀အတွင်းကို ဝင်ရောက်လာခဲ့ပါတယ်။

မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီဖြစ်တဲ့ လီဖူချန်းရဲ့ ဓားချက်ဟာ ဘယ်သူ့ကိုမှ ညှာနေမှာ မဟုတ်ပါဘူး။

အဆင့်၄ ပင်လယ်သားရဲပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အဆင့်၅ ပင်လယ်သားရဲပဲ ဖြစ်ဖြစ် လီဖူချန်းကတော့ တွေ့တာနဲ့ သတ်တော့တာပါပဲ။

နောက်ထပ် ၁၅မိနစ် အကြာမှာတော့ လီဖူချန်းဟာ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်ကတော့ ၂၅၀ ဖြစ်ပြီး သူ့ရဲ့အောက် ဒုတိယ နေရာမှာတော့ တိုင်ချွန်းချီက ထောက်ပံ့ရေးရမှတ် ၂၄၂မှတ်နဲ့ ကပ်လိုက်နေပါတယ်။

***

All Chapters